အသက်ဓာတ်စမ်းချောင်း
Vol. 016 Ch. 1527
ဝမ်ရှိုးရီက ဓားကို ပြန်သိမ်းလိုက်ကာ ခေါင်းငုံ့လိုက်သည်။ သူ့မျက်လုံးများထဲ၌ မယုံကြည်နိုင်ဖွယ် ထိတ်လန့်မှုကို မြင်တွေ့ရနိုင်သည်။
ရီဖူရှင်း ထိုက်ရွှမ်တောင်၌ ကျင့်ကြံခဲ့ချိန်များအား သူပြန်တွေးမိသည်။ သူကား တေးသံသာစံအိမ်သို့ ရောက်လာကာ ကု့ချင်းပညာကို လေ့ကျင့်ခဲ့ပြီး ဓားချောက်နက်သို့လာကာ ဓားပညာကိုသင်ယူခဲ့သည်။ သူကား တိတ်ဆိတ်ငြိမ်သက်စွာနေတတ်ကာ နှိမ့်ချတတ်သူဖြစ်သည်။ မည်သူနှင့်မှလည်း စကားမများပေ။
ထိုက်ရွှမ်တောင်၌ တိတ်ဆိတ်စွာ လေ့ကျင့်နေခဲ့သော ထိုလူသည် ဤမျှ အားကောင်းနေမည်ဟု မည်သူ ထင်မှတ်မည်နည်း။ သူကား တေးသံသာစံအိမ်မှ နာမည်ကျော်သံစဉ်များကို လေ့ကျင့်တတ်မြှောက်ခဲ့ရုံမက တစ်ဒင်္ဂဓားသိုင်း၏ဒုတိယအဆင့်ကိုပင် အောင်မြင်ခဲ့သည်။ သူသည် ရှီလန်နတ်မြို့မှ လူများအား ကိုယ်ပိုင်စွမ်းရည်ဖြင့် အနိုင်ယူခဲ့၏။
သူကား ထိုမျှ စွမ်းအားကြီးသူဖြစ်ပါလျှက် ထိုက်ရွှမ်တောင်မှ လူများသည် သူ့ထံမှ အနည်းငယ်မျှသော မာနတရားကိုပင် မခံစားမိခဲ့ကြ။
ထို့အပြင် သူသည် ထိုက်ရွှမ်တောင်၌ လအနည်းငယ်သာ ကျင့်ကြံရသေးသည်။
လော့ယွဲ့သည်လည်း ထိုနည်းတူ ခံစားမိသည်။ သူမ၏စိတ်နှလုံးကား ရှုပ်ထွေးနေ၏။ ရှန်ကျင်းအား အမြဲလိုလိုကြိုးစားလေ့ကျင့်ရန် တိုက်တွန်းမိခြင်းများကို ပြန်တွေးမိတိုင်း အရှက်ရမှုကို ခံစားရ၏။
သူမ၏ဓားကို ပြည့်စုံအောင် ကူညီပေးခဲ့သူမှာလည်း ရှန်ကျင်းဖြစ်ရပေမည်။
သူမနှင့် အစ်ကိုဝမ်ရှိုးရီတို့ တိုက်ခိုက်နေစဉ်က ရှန်ကျင်းသည် ကု့ချင်းတီးခတ်နေခဲ့၏။ ထိုစဉ်က တိုက်ဆိုင်မှုမျှသာဟု သူမက တွေးခဲ့သော်လည်း ယခုကား ထိုသို့မဟုတ်တော့။ အဖြေက ရှင်းလင်းနေခဲ့သည်။
“ကျွန်မကို အဆင့်တက်အောင် ရှင်ကူညီခဲ့တာမလား” သူမက ရီဖူရှင်းအား တီးတိုးပြောသည်။
ရီဖူရှင်းက သူမအား ပြုံးလျှက်ကြည့်ကာ ပြောသည် “စိတ်မပူပါနဲ့ မင်းသမီးလော့ယွဲ့… ခင်ဗျားက နောက်တစ်ဆင့်ကို တက်ဖို့နည်းနည်းပဲလိုတာပါ။ ကျုပ်ဂီတနဲ့မဟုတ်ရင်တောင် ခင်ဗျားက မကြာခင် အဆင့်တက်တော့မှာ”
“ရှင်ဘာလို့ ကျွန်မကို ကူညီရတာလဲ” လော့ယွဲ့က မေးသည်။
“ထိုက်ရွှမ်မြို့မှာ ခင်ဗျားနဲ့စတွေ့တာက ကျုပ်အတွက် ကံကောင်းတာပဲလေ” ရီဖူရှင်းက ပြောလျှင် လော့ယွဲ့ မင်တက်သွားသည်။ ထို့နောက်တွင် သူမက တစ်စုံတစ်ခုကို သိလိုက်ဟန်ရသည်။ ကြည့်ရသည်မှာ သူသည် ထိုလျှို့ဝှက်ဓားသမားလည်းဖြစ်ပေမည်။
သူမက ပြုံးလျှက် ပြောသည် “ကျေးဇူးပါ”
ရီဖူရှင်းကလည်း ပြုံးလိုက်ကာ နောက်အရပ်တစ်ခုအား ကြည့်လျှက်ပြောသည် “ငါတို့ ဒီကိစ္စကို ရှင်းဖို့လိုတယ်”
ထိုအချိန်တွင် နဂါးကြီးကား အသေအချာ စောင့်ကြည့်နေဆဲဖြစ်သည်။ သူ၏ဧရာမခန္ဓာကိုယ်ကြီးသည် လေထဲပျံဝဲကာ ရီဖူရှင်းအား စိုက်ကြည့်နေ၏။ သူကား အလွန်သတိထားနေဟန်ရသည်။ သည်လူများက အမှန်တကယ်ပင် အဘိုးကြီးကို သတ်နိုင်ခဲ့ကြ၏။
အဘိုးအိုကား သူ့ကို ခြိမ်းခြောက်နိုင်စွမ်းရှိကာ သည်လူများက သူ့အား သတ်နိုင်၏။
“မင်းတို့ ဒီသစ်သီးကို ရဖို့ မမျှော်လင့်နဲ့။ မင်းတို့ တခြားသစ်သီးတွေကို ရယူဖို့ စွမ်းအားရှိတာပဲ။ ဘာလို့ ဒီမှာ အချိန်တွေ ဖြုန်းနေတာလဲ” နဂါးကြီးက မိုးခြိမ်းသံအလား ပြောသည်။ သူတို့က သူ့အား တိုက်ခိုက်ပါက သစ်သီးများကို သည်အတိုင်း စားသုံးလိုက်ပေတော့မည်။
“သစ်သီးကို ခင်ဗျားစားလိုက်ရင် ကျုပ်တို့ကလည်း နဂါးအသွေးအသားတွေကို စားရတာပေါ့” ရီဖူရှင်းက ပြုံးလိုက်၏။ ရီဖူရှင်း၏စကားကိုကြားလျှင် နဂါးကြီး၏မျက်နှာက နက်မှောင်သွားသည်။
သည်လူသားကား အလွန်ပင် အရှက်ကင်းမဲ့ချေ၏။
မာန်သွင်းသံတစ်ချက်နှင့်အတူ လျှပ်စီးများလက်သွားက သူ့မျက်လုံးများ တောက်ပလာသည်။
ရီဖူရှင်းက ကု့ချင်းကို ကိုင်ကာ ရှေ့ကို တက်သွားသည်။ ဝမ်ရှိုးရီ၊ လော့ယွဲ့နှင့် တခြားလူများကလည်း သူ့နောက်မှ လိုက်ပါသွားကြ၏။
ယခု သူတို့သည် အရှင်ထိုက်ရွှမ်၏သဘောကို နားလည်လိုက်ကြပြီဖြစ်သည်။ ရီဖူရှင်းကား သူတို့၏သက်စောင့်ပင် ဖြစ်ပေသည်။
ရီဖူရှင်း၏မျက်လုံးများ ကြောက်မက်ဖွယ်ကောင်းအောင် ညိုမှိုင်းလာခဲ့၏။ မျက်လုံးများသည် အသူရာချောက်နက်ကဲ့သို့ နက်ရှိုင်းပြီး အဆုံးမဲ့သော စွမ်းအားများ ပိုင်ဆိုင်ဟန်ရသည်။ ထိုမျက်လုံးများကို ရင်ဆိုင်မိလျှင် နဂါးကြီးသည် စိတ်နှလုံးပြင်းထန်စွာ တုန်ခါသွားကာ နာကျင်စွာ အော်ဟစ်မိ၏။ သူ၏စိတ်ဝိညာဉ် ဝါးမျိုခံရတော့မည်ကဲ့သို့ သူခံစားရသည်။
ဂါး…
နဂါးကြီးက နာကျင်စွာ အော်ဟစ်လိုက်၏။ ကောင်းကင်ထက်မှ လျှပ်စီးများ အဆက်မပြတ် ကျဆင်းလာခဲ့သည်။ ရီဖူရှင်းက လျှပ်စီးများ ရစ်ပတ်လျှက်ပင် ပြောသ်ည “ငါ နောက်ဆုံးတစ်ကြိမ်ပဲ ပြောမယ်… ခင်ဗျား နောက်ဆုတ်မှာလား”
နဂါးကြီးသည် ကြီးစွာသော နာကျင်မှုနှင့်အတူ ခံစားရသည်မှာ ရီဖူရှင်း၏စကားကို နားမထောင်ပါက အမှန်တကယ်ပင် သူ့အတွက် ကံဆိုးမိုးမှောင်ကျတော့မည်ဟုပင်။ သူသာ သစ်သီးကို စားလိုက်ပါက သူ့ဘဝ အဆုံးသတ်တော့မည်ကဲ့သို့ ခံစားရ၏။
နောက်ဆုံးတွင် သူသည် ဖိအားများကို ခံစားနိုင်ဟန်မတူတော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးမှ အဝေးကို ပျံသန်းထွက်ခွာသွားတော့သည်။
ရီဖူရှင်း သစ်ပင်ဘေးသို့ လျှောက်လာ၏။ ဝမ်ရှိုးရီက ပြောသည် “သစ်သီးက မိုးကြိုးလမ်းစဉ်အသိတွေပါဝင်တယ်။ ပြီးတော့ ကြီးထွားနေတုန်းပဲ။ နည်းနည်းကြာရင် ဒီထက် ပိုစွမ်းအားကြီးလာလိမ့်မယ်”
“အင်း…” ရီဖူရှင်းက ခေါင်းညိတ်ကာ သစ်သီးအား ဆွတ်ခူးလိုက်သည်။ သစ်သီးသည် အပြည့်အဝ မရင့်သေးသော်လည်း သူ့အနေဖြင့် ထပ်မစောင့်နိုင်တော့ပေ။ ရီဖူရှင်းအတွက် သည်သစ်သီးတစ်လုံးတည်းဖြင့် အချိန်မကုန်နိုင်ပေ။ သူ တခြားအခွင့်အလမ်းများကို လိုက်ရှာနိုင်သေးသည်။
ခွပ်…
ကြည်လင်ပြတ်သားသောအသံတစ်သံထွက်လာသည်။ ဖီးနစ်လေးနှင့် တခြားလူများအားလုံးက သူ့အား ထိတ်လန့်စွာ ကြည့်နေသည်။ ရီဖူရှင်းက သစ်သီးအား ကိုက်စားနေခြင်းပင်။
ဒါ…
ဝမ်ရှိုးရီနှင့် လော့ယွဲ့တို့က သူ့အား ကြည့်နေသည်။ ဤကား သူတို့ခန့်မှန်းထားသလို မဟုတ်ခဲ့။ ရီဖူရှင်း၏ပါးစပ်တွင် လျှပ်စီးများ တဖျတ်ဖျတ်လက်နေသည်။ ဤသစ်သီးကား ယခင်သစ်သီးများထက် များစွာ ကြီးမားကာ ရီဖူရှင်းက အချိန်တိုအတွင်း ကုန်ဦးမည်မဟုတ်သေးပေ။
ရီဖူရှင်း၏တစ်ကိုယ်လုံးမှ လျှပ်စီးများ လက်လာသည်။ သူ့အနီးတွင် လျှပ်စီးကမ္ဘာငယ်လေးပင် ဖြစ်တည်နေ၏။ ထိုလျှပ်စီးတို့သည် သူ့သက်စောင့်ဝိညာဉ်အဖြစ် ပြောင်းလဲကာ ကမ္ဘာသစ်ပင်၌ တွယ်ငြိကြ၏။ သူ့တစ်ကိုယ်လုံး၌ လျှပ်စီးစွမ်းအားများ စီးဆင်းလာခဲ့သည်။
ရီဖူရှင်းက လျှပ်စီးသံပေးကာ ရှေ့ကို တိုးလာပြီးမှ ပြောသည် “ရှေ့ကို ဆက်သွားရအောင်”
သူ၏အခြေခံအုတ်မြစ်က ပိုမိုခိုင်မာလာသည်ဟု ရီဖူရှင်း ခံစားရသည်။ အကယ်၍ သူသာ နောက်ထပ် သစ်သီးဆယ်လုံးခန့်စားလိုက်ရလျှင် နောက်တစ်ဆင့်သို့ တက်နိုင်သည်ဟုပင် ခံစားရသည်။
အကယ်၍ နတ်နန်းတော်မှ လူများသာ ရီဖူရှင်း၏အကြံကို သိပါက သူ့အား သတ်ပစ်လိုကြပေမည်။ သစ်သီးတစ်လုံးစီသည် အလွန်တန်ဖိုးကြီး၏။ မည်သူမဆို သစ်သီးအား ပိုင်ဆိုင်ပါက ကျင့်ကြံခြင်းအဆင့်အမြင်ဆုံးသို့ ရောက်မှသာ သုံးစွဲကာ အဆင့်တက်ရန် အားထုတ်ကြမည်ဖြစ်ပေသည်။
သူတို့ငါးယောက် ရှေ့ကို ဆက်သွားနေကြသည်။ ယခုကား သူတို့သည် ရီဖူရှင်း၏စွမ်းရည်များကို တွေ့မြင်ပြီးဖြစ်ရာ သူ့နောက်ကို လိုက်ခြင်းဖြင့် အကျိုးများရရှိမည်ကို ခန့်မှန်းမိပြီးဖြစ်သည်။
လော့ယွဲ့က အဝေးကို ကြည့်လိုက်သည် “ဟိုမှာ ဘာလဲမသိဘူ။ အသက်ဓာတ် အရမ်းအားကောင်းတယ်” သူတို့ရှေ့တွင်ကား မှော်ဆန်သော မြူများ ဖုံးအုပ်နေသည်။ ထိုနေရာမှ ကောင်းကင်နှင့်မြေပြင်အကြား စုစည်းဖြစ်ပေါ်တတ်သော အသက်ဓာတ်များ ပျံ့နှံ့ထွက်ပေါ်နေ၏။
ရီဖူရှင်းက ထိုနေရာသို့ လှမ်းကြည့်လျှင် သစ်ပင်ကြီးတစ်ပင်အား ရေးရေးမျှ မြင်ရသည်။ မြူမျာကား သစ်ပင်ကို ရစ်သိုင်းနေ၏။
“သွားကြည့်ရအောင်” သူတို့အုပ်စုရှေ့ကို တက်သွားကြသည်။ ပိုမိုနီးကပ်လာလျှင် သူတို့က ဧရာမသစ်ပင်ကြီးအား မြင်ရ၏။ သစ်သီးများအားလုံးမှာ ဆွတ်ခူးခံရပြီးဖြစ်ကာ ပို၍ အံ့အားသင့်စရာကား မြူများအောက်မှ စမ်းချောင်းဖြစ်သည်။
ဤကား လမ်းစဉ်မွေးဖွားခြင်းစမ်းချောင်းဖြစ်သည်။
ရီဖူရှင်း စိတ်လှုပ်ရှားသွား၏။ ဤကား နာမည်ကျော်နေရာဖြစ်သည်။ သည်စမ်းချောင်းမှာ အသက်ဓာတ်များစုဝေးရာနေရာလည်းဖြစ်၏။ ရေတစ်စက်ကပင် အသက်များစွာကို ကယ်တင်နိုင်ကာ လူသေများကို အသက်သွင်းနိုင်စွမ်းရှိသည်ဟု ဆိုစမှတ်တွင်နိုင်သည်။
ထိုအခိုက်တွင် လူအချို့သည် စမ်းချောင်းထဲ၌ ရေချိုးနေကြ၏။ သူတို့၏ရည်ရွယ်ချက်ကရေချိုးရန်တစ်ခုတည်းမဟုတ်ဘဲ အသက်ဓာတ်များကို စုပ်ယူခြင်းသာဖြစ်သည်။ အသက်ဓာတ်ကို စုပ်ယူခြင်းဖြင့် ကျင့်ကြံသူများသည် ပိုမိုသန်မာသော ခန္ဓာကိုယ်အား ပိုင်ဆိုင်နိုင်ပေသည်။
ရေချိုးနေသူများအားလုံးက အသစ်ရောက်လာသူများကို အေးစက်စွာ ကြည့်ကြသည်။ သူတို့၏မျက်လုံးများက အေးစက်သော်လည်း လှပ၏။ မှန်သည် သူတို့အားလုံးမှာ အမျိုးသမီးများဖြစ်ကြသည်။
သူတို့ထဲမှ တစ်ယောက်မှာ နတ်မိမယ်အလား ချောမောလှပသူဖြစ်ပေသည်။ သူတို့အားလုံးမှာ နတ်နန်းတော်၏တပည့်များဖြစ်ကြကာ အလွန်လှကြ၏။
“ဒါက နေရာကောင်းပဲ” ရီဖူရှင်းက အံ့အားသင့်စွာ ရေရွက်သည်။ သူက ထိုသို့ပြောလျှင် သူတို့၏အကြည်က ပိုမိုအေးစက်လာသည်။
“ရှင်ကြည့်လို့ ပြီးပြီလား” အေးစက်သော အသံတစ်သံကို ကြားရ၏။
“မင်းတို့ စိတ်မရှိဘူးဆိုရင် နေရာနည်းနည်းဖယ်ပေးပါလား” ရီဖူရှင်းက ရှေ့ကို လျှောက်သွား၏။ သူက စမ်းချောင်းထဲကို ဆင်းလိုဟန်ရသည်။
“ဒီက ထွက်သွား” အေးစက်သော အော်သံတစ်ခုကို ကြားရသည်။ များစွာသော အမျိုးသမီးတို့၏အမူအရာများပြောင်းလဲသွားကြ၏။
ရီဖူရှင်းက ဟိုဟိုဒီဒီကြည့်ကာ ပြောသည် “စိတ်မပူပါနဲ့ … စမ်းချောင်းက နည်းနည်းကြီးတယ်။ နောက်ထပ် လူနည်းနည်းဆန့်သေးတယ်”
ပြောပြောဆိုဆိုဖြင့် သူက စမ်းချောင်းထဲကို ဆင်းလိုက်သည်။ ဤသို့ ကောင်းမွန်သောနေရာအား သူက မည်သို့ ကျော်သွားနိုင်မည်နည်း။ သည်စမ်းချောင်းက သူ၏သက်စောင့်ဝိညာဉ်နှင့်ခန္ဓာကိုယ်အား ပိုမိုအားကောင်းစေသည်။
အမှန်ပင် သူက စမ်းချောင်းထဲကို ဆင်းလိုက်သည်နှင့် သူ့ဝိညာဉ်က ပိုမိုအသက်ဝင်လာသည်ဟု ခံစားရသည်။ သူ့အတွင်းကလီစာများ ပိုမိုလန်းဆန်းလာသည်။ ထိုခံစားချက်ကား အလွန်ကောင်းမွန်သည်။ အသက်ဓာတ်ကား လောက၏ပဓာနကျသော စွမ်းအားမဟုတ်ပါလား။
ဖီးနစ်လေးနှင့် တခြားလူများအားလုံးသည် ရီဖူရှင်းအား ပါးစပ်ဟာ ကြည့်နေကြသည်။ သူက ရေထဲကို သည်အတိုင်း ဆင်းသွားသည်လား။
တစ်ဘက်လူများမှာ အမှန်တကယ် ရေချိုးနေသည်မဟုတ်သော်လည်း သူက အမှန်တကယ်ပင် ဤသို့ …
ဝမ်ရှိုးရီ မျက်လုံးပြူးနေသည်။ သူ လေးစားအထင်ကြီးထားသမျှအားလုံး တခဏအတွင်း ပြိုလဲသွားသလိုလည်း ခံစားလိုက်ရသည်။ သည်လူကား အမှန်တကယ် အရှက်ကင်းမဲ့လွန်းချေ၏။
လော့ယွဲ့၏မျက်နှာက နီရဲနေသည်။ ဤကား သူမတွေးထင်ထားသည်နှင့် အလွန်အမင်း ကွဲပြားနေလေသည်။
***