← Chapters

မြားနှစ်စင်း၏စွမ်းအား

Vol. 126 Ch. 1741

မြားနှစ်စင်း၏စွမ်းအား

Vol. 126 Ch. 1741

ဝမ်လင်းသည် စကားဖြင့် ပြန်မဖြေပေ။ သူ့လုပ်ရပ်ဖြင့်သာ ပြန်ဖြေလိုက်၏။

ဝမ်လင်း၏မျက်လုံးထဲ၌ ရွှေရောက်တောက်နေ၏။ သူက ဘယ်လက်ကို ပင့်မြှောက်သည်။ တုန်ဟည်းသံနှင့်အတူ လီကောင်း၏လေး ပေါ်လာပြီး သူက ဖမ်းဆုပ်သည်။ သူ့ညာလက်ဖြင့် လေးကြိုးကို ဆွဲတင်၏။

တစီစီအသံနှင့်အတူ လီကောင်းလေးက ကွေးညွှတ်လာ၏။ လူများစွာကို ကြောက်လန့်စေသော မြားချက်က လေးပေါ်တွင် ပေါ်လာပြီး ၎င်းပတ်လည်ရှိ ဟင်းလင်းပြင်မှာ ပုံပျက်ယွင်းရသည်။

မြားပေါ်လာသည့်နောက် လောကသည် အရောင်များ ပြောင်းလဲ၏။ တုန်လှုပ်နေရာကနေ ပြန်ကောင်းမွန်လာသော ထိုကောင်းကင်ဘုံသားက လေးကို ကြည့်၏။ သူက ၎င်းလေးကို သိသလို ခံစားမိသည်။

“ဒီလေးကို တော်တော်လေး ရင်းနှီးနေတယ်။ ဒီလေး…လီကောင်းရဲ့လေး…” ထိုကောင်းကင်ဘုံသားက သည်လေးကို သိသွားသည်နှင့် သူ၏အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားသည်။ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်မှု၊ ကြောက်ရွှံ့မှုတို့ ပြည့်လာကာ သူက အလန့်တကြား အော်ဟစ်ကာ နောက်ဆုတ်တော့သည်။

သူက သည်လေးနှင့် ပတ်သတ်၍၊ သည်လေးထံမှ မြားချက်၏စွမ်းအားနှင့် ပတ်သတ်၍ သိထားပေသည်။ ၎င်းမှာ သူ့မွေးရပ်မြေ အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၌ပင် လူအများ၏ စိတ်နှလုံးကို လှုပ်ခါစေနိုင်သော ဖိအား ရှိ၏။ ၎င်းသည် ကြောက်မက်ဖွယ်ရာ အဖျက်အစီးစွမ်းအား ပိုင်ဆိုင်ထားသည်။

သည်အခိုက်အတန့်၌ သူက ထိုလူသည် သူတို့ပေါ်လာမည်ကို တင်ကြိုစောင့်နေသည်ကို နားလည်သွားတော့၏။ သည်လူက ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ ပွင့်ဟလာပြီး သူတို့ကို ဒီလေးနှင့် သတ်ရန် စောင့်ဆိုင်းနေခြင်းပင်။

“သူ ဘယ်သူလဲ…”  ထိုကောင်းကင်ဘုံသားက အရူးအမူး နောက်ဆုတ်၏။ သူ့စိတ်ထဲ၌ ထွက်ပြေးရန်၊ထွက်ပြေးရန် အတွေးတစ်ခုသာ ရှိတော့၏။

သည်နေရာရှိ ပြောင်းလဲမှုက တခြားကောင်းကင်ဘုံသားများကိုပါ အာရုံစိုက်မိသွားစေသည်။ သို့ပေမည့် သူတို့က ဝမ်လင်း၏လက်ထဲရှိ လီကောင်းလေးကို တွေ့မြင်သည့်အခါ ကြယ်များတုန်ခါမှုကို ခံစားမိ၏။ လေးကြောင့် လှိုင်းဂယက်များ ထသည်ကို ခံစားမိကာ သူတို့အားလုံး၏အမူအရာများ ပြောင်းလဲသွားကြသည်။

“လီကောင်းရဲ့လေး…”

“ဒါဟာ တကယ်ပဲ လီကောင်းရဲ့လေး ဖြစ်နေတာပဲ…”

သတိဝင်ကာ တိုးဝင်လာသော ကောင်းကင်ဘုံသားများသည် အသည်းအသန် နောက်ဆုတ်ကြ၏။ သူတို့က ရှေးဟောင်းကောင်းကင်ဘုံနယ်မြေထဲသို့ ပြန်ဝင်ရောက်လိုကြ၏။ လီကောင်းလေးကို ကိုင်ဆိုင်ကာ ဆွဲတင်လိုက်သည့် လူနှင့်တွေ့ရခြင်းက သူတို့အတွက် အိပ်မက်ဆိုးတစ်ခုပင်။

သို့သော် သူတို့က မြန်ဆန်လှသော်လည်း လီကောင်းလေးထံမှ လွတ်မြောက်အောင် လုံလောက်သည့်အထိ မမြန်လှပါ။ အုပ်စိုးသူသည် လုပ်နိုင်စွမ်း မရှိခဲ့ရာ သူတို့မှာလည်း အရည်အသွေးမဲ့ပေသည်။

ဝမ်လင်းက လေးကြိုးကို ထပ်ဆွဲ၍ မာန်သွင်း၏။ သည်အခိုက်၌ ဝမ်လင်းက လေးကို ချိုးဖျက်တော့မည့်နှယ်။

သူက အလန့်တကြား နောက်ဆုတ်သွားသော ကောင်းကင်ဘုံသားများကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်သည်။ သူက တာအိုခုနစ်ခုကလန်၏ သည်တပည့်များကို သတ်ချင်၏။ ထိုမောက်မာလှသောလူများက လှိုဏ်ဂူလောကမှ လူများကို ပုရွတ်ဆိတ်သာသာ မြင်ကြသည် မဟုတ်လား။

ဝမ်လင်းက သူ့ညာလက်ကို ဖြေလျှော့၏။ ဒီကြယ်အဖွဲ့အစည်းတစ်ခုလုံးတွင် တစီစီအသံများ ပျံ့နှံ့သည်။ လေးကြိုးက ရုတ်တရက် ပြေလျှော့ကာ ပြင်းထန်သောအားတစ်ခုက မြားအဖြစ်သို့ စေလွှတ်သည်။

တဝီဝီအသံမှာ ကောင်းကင်နှင့်မြေကြီး အက်ကွဲသွားစေလောက်သည့်အထိ ကျယ်လောင်၏။ လီကောင်းလေး၏ စွမ်းအားမှာ ကောင်းကင်နှင့်မြေကြီးကိုပါ တုန်ခါစေနိုင်သည်။ ထိုမြားရှေ့ရှိ လောကသည် ပျက်စီးရပြီး မြားထိုးထွက်လာခဲ့လေပြီ။

ဝမ်လင်းကို သတ်ရန် ကြိုးစားခဲ့သော ကောင်းကင်ဘုံသားမှာ ရှောင်ဖို့ ကြိုးစား၏။ သို့သော် ထိုမြားက သူ့ကို ထွင်းဖောက်သွားရာ သူ၏မူလစိတ်ဝိညာဉ်ပင် ကွယ်ပျောက်သွားရသည်။

သူသည် ဝမ်လင်း သတ်ခဲ့သော အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှ ပထမဆုံးသူလည်း မဟုတ်သလို၊ နောက်ဆုံးလည်း မဟုတ်ပေ။

ထိုမြား ရှေ့ဆက်လာစဉ် ပေသောင်းချီရှည်လျားချဲ့ကားလာ၏။ ဆက်၍လည်း ချဲ့ကားဆဲပင်။ ထွက်ပေါ်လာသော ကောင်းကင်ဘုံသားဒါဇင်ချီသည် သေလောက်အောင် ဖြူရောကုန်၏။ မြား၏အမြန်နှုန်းနှင့် ယှဉ်ပါက သူတို့သည် ပြေးဖို့ ကြိုးစားနေသောကလေးငယ်များအလား။

ဘန်းခနဲ ပေါက်ကွဲကာ ကောင်းကင်ဘုံသားသုံးယောက် နာနာကျင်ကျင် အော်ဟစ်ကာ သေဆုံးသွားလေ၏။

သူတို့၏ ထွက်ပြေးရန် ဟန်ပြင်သော မူလစိတ်ဝိညာဉ်များပါ လွင့်ကွယ်ပျောက်သွားရသည်။ သူတို့မှာ သူတို့အထင်သေးသော လှိုဏ်ဂူလောကမှ ကျင့်ကြံသူလက်ချက်ဖြင့် ဖျက်စီးခံလိုက်ရပြီ။

မြားက ရွှေရောင်တောက်၏။ ထိုရွှေရောင်အလင်းသည် ဒီကြယ်အဖွဲ့အစည်းကို လင်းထင်းစေကာ ဆက်လက် ပျံ့နှံ့သည်။ တုန်ဟည်းသံတို့ ဆက်တိုက် ဖြစ်ပေါ်လျက် မျက်စိတစ်မှိတ်အတွင်း နောက်ထပ်ကောင်းကင်ဘုံသား ရှစ်ယောက် သေဆုံးသွားကြသည်။

ထိုမြားက ထွက်ပေါ်လာသော ကောင်းကင်ဘုံသားများကို ချက်ခြင်း သတ်ဖြတ်ပြီးနောက် အဟအတွင်းသို့ ဝင်ရောက်၏။ ထိုအခါ အလွန်ကျယ်လောင်သောတုန်ဟည်းသံ အက်ကြောင်းအဟအတွင်း၌ ပဲ့တင်ထပ်ကာ အပြင်းအထန် ပျက်စီးခြင်း ဆိုက်ရောက်သည်။

ထိုပျက်စီးမှုအားက အဘက်ဘက်သို့ တုန်ခါလှိုင်းအဖြစ် ပျံ့နှံ့သည်။ သည်တုန်ခါလှိုင်းက ဂြိုဟ်ပတ်လမ်းများကိုပါ ပြောင်းလဲစေလောက်အောင် ပြင်းထန်၏။ သို့သော် ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကိုမူ ရွှေ့လျားသွားစေဖို့ မလုံလောက်ပါ။

ဝမ်လင်း၏ ဆံပင်များ လွင့်ခတ်၏။ တုန်ခါလှိုင်းက သူ့ဝတ်ရုံကို လွင့်ဝဲစေသည်။ သို့ပေမည့် သူ၏မျက်လုံးတို့မှာ ခိုင်မာ၏။ သူ၏ခန္ဓာကိုယ်ကဲ့သို့ပင်။

သူသည် သတ်ရပေမည်။ သည်မြားက လုံလောက်အောင် မသတ်ရသေးပေ။

ဝမ်လင်းသည် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေအတွင်း၌ လူမည်မျှ ရှိသည်၊ မည်မျှအစွမ်းထက်ကြသည်ကို မသိပေ။ သို့သော် သူက လီကောင်း၏မြားချက်ဖြင့် ထိုသူတို့အားလုံးကို ဖျက်စီးပစ်ဖို့ မလုံလောက်သည်ကို နားလည်ထားသည်။ သို့သော် သူက ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ၏ ဝင်ပေါက်ကို ဖျက်စီးပစ်မည်ပင်။ သို့ဆိုလျှင် သူတို့သည် နောက်ထပ် လုံးဝ ထွက်လာနိုင်စွမ်း ရှိကြတော့မည် မဟုတ်ပေ။

ပထမဆုံးမြားချက် ပစ်လွှတ်လိုက်သည့်နောက် ကီလိုမီတာသန်းချီအကွာတွင် ရှိနေသော အုပ်စိုးသူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် ရပ်တန့်သွား၏။ သူက ရှေ့တည့်တည့်သို့ စိုက်ကြည့်လျက် သူ့မျက်လုံးထဲတွင် ကျေနပ်သည့်အရိပ်အယောင် ပြည့်လာသည်။

“ဒါငါ့အတွက် ကောင်းတယ်။ သူ့မှာ မြားနှစ်ချက်ပစ်နိုင်တဲ့ စွမ်းအားပဲ ကျန်တော့တယ်လို့ ငါ တွက်ချက်ထားခဲ့ပြီးပြီး။ အခုသူက တစ်ချက်ကို ဖြုန်းတီးပစ်လိုက်ပြီ။ သူသာ နောက်တစ်ချက်ကို အသုံးပြုလိုက်ရင် သူ ကျိန်းသေပေါက် သေရလိမ့်မယ်။ ဝမ်လင်း…ဝမ်လင်း…မင်းသာ မြားနှစ်ချက်အသုံးပြုပြီးတဲ့နောက် ငါ့အနေနဲ့ မင်းကို မသတ်နိုင်ရင် ငါဟာ အုပ်စိုးသူ မဟုတ်တော့ဘူး။ ငါ့မျိုးရိုးကိုလည်း ဝမ်လို့ ပြောင်းပစ်လိုက်မယ်…”  အုပ်စိုးသူက ရယ်မောကာ ရှေ့သို့ တရကြမ်း တိုးဝင်လာ၏။

သူ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် သူက အရူးအမူး ရယ်မောလိုက်ပြန်သည်။ သူက သည်သုံးနှစ်အတွင်း ခံစားနေရသော မကျေမနပ်မှုကို ထုတ်လွှတ်ထား၏။

“ဒုတိယမြားချက်။ သူက တကယ်ပဲ ဒုတိယမြားချက်ကို ပစ်လွှတ်တော့မှာ။ ဝမ်လင်း..မင်း သေလူဖြစ်သွားပြီ။ ပထမဆုံး ငါက ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းကို ချိပ်ပိတ်လိုက်မယ်။ ဒါမှ မင်း ထွက်မသွားနိုင်မှာ။ ပြီးရင် ငါ မင်းကို ဖြည်းဖြည်းချင်း မျိုးဖြုတ်ပစ်မယ်…”  တုံ့နှေးခြင်းမရှိ အုပ်စိုးသူက သူ့လက်ကို ဝေ့ယမ်းလိုက်၏။ သူ၏အစွမ်းထက်ကျင့်ကြံမှု ပျံ့လွင့်လာသည်။ ထိုချိပ်ပိတ်မှုက လူများ ဝင်ရောက်လာမည်ကို ဟန့်တားခြင်း မဟုတ်ဘဲ ထွက်ခွာမည့်သူများကို ဟန့်တားမည့် ချိပ်ပိတ်မှုပင်။

ထိုအရာများကို ပြုလုပ်ပြီးနောက် အုပ်စိုးသူက ရှေ့သို့ တရကြမ်း တိုးဝင်ကာ ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာ ခုနစ်ယောက်မြောက် ကိုယ်လုပ်တော်က သေလောက်အောင် ဖြူရောသွား၏။ သူမက နောက်သို့ ဆုတ်မိသည်။ သူမ၏မျက်လုံးထဲတွင် ကြောက်မက်ဖွယ်မကျေမနပ်မှုတို့ ပြည့်လာသည်။ သူမက ရှေ့တည့်တည့်သို့ စိုက်ကြည့်လျက် အံတင်းတင်း ကြိတ်ထားသည်။

“ဝမ်လင်း…ငါ နင့်ကို သတ်မယ်…”

တာအိုသခင်မြောင်ယင်နှင့် မိစ္ဆာသခင်ကောင်းကင်ကိုးခုတို့မှာလည်း ကြယ်အဖွဲ့အစည်းကို တရကြမ်း ဖြတ်သန်းလာနေ၏။ ဝမ်လင်းအပေါ် သူတို့၏ အမုန်းတရားသည် အုပ်စိုးသူ၊ ခုနစ်ယောက်မြောက်ကိုယ်လုပ်တော်တို့ထက် အားမနည်းပေ။ သူတို့က ဒဏ်ရာရခဲ့သော်လည်း သတ်ဖြတ်ချင်စိတ် ရှိနေသေးသည်သာ။ သည်အခိုက်၌ သူတို့က ဝမ်လင်းထံ ဦးတည်လာကြသည်။

“မင်းကို သတ်ချင်နေတဲ့ ဒီလူတွေနဲ့ဆို မင်း အသက်ရှင်လျက် ထွက်သွားနိုင်လိမ့်မယ်လို့ ငါ မယုံဘူး…” တာအိုသခင်မြောင်ယင်က ပြုံး၏။

“ဒီအဘိုးအိုက မင်းရဲ့ စိတ်ဝိညာဉ်အမျှင်တန်းတစ်ခုကို ထုတ်ယူပြီး နှစ်ပေါင်းတစ်သောင်းကြာ ကောင်းကင်မီးအိမ်ကို လင်းစေဖို့ အသုံးပြုမယ်။ မင်းရဲ့ နှစ်ပေါင်းတစ်သောင်းကြာ ခံစားရတဲ့ ဝေဒနာကို နားထောင်ပြီးမှ ငါ့ရဲ့ အမုန်းတရားဟာ ပယ်ဖျောက်နိုင်လိမ့်မယ်…”  မိစ္ဆာသခင်ကောင်းကင်ကိုးခု၏ မျက်လုံးထဲတွင် အမုန်းတရားတို့ ပြည့်နှက်နေ၏။

ဝမ်လင်းသည် လေးကို ဒုတိယကြိမ်မြောက် အမှန်တကယ် ဆွဲတင်လိုက်၏။ ပထမဆုံးအကြိမ်အဖြစ် သူက နှစ်ကြိမ်ဆက်တိုက် ဒီလေးကို ဆွဲတင်လိုက်ခြင်းပင်။ သည်တစ်ကြိမ်၌ သူ့နှဖူးထက်တွင် ချွေးစေးများ ပြန်လာသည်။ သူ၏မျက်ခုံးနှစ်ခုကြားရှိ ရွှေရောင်သွေးစက်မှာ မြန်ဆန်စွာ မှိန်ဖျော့လာ၏။ သူက လေးကို ကွေးညွှတ်သည့်အထိ ဆွဲတင်လိုက်လေပြီ။ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေထံ ပစ်သွင်းခဲ့သော မြားက လေးပေါ်တွင် ပြန်ပေါ်လာသည်။

ထိုမြားသည် သွေးများဖြင့် စွန်းထင်းနေပြီး ပြင်းထန်သောသွေးနံ့ကို ပေးစွမ်းသည်။

သူ၏ရှေ့တွင် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေသို့ ဝင်ပေါက်က ပထမမြားချက်ကြောင့် အများစု ပျက်စီးသွားခဲ့လေပြီ။

ထိုအက်ကြောင်းအတွင်း၌ မရေမတွက်နိုင်သော အစိတ်အပိုင်းများ လွင့်ဝဲသည်။ သည်မြားက ခုချိန်၌ တုန်လှုပ်ဖွယ်စွမ်းအား ပိုင်ဆိုင်ထားသည် မဟုတ်လား။

သူ လေးကို ပစ်လွှတ်လိုက်ချိန်၌ အက်ကြောင်းတွင်းမှ အော်ရာနှစ်ခု ထွက်ပေါ်လာ၏။ ထိုအော်ရာနှစ်ခုစလုံးသည် အုပ်စိုးသူလောက် အစွမ်းထက်ကာ အက်ကြောင်းထပ်မှ မြန်ဆန်စွာ ပျံ့လွင့်လာသည်။

ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် လှစ်ဟပေါ်၏။ သူက သူ့ညာလက်ကို ဖြေလျှော့လိုက်သည်။ လေးကြိုးသံက တစီစီ မြည်ကာ ဒုတိယမြောက်မြား ထိုးထွက်လေပြီ။ ထိုအခါ ဝမ်လင်း၏မျက်လုံးထဲရှိ ရွှေရောင်မြားသည် မှိန်ဖျော့ကာ သူ့ဘယ်မျက်လုံးတွင်းရှိ ရွှေရောင်အလင်းမှာ လုံးဝ လွင့်ပါးသွားသည်။

သူ၏ညာမျက်လုံးတွင်မူ ရွှေရောင်အငွေ့အသက် ကျန်နေဆဲ ဖြစ်သော်လည်း မကြာမီတွင် ပျောက်ကွယ်သွားသည်။ ဝမ်လင်းက ၎င်းရွှေရောင်ကို ဖုံးကွယ်လိုက်သည့်အလား သို့တည်းမဟုတ် သူ၏ဘယ်မျက်လုံးတွင်းက ရွှေရော်ကဲ့သို့ ပျောက်ကွယ်သွားသည်လားကိုမူ မသိရနိုင်ပေ။

အနှီမြားချက်က ရှေးဟောင်းကောင်းကင်ဘုံနယ်မြေနှင့် နီးကပ်လာစဉ် စုပ်အားတစ်ခုသည် ထိုမြားထိပ်ထံမှ ထွက်ပေါ်လာသည်။ ၎င်းမြားက ရှေးဟောင်းကောင်းကင်ဘုံနယ်မြေထံ တရကြမ်း တိုးဝင်ကာ အဟကို ဆွဲငင်၏။ မြားက လုံးဝ ဝင်ရောက်သွားသည့်အခါ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေထံသို့ ဦးတည်သည့် အက်ကြောင်းအဟမှာ ပျက်စီးသွားလေသည်။

ထိုပျက်စီးမှုက အက်ကြောင်းအဟကို ဖျက်စီးပစ်ကာ ပြင်ပနယ်မြေရှိ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေမှ ကောင်းကင်ဘုံသားများ ထွက်ပေါ်လာမည်ကို တားဆီးထားတော့သည်။ ယင်းသည် ထွက်ပေါ်လာနိုင်မည့် လမ်းကြောင်းကိုပါ ဖျက်စီးပစ်၍ ထိုသူတို့အတွက် ထွက်လာနိုင်မည့် အခွင့်အရေးကို ပိတ်ဆို့ပစ်လိုက်ခြင်းပင်။

ခပ်အုပ်အုပ် တုန်ဟည်းသံများသည်သာ  ပျက်စီးသွားသော အဟနေရာတွင် ဆက်လက် ထွက်ပေါ်နေ၏။ အစွမ်းထက်အော်ရာနှစ်ခုမှာ ပိတ်ဆို့ခံလိုက်ရပြီး ထပ်မံ ထွက်ပေါ်လာနိုင်စွမ်း မရှိတော့ပေ။

ခပ်အုပ်အုပ်မြည်ဟည်းသံများက ပို၍ပို၍ အဝေးသို့ ပျံ့လွင့်၏။ ဝမ်လင်းသည် လီကောင်း၏လေးထံမှ မြားပစ်ချက်နှစ်ချက်စွမ်းအားကို မမြင်နိုင်ခဲ့ပေ။ သို့သော် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေအတွင်းရှိ လူများအတွက်တော့ ၎င်းမြားချက်တို့မှာ အိပ်မက်ဆိုးပင် ဖြစ်၏။

ပြင်ပနယ်မြေမှ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေနှင့် အတွင်းနယ်မြေမှ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေတို့သည် ဆန်းကြယ်သောနည်းဖြင့် ချိတ်ဆက်ထားကြ၏။ ဗိုလ်ချုပ်လေးယောက်က သူတို့ရှေ့ရှိ တဝီဝီလည်ပတ်နေသော ကောင်းကင်ကို ကြည့်နေရင်း သူတို့၏အမူအရာမှာ ထိတ်လန့်ဟန် ပေါ်သည်။ ကောင်းကင်သည် ကြေးမုံတစ်ချပ်အလား ပြင်ပနယ်မြေရှိ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေတွင်းရှိ တုန်လှုပ်ဖွယ်အဖြစ်အပျက်မြင်ကွင်းကို ခပ်ရေးရေး လှစ်ဟပြသည်။

“ဒီကောင်လေး…ဒီကောင်လေး…ငါတို့ သူ့ကို သွားမရှုပ်တာ အကောင်းဆုံးပဲ…” အချိန်အတန်ကြာပြီးနောက် အဇူရာနဂါးဗိုလ်ချုပ်က အသက်ဝဝရှုသွင်းကာ သူ၏မျက်လုံးထဲတွင် ထိတ်လန့်မှု ပေါ်သည်။

“လိပ်နက်ဗိုလ်ချုပ်က ငြိမ်သက်စွာ စဉ်းစားပြီးနောက် ပြောလာ၏။ သူ့မှာ မြားနှစ်ချက်ပဲ ကျန်တော့တာ ကျိန်းသေပေါက် မဟုတ်ဘူး။ သူဟာ အရူးမဟုတ်ဘူး။ သူ့စိတ်ဟာ မိစ္ဆာတစ်ကောင်လို့ လှည့်ဖြားမှုအပြည့်နဲ့။ သူဟာ တခြားသူတွေ သူ့ရဲ့ စွမ်းအားကုန်ကို လွယ်လွယ်သိသွားဖို့ ဘယ်လိုလုပ် ခွင့်ပြုပါ့မလဲ။ ငါ ခန့်မှန်းမိတာကတော့ သူ့မှာ နောက်ထပ် မြားချက်သုံးချက် အနည်းဆုံး ကျန်လိမ့်အုံးမယ်…”

သူတို့လေးယောက်က တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ခေါင်းညိတ်လိုက်ကြ၏။

ဝမ်လင်းက မြားနှစ်ကြိမ်ပစ်ပြီးနောက် ရှေးဟောင်းကြယ်အဖွဲ့အစည်း၌ ရယ်သံတစ်ခု ပဲ့တင်ထပ်လာသည်။ အုပ်စိုးသူက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ပေါ်လာကာ ဝမ်လင်းထံ လှမ်းလျှောက်လာသည်။

All Chapters