မမှားနိုင်ဘူး
Vol. 126 Ch. 1742
အုပ်စိုးသူက အချိန်ကိုက် ပေါ်လာခြင်းပင်။ သူက ဝမ်လင်း ဒုတိယကြိမ်မြောက်မြားကို ပစ်လွှတ်လိုက်ပြီးချိန်မှာ ပေါ်လာခြင်းပင်။ အုပ်စိုးသူက ဝမ်လင်းကို သတ်နိုင်ပြီဟု ခံစားမိသည်။
ကျင့်ကြံမှုအဆင့်များအရ သူသည် ဆန်းကြယ်အတိဒုက္ခအဆင့်သို့ ရောက်နှင့်နေပြီးပင်။ လက်ရွေးစင်အချို့မှလွဲ၍ မည်သူကမျှ သူ့ပြိုင်ဘက် မဟုတ်နိုင်ပေ။ အဆင့်အတန်းအရ သူသည် ကျွန်တစ်ယောက် ဖြစ်သော်လည်း အစွမ်းထက်ကျင့်ကြံသူများသည်ပင် သူ့ကို မျက်နှာသာအချို့ ပေးရသည်။
သည်လှိုဏ်ဂူလောကတွင် သူသည် ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ သခင်ငါးပါး၏ ခေါင်းဆောင်ပင်။ သူသည် မြင့်မားသောအဆင့်အတန်းဖြင့် နှစ်ပေါင်းများစွာ အသားကျ ပျော်မွေ့နေခဲ့ပြီး ဖြစ်သလို မရေမတွက်နိုင်သောလူများက သူ့အပေါ် နတ်ဘုရားတစ်ပါးကဲ့သို့ ဆက်ဆံကြရသည်။ သူက တခြားသူများ၏အထက်တွင် ရှိနေသည်ကို အသားကျနေခဲ့ပြီ ဖြစ်သည်။
သူ့ထံ၌ အုပ်စိုးသူကောင်စီကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူ့စကားတစ်ခွန်းဖြင့် ပြင်ပနယ်မြေ၌ ကပ်ဘေးတစ်ခုကို ဖြစ်စေနိုင်သည်။ ကိုယ်လုပ်တော်များထဲမှ အချို့သည်ပင် သူ့ရှေ့တွင် မားမားမရပ်ဝံ့ရဲပေ။ သူကား အုပ်စိုးသူ ဖြစ်၏။
အတွင်းနယ်မြေ၌ပင် သူ၏အမည်မှာ ကျော်ကြားသည်။ လူတိုင်းနီးပါးက သူ့နာမည်ကြားသည်နှင့် ကြောက်လန့်သွားရသည်သာ။ အရင်တုန်းက ဖြစ်ပျက်ခဲ့သမျှက သူ မည်မျှ လှည့်ဖြားဉာဏ်များခဲ့သည်ကို မီးမောင်းထိုးပြနေ၏။
အတိတ်တုန်းက သူသည် ချိပ်ပိတ်နယ်မြေအရှင်ကို သတ်ဖို့ အစွမ်းထက်ကျင့်ကြံသူများကို စုစည်းခဲ့ချိန်၌ ချင်းလင်ကို နှောက်ယှက်ဖို့ တက်တူးကလန်ကို အတွင်းနယ်မြေထံ ရောက်ရှိစေခဲ့ပြီးနောက် ကောင်းကင်ဘုံနယ်မြေလေးခုကို ဖျက်စီးခဲ့ပေသည်။ နောက်ဆုံးတွင် သူက အတွင်းနယ်မြေ၌ မျိုးစေ့များစွာလည်း ချန်ထားခဲ့သေးသည်။ ကျန့်ရှင်းရီ၊ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်၏ တပည့်ခေါင်းဆောင်၊ တာအိုပညာရှင်ရေတို့မှာ သူ့အမိန့်တိုင်း ဖြစ်ခဲ့ရသည်။
သူက အတွင်းနှင့်အပြင်နယ်မြေကြားရှိ စစ်ပွဲများကို အကြိမ်များစွာ ဖြစ်စေခဲ့သည်။ သူ့လက်ချက်ဖြင့် သေဆုံးခဲ့သော ကျင့်ကြံသူများစွာသည် ကြယ်အဖွဲ့အစည်းတစ်ခုကို ဖုံးလွှမ်းစေသည့်အထိ လုံလောက်ပေမည်။
ဝမ်လင်းနှင့် မတွေ့ခင်က သူသည် သူ့ဘဝတွင် သုံးကြိမ်တိုင်သာ သနားစရာ အခြေအနေသို့ ဆိုက်ရောက်ခဲ့ဖူးသည်။ ပထမတစ်ကြိမ်မှာ ခုနစ်ရောင်စုံတာအိုသခင်က သူ့ကို အတင်းအကြပ် တပည့်လုပ်ခိုင်းခဲ့ချိန်ကပင်။ သို့ပေမည့် ခုနစ်ရောင်စုံတာအိုသခင်က အတင်းအကြပ်လုပ်ခြင်းဟူသည်မှာ သူ့ထံ၌ ပါရမီမြင့်မြင့်မားမား ပိုင်ဆိုင်ထား၍ဟု ဆိုလိုပေသည်။
ဒုတိယတစ်ကြိမ်၌ တစ္ဆေအိုကြီးကျန့် ပြင်ပနယ်မြေသို့ ချိုးဖျက်ကာ အပူဇော်ခံမီးတောက်များကို လာယူခဲ့စဉ်ကပင်။ သူတို့နှစ်ယောက်က တိုက်ခိုက်ခဲ့ပြီး အုပ်စိုးသူ ရှုံးနိမ့်ခဲ့၏။ ထိုတိုက်ပွဲက သူ့ကို တစ္ဆေအိုကြီးကျန့်ဟူသော အမည်အား သေချာမှတ်မိသွားစေသည်။
တတိယအကြိမ်ကမူ အုပ်စိုးသူ အတွင်းနယ်မြေသို့ သွား၍ လီကောင်း၏မြားကို ရှာခဲ့စဉ်က ဖြစ်သည်။ သူက ဟိန်းအော်သံတစ်သံကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့ပြီး နောက်သို့ ဝရောသုန်းကား ပြန်ဆုတ်ခဲ့ရသည်။
ထိုသုံးကြိမ်ကလွဲ၍ သူ ဆန္ဒရှိသလို ပြုမူခဲ့ကာ မည်သည့်အခါမျှ အတွက်အချက် မမှားခဲ့ပေ။ ထိုသည်မှာ သူ ဝမ်လင်းနှင့် မတွေ့ဆုံခင်ကထိ ဖြစ်၏။ ဝမ်လင်းက သူ့ရန်သူ ဖြစ်လာခဲ့ချိန်၌ သူက ရူးသွပ်လုနီးနီး ဖြစ်ခဲ့ရသည်။
ဝမ်လင်း ရှေးဟောင်းကြယ်အဖွဲ့အစည်းသို့ ပထမဆုံး ဝင်ရောက်ခဲ့ချိန်က သူသည် ဝမ်လင်းအပေါ် အရင်ဆုံး အကြံအစည်ချမှတ်ခဲ့၏။ သူက ဝမ်လင်း၏စိတ်ဝိညာဉ်ကို မျှားယူချင်ခဲ့သည်။ သူ့ကို တာအိုသခင်အိပ်မက်ပြာက တားဆီးခဲ့ရုံသာမက ရှေးသင်္ချိုင်းကြောင့် ဝမ်လင်း၏အော်ရာသည်ပင် ဆုံးရှုံးခဲ့ရသည်။
ထိုကိစ္စမှာ မတော်တဆဟု ဆိုနိုင်ပြီး အုပ်စိုးသူက စိတ်ထဲ သိပ်မထားခဲ့ပေ။
သို့သော် မကြာခင်တွင် ဒုတိယတစ်ကြိမ် ဖြစ်လာခဲ့ပြန်၏။ ရှေးသင်္ချိုင်းဝင်ပေါက်၌ သူက ဝမ်လင်းသည် ပြင်ပနယ်မြေ၏ အင်အားဖြစ်သော အစွမ်းထက်သူများကို ချိပ်ပိတ်ခဲ့စဉ် သူသည် စောင့်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။ သူက သင်္ချိုင်းအတွင်းရှိ တတိယအဆင့်ကျင့်ကြံသူများကို လွတ်မြောက်စေဖို့ ကြိုးစားခဲ့ရုံရှိသေး ဝမ်လင်းက သင်္ချိုင်း၏စွမ်းအားကို ငှားယမ်းကာ ဟိန်းအော်သံတစ်သံ ထုတ်လွှတ်ခဲ့သည်။
ထိုဟိန်းအော်သံက အုပ်စိုးသူထံ ဓားသွားအလား ဝင်ဆောင့်ခဲ့သည်။ ထိုစဉ်က သူသည် သွေးအန်ခဲ့ရပြီး ခပ်မြန်မြန် ပြန်ဆုတ်ခဲ့ရသည်။
ထိုကိစ္စကိုလည်း မတော်တဆဟု ယူဆနိုင်သေးသည်။
သို့သော် ထိုမျှနှင့် အဆုံးမသပ်သေးပေ။ သူနှင့်ဝမ်လင်းတို့ တတိယကြိမ်မြောက် တွေ့ဆုံခဲ့ကြသေး၏။ သူက လီကောင်း၏လေးကို ယူဆောင်ကာ အတွင်းနယ်မြေမှ တစ္ဆေုအိုကြီးကျန့် ထွက်လာအောင် ဖြားယောင်းခဲ့၏။ သူတို့နှစ်ယောက်က တိုက်ခိုက်ခဲ့ကြသည်။ သို့သော် လီကောင်း၏လေးက ဝမ်လင်း၏လက်ထဲ ကျရောက်ခဲ့ရသည်။
သို့သော် ထိုသို့ဖြစ်လျှင်ပင် အုပ်စိုးသူက ဝမ်လင်းနှင့် ပတ်သတ်၍ ဂရုမစိုက်သေးပေ။ သူက ထိုအကြိမ်အနည်းငယ်ကို မတော်တဆမျှဟု တွေးနေခဲ့ဆဲ ဖြစ်၏။ ဝမ်လင်းက လေးနှင့်မြားရှိလျှင်ပင် သူ၏ သွေးမျိုးဆက်ကြောင့် အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။ ထိုစဉ်က အုပ်စိုးသူသည် ဝမ်လင်းကို သတ်ချင်ခဲ့ပါက သူ့လက် မှောက်လိုက်လှန်လိုက် လုပ်သလိုမျိုး လွယ်ကူခဲ့သေး၏။
ထို့နောက်တွင် လေးကြိမ်မြောက် တွေ့ကြုံမှု၌ သူနှင့် ပြင်ပနယ်မြေမှ တခြား တတိယအဆင့် ကျင့်ကြံသူများသည် ဝမ်လင်းကို သတ်ဖို့ ရေတွင်းထဲမှလမျှားခြင်းကို အသုံးပြုကာ အတုအယောင်လောကထဲ ခေါ်သွင်းခဲ့သည်။
သည်တစ်ကြိမ်၌ သူက ချို့ယွင်းချက်လုံးဝ မရှိဟု တွက်ချက်ထားခဲ့သည်။ ဝမ်လင်းသည် ယဲ့မိုချိပ်ပိတ်ထားသော စိတ်ဝိညာဉ်များထဲမှ တစ်ခုကို ထုတ်လွှတ်ခဲ့လျှင်ပင် သူ၏ သေခြင်းတရားကို ပြောင်းလဲနိုင်ခဲ့ခြင်း မရှိပေ။ အုပ်စိုးသူက သူ တွေးထားသမျှ သေချာပြီး နောက်ထပ် မမျှော်လင့်ထားသည့်အရာ ထပ်မရှိနိုင်တော့ဟု ထင်ထားခဲ့သည်။
သို့သော် သူ့အိပ်မက်ထဲ၌ပင် မမျှော်လင့်ထားသော မတော်တဆအဖြစ်အပျက်မှာ ဖြစ်ပွားလာခဲ့၏။ အရူးပေါ်လာခြင်းက သူ့စိတ်နှလုံးကို ကယောင်ချောက်ခြား ဖြစ်စေခဲ့ကာ သူ၏ ဝမ်လင်းကို သတ်ဖြတ်မည့်အကြံအစည်မှာလည်း ပျက်စီးသွားခဲ့ရသည်။
သူက ဝမ်လင်းကို မသတ်နိုင်ခဲ့သည့်အပြင် သူက ဝမ်လင်း၏ ကျင့်ကြံမှုအဆင့် မြန်ဆန်စါ တိုးတက်လာစေခြင်း၏ အကြောင်းရင်းပင် ဖြစ်ခဲ့သေးသည်။ သည်ကိစ္စက အုပ်စိုးသူက အလွန်အမင်း သုန်မှုန်စေခဲ့သည်။
သို့သော် သူက ဝမ်လင်းကို အသိအမှတ်မပြုသေးဘဲ ဝမ်လင်းက ကံကောင်းနေ၍သာဟု ယုံကြည်ထားခဲ့ဆဲ ဖြစ်သည်။ ၎င်းမှာ ဝမ်လင်းက မြားဖြင့် သူ့ကို သတ်ခဲ့ပြီး သူက သုံးဘဝမန္တာန်ကြောင့် ပြန်ရှင်သန်လာခဲ့သော ငါးကြိမ်မြောက်မတိုင်ခင်ထိသာ ဖြစ်သည်။
တစ်ကြိမ်၊နှစ်ကြိမ်၊သုံးကြိမ်၊လေးကြမ်တို့က မတော်တဆများ ဖြစ်ကြ၏။ သို့သော် မတော်တဆဟူသည် ငါးကြိမ်မြောက် မည်သို့ ဖြစ်နိုင်ပါ့မည်နည်း။ သည်ဝမ်လင်းက သူ့အတွက် အကုသိုလ်ဖြစ်နေသည်မှာ ရှင်းလင်းနေတော့သည်။
ဝမ်လင်းက အုပ်စိုးသူ၏ စိတ်နှလုံးထဲရှိ စူးတစ်ချောင်းကဲ့သို့ ဖြစ်လာ၏။ သူက ဝမ်လင်းအကြောင်း တွေးမိတိုင်း ရူးချင်သလိုလို ဖြစ်ခဲ့ရသည်။
“ဒီတစ်ကြိမ်တော့ မမှားနိုင်တော့ပါဘူး…” အုပ်စိုးသူက ဝမ်လင်းနှင့် ပေတစ်သိန်းအကွာတွင် ပေါ်လာ၏။ သူက ဝမ်လင်းကို စိုက်ကြည့်ကာ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလျက် ရှေ့သို့ တဟုန်ထိုး ဝင်ရောက်လာသည်။
သူ၏ဆန်းကြယ်အတိဒုက္ခကျင့်ကြံခြင်းမှာ ပျံ့လွင့်ကာ ဟင်းလင်းပြင်သည်ပင် တုန်ခါရ၏။ ဝမ်လင်းက တည်ငြိမ်လျက်ပင်။ သို့ပေမည့် သူက နောက်သို့ အတင်းအကြပ် ဆုတ်သည်။
အုပ်စိုးသူသည် ဝမ်လင်း ရင်ဆိုင်နိုင်သော တစ်စုံတစ်ယောက် မဟုတ်ပေ။ အုပ်စိုးသူ၏ ကျင့်ကြံမှု ပေါက်ကွဲထွက်လာသည်နှင့် ဝမ်လင်းသည် နောက်သို့ ဆက်တိုက် ဆုတ်ရသည်။
“ဒီအဘိုးအိုဟာ မင်းမှာ မြားနှစ်ချက်ပစ်နိုင်စွမ်းပဲ ရှိတယ်လို့ တွက်ချက်ထားခဲ့ပြီး ဖြစ်တယ်။ နောက်ထပ် မတော်တဆဆိုတာ ရှိလာတော့မှာ မဟုတ်ဘူး။ သူ မြားနှစ်ချက် ပစ်ခဲ့ပြီးပြီး။ ခုချိန်မှာ ငါ သူ့ရှိက ကောင်းကင်ဘုံသွေးမျိုးဆက်အရိပ်အယောင်ကိုတောင် မထောက်လှမ်းနိုင်တော့ဘူး။ သူဟာ လီကောင်းရဲ့လေးကို ထပ်ပြီး မဆွဲတင်နိုင်တော့ပါဘူး…” အုပ်စိုးသူထံ၌ ဝမ်လင်းအပေါ် သတ်ဖြတ်ချင်စိတ်က ကြီးမားနေ၏။ သူ ဝမ်လင်းကို မသတ်ရပါက ရပ်မည့်ပုံ မပေါ်ပေ။
“ဒီတစ်ကြိမ်တော့…ဘာမတော်တဆမှ ဖြစ်မလာတော့ဘူးလို့ ငါ ယုံတယ်။ သူက သခင့်ကို ဆင့်ခေါ်နိုင်ရင်တောင် ငါ သူ့ကို သတ်ရမယ်။ သူ့မှာ လေးကို တတိယကြိမ် ဆွဲတင်နိုင်မယ့် စွမ်းအား လုံးဝ မရှိတော့တာ ကျိန်းသေတယ်။ ငါ မမှားနိုင်ဘူး…”
အုပ်စိုးသူ ထိုမျှ သေချာနေခြင်းမှာ သူနှင့် ထိုကောင်းကင်ဘုံသွေးမျိုးဆက်ကြား ဆက်နွှယ်မှုကြောင့် ဖြစ်၏။ တကယ်တော့ သူသည် အရူး၏ ကျွန်ဖြစ်ခဲ့ဖူးကာ ဝမ်လင်း၏ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံသွေးမျိုးဆက်ကို အတင်းအကြပ် ထုတ်ယူဖို့လည်း လုပ်ခဲ့ဖူးသည်။ သူက ဝမ်လင်းထံ၌ ကောင်းကင်ဘုံသွေးမျိုးဆက် မည်မျှ ပိုင်ဆိုင်သည်ကို သိထားသည်။ ထိုသွေးမျိုးဆက်စွမ်းအားဖြင့် လီကောင်း၏လေးကို မည်မျှ ပစ်ခတ်နိုင်မည်ကိုလည်း သိထားသည်။
အုပ်စိုးသူ၏မျက်လုံးတို့မှာ ချင်းချင်းနီရဲနေ၏။ သူက ရှေ့သို့ လှမ်းလာ၏။ လောကမှာ တုန်ခါ၏။ ကြယ်များ တုန်ယင်၏။ အဘက်ဘက်သို့ အဆုံးမဲ့လှိုင်းဂယက်များ ပျံ့လွင့်၏။
“ငါ မမှားနိုင်ဘူး။ သူ ကျိန်းသေပေါက် သေရတော့မှာ။ ငါ သူ့ကို မသတ်နိုင်ရင် ဒီအဘိုးအိုက ငါ့နာမည်ကို သူ့မိသားစုနာမည် ပြောင်းပစ်လိုက်မယ်…” အုပ်စိုးသူ၏ ဝမ်လင်းအပေါ် သတ်ဖြတ်ချင်စိတ်က အကန့်အသတ် ရောက်လာ၏။ သည်အခိုက်၌ သူသည် ဝမ်လင်းနောက်သို့ ရောက်လာပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
“ဒီအဘိုးအိုအတွက် မင်း သေလိုက်တော့…” သူက ဝမ်လင်းနှင့် တစ်စက်လေးပင် စကားမဆိုပေ။ သူ တိုက်ခိုက်လိုက်သည်နှင့် သူ၏အစွမ်းထက်ဆုံးမန္တာန်ကို အသုံးပြုလိုက်သည်။ တကယ်တော့ သူက မမှားနိုင်ဟု သေချာနေသော်လည်း စိတ်ပူပန်မှု အနည်းငယ် ရှိနေဆဲပင်။ သူက ဝမ်လင်းနှင် စကားပြောလိုက်ပါက မတော်တဆမှုတစ်ခုခု ဖြစ်လာမည်ကို စိုးရိမ်နေခြင်းပင်။
ထို့အပြင် သူ့လက်ဝါးရိုက်ချက်က ဝမ်လင်းကို ထောက်လှမ်းလိုက်သော နည်းလမ်းတစ်ခုလည်း ဟုတ်သည်။ တကယ်တော့ အုပ်စိုးသူမှာ ဝမ်လင်းနှင့် ပတ်သတ်၍ မတော်တဆမှု အခါခါ ကြုံခဲ့ရသည် မဟုတ်လား။
အုပ်စိုးသူနှင့် နောက်ဆုတ်နေသော ဝမ်လင်းတို့ကြား၌ ဧရာမလက်ဝါးတစ်ခု ပေါ်လာ၏။ ၎င်းပေါ်လာသည်နှင့် စတင်တောက်ပသည်။ သို့သော် ၎င်းက ကြီးမားမလာပေ။ ပေတစ်ထောင်မျှသာ ကြီးမား၏။ သို့ပေမည့် ယင်းလက်ဝါးသည် အစစ်အမှန် ဖြစ်လွန်းလှသည်။
၎င်းပေါ်လာသည့်နောက် မြည်သံပေးကာ ဝမ်လင်းထံ တရကြမ်း ဝင်လာသည်။
ဝမ်လင်း၏မျက်နှာမှာ ဖြူရောသွား၏။ သို့သော် သူ့မျက်လုံးထဲ၌ ထိတ်ပြာသွားခြင်း မရှိပေ။ အုပ်စိုးသူ ထွက်ပေါ်လာခြင်းက ဝမ်လင်း မျှော်လင့်ထားသည့်အတွင်း၌သာ ရှိ၏။ တကယ်တော့ အုပ်စိုးသူ ထွက်မလာခဲ့လျှင်သာ ဝမ်လင်းသည် အကြောင်းအရာများကို ပိုဂရုတစိုက် တွေးရတော့မည် ဖြစ်သည်။
ထိုလက်ဝါးချက် နီးကပ်လာနေစဉ် ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်၏။ သူ၏မျက်ခုံးနှစ်ခုကြားရှိ ရှေးဟောင်းနတ်ဘုရားကြယ်များသည် ဘယ်ညာမျက်လုံးထဲရှိ ကြယ်များနှင့်အတူ တောက်ပလာသည်။ သူ၏ခန္ဓာကိုယ်ထံမှ ရှေးဟောင်းစွမ်းအားသည် စုစည်းကာ သူ့ညာလက်ညှိုးပေါ်တွင် သိပ်သည်းသည်။
ဤသည်မှာ အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ်ကို အတုယူ၍ ဝမ်လင်းကိုယ်တိုင် ဖန်တီးထားသော ရှေးအင်မောတယ်လက်ချောင်းပင်။
လက်ညွှန်လိုက်သည့်အခိုက်တွင် ဝမ်လင်း၏ခန္ဓာကိုယ်မှ အစိမ်းရောင်အလင်းသည် ပေါက်ကွဲထွက်လာသည်။ ၎င်းမှာ အဇူရာအလင်းဒိုင်ပင်။ ထို့နောက်တွင် ကြီးမားသောအလင်းအရိပ်ဒိုင်းက ဝမ်လင်း၏နောက်တွင် ပေါ်လာသည်။ ၎င်းမှာ အလင်းအရိပ်ဒိုင်း ဖြစ်သည်။
အလင်းအရိပ်ဒိုင်းနောက်တွင် ကာလာစုံအလင်းပေါက်ကွဲသံ ပဲ့တင်ထပ်ကာ ရောင်စုံလိပ်ပြာတစ်ကောင်သည် ဝမ်လင်း၏ပုခုံးပေါ်၌ ခိုနားလာသည်။ ထိုလိပ်ပြာက တောင်ပံခတ်၏။ ၎င်းထံမှ ရောင်စုံအမှုန့်များသည် ကျဆင်းနေလျက် အနှီလိပ်ပြာသည် အလွန်လှသည်။
“ခုထိ အချိန်မကျသေးဘူး…” ဝမ်လင်း၏မျက်လုံးထံမှ ထူးဆန်းသောအလင်း လှစ်ဟပေါ်သည်။ ဒီအဖြစ်အပျက်များသည် ချက်ခြင်းလိုလို ဖြစ်ပျက်လာခြင်းပင်။ ပေတစ်ထောင်ခန့်လက်ဝါးချက်က နီးကပ်လာကာ ဝမ်လင်း၏ ညာလက်ညှိုးနှင့် ထိပ်တိုက်တွေ့သည်။
ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။
ထိုသို့ ထိပ်တိုက်တွေ့သည့်အခါ ဝမ်လင်းက သူ့ခန္ဓာကိုယ် ပျက်စီးတော့မလို ခံစားရမိ၏။ သူက သွေးအန်ကာ နောက်ဆုတ်ရသည်။ ဝမ်လင်း၏ညာလက်ညှိုးမှာ လက်ဝါးချက်ကြောင့် ချက်ခြင်း ကွယ်ပျောက်သွားရ၏။ သို့သော် ချက်ခြင်း ပြန်ဖွဲ့စည်းသည်။ အသက်ရှုချိန်အနည်းငယ်အတွင်း ဝမ်လင်း၏ညာလက်ညှိုးမှာ ဖျက်စီးခံရလိုက်၊ ပြန်ဖွဲ့စည်းလိုက် အကြိမ်တစ်ထောင်ခန့် ရှိသွားသည်။
ကျင့်ကြံမှုအဆင့်များကြား ကွာဟချက်ကာ ကြီးမားလွန်းသဖြင့် ဝမ်လင်း ကျော်လှမ်းနိုင်သော အရာ မဟုတ်လေပေ။ စက္ကန့်ပိုင်းမျှ ကြာပြီးနောက် သူ့ညာလက်ညှိုးက ဆက်လက် ထိန်းသိမ်းထားနိုင်သော်လည်း သူ့ခန္ဓာကိုယ်ကမူ မလုပ်နိုင်ပေ။ သူ၏ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများ ပေါ်လာပြီး ပြင်းထန်သောနာကျင်မှု သူ့ထံ လှိုက်တက်လာသည်။
အလင်းအရိပ်ဒိုင်းသည်လည်း တွန့်ခေါက်ပုံပျက်ကာ ချက်ခြင်း ပျက်စီးသွား၏။
အဇူရာဒိုင်းက အပြင်းအထန် တောက်ပကာ အက်သံများ ပဲ့တင်ထပ်သည်။ ၎င်းဒိုင်းမှာ ဝမ်လင်းထံ ပြန်ကန်ဝင်လာ၏။
ငါးရောင်စုံလိပ်ပြာမှာ တုန်ယင်လျက် ငါးရောင်စုံအလင်းအဖြစ် လွင့်ပျောက်သွားသည်။