မမှားနိုင်ဘူးမလား
Vol. 126 Ch. 1743
ထိုအခါ ဝမ်လင်းသည် သွေးအန်ရ၏။ သူက နောက်သို့ ဆက်တိုက် ဆုတ်ပေးနေရသည်။ သူ့ညာလက်ညှိုးက ဆက်လက် ခုခံနေစဉ် သူက ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေကာ ဝေ့ယမ်းသည်။
သည်လက်ဝေ့ယမ်းချက်နှင့်အတူ ကြယ်များ တုန်ခါကာ လက်ဝါးတစ်ခု ပေါ်လာ၏။ ၎င်းမှာ စစ်စိတ်ဝိညာဉ်လက်ဝါးပင်။ ထိုလက်ဝါးက အုပ်စိုးသူ၏လက်ဝါးချက်နှင့် ထိပ်တိုက်တွေ့သည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ဆက်တိုက် ဖြစ်ပေါ်၏။ မမြင်ရသော စစ်စိတ်ဝိညာဉ်လက်တွးက အုပ်စိုးသူ၏ လက်ဝါးချက်နှင့် ထိပ်တိုက်တွေ့ပြီးနောက် ပျက်စီးသွားရသည်။ ဝမ်လင်းမှာ နောက်သို့ လွင့်ထွက်သွား၏။ သူ့ပါးစပ်ထောင့်မှ သွေးများစွာ စီးကျသည်။ အုပ်စိုးသူနှင့် ပထမဆုံးကြိမ် ထိပ်တိုက်တွေ့မှုမှာတင် သူသည် အပြင်းအထန် ဒဏ်ရာရသွားလေ၏။
သို့ပေမည့် အုပ်စိုးသူ၏လက်ဝါးချက်မျာလည်း တဒင်္ဂတုံ့နှေးသွားပြီးမှ ရှေ့ဆက်တိုးဝင်လာ၏။ ဝမ်လင်းက အပေါ်သို့ မော့ကြည့်လိုက်၏။ သူ၏ ကြမ်းကြုတ်သောအမူအရာကို လှစ်ဟကာ အထက်သို့ လက်ညွှန်သည်။ ခုနစ်ရောင်စုံအလင်း ထွက်ပေါ်ကာ လှံတစ်လက်အသွင် ဖြစ်ပေါ်၍ လက်ဝါးထံ တိုးဝင်သည်။
နှစ်ဖက်က ထပ်မံ၍ ထိပ်တိုက်တွေ့ရာ ကြောက်မက်ဖွယ်အသံများ လှိုက်တက်သွားစေသည်။ ဝမ်လင်း၏ခန္ဓာကိုယ်ကို လေပြင်းရိုက်ခတ်သွားကာ သူသည် နောက်ထပ် ပေတစ်သောင်းကျော် ဆုတ်ရ၏။ သူ့လက်နှစ်ဖက်မှာ တုန်ယင်နေပြီး ခြေထောက်များမှာ သွေးများ ပြည့်ဖုံးသည်။
သို့သော် လက်ဝါးချက်က ပျောက်ကွယ်မသွားသေးပေ။ ၎င်းက အနည်းငယ် လွင့်ပြယ်သွားသော်လည်း တဝီဝီမြည်ဟည်းသံ ပေး၍ ဝမ်လင်းအပေါ်သို့ ကျဆင်းလာသည်။
ဝမ်လင်း၏မျက်လုံးထဲ၌ ရူးသွပ်မှုတို့ ပြည့်လာ၏။ အုပ်စိုးသူ၏စွမ်းအားမှာ သူ မျှော်လင့်ထားသည့်အတိုင်းပင်။ ဤကား ဆန်းကြယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားတည်း။ လက်ဝါးချက် နီးကပ်လာနေစဉ် ဝမ်လင်း၏ ဘယ်မျက်လုံးထဲ၌မီး၊ ညာမျက်လုံးတွင်မိုးကြိုးတို့ ပေါ်လာသည်။ သူ၏ ဆန်းကြယ်သိမ်မွေ့အနှစ်သာရသုံးခုနှင့် သတ်ဖြတ်ခြင်းအနှစ်သာရတို့မှာလည်း ထွက်ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်တွင်းရှိ အနှစ်သာရခြောက်ခုက ပုံရိပ်ယောင်ဓားများကို ဖြစ်ပေါ်စေသည်။
လက်ဝေ့ယမ်းလိုက်ရာ ထိုဓားခြောက်လက်က လက်ဝါးထံ တရှိန်ထိုး ဝင်ရောက်သည်။ ဝမ်လင်းက အံတင်းတင်းကြိတ်၍ နောက်ဆုတ်ရမည့်အစား ရှေ့တိုးသည်။
ဓားခြောက်လက်က ချက်ခြင်းပင် လက်ဝါးထံ နီးကပ်ကာ ထိုးစိုက်သွား၏။ လှိုင်းဂယက်များ ပျံ့လွင့်၏။ ဓားများက လက်ဝါးကို တိုက်ခိုက်နေစဉ် ဝမ်လင်းက ရှေ့သို့ လှမ်းဝင်လာချေပြီ။ သူက ညာလက်ကို ပင့်မြှောက်လိုက်ပြီး သူ၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်တို့က အပြည့်အနှက်ပင်။
“ကောင်းကင်ဘုံဆုတ်ဖြဲခြင်း…” ယဲ့မို၏ကလေးထံမှ သူ သင်ယူခဲ့သော ထိုမန္တာန်ကို ဝမ်လင်းက အသုံးပြုလိုက်ပြန်သည်။ သူက ဟင်းလင်းပြင်ကို ဖမ်းဆုပ်ကာ ကြမ်းကြမ်းတမ်းတမ်း ဆုတ်ဖြဲဖွင့်ဟသည်။
ဝမ်လင်းရှေ့ရှိ ဟင်းလင်းပြင်မှာ တုန်ခါ၏။ သူ၏ရှေ့တွင် အက်ကြောင်းအဟတစ်ခု ပွင့်ဟလာသည်။ လက်ဝါးချက်မှာလည်း ဆုတ်ဖြဲခြင်း ခံရလေသည်။
ချက်ခြင်းလိုလို ဝမ်လင်း၏နောက်၌ ရှေးလူအရိပ်ပေါ်လာသည်။ ဤအရိပ်သည် အရင်နှင့် မတူတော့ပေ။ ၎င်းမှာ ဦးခေါင်းတစ်လုံးသာ ရှိတော့သည် မဟုတ်ဘဲ ရေးတေးတေးခန္ဓာကိုယ်တစ်ခုကိုပါ ပိုင်ဆိုင်နေလေပြီ။
ထိုခန္ဓာကိုယ်သည် ရှေးလူ၏ခန္ဓာကိုယ် ဖြစ်၏။ ဝမ်လင်းက ယဲ့မို၏အနှစ်သာရသွေးရှစ်စက်ကို လုံလောက်စွာ မသန့်စင်ရသေးသော်လည်း ၎င်းမှာ ပေါ်လာခဲ့လေပြီ။
သည်ရှေးလူ၏ပုံရိပ်ကလည်း ၎င်း၏လက်နှစ်ဖက်ကို ဖြန့်ကား၍ ဝမ်လင်း၏လှုပ်ရှားမှုအတိုင်း လက်ဝါးချက်ကို ဆုတ်ဖြဲပစ်သည်။
အံ့မခန်းစွမ်းအားတစ်ခုက ၎င်းလက်ဝါးကို ဆုတ်ဖြဲပစ်သည်။
အုပ်စိုးသူ၏လက်ဝါးချက် ပျက်စီးသွားရလေ၏။
ပုံရိပ်ယောင်ဓားခြောက်လက်မှာလည်း တစစီဖြစ်ကာ ဝမ်လင်း၏ခန္ဓာကိုယ်တွင်းသို့ အစိတ်အပိုင်းများအဖြစ် ပြန်ဝင်ရောက်သည်။ ဝမ်လင်း၏လက်နှစ်ဖက်မှာ သွေးအလိမ်းလိမ်း ဖြစ်နေသည်။ ထိုမန္တာန်၏စွမ်းအားက သူ၏လက်ချောင်းများပေါ်တွင် မှီတည်ပေသည်။
ဝမ်လင်း၏နောက်ရှိ ရှေးလူအရိပ်သည်ပင် ရုတ်တရက် ပျက်စီးသွားသည်။
ဝမ်လင်းက နောက်သို့ လွင့်ထွက်သွား၏။ သူက သွေးများစွာ အန်ထုတ်ရသလို သူ့ခန္ဓာကိုယ်ထံမှ သွေးအမြောက်အမြား ပန်းထွက်သည်။ သူ၏မျက်နှာမှာ ဖြူရောနေ၏။ သို့သော်ငြားလည်း သူ့မျက်လုံးထဲရှိ ရူးသွပ်မှုက ကွယ်ပျောက်ကာ တည်ငြိမ်မှုအစားထိုး ဝင်ရောက်လာသည်။
“ဒါဟာ ဆန်းကြယ်အတိဒုက္ခကို ဝင်ရောက်သွားပြီးဖြစ်တဲ့ ဆန်းကြယ်လေဟာနယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားပဲ။ လီကောင်းရဲ့လေး မရှိရင် ငါဟာ ဒီအဆင့်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး…”
ဝမ်လင်းသည် နောက်သို့ တရွတ်တိုက် ဆုတ်နေရစဉ် နာကျင်မှုများ ပြင်းထန်နေ၏။ သူ၏မူလစိတ်ဝိညာဉ်သည်ပင် တန်ပြန်တုန်ခါလှိုင်းကြောင့် ထိခိုက်ခဲ့ရသည်။
ထိုအဖြစ်အပျက်များသည် မြန်ဆန်လွန်း၏။ လက်ဝါးက ကွယ်ပျောက်သွားပြီ ဖြစ်သော်လည်း အုပ်စိုးသူက ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူသည် ဝမ်လင်းအနေဖြင့် တတိယကြိမ်မြောက်လေးကို မဆွဲတင်နိုင်တော့သည်ဟု နောက်ဆုံးတွင် သေချာသွားတော့သည်။ ခုချိန်၌ သူ့ထံတွင် အပူအပန်မရှိတော့ပေ။ သူက ဝမ်လင်းထံ ရက်စက်လိုဟန် ပြုံး၍ လှမ်းလာသည်။
“ဝမ်လင်း… ဒီတစ်ကြိမ် မင်း ဘယ်နေရာကို ပြေးအုံးမလဲ ငါ မြင်ချင်မိတယ်။ ငါ ဒီကြယ်အဖွဲ့အစည်းကို ချိပ်ပိတ်ထားခဲ့ပြီး ဖြစ်တယ်။ မင်း မလွတ်မြောက်နိုင်တော့ဘူး…”
အုပ်စိုးသူက ပျော်နေ၏။ သည်လိုနေ့အတွက် သူသည် သုံးနှစ်တာ စောင့်နေခဲ့ရသည် မဟုတ်လား။
အုပ်စိုးသူ နီးကပ်လာစဉ် အကွာအဝေးတစ်ခုထံမှ တဝီဝီအသံများ ပဲ့တင်ထပ်၏။ လှိုင်းဂယက်များ ပျံ့လာကာ ခုနစ်ယောက်မြောက်ကိုယ်လုပ်တော်သည် သုန်မှုန်စွာ လှမ်းထွက်လာသည်။ တစ်ချိန်တည်းမှာ တာအိုသခင်မြောင်ယင်၊ မိစ္ဆာသခင်ကောင်းကင်ကိုးခုတို့မှာ မတူညီသောအရိပ်ကနေ ဝမ်လင်းထံ ဦးတည်လာကြသည်။
ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ သခင်ငါးပါးထဲမှ သုံးယောက်၊ ခုနစ်ရောက်မြောက်ကိုယ်လုပ်တော်။ သူတို့ထဲမှ မည်သူမဆို အတွင်းနှင့်အပြင်နယ်မြေကို ကိုင်လှုပ်နိုင်၏။ သို့သော် သည်အခိုက်အတန့်၌ သူတို့လေးယောက်လုံးက ဝမ်လင်းကို သတ်ဖို့ ရောက်လာကြပေပြီ။
သူတို့လေးယောက် ထွက်ပေါ်လာသည်ကို မြင်သည့်အခါ ဝမ်လင်း၏မျက်လုံးတို့သည် အေးစက်လာ၏။ သူက သည်လေးယောက် ပေါ်လာမည့်အချိန်ကို စောင့်နေခြင်းပင်။ သို့မှသာ သူ့အစီအစဉ်၏ ပထမဆုံးခြေလှမ်းကို ပြီးမြောက်အောင် လုပ်နိုင်မည် ဖြစ်သည်။
ပြင်ပနယ်မြေ(ဝါ) ရှေးဟောင်းကြယ်အဖွဲ့အစည်းကို ဖျက်စီးပစ်လိုက်ပါက သည်လှိုဏ်ဂူလောကတွင် ဗရမ်းဗတာများ ဖြစ်ကုန်လိမ့်မည်ပင်။ ထိုအခါ စွမ်းအားများသည် ဆက်လက်၍ ဟန်ချက်ညီတော့မည် မဟုတ်ပေ။ ဤသည်မှာ ဝမ်လင်းအစီအစဉ်၏ ပထမဆုံးခြေလှမ်းဖြစ်၏။ သို့သော် သူက ဤသို့လုပ်ခြင်းသည် ရှေးဟောင်းကြယ်အဖွဲ့အစည်း၌ သူ့ကိုပါ ပိတ်မိနေစေပြီး အမဲလိုက်ခံရမည်ကို မည်သို့ သဘောမပေါက်ဘဲ ရှိပါ့မည်နည်း။
သူ့မျက်လုံးက အရောင်တောက်နေ၏။ အုပ်စိုးသူ နီးကပ်လာစဉ် ဝမ်လင်းက ရုတ်တရက် ရပ်တန့်၏။ သူ့ဘယ်လက်ကို ဆန့်ထုတ်လိုက်ရာ လီကောင်း၏လေး ပေါ်လာတော့သည်။
ထိုအခါ အုပ်စိုးသူ၏အမူအရာမှာ ကြီးစွာ ပြောင်းလဲသွား၏။ သူက အလိုလို ရပ်မိသွားပြီး နောက်ဘက် ပေတစ်ထောင်ကျော်ထိပင် ပြန်ဆုတ်မိသည်။ သူ၏မျက်လုံးထဲ၌ မယုံကြည်နိုင်မှု၊ တုန်လှုပ်မှုတို့ ပြည့်နှက်လာသည်။
“မဖြစ်နိုင်ဘူး။ မင်းမှာ မြားနှစ်ချက်ပစ်နိုင်စွမ်းပဲ ကျန်တော့တာ။ ငါ မမှားနိုင်ဘူး။ မဖြစ်နိုင်ဘူး။ မင်းဟာ ဒီလေးကို ထုတ်ယူလိုက်တာဟာ ငါတို့ကို အရူးလုပ်ဖို့ပဲ ဖြစ်ရမယ်။ မင်း ဒီလေးကို ဆွဲတင်နိုင်တော့မှာ မဟုတ်ဘူး…” အုပ်စိုးသူက လက်မခံနိုင်ပေ။ သူက သူ့အစီအစဉ်သည် ထပ်ခါထပ်ခါ မှားနေသည်ကို လက်မခံနိုင်ပေ။ သည်လို ရိုက်ချက်က သူ့ကို သေလုမြောပါး ဖြစ်စေနိုင်၏။ သူ၏ ယုံကြည်မှုကို ချိုးဖျက်နိုင်၏။ သူ့တာအိုနှလုံးသားကို လှုပ်ခါစေနိုင်၏။
သည်အခိုက်တွင် အုပ်စိုးသူသည်သာမက ခုနစ်ရောင်ယောက်ကိုယ်လုပ်တော်ပါ ရပ်တန့်သွား၏။ သူမက ဆက်၍ ရှေ့ဆက်မတိုးတော့ပေ။ တာအိုသခင်မြောင်ယင်နှင့် မိစ္ဆာသခင်ကောင်းကင်ကိုးခုတို့မှာလည်း ရပ်တန့်သွားသည်။ သူတို့၏အမူအရာများသည် ကြီးစွာ ပြောင်းလဲသွား၏။
အုပ်စိုးသူ၏မျက်နှာမှာ ဖြူရောသွားပြီးနောက် သူ၏မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်လာသည်။ သူက ဝမ်လင်းထံ လှမ်း၍ အော်ဟစ်လိုက်၏။ “မင်းက ဆန်းကြယ်သလိုလို ဟန်ဆောင်နေတာပဲ…”
သို့ပေမည့် သူ အော်ဟစ်နေရင်း ရုတ်တရက် ရပ်တန့်သွား၏။ သူက ဝမ်လင်း၏ညာလက်က လေးကြိုးကို ဆွဲတင်လိုက်သည်ကို တွေ့မြင်လိုက်ရပေပြီ။
တစီစီအသံ ထွက်ပေါ်သည်။ ထိုအသံက အုပ်စိုးသူကို ထိတ်လန့်စေသည်။ လွန်ခဲ့သော သုံးနှစ်က သည်မြားချက်ကြောင့် သူ သေဆုံးခဲ့ရသည့်မှတ်ဉာဏ်ကို မဖိနှိပ်ထားနိုင်တော့ပေ။
“မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး…။ မငသ်း ဒီလေးကို ဆွဲတင်နိုင်ရင်တောင် မြား ပေါ်လာဖို့ လုံလောက်တဲ့ စွမ်းအင် မင်းမှာ မရှိတော့ဘူး…” အုပ်စိုးသူက နောက်သို့ ဆုတ်၏။ သူ၏မျက်နှာမှာ သေလောက်အောင် ဖြူရောနေသည်။
သို့ပေမည့် ထိုအခိုက်၌ ဝမ်လင်း၏ဆွဲတင်လိုက်သော လေးကြိုးပေါ်တွင် တစ္ဆေအလင်းလင်းလက်သွားကာ အသက်ဓာတ်အားလုံးကို ဖိနှိပ်မည့် မြား ထွက်ပေါ်လာသည်။
ထိုလေးကို ကိုင်၍ သူက အုပ်စိုးသူနှင့် ရောက်ရှိလာသော တခြားသုံးယောက်ကို မြဲမြံစွာ ကြည့်၏။ သူ့ဘယ်လက်ကို ပင့်မြှောက်ကာ အုပ်စိုးသူထံ မြားကို ချိန်ရွယ်လိုက်တော့သည်။
မြားဖြင့် အချိန်ခံလိုက်ရသည့်အခါ အုပ်စိုးသူမျက်နှာမှာ သေလောက်အောင် ဖြူရောသွား၏။ သူ့၏အစီအစဉ်များမှာ ဝမ်လင်းနှင့် ပတ်သတ်သည့်အခါ ထပ်ခါထပ်ခါ ပြိုလဲခဲ့ရ၏။ သည်တစ်ကြိမ်၌ သူသည် သေချာနေခဲ့တာတောင်မှ အဆုံးသပ်၌ သူ ထပ်မှားရပြန်ပြီ။
“ဒီအဘိုးအိုက ဒါကို ယုံဖို့ ငြင်းဆန်တယ်။ ဒါတွေအားလုံးဟာ အတုအယောင်ပဲ။ မင်းက မြားကို ဆင့်ခေါ်နိုင်ပေမယ့် မင်းမှာ ဒီမြားကို ပစ်နိုင်တဲ့ ကောင်းကင်ဘုံစွမ်းအင် မရှိတော့ဘူး။ ငါ ဒါကို မယုံနိုင်ဘူး။ ငါ ဒါကို လက်မခံနိုင်ဘူး…” အုပ်စိုးသူ ရူးသွပ်သွားလေပြီ။ သူသည် နောက်ဆုတ်ရမည့်အစား ဝမ်လင်းထံ တရကြမ်း တိုးဝင်လာတော့၏။ သူ၏အမူအရာမှာ ရှုံ့တွနေပြီး သူ့လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေကာ ဧရာမလက်ဝါးချက်ကို ထပ်မံ ပေါ်လာစေသည်။
ထိုလက်ဝါး၏နောက်တွင် ကြီးမားသည့်ပုံရိပ်ယောင်ရေတွင်းတစ်ခုလည်း ကပ်ပေါ်လာ၏။ ထိုရေတွင်းက ရုတ်တရက် ပျံ့နှံ့ကာ ပတ်ဝန်းကျင် ကြယ်အဖွဲ့အစည်းသည် ၎င်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်ဟု ထင်ရသည်။
တစ်ချိန်တည်းမှာ တောက်ပသော အနီရောင်နေမင်းက သည်ကြယ်အဖွဲ့အစည်းတွင် ပေါ်လာသည်။ မူလဥပဒေသစွမ်းအား ထွက်ပေါ်လာပြီ။
အုပ်စိုးသူ ရူးသွပ်သွားလေပြီ။ သူက ရှေ့တိုးလာရင်း သူ့နှဖူးကို လက်ဖြင့် ပြန်ရိုက်၏။ လက်သီးစုပ်ခန့် အရိုးပုတီးစေ့တစ်လုံးသည် သူ့နှဖူးထံမှ ရုတ်တရက် ထွက်လာ၏။ ထိုအရိုးပုတီးစေ့က မီးခိုးရောင်ရှိပြီး အဖြူရောင်တောက်ပမှုကို ပေးစွမ်းသည်။ ၎င်း ပေါ်လာသည့်နောက် အုပ်စိုးသူ၏ စွမ်းအားသည် ဆထက်ထပိုး တိုးတက်လာကာ သူသည် ဝမ်လင်းထံ တန်းတန်းမတ်မတ် ဝင်ရောက်လာချေသည်။
“ငါ သင် ယုံအောင် လုပ်ပေးမယ်။ သင် မှတ်မှတ်ထင်ထင် ဖြစ်သွားအောင် လုပ်ပေးမယ်…” ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ တခြားသူများက သူ၏အကြည့်ထဲရှိ ရွှေရောင်အလင်းကို မမြင်နိုင်တော့ပေ။ သူက ညာလက်ဖြင့် လေးကြိုးကို နည်းနည်းထပ်ဆွဲတင်ပြီးနောက် ရုတ်တရက် ဖြေလျှော့လိုက်တော့သည်။
သူ လက်လွှတ်လိုက်သည်နှင့် မြားချက်က ကောင်းကင်ဖျက်စီးမည့်အလင်းတန်းအလား ထိုးထွက်လာတော့သည်။
လက်ဝါးချက်မှာ ချက်ခြင်း ပျက်စီး၍ မြား၏ထွင်းဖောက်ခြင်း ခံရသည်။ လှိုင်းဂယက်များသည် ရေတွင်းအနှံ့ ပဲ့တင်ထပ်ကာ မြားက ဖြတ်သန်းသွားစဉ် အနှီရေတွင်းလည်း တစစီ ဖြစ်သည်။
နေမင်းသည်လည်း ထိုမြား ဖြတ်သန်းသွားသည်ကို ဟန့်တားနိုင်စွမ်း မရှိပေ။ မြားက ပြင်းထန်သောအဖျက်အစီးအားကို သယ်ဆောင်ကာ မျှော်လင့်ချက်မဲ့နေသော အုပ်စိုးသူထံ ပျံသန်းလာတော့သည်။
“ဒါ မဖြစ်နိုင်ဘူး…” ထိုမြားချက်က မြန်လွန်း၏။ ချက်ခြင်းပင် အုပ်စိုးသူကို ဖြတ်ကျော်သွားသည်။ သူ၏ခန္ဓာကိုယ်သည် မြား ဖြတ်သန်းသွားသည့်အခါ တုန်ယင်၏။ သူ့ခန္ဓာကိုယ် ပျက်စီးကာ သူ့ခန္ဓာအစိတ်အပိုင်းများသည် ကီလိုမီတာသောင်းချီထိ လွင့်ထွက်သွားသည်။
တာအိုသခင်မြောင်ယင်နှင့် မိစ္ဆာသခင်ကောင်းကင်ကိုးခုတို့မှာလည်း သွေးအန်ရပြီး သူတို့၏ခန္ဓာကိုယ်များလည်း ပျက်စီးသွားသည်။ သူတို့၏မူလစိတ်ဝိညာဉ်များသည် ထွက်ပြေးမည့်အခါ၌ ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ဖမ်းဆီးလိုက်သည်။
ခုနစ်ယောက်မြောက်ကိုယ်လုပ်တော်သည်သာ သွေးအန်ပြီး မြားချက်ကြောင့် ဒဏ်ရာအပြင်းအထန် ရသွား၏။ ကောင်းကင်ဘုံကိုယ်လုပ်တော်တစ်ယောက်အနေဖြင့် သူမထံ၌ အသက်ကယ်ရတနာတစ်ခုရှိ၍ ကံကောင်းထောက်မစွာ ရှင်သန်နိုင်ခဲ့သည်။
မြားချက်က တဝီဝီ ဖြတ်သန်းသွားပြီးနောက် အုပ်စိုးသူ၏ အသွေးအသားများသည် မြန်ဆန်စွာ ပြန်ဖွဲ့စည်းကာ နောက်တဖန် အသက်ပြန်ရှင်လာသည်။ သူက ဖြူရောနေ၏။ သူသည် ဝမ်လင်းကို ကြောက်လန့်စွာ ကြည့်မိသည်။ သည်အခိုက်၌ သူသည် ဝမ်လင်းထံ၌ မြား အချက်ရေ မည်မျှ ပစ်နိုင်သည်ကို မတွက်ချက်ဝံ့တော့ပေ။
တုံ့နှေးမနေဘဲ အုပ်စိုးသူက လွန်ခဲ့သောသုံးနှစ်တုန်းကကဲ့သို့ နောက်မလှည့်တန်း အရူးအမူး ထွက်ပြေးသွားတော့သည်။
ထိုအခိုက်၌ ကြောက်မက်ဖွယ်ခုနစ်ရောင်စုံအလင်း မြင့်တက်လာခဲ့သည်။ တစ်စုံတစ်ယောက်က သည်ခုနစ်ရောင်စုံအလင်းကို အသုံးပြု၍ ရောက်ရှိလာပြီး ဒီကြယ်နယ်မြေကို လင်းထင်းစေလိုက်သည့်အလား။