← Chapters

ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ ပွင့်ဟလာပြီ

Vol. 126 Ch. 1739

ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ ပွင့်ဟလာပြီ

Vol. 126 Ch. 1739

“အချိန်ပြည့်ပြီ…”  ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှုတို့ ပြည့်နှက်လာ၏။ သူက သည်နေ့အတွက် သုံးနှစ်တာ စောင့်ဆိုင်းနေခြင်းပင်။

သုံးနှစ်တာကာလအပိုင်းအခြားသည် ကုန်လွန်ခဲ့လေပြီ။ ထို့အပြင် အတွင်းနှင့်အပြင်နယ်မြေစစ်ပွဲ စတင်ခဲ့သည်မှာလည်း နှစ်ပေါင်းတစ်ရာ တည်းတည်း ပြည့်ပြီ။

အတွင်းနယ်မြေ၏ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေမှ ဗိုလ်ချုပ်လေးယောက်က ဝမ်လင်းကို စိတ်မပျက်စေပေ။ သူတို့ ဝမ်လင်းနှင့် သဘောတူထားသည့်အချက်က စတင် တော့မည် ဖြစ်သည်။ နောက်ဆုံးစက္ကန့် ကုန်လွန်သွားသည့်အခါ ကြယ်များမှာ ငြိမ်သက်တိတ်ဆိတ်၏။

ဝမ်လင်း၏ ပတ်ဝန်းကျင်ရှိ နတ်ဘုရားအာရုံများသည် အတွင်းနှင့်အပြင်နယ်မြေ ကြုံတွေ့လာရတော့မည့် အဖြစ်အပျက်ကြီးကို သတိမပြုမိကြပေ။

ထိုအဖြစ်အပျက်၏ ဦးဆုံးအရိပ်အယောင်မှာ အတွင်းနယ်မြေ၏ တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်းတွင် ဖြစ်သည်။

တောက်ပသောလေဟာနယ်၌ ဒီကြယ်အဖွဲ့အစည်းကို လင်းထင်းသွားစေသော ရောင်စုံအလင်းများ ပေါက်ကွဲထွက်သည်။ ထိုအဖြစ်က ဟင်းလင်းပြင် အမှောင်ထုကို လင်းသွားစေ၏။

လှပသောအလင်းများကြား၌ ကျယ်လောင်စွာတုန်ဟည်းသံတို့ မြည်ဟိန်းသည်။ ထိုဟိန်းမြည်သံများက ကြယ်အဖွဲ့အစည်းအနှံ့ ပဲ့တင်ထပ်၏။ သည်ကြယ်အဖွဲ့အစည်းတွင် တံခါးတစ်ချပ် ရှိသည်အလား ယင်းအသံများသည် ထိုတံခါးနောက်ကွယ်မှ ထွက်ပေါ်လာခြင်းပင်။

ကျယ်လောင်စွာတုန်ဟည်းသံများ ပဲ့တင်ထပ်နေရင်း ခပ်အုတ်အုတ်အသံသည် ဆင့်ခေါ်ခြင်းမြစ်ထံမှလည်း ထွက်ပေါ်လာ၏။ ယင်းကဲ့သို့ အသံတို့ကို တိမ်ပင်လယ်နှင့် အလုံးစုံကောင်းကင်တို့တွင်လည်း ပဲ့တင်ထပ်တာ ကြားရ၏။

ပြင်းထန်သောတုန်ဟည်းသံတို့မှာ ဦးဆုံးအသက်ရှုချိန်အတွင်း ပေါ်လာခဲ့ပြီး ငါးကြိမ်မြောက် အသက်ရှုချိန်တွင် အထွတ်အထိပ်သို့ ရောက်သည်။ ၎င်းအသံက အတွင်းနယ်မြေ၏ တစ်လက်မချင်း၊ ဂြိုဟ်တိုင်း၊ သက်ရှိတိုင်း၏ နားထဲထိ ပျံ့နှံ့သည်။

ချက်ခြင်းပင် အတွင်းနယ်မြေရှိ သက်ရှိဖြစ်တည်မှုတိုင်း၊ ကျင့်ကြံသူများဖြစ်စေ၊ သေမျိုးများဖြစ်စေ၊ သားရဲများဖြစ်စေ၊ အပင်များသည်ပင် အားလုံး တုန်ယင်ကာ မိန်းမောသွားကြ၏။

ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။

ထိုအသံက ကောင်းကင်တုန်လှုပ်ဖွယ်ပင်။ ရှစ်ကြိမ်မြောက်အသက်ရှုချိန်အတွင်း ရူးသွပ်လုနီးနီး ဖြစ်လာ၏။ ၎င်းမြည်ဟည်းသံတို့က မရေမတွက်နိုင်သော တုန်ခါလှိုင်းတို့ကို ဖြစ်ပေါ်စေကာ ကြယ်အဖွဲ့အစည်းလေးခုလုံးတွင် ပဲ့တင်ထပ်သည်။

ဆင့်ခေါ်ခြင်းမြစ်၏ ဂြိုဟ်တစ်ခုပေါ်၌ နေထိုင်နေသော ကျင့်ကြံသူဒါဇင်ချီ ရှိကြ၏။ သူတို့က ကောင်းကင်ဘုံနယ်မြေသစ်သို့ မသွားရောက်ခဲ့ပေ။ ထိုအစား သူတို့က ကျင့်ကြံနိုင်မည့် သေမျိုးများကို ရှာဖွေကာ အတွင်းနယ်မြေ၏ အနာဂတ်အတွက် မျိုးစေ့များကို ရှာဖွေနေခြင်းပင်။

သည်အခိုက်တွင် သူတို့၏မျက်နှာများမှာ ဖြူရောကုန်ပြီး သွေးများ အန်ထွက်သည်။ သူတို့က ကောင်းကင်ထက်သို့ ကြောက်လန့်တကြား ကြည့်ကြသည်။ သူတို့က မည်သို့ဖြစ်ပျက်နေသည်ကို မသိကြပေ။ သို့သော် သူတို့နားထဲ တိုးဝင်လာသော ဟိန်းမြည်သံတို့က သူတို့၏စိတ်ကို တုန်ရီကြောက်လန့်စေသည်။

“ပြင်ပနယ်မြေကများ ထပ်ပြီး ကျူးကျော်လာတာများလား…” လူတိုင်းက တုန်လှုပ်နေ၏။ သူတို့က ပျံသန်းမည့်ဟန် ပြင်၏။ သို့သော် သူတို့ ကောင်းကင်ထက်သို့ ပျံသန်းလိုက်စဉ်မှာပင် မိုးခြိမ်းသံတမျှ ကျယ်လောင်စွာ မြည်ဟည်းသံ ပဲ့တင်ထပ်ကာ ကောင်းကင်ထက်မှ ဆင်းသက်လာသော ဖိအားကြောင့် သူတို့သည် မြေပြင်ထက်သို့ ပြန်ဖိနှိပ်ခြင်း ခံရသည်။

အသက်ဆယ့်တစ်ကြိမ်မြောက်ရှုစာအချိန်အတွင်း ကြယ်အဖွဲ့အစည်းလေးခုအနှံ့ ပဲ့တင်ထပ်သော တုန်ဟည်းသံက ဖိအားကို ဖန်တီးလာပြီပင်။

ထိုဖိအားက ရှေးဟောင်းကောင်းကင်ဘုံနယ်မြေမှ လာခြင်း ဖြစ်၏။ သည်အော်ရာမှာ ရှေးကျကာ အတွင်းနယ်မြေတစ်ခုလုံးကို ဝန်းရံထားသည်။

အလုံးစုံကောင်းကင်၏ ဂြိုဟ်တစ်ခုပေါ်၌ ကျင့်ကြံသူများ မကျန်တော့ဘဲ သေမျိုးများသာ ရှိနေလေ၏။ ထိုအခိုက်၌ သက်ရှိများ နေဖို့ထိုင်ဖို့အတွက် မြို့များမှာ သေလောက်အောင် ငြိမ်သက်တိတ်ဆိတ်ကုန်သည်။

မြို့အစွန်၌ အရက်ရောင်းသော အဘိုးအိုတစ်ယောက်နှင့် အရက်သောက်နေသော လူဆယ့်နှစ်ယောက်လောက်သည် ကောင်းကင်သည် နက်မှောင်သွားသည်ကို တွေ့မြင်သည့်အခါ ထိတ်လန့်ကုန်၏။

ကျယ်လောင်စွာ မြည်ဟည်းသံများကြောင့် သေမျိုးများသည် သတိမေ့ကုန်ကာ ကောင်းကင်ထက်ရှိ အပြောင်းအလဲများကို မမြင်နိုင်တော့ပေ။ ကောင်းကင်သည် ဆက်လက်နက်မှောင်လာပြီး အလင်းအားလုံး ကွယ်ပျောက်ကာ ညအဖြစ်သို့ ပြောင်းသည်။

သည်အခိုက်အတန့်၌ တုန်ဟည်းသံ စတင်သည်မှစ၍ ဆယ့်ခြောက်ကြိမ်မြောက်အသက်ရှုချိန် ဖြစ်လာခဲ့ပြီ။

သည်အချိန်အတွင်း ကြယ်အဖွဲ့အစည်းလေးခုလုံးသည် အလင်းဓာတ်အားလုံး ဆုံးရှုံးသွား၏။ အပင်များ၊ကုန်းမြေများသည် အမှောင်ထု၏ ထွေးခြုံခြင်း ခံရသည်။

ဆယ့်ခုနစ်ကြိမ်မြောက် အသက်ရှုချိန်အတွင်း ပြီးခဲ့သော ဆယ့်ခြောက်ခါအသက်ရှုချိန်အတွင်း ပေါ်ထွက်ခဲ့သော တုန်ဟည်းသံတို့ကို ဖိနှိပ်နိုင်သည့် ကျယ်လောင်စွာ မြည်ဟည်းသံမှာ တောက်ပသောလေဟာနယ်၌ ပဲ့တင်ထပ်၏။

ထိုတုန်ဟည်းသံက တံခါးတစ်ခု ချိုးဖျက်ခံလိုက်ရသည့််အလား။ ကောင်းကင် ပြိုလဲပျက်စီးသည့်အလား။

တုန်ဟည်းသံ ပဲ့တင်ထပ်နေစဉ် တောက်ပသောလေဟာနယ်၌ အက်ကြောင်းတစ်ခု ပေါ်လာ၏။ သိပ်မကြာခင်တွင် ထိုအက်ကြောင်းက ဧရာမအက်ကြောင်းကြီးတစ်ခု ဖြစ်လာသည်။

ယင်းအက်ကြောင်းအဟ ပေါ်လာသည်နှင့် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ရူးသွပ်စွာ အော်သံဟစ်သံများ ပေါ်လာသည်။ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ၏ အော်ရာမှာ သည်အဟကြားကနေ ထိုးထွက်ကာ တောက်ပသောလေဟာနယ်အနှံ့သို့ ရိုက်ခတ်သည်။

တစ်ချိန်တည်းမှာ ထိုဟိန်းမြည်သံ ပဲ့တင်ထပ်နေရင်း အက်ကြောင်းအတွင်း၌ ကွယ်ဝှက်နေသော အကြည့်များ ထွက်ပေါ်ကာ သွေ့ခြောက်သောလက်များ ဆန့်ထွက်၏။ ထိုအက်ကြောင်း၏နောက်၌ ရှိနေသော လူတစ်စုက ရူးသွပ်ကာ ဒီကြယ်အဖွဲ့အစည်းကို ဆုတ်ဖြဲပစ်လိုက်သည့်အလား။

သည်အခိုက်အတန့်၌ အလားတူအက်ကြောင်းတစ်ခု ဆင့်ခေါ်ခြင်းမြစ်၊ အလုံးစုံကောင်းကင်၊ တိမ်ပင်လယ်တို့၌ ပေါ်လာသည်ပင်။ အက်ကြောင်းလေးခုက ဒီကြယ်အဖွဲ့အစည်းကို ဆုတ်ဖြဲကာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ၏ အော်ရာကို ထုတ်လွှတ်လာသည်။

ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ နိုးထလာပေတော့မည်။

အလုံးစုံကောင်းကင်၏ မိုးကြိုးကောင်းကင်ဘုံနယ်မြေ၌ တစ္ဆေအိုကြီးကျန့်က ရုတ်တရက် ထရပ်ကာ သူ့အမူအရာမှာ ပြောင်းလဲသွားသည်။ သူက ရှေ့သို့ လှမ်း၍ မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ ထွက်ခွာကာ အလုံးစုံကောင်းကင်တွင် ပေါ်လာသည်။ အက်ကြောင်းကို ကြည့်ကာ သူ့မျက်လုံးထဲ၌ ထူးဆန်းသောအကြည့် လှစ်ဟပေါ်၏။ သူ၏မျက်လုံးက အေးစက်လာသည်။

“ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ…”

ကြယ်အဖွဲ့အစည်းလေးခုရှိ အက်ကြောင်းများသည် တုန်ယင်ကာ အရူးအမူး ပျံ့နှံ့သည်။ ဆယ့်ကိုးကြိမ်မြောက် အသက်ရှုစာအချိန်တွင် အတွင်းနယ်မြေတစ်ခုလုံး ထက်ပိုင်းခြမ်းသွားသလား မှတ်ထင်ရ၏။ အက်ကြောင်းလေးခုသည် ပျံ့နှံ့လာကာ ကြယ်အဖွဲ့အစည်းလေးခု၏ စုံမှတ်တွင် တွေ့ဆုံ၍ ကောင်းကင်ဘုံနယ်မြေသစ်၏ အထက်၌ တိုက်ရိုက် ပေါ်လာချေသည်။

ထိုအက်ကြောင်းလေးခု တစ်ခုနှင့်တစ်ခု ထပ်သွားသည့်အခါ တုန်ဟည်းသံများ ပဲ့တင်ထပ်ပြီး ဧရာမဖြတ်ကြောင်းတစ်ခု ကောင်းကင်ထက်၌ ပေါ်လာ၏။ ယင်းအတွင်းမှ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ၏ အော်ရာနှင့် စိတ်လှုပ်တရှားအော်သံဟစ်သံများ ထွက်ပေါ်သည်။ အတွင်းနယ်မြေရှိ အလင်းအားလုံးသည် ပျက်စီးရ၏။

သည်အခိုက်အတန့်၌ အတွင်းနယ်မြေ၌ မည်သည့်အလင်းမှ မရှိတော့ပေ။ အဆုံးမဲ့အလင်းတို့က စုပ်ယူခြင်း ခံရ၏။ ဆန်းကြားသောနည်းလမ်းဖြင့် ပြောင်းလဲသည်။ ထိုအလင်းတို့က အက်ကြောင်းလေးခု၏ အပြင်ဘက်၌ စုဝေးပြီး တလျှံလျှံ တောက်ပမှုကို ပေးစွမ်းသည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ကောင်းကင်ဘုံနယ်မြေသစ် ပတ်လည်ရှိ ငွေရောင်မြစ်ကို တုန်ခါစေသည်။ ကောင်းကင်ဘုံနယ်မြေသစ်သည်ပင် တစီစီအသံများ ထွက်ပေါ်၏။ အတွင်းနယ်မြေရှိ ကျင့်ကြံသူများက ကောင်းကင်ထက်သို့ မော့ကြည့်၏။

ချင်းလင်၏မျက်နှာမှာ ဖြူရောသွားကာ သူက ကောင်းကင်ထက်သို့ တိုးဝင်လာသည်။

“ဒါဟာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ အော်ရာပဲ။ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ ပြန်ပေါ်လာပြီ။ အရှင်ဟုန်ရှန်၊ အရှင်တောင်ပိုင်းတိမ်၊ ချင်းရွှေတို့ ငါနဲ့အတူ လိုက်ခဲ့ပြီး ရှေးဟောင်းကောင်းကင်ဘုံသားတွေကို နှုတ်ဆက်ကြမယ်…” ချင်းလင်က ကောင်းကင်ထက်သို့ ပျံတက်၏။ ကျန်သည့်အလင်းတန်းသုံးခုက သူ့နောက်မှ လိုက်ပါသည်။ ယင်းတို့မှာ အရှင်ဟုန်ရှန်၊ အရှင်တောင်ပိုင်းတိမ်၊ ချင်းရွှေတို့ ဖြစ်၏။

သူတို့လေးယောက်က ကောင်းကင်ထက်သို့ ပျံသန်းလာ၏။ သူတို့၏အောက်တွင် အတွင်းနယ်မြေမှ ကျင့်ကြံသူများနှင့် အမြင့်မားဆုံးတောင်ထိပ်ပေါ်ရှိ ဧရာမရုပ်တုကြီးတစ်ခု ရှိနေသည်။

တစ်စုံတစ်ယောက်က ထိုရုပ်တုကို လွန်ခဲ့သောသုံးရက်တွင်းက သည်နေရာသို့ ရွှေ့လာခဲ့ခြင်းပင်။ သို့ဖြစ်၍ ၎င်းကို အနာဂတ်မျိုးဆက်များက ပူဇော်ခြင်း ပြုနိုင်ပေလိမ့်မည်။

ချင်းလင်နှင့် တခြားသူများက ငွေရောင်မြစ်မှ တရှိန်ထိုး ထွက်လာကြချိန်၌ သူတို့သည် ဧရာမအက်ကြောင်းအဖြတ်ကို ကြည့်သည်။ ချင်းရွှေသည်ပင် လေးစားသည့်အကြည့် ထုတ်ဖော်၏။

ချင်းလင်နှင့်တခြားသူများဆို ပြောနေဖို့ပင် မလိုပေ။ သူတို့က မလေးမစား အရိပ်အယောင် မပြသဝံ့ပေ။ ရှေးဟောင်းကောင်းကင်ဘုံသားများက သည်လူအိုကြီးများအတွက်ပင် နတ်ဘုရာများအလား။

စစ်ထူနန်တစ်ယောက်သာ ကြယ်များကို စိုက်ကြည့်နေ၏။ သူ၏စိတ်ထဲ၌ ဝမ်လင်း၏စကားများ ပဲ့တင်ထပ်နေသည်။ သူက ဝမ်လင်း ပြောခဲ့သောအကြောင်းအရာကို မည်သူ့ကိုမျှ မပြောပြခဲ့ပေ။ ထိုအက်ကြောင်းကို ကြည့်၍ သူ့ထံ၌ ကြောက်ရွှံ့မှု တစ်စက်တစ်လေမှ ရှိမနေဘဲ စိတ်ရှုပ်ထွေးမှုသာ ရှိနေ၏။

ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ။ ၎င်းမှာ ပျောက်ကွယ်ခဲ့တာ ကြာမြင့်လွန်းခဲ့လေပြီ။ ခုချိန်၌ ၎င်းက လောကသို့ တဖန် ဆင်းသက်လာခဲ့ပြီ။

ကြတ်ခြေခတ်ပုံ အက်ကြောင်းအဟထံမှ တုန်လှုပ်ဖွယ်အော်သံဟစ်သံများ ထွက်ပေါ်လာ၏။ အဆုံးသပ်၌ ထိုအက်ကြောင်းက အလုံးစ ပွင့်ဟလာကာ ပတ်ဝန်းကျင်တစ်ခုလုံးရှိ အလင်းက စုဝေး၍ အလင်းတုံးတစ်ခုကိုအသွင် ဖြစ်ပေါ်သည်။ မျက်စိတစ်မှိတ်အတွင်း နောက်ထပ်အလင်းတုံးတစ်ခု ပေါ်လာသည်။ သိပ်မကြာခင်တွင် အလင်းတုံးများစွာ ပေါ်လာ၏။

ထိုအလင်းများက မကြာမီတွင် လှေကားအလား ဖြစ်ပေါ်ကာ နေရာတွင် လွင့်မြောတည်ရှိသည်။

ထိုလှေကားများ ပေါ်လာသည့်နောက် ရွှေရောင်အလင်း ဖုံးလွှမ်းထားသော ပုံရိပ်များသည် စိတ်လှုပ်ရှားစွာ လှမ်းလျှောက်ထွက်လာ၏။ သိပ်မကြာခင်တွင် ပုံရိပ်ဒါဇင်ချီ တရကြမ်း ထွက်လာသည်။

“နောက်ဆုံးတော့ လွတ်လပ်ပြီကွ…”

“အခု ငါတို့ရဲ့ ကျင့်ကြံမှုအဆင့် ပြန်ကောင်းမွန်သွားခဲ့ပြိ။ ငါတို့လို ကောင်းကင်ဘုံသားတွေ ပြန်ရောက်လာပြီ…”

ထိုရွှေရောင်ပုံရိပ် ဒါဇင်ချီထံမှ အော်သံများ ထွက်ပေါ်လာ၏။ သူတို့တစ်ယောက်ချင်းစီက တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ အော်ရာကို ပိုင်ဆိုင်ကြသည်။ သို့ပေမည့် ထိုအော်ရာများသည် လှိုဏ်ဂူလောကမှ ကျင့်ကြံသူများ၏ အော်ရာနှင့် ကွာခြားသည်။

သို့သော် မည်သို့မည်ပုံကွာခြင်းသည်ကို ဖော်ပြဖို့မှာ ခက်ခဲလွန်း၏။

ကျင့်ကြံသူဆယ့်နှစ်ယောက်နောက်တွင် ထပ်မံ ပျံသန်းထွက်လာသော ရွှေရောင်ပုံရိပ်များ ရှိနေဆဲပင်။ အဝေးမှ ကြည့်ပါက ဤမြင်ကွင်းမှာ တုန်လှုပ်ဖွယ်ပင်။

ချင်းလင်နှင့် တခြားသူများက အနီးဆုံးတွင် ရှိနေ၏။ ရွှေရောင်အလင်း ကောင်းကင်ထက်၌ ပြည့်နှက်လာချိန်၌ အရှင်ဟုန်ရှန်၊ အရှင်တောင်ပိုင်းတိမ်တို့က သူတို့၏လက်နှစ်ဖက်ကို ဆုပ်၏။

သို့သော် သူတို့နှင့် ယှဉ်ပါက ချင်းလင်သည် စိတ်အလှုပ်ရှားဆုံးပင်။ သူက ရှေ့သို့ လှမ်း၍ ရွှေရောင်ပုံရိပ်များထံ လက်နှစ်ဖက်ဆုပ်ကာ တလေးတစားအသံဖြင့် ပြောလိုက်သည်။

“ချိပ်ပိတ်နယ်မြေအရှင်ရဲ့ တပည့် ချင်းလင်က ရှေးဟောင်းကောင်းကင်ဘုံသားတွေကို နှုတ်ဆက်ပါတယ်…”

သို့သော် သူ၏တည်ရှိမှုနှင့်စကားများက ထိုရှေးဟောင်းကောင်းကင်ဘုံသားများ၏ အာရုံကို ဖမ်းစားနိုင်ခြင်း မရှိပေ။ ထိုကောင်းကင်ဘုံသားများက ကျယ်လောင်စွာ ရယ်မော၍ သူတို့ကို တိုက်ရိုက် ကျော်ဖြတ် ပျံသန်းကာ ကောင်းကင်ဘုံနယ်မြေသစ်ထံ ဦးတည်ကြသည်။

“ဒီကောင်းကင်ဘုံသားက အပူဇော်ခံမီးတောက်တေွ မဝါးမြိုရတာ အချိန်ကြာလွန်းခဲ့ပြီ။ ဒီနေရာမှာ ရှိတဲ့ အပူဇော်ခံမီးတောက်တွေက အားမကောင်းပေမယ့်လည်း ခုချိန်မှာတော့ ငါ့အတွက် ကျေနပ်မှု ပေးနိုင်လိမ့်မယ်…”

“အပူဇော်ခံမီးတောက်တွေ….ဒီနေရာဟာ အပူဇော်ခံမီးတောက်တွေရဲ့ အော်ရာ ပိုင်ဆိုင်ထားတာပဲ…”

“ဟားဟား ငါတို့ နိုးထလာတဲ့အချိန်မှာ အပူဇော်ခံမီးတောက်တွေ ကြိုပြင်ဆင်ထားလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ ချိပ်ပိတ်နယ်မြေအရှင်ရဲ့ တပည့်…မင်း တော်တယ်...”

ထိုကောင်းကင်ဘုံသားများသည် အတွင်းနယ်မြေ၏ ကောင်းကင်ဘုံနယ်မြေသစ်ထံ တရကြမ်း ဝင်လာကြ၏။ ချင်းလင်နှင့် တခြားသူများက ထိုအဖြစ်ကို တွေ့မြင်သည့်အခါ သူတို့၏စိတ်သည် တုန်ယင်ကုန်သည်။

All Chapters