← Chapters

သိမြင်နားလည်မှုနတ်သစ်ပင်

Vol. 016 Ch. 1529

သိမြင်နားလည်မှုနတ်သစ်ပင်

Vol. 016 Ch. 1529

တစ်ဖက်လူများ မည်သို့တွေးမည်ကို ရီဖူရှင်း အလေးမထားပေ။ ဤသို့သော အခွင့်အရေးကား အလွယ်မရနိုင်။ သူသည်လည်း သေချာပေါက် လမ်းစဉ်သစ်သီးများကို ရသမျှ စုဆောင်းရပေမည်။ သစ်သီးကား ရှန့်ထိုအဆင့်များကို တန်ခိုးအဆင့်အမြင့်ဆုံးသို့ ဆွဲတင်နိုင်၏။ ထို့ကြောင့် သူ့အနေဖြင့် များများရလေ ကောင်းလေပင်။

သည်ခရီးတွင် အားလုံးက အချင်းချင်းယှဉ်ပြိုင်တိုက်ခိုက်ကာ အခွင့်အလမ်းများကို ရှာဖွေကြရသည်။ သူသည်လည်း ခြွင်းချက်မရှိပေ။

အအေးလှိုင်းများ တဖန်ရိုက်ခတ်လာသည်ကိုမြင်လျှင် ရီဖူရှင်း၏မျက်လုံးများမှ ကြောက်မက်ဖွယ်အရောင်အဝါဖြင့် ဓားတစ်လက်ထွက်ပေါ်လာ၏။ သူက ရှေ့ကို တက်သွားလျှင် မမြင်ရသော ဓားအားလှိုင်းသည် အရာအားလုံးကို ဖြတ်တောက်တော့မည့်ဟန်ရသည်။

နတ်နန်းတော်မှ တပည့်များသည် ကောင်းကင်နှင့်မြေပြင်အကြား ပျံ့လွင့်နေသော ဓားအသိများအား ခံစားမိလျှင် မသက်မသာ ခံစားကြရ၏။ ရီဖူရှင်းက သူတို့အား သက်ညှာမည်မဟုတ်သည်ကို ခံစားရသည်။ သို့သော်လည်း သူတို့က လမ်းစဉ်သစ်သီးများကို သည်အတိုင်းသာ ပေးလိုက်ပါက နတ်နန်းတော်၏ဂုဏ်သိက္ခာမှာ အကြီးအကျယ် ကျဆင်းရပေလိမ့်မည်။

“တိုက်ကြ...” အသံတစ်သံနှင့်အတူ ပြင်းထန်သော အားလှိုင်းများ ဖြစ်ပေါ်လာ၏။ ကြည့်ရသည်မှာ သူမတို့က တစ်ဖန် ကြိုးစားတိုက်ခိုက်လိုဟန်ရသည်။

ဟူး..

ထိုအခိုက်တွင် ရီဖူရှင်း၏ခန္ဓာကိုယ်သည် အရိပ်သဏ္ဌာန်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ တစ်စုံတစ်ယောက်ကား မည်သို့မှ မတုန့်ပြန်ရသေးမှီတွင်ပင် အရိပ်သည် သူမရှေ့ကို ရောက်လာကာ လက်ညိုးဖြင့် တိုက်ခိုက်လိုက်သည်။ ထိုနတ်နန်းတော်တပည့်မသည် တိုက်ခိုက်လိုသော်လည်း တစ်ဘက်လူကား မြန်လွန်း၏။

ဝုန်းခနဲမြည်သံနှင့်အတူ တစ်ဘက်လူသည် သူမရှေ့မှ ပျောက်ကွယ်သွားကာ တခြားနေရာအနှံ့များ၌ တစ်ရိပ်ရိပ်ရွေ့လျားသွားသည်။

စက္ကန့်ပိုင်းမျှသာကြာခဲ့ပြီး ရီဖူရှင်းသည် မူလနေရာသို့ ပြန်ရောက်လာခဲ့သည်။

ထို့နောက်တွင် သူဖြတ်သွားခဲ့သောနေရာများမှ အဆက်မပြတ်သော ပေါက်ကွဲမှုများနှင့်အတူ နတ်နန်းတော်တပည့်မများ စုစည်းထားသော အားအင်များအားလုံး ပျက်ပြယ်သွားခဲ့ပြီး မရေမတွက်နိုင်သော ဓားစွမ်းအားများသာ ထိုနေရာ၌ ကျန်နေတော့သည်။

ဝေါ့...

တစ်ယောက်ပြီး တစ်ယောက် ညည်းသံများ ထွက်ပေါ်လာသည်။ သူ၏ဓားချက်အား မည်သူမှ မခံနိုင်။ လုချင်းယောင်ကား သူတို့အထဲတွင် ရပ်ကာ ရီဖူရှင်းကို စိုက်ကြည့်နေ၏။ တစ်စုံတစ်ယောက် ဒဏ်ရာရသွားသည်ကို သူမ ကောင်းကောင်း ခံစားမိသည်။

နတ်နန်းတော်မှ မည်သည့်တပည့်မှ သူ၏ဓားတစ်ချက်ကို မခုခံနိုင်ပေ။

“နတ်မိမယ်တို့က ရှေ့ဆက်မယ်ဆိုရင် နောက်ဓားချက်က ပိုပြင်းထန်တော့မှာပဲ” ရီဖူရှင်းက ပြောသည်။ လုချင်းယောင်၏မျက်နှာက မဲမှောင်လာ၏။ သူမက လက်ကို ဆန့်တန်းလိုက်လျှင် လက်ဖဝါးပေါ်တွင် လမ်းစဉ်သစ်သီးတစ်လုံး ပါလာသည်။

“တစ်လုံးတည်းလား...” ရီဖူရှင်းက လုချင်းယောင်ကို ကြည့်ကာ မေးသည်။ နတ်သစ်ပင်သည် နတ်စမ်းချောင်းကိုပင် မွေးဖွားစေရာ တစ်လုံးထက်ပိုသော သစ်သီးများ ရှိရပေမည်။

လုချင်းယောင်၏မျက်နှာက ပိုမိုမည်းမှောင်လာခဲ့လျှင် ရီဖူရှင်းက ပြုံးလျှက်ပြောသည် “တကယ်လို့ ကျုပ်က ကိုယ်တိုင်ရှာရရင် နတ်မိမယ်အတွက် မကောင်းနိုင်ပါဘူး”

သူမက လက်ကို ဝှေ့ယမ်းလိုက်လျှင် လက်ထဲတွင် နောက်ထပ် သစ်သီးနှစ်လုံး ပေါ်လာသည်။ သူမက သစ်သီးများအား ရီဖူရှင်းထံသို့ ပစ်ပေးလိုက်၏။

ရီဖူရှင်းက သစ်သီးများအား ဖမ်းယူကာ သိမ်းဆည်းလိုက်၏။ သစ်သီးများမှာ ရှားရှင်းယွန်အတွက်ဖြစ်သည်။

လုချင်းယောင်ကား သစ်သီးများကို ရီဖူရှင်းကို ပေးပြီးနောက်တွင် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ တစ်ဘက်သို့လှည့်ကာ ထွက်သွားတော့သည်။ လက်ရှိတွင် သူမ၏စိတ်အခြေအနေကို ခန့်မှန်းနိုင်ပေသည်။

အားလုံးကလည်း ရီဖူရှင်းကို အေးစက်စွာ ကြည့်ကာ လုချင်းယောင်နောက်သို့ လိုက်ပါသွားကြတော့သည်။

ရီဖူရှင်းလည်း သူတို့ကို ဂရုမစိုက်တော့ပါချေ။ သစ်သီးများကား သူလိုအပ်သော အရေအတွက်အတိုင်းပင်။

ဝမ်ရှိုးရီနှင့်လော့ယွဲ့တို့မှာ ထုံထိုင်းနေဟန်ရသည်။ သူသည် သူတို့သိသော ထိုက်ရွှမ်တောင်မှ နှိမ့်ချတတ်ကာ စိတ်သဘောထားနူးညံ့သော ရှန်ကျင်းလား။

ယခုကား လွန်စွာ ကွဲပြားခြားနားနေလေပြီ။

သူတို့နှစ်ယောက်မှာ ကွဲပြားခြားနားသူများအလား။ စမ်းသပ်ခြင်းနယ်မြေသို့ ရောက်လာပြီးမှ ရီဖူရှင်းကား အခြားတစ်ယောက်အဖြစ်သို့ လုံးလုံး ပြောင်းလဲသွားခဲ့လေသည်။

ဖီးနစ်လေးသည် ရီဖူရှင်းအနီးသို့ ချဉ်းကပ်လာခဲ့ကာ သူ့အား သနားစဖွယ်မျက်လုံးများဖြင့် ကြည့်သည်။

“မင်း ဘာကို ကြည့်တာလဲ” ရီဖူရှင်းက သူမအား ကြည့်ကာ မေးသည်။

“လူတိုင်း လမ်းစဉ်သစ်သီးကို လိုအပ်တယ်” ဖီးနစ်လေးက လေသံပျော့လေးဖြင့် ပြောသည်။ သူကား သစ်သီးသုံးလုံးပင် ရရှိခဲ့ကာ တစ်လုံးလေးမျှပင် သည်ချစ်စရာဖီးနစ်လေးအား မစွန့်ကျဲလိုသလား။

ရီဖူရှင်းသည် သူမအား လျစ်လျူရှုကာ တစ်ဘက်ကို လှည့်သွားသည်။ သူက တီးတိုးပြောသည် “ငါ့မှာ သစ်သီး မလောက်ဘူး”

“ရှင် ပေးမယ့်သူက ယောက်ျားလား မိန်းမလား” ဖီးနစ်လေးက ပြေးလိုက်လာရင်း မေးသည်။

“မိန်းကလေး...” ရီဖူရှင်းက ပြန်ပြောသည်။

“သိသားပဲ...” ဖီးနစ်လေးက ရီဖူရှင်းအား ကြည့်ကာ တီးတိုးပြောသည် “ကျွန်မလည်း ရှင့်မိတ်ဆွေပဲလေ။ ဘာလို့ တစ်လုံးလောက်တောင် မရတာလဲ”

သူမက မလှလို့လား။

ချစ်စရာမကောင်းလို့လား။

“မင်း...” ရီဖူရှင်းက ပြန်ကြည့်လျှင် ဖီးနစ်လေးက သိမ်မွှေ့စွာ ပြုံးနေသည်ကိုမြင်၏။ သူမ၏အပြုံးတွင် ဆွဲဆောင်ဟန်လေးပင် ပါလိုက်သေး။ ရီဖူရှင်းကား စိတ်ညစ်စွာဖြင့်ပြောသည် “စိတ်မကောင်းပါဘူး... ငါတို့က အဲလိုမိတ်ဆွေအဆင့်မဟုတ်သေးဘူး”

သူက နောက်လှည့်ကာ ဆက်သွားလိုက်သည်။

“ရှင် … အရူးကြီး...” ဖီးနစ်လေးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထိုသစ်သီးအား ရရန်မှာ မျှော်လင့်ချက်မရှိတော့။

သူကား သူမကို သစ်သီးတစ်လုံးပေးရန်ပင် ငြင်းဆန်ခြင်းဖြင့် အသည်းမာလွန်းလှသည်။

သူတို့သည် လမ်းတစ်လျှောက် ကြုံရင် ကြုံသလို လုယက်ခဲ့ကြ၏။ ထိုအထဲတွင် လမ်းစဉ်သစ်သီးများလည်း ပါဝင်ခဲ့ပြီး ရီဖူရှင်းသည် ပိုမိုသော သစ်သီးများကိုပင် စားသုံးခဲ့သေး၏။

ယခု သူကား အနည်းငယ်ပင် ဝလင်သလို ခံစားနေရသည်။

တခြားသော အရပ်များတွင်လည်း ကျင့်ကြံသူများသည် အင်မော်တယ်ဖေ့နန်းတော်သို့ ဦးတည်သွားနေကြ၏။

သူတို့ အင်မော်တယ်ဖေ့နန်းတော်နှင့် နီးကပ်လေလေ ပိုမိုများပြားသော ကျင်ကြံသူများကို တွေ့လေလေပင်။။ အများစုမှာ ထိပ်သီးအင်အားစုများမှ ဖြစ်ကြပြီး အချို့မှာ နတ်နန်းတော်တပည့်များ ဖြစ်ကြသည်။

ရီဖူရှင်းတို့အုပ်စု တောင်ပေါ်သို့ တက်လာသည်တွင် အင်မော်တယ်ဖေ့နန်းတော်၏ပုံရိပ်မှာ ပိုမိုရှင်းလင်းလာခဲ့၏။ သူတို့အပေါ်မှ ကောင်းကင်သည် မဟာလမ်းစဉ်အရှိန်အဝါများဖြင့် ပြည့်နှက်နေကာ အပေါ်သို့ ရောက်လေလေ ပိုမိုအားကောင်းလေဖြစ်သည်။

ကြည့်ရသည်မှာ တောင်ထိပ်၌ တစ်စုံတစ်ခုရှိနေဟန်ရသည်။

“အဲဒါ ဘာလဲ...”

အင်မော်တယ်ဖေ့နန်းတော်၏အရှေ့တွင် ရှိနေသည်ကား ဧရာမနတ်သစ်ပင်ကြီးတစ်ပင်။ ပို၍ အံ့အားသင့်ဖွယ်ကောင်းသည်ကား နတ်သစ်ပင်တွင် ကွဲပြားခြားနားသော အရောင်များရှိနေပြီး ဧရာမသစ်ကိုင်းကြီးတစ်ခုစီ၏အရောင်များမှာ ကွဲပြားနေခြင်းပင်။ သစ်ကိုင်းများသည် အရပ်မျက်နှာမျိုးစုံသို့ ခွဲဖြာထွက်နေပြီး အလွန်လှ၏။

“သစ်ပင်က အရမ်းကြီးတာပဲ” ဖီးနစ်လေးက မော့ကြည့်ကာ ရေရွက်သည်။

“ဒီသစ်ပင်မှာ လမ်းစဉ်သစ်သီးမျိုးစုံရှိတယ်။ အမျိုးအစားအားလုံးပဲ...” ဝမ်ရှိုးရီက တီးတိုးပြောသည်။ သစ်ကိုင်းများတွင် သစ်သီးအမျိုးအစားများစွာတို့သည် ဝေဝေဆာဆာ သီးနေကြ၏။ သစ်ပင်တစ်ခုလုံးကား အားကောင်းသော လမ်းစဉ်စွမ်းအားများဖြင့် ပြည့်နှက်နေပေသည်။

ရှေးဟောင်းသစ်ပင်ဘေးနားတွင်ကား လူအများအပြား ရပ်နေကြသည်။ သစ်သီးတစ်လုံးစီရှေ့တွင် အနည်းဆုံး ကျင့်ကြံသူ တစ်ဦးမှသည် အများအပြား စောင့်ကြပ်နေကြ၏။ ထိုသစ်သီးများက သူတို့၏အပိုင်ဟု သတ်မှတ်ထားပြီးသားအလား…။

“နေမင်း၊လမင်းနဲ့ ကောင်းကင်တို့ရဲ့အဆီအနှစ်တွေက မွေးဖွားလာခဲ့တာတွေ…” ရီဖူရှင်းက မော့ကြည့်သည်။ အများအပြားက ထိုနေရာတွင် ရောက်နေပြီးဖြစ်ကာ စည်းတစ်ကြောင်းလည်း ရှိ၏။ တောင်ပေါ်နေရာကား တားမြစ်ထားသော နေရာဖြစ်ပေသည်။

တစ်စုံတစ်ယောက်သည် အတင်းသွားရောက်ရန် ကြိုးစားခဲ့သော်လည်း ကောင်းကင်ထက်မှ ရွှေရောင်အလင်းတန်းတစ်ခု ကျဆင်းလာခဲ့၏။ ထိုအလင်းတန်းကား လှံရှည်တစ်လက်ဖြစ်ကာ လေထုကို ခွင်းလျှက် ထိုလူအား ဖောက်ထွင်းသွားခဲ့သည်။

“ကိုက်ရှီ…”

ရီဖူရှင်းက ထိုလူအား ကြည့်လိုက်လျှင် ရီဖူရှင်းမြင်ဖူးသမျှ သစ်သီးများထက် များစွာကြီးမားသော ရွှေရောင်သစ်သီးတစ်လုံးအား စောင့်ကြပ်နေသော ရွှေရောင်ဝတ်စုံဝတ်လူတစ်ယောက်ကို မြင်သည်။ ထိုလူကား ကိုက်ရှီပင်ဖြစ်ပေသည်။ ကိုက်ရှီသည် တစ်စုံတစ်ခုအား လေ့လာဆင်ခြင်နေဟန်ရ၏။ သူကား သစ်သီးကို စားသုံးခြင်းမပြုဘဲ လေ့လာဆင်ခြင်နေခြင်းဖြစ်ပေသည်။

သူတစ်ယောက်တည်းသာမဟုတ် တခြားသော နာမည်ကျော်ပါရမီရှင်များလည်း ထိုနည်းတူ ပြုမူနေကြပေသည်။

“ဒဏ္ဌာရီထဲက သိမြင်နားလည်မှုနတ်သစ်ပင်ဆိုတာ တကယ်ပဲ ရှိမယ်လို့ မထင်ထားခဲ့ဘူး” ဝမ်ရှီုးရီက မှင်တက်စွာ ပြောသည်။ တစ်စုံတစ်ယောက်သည် သိမြင်နားလည်မှုသစ်ပင်ရှေ့တွင် ကျင့်ကြံနိုင်၏။ ကောလာဟလများအရ လမ်းစဉ်ပင်လယ်သည် သက်သေပြရန်နှင့် သိမြင်နားလည်ခြင်းများကို နတ်သစ်ပင်တွင်ရရှိပြီး ရန်ဟောင်ဖြစ်နိုင်ပေ၏။

ထို့အပြင် ပြောကြသည်မှာ နတ်သစ်ပင်မှ သီးသော ထိုသစ်သီးများသည် ပြန်လည်မွေးဖွားခြင်းအဆင့်များအား နတ်ဘုရားဝင်ရိုးဖန်ဆင်းရန် လုံလောက်သော အနှစ်သာရများပါဝင်သည်ဆို၏။

အခြားတစ်ဘက်တွင် လူတစ်စု ရှေ့ကို တက်လာကြ၏။ သူတို့ကား ရီဖူရှင်းနှင့် ဝမ်ရှိုးရီတို့အုပ်စုပင်။ ကျွင်းမူက သူတို့အား မယုံကြည်နိုင်စွာ ကြည့်သည်။ သူတို့လည်း ရောက်လာသည်လား။

သို့သော် ရှေ့သို့ ဆက်သွားရန်မှာကား ဖြစ်နိုင်ဖွယ်မရှိပေ။

အပေါ်မှလူများသည် သူတို့ပိုင်ဆိုင်သော အခွင့်အလမ်းများအား လုယက်ရန် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ သူတို့ကား သည်စမ်းသပ်ခြင်းခရီး၌ အထင်ရှားဆုံးသူများဖြစ်ကြကာ ၎င်းတို့အထဲတွင် နတ်နန်းတော်မှ နာမည်ကျော်များပင် ပါဝင်ပေသည်။

“ဝမ်ရှိုးရီ၊လော့ယွဲ့… သူနဲ့သွားခဲ့တဲ့ခရီးလမ်းက ဘယ်လိုလဲ” ကျွင်းမူက ရီဖူရှင်းတို့အဖွဲ့အား မေးသည်။ သည်ခရီးတွင် သူတို့သည် အကျိုးအမြတ်များစွာ ရရှိခဲ့သည်။

လော့ယွဲ့က ရီဖူရှင်းအား ကြည့်ကာ ဘာမှ မပြောပေ။ ရီဖူရှင်းသည် ထိုက်ရွှမ်တောင်မှာတုန်းက ဓားချက်အား ထုတ်ဖော်ခဲ့သည့်ဓားသမားဖြစ်သည်ကိုသာ ကျွင်းမူသိပါက သူမည်သို့ ခံစားရမည်နည်း။

“မင်းတို့သာ ဆန္ဒရှိရင် ကျုပ်တို့ အတူတူလက်တွဲနိုင်သေးတယ်” ကျွင်းမူက ဆက်ပြောသည်။ သူကား အပေါ်သို့ အတင်းတက်ရန် မိမိကိုယ်ကို သိပ်မယုံကြည်ပေ။ ပုံမှန်အားဖြင့် သူသည်လည်း နတ်သစ်ပင်အောက်တွင် ကျင့်ကြံလိုပေသည်။

“တိုက်ကြတော့မလို့လား” အေးစက်သော အသံတစ်သံအား ကြားရသည်။ ပြောလိုက်သည့်အုပ်စုကား တောင်ပေါ်သို့ တက်လာသည့် ရှီလင်နတ်မြို့မှ လောယို့မင်တို့အုပ်စုဖြစ်သည်။ သူတို့သာ မဟုတ် တခြားအုပ်စုများလည်း ရောက်လာနေကြသည်။

စမ်းသပ်ခြင်းခရီးကြမ်းကို ရောက်လာသူများအားလုံးသည် ဤနေရာ၌ လာရောက်ဆုံဆည်းကြပေလိမ့်မည်။

သူတို့ရောက်သည်နှင့် တောင်ထိပ်ပေါ်တွင် ရှိနေသော နန်းတော်အား မြင်နိုင်၏။

***

All Chapters