ထွက်သွားစမ်း
Vol. 126 Ch. 1740
ချင်းရွှေ၏မျက်လုံးသည် နီရဲလာ၏။ သူ၏ခန္ဓာကိုယ်တွင် ပြင်းထန်သောသတ်ဖြတ်လိုစိတ် ပြည့်နှက်လာသည်။ သူ့သမီးက ကောင်းကင်ဘုံနယ်မြေသစ်ပေါ်တွင် ရှိနေ၏။ ဒီကောင်းကင်ဘုံနယ်မြေသစ်က သူတို့ တည်ဆောက်ထားခဲ့တာ မဟုတ်လား။ ဤနယ်မြေမှာ သူတို့၏အိမ်ပင် ဖြစ်သည်။
သည်အခိုက်အတန့်၌ တစ်စုံတစ်ယောက်က တံခါးကို ချိုးဖျက်ကာ သူ့အိမ်ကို ဖျက်စီးတော့မည် ဖြစ်သည်။ ထိုသူက မည်သူပင် ဖြစ်စေ၊ သူတို့က ရှေးဟောင်းကောင်းကင်ဘုံသားများ ဖြစ်နေလျှင်ပင် သူ၊ ချင်းရွှေက သတ်ဖြတ်မည်သာ ဖြစ်၏။
ချင်းရွှေ ရှေ့သို့ တိုးဝင်လာသည်။
အရှင်ဟုန်ရှန်နှင့် အရှင်တောင်ပိုင်းတိမ်တို့သည် ခဏတာ မင်သက်သွားပြီးနောက် သူတို့၏အမူအရာများ ကြီးစွာ ပြောင်းလဲသွားသည်။ ခဏတာ ချီတုံချတုံ ဖြစ်နေပြီးနောက် သူတို့က အံတင်းတင်းကြိတ်ကာ ရှေ့တိုးလာသည်။
ချင်းလင် မင်သက်နေ၏။ သူက အတော့်ကို ရုန်းကန်နေရသည်။ သို့ပေမည့် သူက ကောင်းကင်ဘုံသား ဒါဇင်ချီသည် ကျယ်ကျယ်လောင်လောင် ရယ်မော၍ ငွေရောင်မြစ်ကို ဖွင့်လှစ်နေသည်အား သူ မြင်သည်။ ထထိုအဟ ပေါ်လာသည်နှင့် အတွင်းနယ်မြေရှိ ကျင့်ကြံသူသောင်းချီသည် ကြောက်လန့်ကုန်သည်။ ချင်းလင်က မာန်သွင်းလျက် ရှေ့သို့ လှမ်းဝင်လာ၏။
“ရပ်လိုက်ပါ…ရောင်းရောင်းရှေးဟောင်းကောင်းကင်ဘုံသားတို့။ ဒါဟာ ငါ့အတွင်းနယ်မြေရဲ့ ကောင်းကင်ဘုံနယ်မြေပါ…” ချင်းလင်သည် အော်ဟစ်ရင်း ရှေ့သို့ တရကြမ်း တိုးဝင်လာသည်။ သို့သော် သူ့စကားမဆုံးသေးခင်မှာပင် ကောင်းကင်ဘုံသားခုနစ်ယောက်၊ ရှစ်ယောက်ခန့်က လှည့်ကြည့်လာ၏။ သူတို့၏မျက်လုံးများထံမှ လွှမ်းမိုးနိုင်သော ရွှေရောင်အလင်း လှစ်ဟပေါ်ကာ သူတို့က ချင်းရွှေတို့လေးယောက်ထံ လက်ဝေ့ယမ်းလိုက်သည်။
ကျယ်လောင်စွာ တုန်ဟည်းသံတို့ ပဲ့တင်ထပ်ကာ ကောင်းကင်ဘုံသွေးမျိုးဆက်စွမ်းအားဖြင့် ရွှေရောင်မုန်တိုင်းက သူတို့လေးယောက်ထံ တရကြမ်း တိုးဝင်လာသည်။ ထိုမုန်တိုင်း မြည်ဟိန်းနေစဉ် ချင်းလင်၊ အရှင်ဟုန်ရှန်၊ အရှင်တောင်ပိုင်းတိမ်တို့က တုန်ယင်ကုန်သည်။
“သတ္တိ သိပ်ရှိနေတယ်ဟုတ်လား။ မင်းတို့က ငါတို့ ကောင်းကင်ဘုံသားတွေ အပူဇော်ခံမီးတောက်တွေ စုပ်ယူတာကို တားဆီးရဲတယ်လား…”
တစ်ယောက်က နှာခေါင်းရှုံ့၍ ဆို၏။ သူ၏ စကားများထဲ၌ အဆုံးမဲ့မောက်မာမှုနှင့် ကြီးမြတ်မှု အရိပ်အယောင် ပါဝင်နေသည်။
ထိုရွှေရောင်မုန်တိုင်း၌ ကောင်းကင်ဘုံသွေးမျိုးဆက်ပါဝင်ကာ အတွင်းနယ်မြေ၏လူများကို ဖိနှိပ်မှုကို အလိုလို ထုတ်လွှတ်နိုင်ပေသည်။ သည်အဖြစ်က ချင်းလင်၊ အရှင်ဟုန်ရှန်၊ အရှင်တောင်ပိုင်းတိမ်တို့ကို တုန်လှုပ်ကာ နောက်ဆုတ်သွားစေသည်။
သို့ပေမည့် ချင်းရွှေအပေါ်တွင်မူ ထိုသွေးမျိုးဆက်က မသက်ရောက်ပေ။ သူက ၎င်းကို သတိမပြုမိသည့်အလား။ သူက ရွှေရောင်မုန်တိုင်းကို ဖြတ်၍ ကောင်းကင်ဘုံသားများထံ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် တိုးဝင်လာ၏။
သို့ပေမည့် သူက အနည်းငယ် နှေးနေဆဲပင်။ ထွက်ပေါ်လာသော ကောင်းကင်ဘုံသားဒါဇင်ချီက ကောင်းကင်ဘုံနယ်မြေသစ်၏ အပေါ်သို့ ရောက်ရှိလာခဲ့လေပြီ။ သူတို့က သူတို့အား ကြောက်လန့်တကြား ကြည့်နေသော ကျင့်ကြံသူသောင်းချီကို ကြည့်၍ ရယ်မောသည်။
လူအချိ့က သူတို့၏သွေးမျိုးဆက်ဖိနှိပ်မှုကို ချက်ခြင်း ထုတ်လွှတ်သည်။ ထိုအခါ အောက်ဘက်ရှိ ကျင့်ကြံသူများမှာ မလှုပ်ဝံ့တော့ပေ။ ထို့နောက် သူတို့ထဲမှ အချို့က ဆင်းသက်လာ၏။ သူတို့ထဲမှ တစ်ယောက်က ဆင့်ခေါ်ခြင်းမြစ်မှ အမျိုးသမီးကျင့်ကြံသူတစ်ယောက်ကို ဖမ်း၍ ရှိုက်သွင်းရန် ဟန်ပြင်လိုက်သည်။
သူ ရှိုက်သွင်းလိုက်သည်နှင့် သူက ထိုအမျိုးသမီးကျင့်ကြံသူကို အပူဇော်ခံမီးတောက်များအဖြစ် ပြောင်းကာ စုပ်ယူနိုင်လိမ့်မည် ဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်၌ ရှေးဟောင်းကောင်းကင်ဘုံသားတစ်ယောက်က ကျယ်လောင်စွာ ရယ်မော၍ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။ ထိုစဉ် သူ၏ရယ်သံမှာ ရပ်တန့်ကာ မျက်လုံး ပြူးကျယ်သွားသည်။ သူ့မျက်နှာထက်တွင် အတိုင်းမသိကြောက်ရွှံ့မှု ပေါ်လာကာ အလန့်တကြား အော်ဟစ်လိုက်၏။
သူ၏အော်သံက ဗလုံးဗထွေးနိုင်လှ၏။ သူက အလန့်တကြား အော်ဟစ်လိုက်စဉ် လူတိုင်းက မင်သက်သွားကြသည်။ အမျိုးသမီးကျင့်ကြံသူကို ဖမ်းဆုပ်ထားသော ကောင်းကင်ဘုံသားကလည်း သူ့လက်ကြားထဲမှ သူမကို ဖြေလျှော့မိလိုက်သည်။ သူက အော်ဟစ်လိုက်သောလူထံ မော့ကြည့်လိုက်မိ၏။
“သူ့ရုပ်တု၊ သူ့ရုပ်တု ဒီမှာ ရှိနေတယ်…” ဗလုံးဗထွေးအော်သံ ပဲ့တင်ထပ်လာ၏။ ရောက်ရှိလာနှင့်ပြီးသော ကောင်းကင်ဘုံသားဒါဇင်ချီသည် တဒင်္ဂမင်သက်ကုန်သည်။ သူတို့၏နတ်ဘုရားအာရုံများကို ဖြန့်ကျက်လိုက်ပြီး အဝေးရှိ တောင်ထိပ်ကို ကြည့်ပြီးသည့်နောက် သူတို့အားလုံး ပင့်သက်ရှိုက်ကုန်သည်။
အမျိုးသမီးကျင့်ကြံသူကို ဖမ်းဆုပ်ထားသော ကျင့်ကြံသူမှာ သူမကို လွှတ်ပေးလိုက်ပြီး သူ့မျက်နှာမှာ ဖြူရောလာသည်။
“သူပဲ…”
“သူ့ရုပ်တုက ဘာကြောင့် ဒီနေရာမှာ ရှိနေရတာလဲ…”
ထိုရုတ်တရက် တွေ့ရှိမှုက ကောင်းကင်ဘုံသားဒါဇင်ချီ၏မျက်နှာများထက်၌ အကြောက်တရား ပေါ်လာစေသည်။ သူတို့သည် လွန်ခဲ့သောသုံးနှစ်တုန်းက ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ၌ အစွမ်းထက်လှသော ထိုမြားချက်ကို မမေ့ဖျောက်နိုင်သေးပေ။
ထိုစဉ် စစ်ထူနန်ကလည်း စိတ်ရှုပ်ထွေးနေရာကနေ သတိဝင်လာ၏။ သူက ခေါင်းမော့ကာ သူ့လက်ထဲကို ချက်ခြင်း ပင့်မြှောက်၍ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းပြားက သူတို့ ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် တွေ့ဆုံခဲ့စဉ်၊ ဝမ်လင်းက သူ့ကို ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ အကြောင်း ပြောပြခဲ့စဉ်က သူ့ထံ ပေးအပ်ခဲ့ခြင်းပင်။ ဝမ်လင်းက ကောင်းကင်ဘုံသားများ ပေါ်လာကာ သူတို့က သတ်ဖြတ်ရန် ကြိုးစားလာခဲ့ပါက သည်ကျောက်စိမ်းပြားကို ချေမွပစ်ရန် ပြောခဲ့သည်။
စစ်ထူနန်က ကျောက်စိမ်းပြားကို ထုတ်ယူကာ ချေမွလိုက်သည်။ ထိုအခါ ဝမ်လင်း၏အော်ရာက သည်ကျောက်စိမ်းပြားထံမှ ပေါက်ကွဲထွက်လာသည်။
ထိုကောင်းကင်ဘုံသား ဒါဇင်ချီသည် ဒီအော်ရာကို သေချာ သိပေသည်။ ၎င်းအော်ရာ ပေါ်လာသည်နှင့် သူတို့က ကောင်းကင်ထက်သို့ ရုတ်တရက် မော့ကြည့်လိုက်၏။
ကောင်းကင်သည် တွန့်ခေါက်ပုံပျက်ကာ အဖြူရောင်ပုံရိပ်တစ်ခု ပေါ်လာ၏။ ထိုပုံရိပ်မှာ ဝမ်လင်းပင်။ သည်ကျောက်စိမ်းပြားထဲ၌ သူ၏ နတ်ဘုရားအာရုံ အမျှင်တန်းတစ်ခု ပါဝင်နေသည်။ ၎င်းသည် ပုံရိပ်ယောင် ဖြစ်သော်လည်း သူ၏အေးစက်စက်အကြည့်မှာ ပျံလွင်လာပေသည်။
“ဟင်္သာငှက်၊လိပ်နက်၊ အဇူရာနဂါး၊ ကျားဖြူ…ဒါက သင်တို့ရဲ့ သဘောတူညီမှုဆိုတာလား…” ဝမ်လင်းက ကောင်းကင်ဘုံသားဒါဇင်ချီကို အေးစက်စက် စိုက်ကြည့်ပြီးနောက် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။
“ဒီနေရာကနေ မြန်မြန် ထွက်သွားကြစမ်း…” သူက အော်ဟစ်လိုက်လေ၏။
ထိုအော်သံနှင့်အတူ တုန်လှုပ်ဖွယ်သတ်ဖြတ်လိုစိတ်မှာ ပျံ့လွင့်လာသည်။ ထိုအခါ ကောင်ကင်ဘုံသားများသည် အလန့်တကြား အော်ဟစ်ကာ သူတို့၏မျက်နှာများ ဖြူရောကုန်သည်။ သူတို့က နောက်သို့ မြန်ဆန်စွာ ဆုတ်ကြ၏။ မျက်စိတစ်မှိတ်အတွင်း သူတို့သည် ကောင်းကင်ဘုံနယ်မြေသစ်ထံမှ ထွက်သွားကြသည်။
ကောင်းကင်ဘုံနယ်မြေသစ်၏ အပြင်ဘက်၌ ထွက်ပေါ်လာသော ကောင်းကင်ဘုံသားဒါဇင်ချီထဲ၌ အဘိုးအိုတစ်ယောက် ရှိနေ၏။ သူကား အဇူရာနဂါးပင်။ သူက သုန်မှုန်စွာဖြင့် ကောင်းကင်ဘုံနယ်မြေသစ်ကို ချိုးဖျက်ခဲ့သောလူများထံ စိုက်ကြည့်သည်။ သက အေးစက်စက်နှာခေါင်းရှုံ့ကာ ရှေ့သို့ ခြေလှမ်းပြီးနောက် သူ့လက်နှစ်ဖက်ကို ဆုပ်လိုက်၏။
“ဒီအဘိုးအိုက လုံလုံလောက်လောက် မတားဆီးနိုင်ခဲ့ဘဲ ခြေတစ်လှမ်း နောက်ကျသွားခဲ့ပါတယ်။ ရောင်းရင်းကျင့်ကြံသူက ငါတို့ကို ခွင့်လှစ်ပေးဖို့ မျှော်လင့်မိပါတယ်။ ဒီအဘိုးအိုက သင့်ကို ရှင်းပြချက်တစ်ခု ပေးပါ့မယ်။ ကံကောင်းစွာနဲ့ ဘာအပျက်အစီးအထိအခိုက်မှ မရှိလိုက်ဘူး။ ဒါ့ကြောင့် ရောင်းရင်းကျင့်ကြံသူအနေနဲ့ ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့တော့။ ငါတို့ရဲ့ သဘောတူညီမှုက ရှိနေဆဲပါ။ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကလာတဲ့ ငါတို့ဟာ အတွင်းနယ်မြေရဲ့ ကျင့်ကြံသူတစ်ဦးတစ်ယောက်ကိုမျှ သတ်မှာ မဟုတ်ပါဘူး…”
ပြင်ပနယ်မြေ၌ ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူက အေးစက်စက်အကြည့်ကို လှစ်ဟဖော်သည်။ သူက သည်အချက်ကို မျှော်လင့်ထားခဲ့မိပြီး ဖြစ်၏။ ထို့ကြောင့်လည်း သူက စစ်ထူနန်၏လက်ထဲတွင် ကျောက်စိမ်းပြားကို ချန်ထားခဲ့ခြင်းပင်။ သူက ထိုကောင်းကင်ဘုံသားများ အလျှော့ပေး၍ ထွက်ခွာသွားသည်ကို တွေ့မြင်ကာ စကား ပြောဟန် ပြင်ပြီးမှ အကွာအတေးတစ်ခုထံ ရုတ်တရက် အကြည့်ရောက်သွားသည်။
သူ တွေဝေမနေပေ။ ဝမ်လင်းက မတ်တပ်ရပ်ကာ အကွာအဝေးတစ်ခုထံ ပျံသန်းသွားသည်။
မူလတုန်းက ရှေးဟောင်းကောင်းကင်ဘုံနယ်မြေသည် တစ်ခုတည်း ဖြစ်ခဲ့၏။ နောက်ပိုင်းတွင် နှစ်ပိုင်းကွဲသွားခြင်းပင်။ ၎င်းသည် အတွင်းနှင့်အပြင်နယ်မြေ၌ ကွဲထွက်သွားခဲ့သော်လည်း ချိတ်ဆက်မှု ရှိနေကြဆဲပင်။ ခုချိန်၌ အတွင်းနယ်မြေ၏ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ ပွင့်ဟသွားပြီး ဖြစ်၍ ပြင်ပနယ်မြေရှိ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေမှာလည်း အလားတူ ပွင့်ဟတော့မည်ပင်။
အတွင်းနယ်မြေ၌ သည်အံ့ချီးဖွယ်အဖြစ်ကို ပိတ်ဆို့ထားသော အစီအရင် ရှိသော်လည်း ပြင်ပနယ်မြေရှိ တတိယအဆင့်ကျင့်ကြံသူများထဲမှ အချို့က ဒီအခြေအနေကို ခံစားမိကြဆဲပင်။ အထူးသဖြင့် အုပ်စိုးသူ၏မျက်လုံးထဲ၌ မယုံကြည်နိုင်မှုတို့ လှိုက်တက်လာ၏။ သူက ရုတ်တရက် ဝမ်လင်း လုပ်ဆောင်တော့မည့်အရာကို နားလည်သွားတော့သည်။
“မကောင်းတော့ဘူး…။ သူက မြားရဲ့စွမ်းအားကို အသုံးပြုပြီး ပြင်ပနယ်မြေရဲ့ ကောင်းကင်ဘုံနယ်မြေကို ဖျက်စီးပစ်တော့မှာ။ သူ…သူ တကယ်ပဲရူးသွပ်သွားပြီ…။ သူဟာ အရာအားလုံးကို သိနေခဲ့တာ ဖြစ်ရမယ်။ ဒီနေရာဟာ လှိုဏ်ဂူလောကတစ်ခုသာ ဖြစ်မှန်း သူ သိခဲ့တာပဲ…” အုပ်စိုးသူ၏အမူအရာက ပြောင်းလဲသွားပြီးနောက် ကြယ်များကြား တိုးဝင်လာတော့သည်။
သည်အခိုက်အတန့်တွင် သူသာမက ဝမ်လင်းကို စောင့်ကြည့်နေသော တတိယအဆင့်ကျင့်ကြံသူအားလုံး၏ အမူအရာများမှာ ပြောင်းလဲသွးသည်။ သူတို့က ဝမ်လင်း လုပ်ဆောင်တော့မည့်အရာကို နားလည်သွားကြသည်။
ဝမ်လင်းက မြန်နှုန်းပြည့် လှုပ်ရှား၏။ သူ့နေရာကနေ သူက ရှေးဟောင်းကြယ်အဖွဲ့အစည်း(ပြင်ပနယ်မြေ) ၏ နေရာတိုင်းကို ရောက်နိုင်ဖို့ အချိန်ခဏလေးသာ လိုအပ်သည်။ သူ ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသည့်အခါ၌ သူသည် ဟင်းလင်းပြင်အက်ကြောင်းများစွာရှိနေသော ကြယ်နယ်မြေတစ်ခုထံ ရောက်လာသည်။
ထိုကြယ်နယ်မြေသည် ခုချိန်၌ မရေမတွက်နိုင်သော အက်ကြောင်းများ၊ ကျယ်လောင်စွာ တုန်ဟည်းသံတို့ ပြည့်နှက်နေသည်။ ဝမ်လင်း ရောက်လာသည့်အခါ ကြယ်နယ်မြေက ပျက်စီးတော့မည့်အလား ဧရာမအဟတစ်ခု ပေါ်လာ၏။
အတွင်းမှ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ၏အော်ရာ ထွက်ပေါ်လာသည်။ ရူးသွပ်သောရယ်သံများပါ ကပ်ပါလာ၏။ ရွှေရောင်ပုံရိပ်များ ထိုအဟကြားကနေ လှမ်းထွက်လာကြသည်။
ထိုပုံရိပ်များသည်လည်း ရှေးဟောင်းကောင်းကင်ဘုံသားများ ဖြစ်ကြ၏။ သူတို့အားလုံးမှာ တာအိုခုနစ်ခုကလန်၏ တပည့်များ ဖြစ်သည်။ သို့သော် သူတို့က ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူအပေါ် ဆက်၍ သစ္စာမခံတော့ဘဲ ကိုယ်လုပ်တော်များထံ၌သာ သစ္စာခံကြသည်။ ပို၍ တိတိပပဆိုရသော် သူတို့က ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက သူအသက်ရှင်ဖို့အတွက် စွန့်ပစ်ခဲ့သော သူ့တာအိုလက်တွဲဖော်ထံ ထိုသူများက သစ္စာခံကြခြင်းပင်။
ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ တာအိုလက်တွဲဖော်ထံမှ အမိန့်မရပါက သူတို့သည် ကိုယ်လုပ်တော်ခုနစ်ယောက်၏ အမိန့်များကိုလည်း လက်ခံလိမ့်မည် မဟုတ်ပေ။ ဤအရာက ဒီလှိုဏ်ဂူလောက၏ မဟာစစ်ပွဲကြီး ဖြစ်ပွားစေသော အကြောင်းရင်းဟုလည်း ပြောနိုင်ပေသည်။
သူတို့က အင်ပါယာကိုယ်လုပ်တော်များ ဆုပ်ကိုင်ထားသော နောက်ဆုံးဝှက်ဖဲလည်း ဖြစ်သည်။ လူတိုင်းက ဝမ်လင်း ဘာလုပ်တော့မည်ကို သဘောပေါက်သွားသည့်အခါ ခုနစ်ယောက်မြောက်ကိုယ်လုပ်တော်၏ အမူအရာသည် ကြီးစွာ ပြောင်းလဲသွားပြီး ဝမ်လင်းထံ တဟုန်ထိုး တိုးဝင်လာတော့သည်။
တတိယမြောက်ကိုယ်လုပ်တော်သည်ပင် တုန်လှုပ်သွားကာ အမြန်လှမ်းဝင်လာ၏။
အဟကြားမှ ရယ်မောသံများ ပဲ့တင်ထပ်နေလျက် ရွှေရောင်ပုံရိပ်များ ပျံသန်းထွက်လာ၏။ သို့သော် ထွက်လာသည့်လူတိုင်းက အဖြူရောင်ဝတ်စုံ၊ အဖြူရောင်ဆံပင်တို့ဖြင့် ကျင့်ကြံသူတစ်ယောက်က သူတို့ကို မျက်လုံးမှိတ်၍ စောင့်နေသည်ကို တွေ့မြင်လိုက်ရသည်။
သူတို့က ဝမ်လင်းကို မသိရှိကြပေ။ ဝမ်လင်းသည် ကျင့်ကြံမှုအဆင့်တစ်ခု ရှိသော်လည်း သူတို့က ချိန်းခြောက်နိုင်သည်ဟု မယူဆပေ။ သူတို့၏ ရယ်သံက ပိုကျယ်လောင်ကာ သူတို့၏မျက်လုံးထဲ၌လည်း စိတ်လှုပ်ရှားမှုတို့ ပြည့်လာ၏။
“နောက်ဆုံးတော့ ငါတို့ ထွက်လာနိုင်စွမ်း ရှိပြီ…”
“ငါတို့ ဒီလိုထွက်လာမှတော့ ဗိုလ်ချုပ်လေးယောက်လည်း ထွက်လာကြလိမ့်မယ်။ သတ်။ သူတို့ကို သတ်။ တာအိုကျမ်းကို ရယူပြီး ငါတို့ဟာ တာအိုခုနစ်ခုကလန်ကို အသစ်ပြန်ဖွဲ့စည်းမယ်…”
“သူတို့လေးယောက်ကိုသာမက ငါတို့ဟာ ဒီလှိုဏ်ဂူလောကထဲက သက်ရှိအားလုံးကို သတ်ပစ်ရမယ်။ ဒါမှသာ ငါတို့ဟာ ဒီလှိုဏ်ဂူကို ပြန်ဖွင့်လှစ်နိုင်မှာ…”
ရွှေရောင်ကောင်းကင်ဘုံသားများသည် အော်ဟစ်ကာ ပျံသန်းလာကြ၏။ သူတို့ထဲမှ တစ်ယောက်က ရက်စက်လိုဟန် ထုတ်ဖော်ကာ ဝမ်လင်းထံ ပျံသန်းဝင်လာ၏။ သူက အလွန်မြန်သည်။ သူ ဝမ်လင်းနား ရောက်လာသည့်အခါ ညစ်ပြုံးပြုံးကာ ညာလက်ကို ပင့်မြှောက်လိုက်လေ၏။
“မင်းလို ပုရွတ်ဆိတ်ကျင့်ကြံသူတစ်ယောက်ကများ။ မင်းက ငါတို့ရဲ့ တံခါးဝမှာ လာတွေ့တာ ကံဆိုးတာပဲ။ ဒီကောင်းကင်ဘုံသားက မင်းကို စုပ်ယူမယ်။ ပြီးရင် မင်းကို အပူဇော်ခံမီးတောက်အဖြစ် ပြောင်းလဲပစ်လိုက်မယ်…”
“အင်မောတကယ်ကောင်းကင်ဘုံနယ်မြေက သာမန်ကျင့်ကြံသူတစ်ယောက်၊ တာအိုခုနစ်ခုကလန်ရဲ့ သာမန်တပည့်၊ မင်းက မင်းကိုယ်မင်း ကောင်းကင်ဘုံသားတစ်ယောက်လို့ သုံးနှုန်းရဲတယ်လား…” ဝမ်လင်းက မျက်လုံးဖွင့်လိုက်၏။ သူ့မျက်လုံးထံမှ ရွှေရောင်အလင်း တောက်ပလာသည်။
ထိုရွှေရောင်အလင်းမှာ အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ်သွေးစက်၏ စွမ်းအားကို သိပ်သည်းစေကာ ဖြစ်ပေါ်လာသည့်အရာပင်။ ထိုအလင်းက အလွန်တရာသန့်စင်သော ကောင်းကင်ဘုံသွေးမျိုးဆက်ကို ပိုင်ဆိုင်ထား၏။
ထိုသူက ဝမ်လင်း၏မျက်လုံးထဲရှိ ရွှေရောင်အလင်းကို တွေ့မြင်သည့်အခါ ရှေ့လှမ်းနေရာကနေ ရပ်တန့်သွားပြီး သူ၏အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားသည်။ သူက အလန့်တကြား တုန်လှုပ်စွာ နောက်သို့ အလိုလို ဆုတ်မိသည်။ သူ့စိတ်ထဲ၌လည်း တုန်ဟည်းသံ ပဲ့တင်ထပ်ကုန်သည်။
“မင်းက ဘယ်သူလဲ…”