ခင်ဗျားတို့တွေ ဘာမှမတတ်နိုင်ပါဘူး
Vol. 116 Ch. 1522
ဤကုန်းမြေပေါ်တွင်လည်း ကျောက်စိမ်းမြို့တော်၏ အဆောက်အအုံများ ရှိနေကြသည်။ ကြည့်ရသည်မှာ ခေတ်အစောပိုင်း ကျောက်စိမ်းမြို့တော် ဖြစ်ရမည်။ စတုတ္ထစကြဝဠာကဲ့သို့ အစောပိုင်းကတည်းက တိုင်းသူပြည်သားများ တည်ဆောက်ထားသော ကျောက်စိမ်းမြို့တော်ဟု ထင်ရသည်။
သို့သော် ဤနန်းတော်အဆောက်အဦးများမှာ မဟာပျက်စီးခြင်းကပ်ဘေး၏ တိုက်စားမှုကို တောင့်မခံနိုင်သောကြောင့် အပျက်အစီးများ၊ နံရံအပြိုအပျက်များသာ ကျန်ခဲ့သည်။
လက်ရှိကျောက်စိမ်းမြို့တော်က ဆယ့်ခြောက်ခုသော စကြဝဠာတို့ အောင်မြင်စွာ တည်ဆောက်ခဲ့သော ကျောက်စိမ်းမြို့တော်အစုအဝေးနှင့် ပိုတူပေသည်။
ချင်မူ၏ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာနယ်ပယ်က အပျက်အစီးတို့အပေါ် လွှမ်းခြုံသွားသည်။ သူ၏နယ်ပယ်ထဲတွင် ပြိုလဲနေသည့် တိုင်လုံးများက တောင်များသဖွယ် ထူမတ်လာ၏။
သို့သော် အပြိုအပျက်များမှ စိမ့်ထွက်လာသော သေခြင်းအငွေ့အသက်က စိတ်ကို မအီမသာ ဖြစ်စေသည်။ အသေးစားမီးတောင်ဝများမှ ပန်းထွက်လာသည့် မီးခိုးငွေ့များအလားပင်။ တစ်ချက်တစ်ချက်၊ သေသူတို့၏ သက်ပြင်းချသကဲ့သို့ လေတိုးသံကို ကြားရတတ်သည်။ အသံကြားလိုက်မိတိုင်း ရင်ထဲတွင် ဝမ်းနည်းစိတ် ဖြစ်ပေါ်လာစေလေသည်။
ထို့အပြင် အသက်ဓာတ်ကုန်ခမ်းနေသည့် တာအိုအရိုးတချို့လည်း ရှိသည်။ ၎င်းတို့မှာ အပြိုအပျက်များအကြား နစ်မြုပ်နေကာ တစ်ပိုင်းတစသာ ပေါ်လွင်နေ၏။
ကုန်းမြေ၏ ဘေးနှစ်ဖက်စလုံးတွင် ဖရိုဖရဲမြစ်နှစ်စင်းက တဝေါဝေါ စီးဆင်းနေသည်။ ဖရိုဖရဲချီမျှင်တို့သည်လည်း လှိုင်းလုံးများမှ ဘေးတစ်ဖက်တစ်ချက်စီမှ မြောက်တက်လာရင်း ခြောက်သွေ့နေသော အပျက်အစီးအငွေ့အသက်တို့ ထုတ်လွှတ်တတ်သည်။
ရှည်လျားလှသော မြစ်နှစ်စင်းထဲ၌ လူရိပ်ပေါင်း မရေမတွက်နိုင်အောင် ရုန်းကန်နေကြပြီးနောက် ပျောက်ကွယ်သွားကြကာ ဖရိုဖရဲချီများအဖြစ် ပြောင်းလဲကုန်ကြသည်။
စကြဝဠာနှစ်စင်း၏ ပျက်သုဉ်းမှုကြီးက ခမ်းနားကြီးကျယ်လှသောကြောင့် ပန်းချီနတ်ဘုရားတို့ပင် ရေးခြယ်ဖော်ကျူးပြသနိုင်မည် မဟုတ်ပေ။ အကြီးမြတ်ဆုံးသော ကဗျာဆရာပင်လျှင် ဤမြင်ကွင်းနှင့် လိုက်လျောသင့်တော်သော စာလုံးတို့အား ရွေးချယ်တတ်မည်မဟုတ်။
မြစ်ရှည်နှစ်စင်းကြားက ကျောက်စိမ်းမြို့ပျက်ပေါ်တွင် ချင်မူက ကပ်ဘေးဓားကို ကျောတွင် လွယ်ထားသည်။ သူက ကောင်းကင်နတ်အရှင်ဆယ်ပါးနှင့် ရှေးဟောင်းဘုရားသုံးပါးကို ကြည့်ကာ မျက်လုံးများ တဖျတ်ဖျတ် တောက်ပနေသည်။
ကောင်းကင်နတ်အရှင်များမှာ သင်္ချိုင်းကုန်းခြေတစ်လှမ်း ဝင်နေသော အိုနာရှိုက်ကုန်းကြီးများ ဖြစ်နေကြချေပြီ။ သူတို့က တာအိုသစ်ပင်နှစ်ပင်အောက်တွင် ရပ်နေပြီး နတ်အရှင်မချန်းမှာတော့ သူတို့အကြား၌ ပဲလှော်ကြား ဆားညပ်နေသည်။
သူတို့သည် ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်က အမှန်တကယ်ပင် ပြိုင်ဘက်ကင်းလောက်အောင် ဆန်းကြယ်ထူးခြားကြောင်း မြင်လိုက်ရ၏။ ဘိုးဘေးနန်းတော်၊ ယိုတု၊ ရွှမ်တုနှင့် စကြဝဠာအတွင်းရှိ အခြားသော ကမ္ဘာလောကများလည်း ကိန်းအောင်းနေသည်။ ရှေးဟောင်းနတ်ဘုရားများလည်း ရှိနေသည်။
ထိုမျှသာမက ချင်မူ၏ ကောင်းကင်နန်းဆောင်ကလည်း သူ၏ ကောင်းကင်ရတနာထဲ၌ ကိန်းဝပ်နေသည်။
ဤသည်ကား ကောင်းကင်နတ်သိုင်းဖြင့် လမ်းစဉ်သို့ ဝင်ရောက်ထားသည့်အတွက် သူများနှင့် မတူသည့် အချက်ပင်။
အခြားသူတို့၏ ကောင်းကင်နန်းဆောင်များက ဦးခေါင်းအနောက်၌ ကောင်းကင်နတ်ဘုံအဖြစ် ဖွဲ့တည်ကာ ထွက်ပေါ်လာတတ်၏။ မူလဝိညာဉ်များက ၎င်းတို့အတွင်း ဝင်ရောက်ကာ ထိုင်ကြသည်။
ချင်မူက ကောင်းကင်နတ်သိုင်းဖြင့် လမ်းစဉ်ဝင်ရောက်ခဲ့သော ကောင်းကင်နတ်အရှင်မူပင်။ သူ၏ ကောင်းကင်နန်းဆောင်မှာမူ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်အတွက် အထောက်အပံ့တစ်ခုပမာ နယ်ပယ်ထဲ၌ လွင့်မျောနေရာ သူ့အား အနည်းငယ် ထူးခြားဆန်းပြားနေစေသည်။
ဤနယ်ပယ်ထဲ၌ ကောင်းကင်နှင့် မြေပြင်လည်း အမှန်တကယ် တည်ရှိနေသည်။ ကောင်းကင်နယ်စားမင်းချင်မူက ကောင်းကင်ထက်၌ ထိုင်လျက် သူတို့ကို ငုံ့ကြည့်နေ၏။ မြေအောက်ဘုံအရှင်သခင်ချင်မူက အောက်၌ ရပ်လျက် သူတို့ဆီ မော့ကြည့်နေသည်။ ကမ္ဘာလောကများ၌ အမျိုးမျိုးသော ရှေးဟောင်းနတ်ဘုရားဘုရင်များ ရှိနေပြီး အကုန်လုံး သူတို့ကို ကြည့်နေကြလေသည်။
ကောင်းကင်နတ်အရှင်ဆယ်ပါးမှာ တုန်တုန်ချိချိဖြင့် မောဟိုက်ပင်ပန်းစွာ လျှောက်လာကြသည်။ သူတို့က ဟိုဟိုသည်သည် အကဲခတ်ပြီးနောက် ချီးကျူးကြ၏။ “မဆိုးဘူး... မဆိုးဘူး”
နတ်အရှင်မယန်ကလည်း တွင်းပေါက်ကြီးကို မြင်လျှင် ချီးကျူးသည်။ “ကောင်းကင်နတ်အရှင်မူက တွင်းပေါက်တောင် တကယ် ဖန်တီးခဲ့တာပဲ... အံ့ဖွယ်ကောင်းပါပေတယ်... အံ့ဖွယ်ကောင်းပါပေတယ်”
“ဒါဆိုလည်း သူ့ကို အနိုင်ယူကြရအောင်လား” ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်အရှင်ရှောင်ဆီ လှမ်းကြည့်ကာ ပြောလိုက်သည်။
ကောင်းကင်နတ်အရှင်ရှောင်က ခေါင်းညိတ်၏။ “အနိုင်ယူကြမယ်”
ကောင်းကင်နတ်အရှင်ဟောင်သည် ရှေးဟောင်းနတ်ဘုရားဘုရင်ကို တစ်ချက်ကြည့်လိုက်သဖြင့် ရှေးဟောင်းနတ်ဘုရားဘုရင်က ရှေ့တစ်လှမ်းတက်ကာ ချီးကျူးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူက အဆင့်တစ်ဆင့်ကို လုပ်ကြံဖန်တီးပြီး သူ့နယ်ပယ်ရဲ့ အရှင်သခင် ဖြစ်လာခဲ့ပေမယ့်.... နှမြောစရာကောင်းတာက ... မင်းသေတော့မှာ မင်း သိလား”
သူက ညစ်ကျယ်ကျယ် ပြုံးလိုက်သဖြင့် အရုပ်ဆိုးလှသော သွားသုံးချောင်း ပေါ်လာသည်။ သူက ရုတ်တရက် ကောင်းကင်တာအို ၄၉ ပါး အထွတ်အမြတ်ရတနာများကို ထုတ်၍ အော်ဟစ်လိုက်၏။ “ကောင်းကင်တာအိုကို စော်ကားတာ… ကောင်းကင်နယ်စားမင်းကို စော်ကားတာ… ရာရာစစ… ကောင်းကင်တာအိုနယ်ပယ်…”
ကောင်းကင်တာအို ၄၉ ပါး အထွတ်အမြတ်ရတနာများက လေပေါ် မြောက်တက်လာပြီး ကောင်းကင်အမိုးခုံးတစ်ခု ဖော်ဆောင်လိုက်သည်။ ထို့နောက် နောက်ထပ်ကောင်းကင်အမိုးခုံးတစ်ခု ပေါ်လာပြန်၏။ ကောင်းကင်အမိုးခုံးများက အဆက်မပြတ် စုဝေးလာနေကြပြီး တခဏအတွင်း ရွှမ်တုကို ချင်မူ့ကောင်းကင်ရတနာနယ်ပယ်ဆီမှ ဖယ်ရှားကာ သူ့အား အပြင်ထုတ်ထားလိုက်သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ရှု၏ ဦးချိုနှစ်ခုက တစ်ခုကိုတစ်ခု လိမ်ပတ်လျက် ကြီးထွားလာကြသည်။ ခြောက်သွေ့နေသော ချော်ရည်တို့က တစ်ဖန်ပြန်အသက်ဝင်လာပြီး ဦးချိုပေါ်တွင် စီးဆင်းလာကြ၏။
“မိစ္ဆာလမ်းစဉ်နယ်ပယ်”
ကောင်းကင်နတ်အရှင်ရှုက တုန်ရီစွာ အော်ဟစ်လိုက်ရာ ယိုတုမိစ္ဆာလမ်းစဉ်နယ်ပယ်က ပျံ့ကားထွက်ပေါ်လာသည်။ ယိုတုအား သူ၏ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာဆီမှ ခွဲထုတ်လိုက်၏။
ကောင်းကင်နတ်အရှင်ရှောင်ကလည်း တစ်ချိန်တည်းမှာပင် လှုပ်ရှားလိုက်ကာ ယွမ်တုကို ခွဲထွက်လာစေသည်။
ယွမ်တုမှာလည်း မဟာပျက်စီးခြင်းကပ်ဘေး၏ တိုက်စားခံထားရသောကြောင့် ခြောက်သွေ့ပျက်စီးနေသည်။ သို့သော် သူ၏ကမ္ဘာဦးချီဖြင့် အသက်သွင်းခံလိုက်ရသည့်အခါတွင် ပြန်လည်အသက်ဝင်လာပြီး ချင်မူ့ကောင်းကင်ရတနာနယ်ပယ်ထဲမှ ခွဲထုတ်လိုက်သည်။
ကောင်းကင်နတ်အရှင်သုံးပါး လှုပ်ရှားလိုက်သည်နှင့် သူတို့သည် ဝိညာဉ်သန္ဓေသားနယ်ပယ်ရှိ အရေးပါဆုံး ကမ္ဘာသုံးခုကို ရပ်တန့်စေခဲ့ပြီးဖြစ်သည်။ သူတို့၏နည်းလမ်းများက ထူးကဲကောင်းမွန်သဖြင့် သူ၏ကောင်းကင်ရတနာနယ်ပယ်ကို လှည့်ပတ်ရန် ခက်ခဲနေစေ၏။
သူတို့က ရှေ့ဆက်တက်လာလာပြီး လောကသစ်ပင်ဆီသို့ ရောက်လာကြသည်။ ချင်မူက ကပ်ဘေးဓားကို ကျောတွင် လွယ်လျက် သစ်ပင်အောက်တွင် ထိုင်နေသည်။ ကျန်လက်တစ်ဖက်ဖြင့် ဓားကျင့်စဉ်တစ်ခု ဆုပ်ကိုင်ထားကာ သူတို့ရောက်လာသည်အား စောင့်ဆိုင်းနေသည်။
နတိအရှင်မချန်း၏ မျက်လုံးများက ကျီးကန်းတောင်းမှောက် ကြည့်နေ၏။ သူမသည် သူတို့ကြား၌ ညပ်နေသဖြင့် နောက်မဆုတ်နိုင်သလို ရှေ့တိုး၍လည်း မရပေ။ သူမမှာ စိတ်ထဲမှ အော်ဟစ်ဆဲဆိုနေတော့သည်။
ကောင်းကင်နတ်အရှင်ဟောင်က ပြော၏။ “လူစုမကွဲစေနဲ့… သူ့နယ်ပယ်က ထူးဆန်းတယ်… ဘယ်နေရာကပဲ တိုက်ခိုက်တိုက်ခိုက် သူနဲ့ ထိပ်တိုက်တွေ့ရတယ်… ဆိုတော့ သေအောင် အရပ်လေးမျက်နှာက တိုက်ခိုက်စရာ မလိုဘူး… ဦးတည်ရာတစ်ခုတည်းက တိုက်ခိုက်ရုံပဲ…. သူ့ကို အားသုံးပြီး သတ်ပစ်လို့ရတယ်”
ရှစ်ချီလော်က သူ၏ ရတနာသေတ္တာကို ချလိုက်သည်။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှစ်ပါးက ထွက်လာ၏။ သူ့တွင် ထိုနှစ်ပါးသာ ကျန်ရစ်တော့လေသည်။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီပင်လျှင် အိုမင်းနေသော အဘိုးကြီးတစ်ဦး ဖြစ်နေ၏။
ရှစ်ချီလော်က ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ထိန်းချုပ်ရင်း ခပ်ဟဟ ရယ်လိုက်သည်။ “နောက်ဆုံးအနေနဲ့ ပြောချင်တာ ရှိသေးလား ကောင်းကင်နတ်အရှင်မူ”
ကောင်းကင်နတ်အရှင်ဟွေ့က တိုက်ခိုက်ရန် ပြင်သော်လည်း ခေတ္တရပ်၍ တိတ်ဆိတ်စွာ စောင့်နေသည်။
နတ်ဧကရာဇ်လန်ရွှမ်က သူ၏လက်ဖဝါးကို မြှောက်၍ ပြတ်နေသည့် လက်ညှိုးကို ကြည့်နေသည်။ သူက ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သော်လည်း တာအိုသင်္ကေတများ ပျက်စီးသွားပြီဖြစ်သဖြင့် ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းပင်လျှင် လက်ချောင်းပြန်ထွက်လာအောင် လုပ်မပေးနိုင်တော့ချေ။
နတ်အရှင်မယန်က ဆံထိုးကို ထုတ်လိုက်ရာ သူမ၏ဆံနွယ်ဖြူများသည် လေနှင့်အတူ ပြေကျလာ၏။ သူမက ခါးသီးစွာ သက်ပြင်းချလိုက်မိသည်။
ကောင်းကင်နတ်အရှင်ကုန်းက သူမ၏ကြာပွတ်နှင့် ခရာကို ထုတ်လိုက်ပြီး နတ်အရှင်မချန်းက ဓားမကို ဆုပ်ကိုင်လိုက်သည်။ သူမသည် နတ်ဘုရားစီရင်ရာဓားမနှစ်လက်ကို ပြန်လည်ဖွဲ့တည်ထား၏။
ကောင်းကင်နတ်အရှင်ဟောင်၏ အနောက်ရှိ အရိပ်က ထင်းလာပြီး ရတနာအလင်းရောင်တို့ ပေါ်ထွက်လာသည်။ ၎င်းက လေထဲတွင် မြောလွင့်နေသော ဧရာမခေါင်းလောင်းကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားလေသည်။
ထိုက်ကျိရှေးဟောင်းဘုရားနှစ်ပါးက သက်ပြင်းချ၍ သူတို့၏ဦးခေါင်းအနောက်တွင် ထိုက်ကျိသဲခုံကို အသက်သွင်းလိုက်ကြသည်။ သူတို့က အသက်တစ်ရှိုက် ရှူသွင်းလိုက်ရင်း အချိန်မရွေးတိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေ၏။
ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ရှုတို့သာ အိုမင်းနေသည့်တိုင် တည်ငြိမ်အေးဆေးနေကြသည်။ သူတို့က ချင်မူ့နောက်ဆုံးစကားကို စောင့်နေကြသည်။
ချင်မူက ခေါင်းမော့၍ ရွှမ်တုကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ယွမ်တုနှင့် ယိုတုကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ “အိုမင်းနေတဲ့ဟာတွေ…”
ရုတ်တရက် ကောင်းကင်တွင် ပြည့်နှက်နေသော ရောင်စုံအလင်းတန်းများ ပျောက်ကွယ်သွားသည်။ ယိုတု၊ ရွှမ်တု၊ ယွမ်တုအပါအ၀င် ကောင်းကင်ရတနာနယ်ပယ်က တဝီဝီ ပြေးဝင်လာပြီး သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သွား၏။
နတ်အရှင်မချန်းက မျက်နှာပျက်သွားပြီး ရုတ်ခြည်း အော်ဟစ်လိုက်သည်။ “သူ နောက်ဆုံးစကားကို ပြောပြီးပြီ… မြန်မြန်သတ်လိုက်ကြတော့”
ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်တစ်ခုလုံးသည် သက်တံ့ရောင်ကို ဝါးမြိုသွားသော ဝေလငါးကြီးတစ်ကောင်ကဲ့သို့ ချင်မူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားချပြီ။ ကောင်းကင်ရတနာထဲရှိ ထောင်ပေါင်းများစွာသော ရှေးဟောင်းနတ်ဘုရားများက သူ့ရုပ်ခန္ဓာ၏ မွေးညှင်းပေါက်များတွင် နေရာယူထားကြသည်။
နတ်အရှင်မချန်း၏ မျက်နှာမှာ ဖြူလျော့သွားပြီး နတ်ဘုရားစီရင်ရာဓားမနှစ်လက်ကို အသက်သွင်းကာ ချင်မူ့အား တိုက်ခိုက်တော့၏။ “စောက်ရူးတွေ…. သူ့ရုပ်ခန္ဓာနဲ့ နယ်ပယ်ကို ပေါင်းစည်းမသွားစေနဲ့ဟ”
တခြားကောင်းကင်နတ်အရှင်များနှင့် ရှေးဟောင်းနတ်ဘုရားတို့မှာ ဒိန်းခနဲ ရင်ခုန်သွားကြပြီး ဝိညာဥ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ် ချင်မူ့စုပ်ယူခြင်းခံလိုက်ရသည်ကို သဘောပေါက်သွားကြ၏။ ၎င်းက သူ၏ရုပ်ခန္ဓာနှင့် ပေါင်းစည်းသွားပြီး ဘိုးဘေးနန်းတော်မှာလည်း ပျောက်ကွယ်သွားချေပြီ။ ကောင်းကင်နန်းဆောင်များဖြင့် ဖွဲ့တည်ထားသော ကောင်းကင်နတ်ဘုံပင်လျှင် ချင်မူ့မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
လောကသစ်ပင်တစ်ခုတည်းကိုသာ မစုပ်ယူရသေးပေ။
ချင်မူက ညာလက်ကို နောက်ကျောမှ ထုတ်လိုက်သည်။ အေးစက်သောအလင်းရောင်တစ်ချက်က နတ်အရှင်မချန်း၏ နတ်ဘုရားစီရင်ရာဓားမနှစ်လက်နှင့် ထိတွေ့သွား၏။ နတ်မရှင်မချန်း၏ လက်မောင်းများ တုန်ရီလာပြီး ဓားမနှစ်လက်ကို မထိန်းချုပ်နိုင် ဖြစ်လာတော့သည်။
ဓားမနှစ်လက်က နဂါးများကဲ့သို့ ပျံထွက်သွားကြလေသည်။
နောက်တစ်ခဏတွင် ချင်မူ့ဓားရောင်က သူမရှေ့မှောက်သို့ ရောက်လာသည်။
နတ်အရှင်မချန်းက ခပ်သုတ်သုတ် နောက်ဆုတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ဟွေ့က မီးတာအိုကို အသက်သွင်းလျက် ပြေးဝင်လာ၏။ တခြားတစ်ဖက်တွင် ရှစ်ချီလော်က ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှစ်ပါးကို ထိန်းချုပ်ရင်း ချင်မူ့ဓားရောင်နှင့် ရင်ဆိုင်လိုက်သည်။
ကောင်းကင်နတ်အရှင်ယွီမှာ အိုမင်းနေပြီး သူ၏ရုပ်ခန္ဓာက အသက်အရွယ်ကြီးရင့်နေသည့်တိုင် စွမ်းဆောင်ရည်တို့က အံ့သြမှင်သက်ဖွယ်ကောင်းနေသေးသည်။ ကောင်းကင်လက်နက်တစ်ခုက ကောင်းကင်နတ်အရှင်ဟောင်၏ ကျင့်စဉ်ကို အသက်သွင်းလိုက်ပြီး ကျန်တစ်ခုကတော့ ကောင်းကင်နတ်အရှင်ရှု၏ ကျင့်စဉ်ကို အသက်သွင်းလိုက်သည်။ ရှစ်ချီလော်၏ သိုင်းအခြေံခံမှာ အဆုံးအစွန်အထိ ပြသထုတ်ဖော်၍မရသော်လည်း အတိုက်အခိုက်စွမ်းရည်များကတော့ ဩချဖွယ်ရာပင်။
သို့သော် နောက်တခဏတွင် ချင်မူ့ဓားရောင်က ကောင်းကင်နတ်အရှင်ဟွေ့၏ တာအိုမီးတောက် ကောင်းကင်ဘုံ ၂၈ ခု ကို ဖောက်ထွက်ကာ ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်လုံးအရှေ့သို့ ရောက်သွားချေပြီ။
ကောင်းကင်နတ်အရှင်ဟွေ့မှာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး သူ၏ခန္ဓာကိုယ်က ရိပ်ခနဲ ပျောက်ကွယ်၍ နောက်ဆုတ်လိုက်၏။ ဓားရောင်က ရုတ်တရက် ခရမ်းရောင်ချီအဖြစ် ပြောင်းလဲပြီး ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှစ်ပါးနှင့် တွေ့ဆုံလိုက်သည်။
တခဏအတွင်း ကောင်းကင်ထက်တွင် ခရမ်းရောင်ပန်းပွင့်များက ပန်းခင်းတစ်ခုအလား ပွင့်လာကြ၏။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှစ်ပါးက မိုးခြိမ်းသံတမျှ ကျယ်လောင်စွာ ဟိန်းဟောက်ရင်း ခရမ်းရောင်ပန်းပွင့်များထံ ပြေးဝင်သွားကြသည်။ သူတို့၏ အထွတ်အထိပ်စွမ်းအားကို အသုံးပြုလျက် ဤတိုက်ကွက်အား ချိုးဖျက်လိုက်ကြ၏။ သို့သော် ခရမ်းရောင်ဓားပန်းပွင့်များက သူတို့၏ ခန္ဓာကိုယ်များကို ဖောက်ထွက်သွားကြပြီး ချီနှင့် သွေးတို့ ဒလဟော စီးဆင်းလာစေသည်။
ခရမ်းရောင်ပန်းပွင့်များ ပိုပို၍ ပေါ်လာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်များမှ ချီစွမ်းအင်တို့ ပိုမိုခိုးယူခံနေရသည်။ ၎င်းက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှစ်ပါးကို လှုပ်ရှားရန် ခက်ခဲနေစေသည်။
ကောင်းကင်လက်နက်နှစ်ခုအနောက်တွင် ပုန်းနေသော ရှစ်ချီလော်မှာ အဆုံးမရှိသည့် ခရမ်းရောင်ပန်းများကိုသာ မြင်နေရ၏။ သူ့မှာ အံ့သြမှင်သက်နေမိသည်။
ထိုအခိုက်အတန့်တွင် နတ်ဧကရာဇ်လန်ရွှမ်က တာအိုသစ်သီးကို အသက်သွင်းကာ ဘေးမှ ပြေးဝင်လာ၏။ ထိုက်ချူကောင်းကင်နတ်သိုင်းဖြင့် မရေမတွက်နိုင်သော ခရမ်းရောင်ပန်းပွင့်များကို ကြေမွသွားစေရာ ၎င်းတို့သည် မွေးရာပါချီအဖြစ် ပြောင်းလဲသွားကြသည်။
နတ်ဧကရာဇ်လန်ရွှမ်က နှာခေါင်းရှုံ့၍ သူ၏လက်များကို ရှေ့သို့ ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ချင်မူက ဓားရိုးကို ပြောင်းပြန်ကိုင်ကာ ဦးညွှတ်အရိုအသေပေးလိုက်၏။
ဝုန်း…
သူတို့နှစ်ယောက်လုံး၏ ခန္ဓာကိုယ်များ ပြင်းထန်စွာ တုန်ခါသွားကြသည်။ နတ်ဧကရာဇ်လန်ရွှမ်က အံတင်းတင်းကြိတ်လျက် မှော်စွမ်းအင်အားလုံး အသက်သွင်းသည်။ ရုတ်တရက် တဂျွတ်ဂျွတ် မြည်သံနှစ်ချက် ကြားလိုက်ရပြီး သူ့ပါးစပ်ထဲရှိ ကျန်ရှိသော သွားနှစ်ချောင်းမှာ ဝါးမြိုခြင်းခံလိုက်ရချေပြီ။
နတ်ဧကရာဇ်လန်ရွှမ်က ဗလုံးဗထွေး ညည်းညူလိုက်၏။ သူ၏ရုပ်ခန္ဓာထဲရှိ ချီနှင့် သွေးမှာ ယခင်ကလောက် အားမကောင်းတော့ကြောင်း ခံစားနေရသည်။ ချင်မူ့မှော်စွမ်းအင်က တိုးဝင်လာပြီး အတောမသပ်နိုင်အောင် သိပ်သည်းနေသည်။ လန်ရွှမ်မှာ နောက်သို့ ဒယိမ်းဒယိုင် ဆုတ်နေရတော့သည်။
သူ နောက်ဆုတ်သွားသည်နှင့် ရှစ်ချီလော်က ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှစ်ပါးနှင့်အတူ နတ်ဧကရာဇ်လန်ရွှမ်ဘေးမှ ထွက်ပေါ်လာသည်။ သူက လက်ကို လွှဲရမ်းလိုက်ရာ ဧရာမ ချောက်နက်ကြီးတစ်ခု ပေါ်လာပြီး ချင်မူ့ကို လွှမ်းခြုံသွား၏။
ချောက်နက်ကြီးက ကောင်းကင်တွင် ဘွားခနဲ ပေါ်လာသော ပါးစပ်ကြီးပမာ ချင်မူ့ကို တစ်လုတ်တည်း ဝါးမြိုသွားသည်။
“အစ်မတော်..” ရှစ်ချီလော်၏ အိုမင်းရင့်ထော်နေသော အသံကြီးက ထွက်ပေါ်လာသည်။
နတ်အရှင်မယန်သည် ပျံသန်းလာပြီး သူမလက်ထဲရှိ ဆံထိုးက ချောက်နက်ကြီးထဲသို့ ထိုးစိုက်သွားသော ဓားရောင်အဖြစ် ပြောင်းလဲသွားသည်။
သူမ၏ဓားက ထိုးစိုက်၍ ရှစ်ချီလော်၏ သိုင်းကွက်ကို ထိတွေ့ကာ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ကို အသက်သွင်းနေကြသည်။
ဧရာမချောက်နက်ကြီးက ပြင်းထန်စွာ လှုပ်ခါသွားကာ ကြာပန်းနှစ်ပွင့် ပွင့်လာသည်။ ကြာပန်းပွင့်၏ ကျိုးပဲ့နေသော ဝတ်ဆံများ ယိမ်းနွဲ့နေပြီး ကြာပန်းနှစ်ပွင့်သည် ဧရာမချောက်နက်ကြီးပတ်ပတ်လည်တွင် အရှိန်အဟုန်ပြင်းစွာ လှည့်ပတ်နေကြ၏။ ၎င်းတို့၏ ဝတ်ဆံများက တုန်ခါသွားပြီး မရေမတွက်နိုင်သော တာအိုသင်္ကေတအမှတ်အသားများသည် တာအိုသံကြိုးများအဖြစ် ပြောင်းလဲကာ ချောက်နက်ထဲ ဝင်ရောက်သွားကြသည်။
သူတို့နှစ်ယောက်၏ ပူးပေါင်းလှုံ့ဆော်မှုကြောင့် ချောက်နက်ကြီးကား အရာအားလုံးကို ဝါးမြိုဖျက်ဆီးနေချေပြီ။ ကြာပန်းနှစ်ပွင့်သည်လည်း ချောက်နက်ကြီးအား လှည့်ပတ်ရင်း တစ်ပွင့်နှင့်တစ်ပွင့် တစ်သားတည်း ပေါင်းစည်းနေပုံပင်။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ကုန်းက ပျံသန်းလာပြီ ခရာမှုတ်လိုက်သည်။ ခရာသံနှင့်အတူ ရှစ်ချီလော်နှင့် နတ်အရှင်မယန်တို့၏ ညှိုးခြောက်နေသော သွေးတို့က ပြန်လည်စီးဆင်းအသက်ဝင်လာ၏။ ကြာပန်းနှစ်ပွင့်က အနည်းငယ် တုန်ခါသွားပြီး တစ်ပွင်းတည်း ပေါင်းစည်းသွားတော့သည်။
နတ်အရှင်မယန်နှင့် ရှစ်ချီလော်တို့၏ ခန္ဓာကိုယ်များမှာ အိုမင်းနေကြသဖြင့် အသက်နှင့် သွေးစွမ်းအားတို့မှာ ယခင်ကလောက် မကောင်းမွန်တော့ပေ။ သို့သော် ကောင်းကင်နတ်အရှင်ကုန်း၏ ခရာက သူတို့၏ သွေးများကို ပြန်လည်ဆူပွက်လာစေနိုင်သည်။
ကောင်းကင်နတ်အရှင်ကုန်း၏ အကူအညီကြောင့် သွေးတို့ ဆူပွက်၍ အင်အားများ ပြည့်လာကြပြီး တာအိုသိုင်းကွက်များကို အဆုံးအစွန်အထိ အသက်သွင်းလိုက်ကြသည်။
နတ်အရှင်မယန်နှင့် ရှစ်ချီလော်တို့၏ မျက်နှာအမူအရာများမှာ ဝမ်းသာနေကြသည်။ သို့သော် ကြာပန်းနှစ်ပွင့် ပေါင်းစည်းသွားသည်နှင့် ချောက်နက်ထဲမှ ဓားအလင်းတန်းတစ်တန်း ထွက်ပေါ်လာပြီး ချောက်နက်အား နှစ်ပိုင်းပိုင်းလိုက်၏။ ၎င်းကား ကြာပန်းပွင့်ကို နှစ်ပိုင်းခြမ်းပစ်ပေတော့မည်။
လူရိပ်တစ်ခုက နှစ်ပိုင်းပိုင်း ခံလိုက်ရသော ကြာပန်းပွင့်ထဲမှ ပျံထွက်လာရန် ပြင်နေသည်။
ကောင်းကင်နတ်အရှင်ကုန်းက သူမ၏ ကြာပွတ်ဖြင့် ထိုလူရိပ်ကို ချက်ချင်း ချုပ်နှောင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်တာအိုရတနာ ၄၉ ပါးကို သိမ်းဆည်းလိုက်၏။ ၎င်းတို့က လှံရှည်တစ်လက်အသွင် ဖွဲ့တည်လိုက်ကာ ကောင်းကင်နတ်အရှင်ကုန်း ချုပ်နှောင်ထားသော လူရိပ်တွင် ထိုးစိုက်သွားသည်။
ရှေးဟောင်းနတ်ဘုရားဘုရင်က လှံအား အားကုန်လွှဲရမ်းလိုက်သည့်အခါ လူရိပ်မှာ အစိတ်စိတ်အမွှာမွှာ ကွဲသွားတော့၏။
“မင်းက ငါတို့ ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ဝေးပါသေးတယ်...” ရှေးဟောင်းနတ်ဘုရားဘုရင်က တဟီးဟီး ရယ်လိုက်ရင်း ပြောသည်။
သူ ရယ်၍မဆုံးသေးခင်မှာပင် ဓားတစ်လက်က ပျံသန်းလာပြီး သူ၏မျက်ခုံးနှစ်ဖက်ကြားထဲ စိုက်ဝင်လာသည်။ ၎င်းက သူ၏ခန္ဓာကိုယ်ကို ဖောက်ထွက်ရင်း နောက်သို့လွင့်ထွက်သွားစေသည်။
ကောင်းကင်နတ်အရှင်ကုန်းက ချာခနဲ လှည့်ကာ ကြာပွတ်အား ပြန်ခေါ်လိုက်သည်။ သို့သော် ဧရာမလက်ကြီးတစ်ဖက်က ကြာပွတ်အရိပ်ထဲမှ ထွက်ပေါ်လာပြီး သူမဦးခေါင်းကို ဆွဲကာ မြေကြီးဆီသို့ ရိုက်ချလိုက်၏။
ကောင်းကင်နတ်အရှင်ကုန်း၏ ခန္ဓာကိုယ်တစ်ခုလုံး မြေကြီးထဲ နစ်ဝင်သွားပြီး ခြေထောက်လေးနှစ်ဖက်သာ ကျန်ခဲ့သည်။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှစ်ပါးက တစ်ပြိုင်နက် ပျံသန်းလာကြပြီး ထိုလူရိပ်၏ ရင်ဘတ်ကို ထိုးနှက်လိုက်ကြသည်။ ထိုလူရိပ်မှာ နောက်ကျောရော ရင်ဘတ်ပါ ရှိပုံမရဘဲ အရပ်လေးမျက်နှာပတ်ပတ်လည်တွင် မျက်နှာများကသာ နေရာယူထားသဖြင့် ရှစ်ချီလော်မှာ အံ့ဩမှင်သက်စွာ မော့ကြည့်လိုက်မိသည်။
“ချိမင်ရဲ့ နတ်ဘုရားခန္ဓာကိုယ်က သေသွားပြီလေ”
ချင်မူ့ကြွက်သားများက ဖောင်းကြွနေပြီး သူက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သူက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှစ်ပါးကို မြှောက်၍ ရိုက်ချလိုက်၏။ ထို့နောက် လက်ဖဝါးမြှောက်လိုက်ရာ ကပ်ဘေးဓားက ပျံသန်းလာ၏။ ဓားရောင် ဖျတ်ခနဲ လက်သွားပြီး ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှစ်ပါးမှာ ခေါင်းဖြတ်ခံလိုက်ရတော့သည်။
ရှစ်ချီလော်နှင့် နတ်အရှင်မယန်မှာ ပြိုင်တူအော်ဟစ်လိုက်ကြသည်။ ချင်မူက ဘယ်လက်ကို မြှောက်၍ လက်ခုံ၊ လက်ဖဝါး၊ လက်သီး၊ လက်ဓားမြှောင် အစရှိသဖြင့် လက်ကွက်အမျိုးမျိုးပြောင်းလဲလျက် သူတို့နှစ်ယောက်ဆီသို့ သိုင်းကွက်တစ်ကွက်ပြီးတစ်ကွက် ပစ်လွှတ်လိုက်၏။
ရှစ်ချီလော်နှင့် နတ်အရှင်မချန်းမှာ လဲကျပြီး လွင့်ထွက်သွားကြတော့သည်။
ချင်မူက ရပ်တန့်၍ ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်သည်။ သူက ပတ်ဝန်းကျင်အား ဝေ့ဝဲကြည့်ရင်း မှင်သေသေ ပြောလိုက်သည်။ “ကောင်းကင်နတ်သိုင်းအရာမှာ ခင်ဗျားတို့က လိုအပ်နေသေးတယ်”
အဝေးတွင် နတ်အရှင်မချန်းမှာ ခိုးကြောင်ခိုးဝှက်ဖြင့် တာအိုသစ်ပင်ငုတ်များအပေါ် တက်လိုက်သည်။ သူမက ဖရိုဖရဲမြစ်ထဲ ခပ်သွက်သွက် ဝင်၍ လှိုင်းများကို ဖြတ်သန်းသွားသောကြောင့် သူမ၏နောက်ကျောကိုသာ မြင်ရတော့ချေပြီ။