လေးစားမှုကိုဖော်ပြ
Vol. 14 Ch. 196
မျှော်စင်အပျက်အစီးများကြားတွင် လျှို့ဝှက်ပစ္စည်းတစ်ခု ရှိနေပုံရပြီး အတွင်းထဲမှ မှိန်ဖျော့မှောင်မိုက်သည့် အလင်းရောင်တစ်ခု ထွက်ပေါ်နေသည်ကို တွေ့မြင်ရသည်။
အပျက်အစီးများကို ခဏလောက်ကြည့်လိုက်ပြီး ရန်ကျောက်ကဲက လက်တစ်ဖက်ဆန့်ထုတ်ကာ ကွဲအက်နေသည့် ကျောက်တုံးများကို ဖယ်ရှားလိုက်ပြီး သူ၏ကြယ်တာရာချီစွမ်းအားကို ထုတ်လွှတ်လိုက်သည်။
ထိုအခါ သူ့ရှေ့တွင် အနက်ရောင်သလင်းကျောက်တစ်ခု ပေါ်လာသည်။
အနက်ရောင်သလင်းကျောက်ကို ခဏမျှ စိုက်ကြည့်လေ့လာသည့်အခါ အတွင်းထဲတွင် ခုန်လှုပ်နေသည့် ရောင်ဝါတစ်ခုကို ခံစားရသည်။ ထို့နောက် ရန်ကျောက်ကဲ လက်ချောင်းများကို ဆန့်ထုတ်ပြီး သလင်းကျောက်အပေါ်ယံလွှာကို အသာပုတ်လိုက်ပြီး အတွင်းထဲသို့ ကြယ်တာရာချီစွမ်းအားများထည့်သွင်းလိုက်သည်။
ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားများ အနက်ရောင်သလင်းကျောက်အတွင်း ဝင်ရောက်သွားပြီး သူ့ခန္ဓာကိုယ်တွင်းသို့ ပြန်လည်ဝင်ရောက်မလာမီ သလင်းကျောက်ထဲတွင် စက်ဝန်းပမာ လှည့်ပတ်နေသည်။
ထို့နောက် ကြယ်တာရာချီစွမ်းအားများက အနက်ရောင်သလင်းကျောက်ထဲမှ သန့်စင်သည့်ချီစွမ်းအားမျှင်တန်းများကို ဆွဲယူလိုက်သည်။
သူ၏ကြယ်တာရာချီစွမ်းအားများ ခန္ဓာကိုယ်ထဲ ပြန်လည်စီးဝင်လာသည့်အခါ အနက်ရောင်စီးကြောင်းတစ်ခုသည်လည်း သူ့လက်ချောင်းများမှတစ်ဆင့် စွမ်းအင်ဗဟိုချက်ချီပင်လယ်အတွင်းသို့ ကြယ်တာရာချီစွမ်းအားများနှင့်အတူ စီးဆင်းဝင်ရောက်လာသည်။
ထိုအနက်ရောင်စီးကြောင်းသည် ချွင်းချက်မရှိ သန့်စင်ပြီး အေးစိမ့်ခြင်းကို ဖြစ်ပေါ်စေသည်။
သို့သော် ထိုစီးကြောင်းမှ အေးစိမ့်မှုကို ခံစားလိုက်ရသည်နှင့် သူ့စိတ်များ မတည်မငြိမ်ဖြစ်လာပြီး တစ်စုံတစ်ခုက သူ့ကို ဆွဲငင်နေသည့်အလား မငြိမ်သက်မှုများက တဟုန်ထိုးလှုပ်ရှားလာသည်။
ရန်ကျောက်ကဲ စိတ်အာရုံထဲ ပုံရိပ်တစ်ခုပေါ်လာသည်။ ထိုပုံရိပ်က မှုံဝါးနေသည့်တိုင် အသွင်အပြင်က သူနှင့်တစ်ထပ်တည်းကျနေသည်။
ထိုပုံရိပ်နှင့် ရန်ကျောက်ကဲ အကြည့်ချင်းဆုံသွားသည့်အခါ ထိုပုံရိပ်က တစ်ခုခုမှားယွင်းနေသည်ကို ဖုံးကွယ်ထားခြင်းမရှိတော့ဘဲ မိစ္ဆာချီကို ထုတ်ဖော်ပြသသည်။
ထိုမြင်ကွင်းကို ပေါ့ပေါ့ပါးပါးပင်ကြည့်ရင်း ရန်ကျောက်ကဲက ရယ်မောလိုက်၏။
“အစီအရင်ပြောင်းပြန်လှည့်သွားပြီးတဲ့နောက် ကျန်ရစ်ခဲ့တဲ့ ပုံဆောင်ခဲတစ်ခုပဲ”
သူ၏ စွမ်းအင်ဗဟိုချက် ချီပင်လယ်အတွင်းမှ ကြည်လင်သန့်စင်သောချီစွမ်းအားများ ဘေးဘက်သို့ ပြန့်ကျဲသွားပြီး အတွင်းမှ ပရမ်းပတာချီအစုအဝေး ထွက်ပေါ်လာသည်။
ထိုပရမ်းပတာချီအစုအဝေးက သန့်စင်သည့် အနက်ရောင်ချီနှင့် ပေါင်းစပ်သွားပြီး ပရမ်ပတာဖြစ်မှု အရှိန်ပြင်းထန်လာကာ အဖြူရောင်အခိုးအငွေ့များထွက်ပေါ်လာပြီး အနက်ရောင်စီးကြောင်းနှင့် ပေါင်းစည်းရိုက်ခတ်သွားသည်။
မိစ္ဆာချီမှဖြစ်တည်လာသည့်ပုံရိပ်သဏ္ဍန်သည် ရန်ကျောက်ကဲစိတ်အာရုံအတွင်းမှ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ထို့နောက် ရန်ကျောက်ကဲက သူ၏ ကြယ်တာရာချီစွမ်းအားများကို အနက်ရောင်သလင်းကျောက်ထဲ ထပ်မံထည့်သွင်းလိုက်ရာ အတွင်းမှ သန့်စင်သောချီစွမ်းအားက ပိုမိုသိပ်သည်းလာသည်။ အနက်ရောင်စီးကြောင်းများစွာသည် ရန်ကျောက်ကဲ၏ လက်ချောင်းထိပ်ဖျားမျတစ်ဆင့် သွေးကြောဆုံချက်တစ်လျှောက်စီးဆင်းသွားပြီး စွမ်းအင်ဗဟိုချက်သို့ ဝင်ရောက်သွားကြသည်။
အနက်ရောင်ချီစီးကြောင်းများ ပိုမိုများပြားလာသည်နှင့်အမျှ ပရမ်းပတာချီစွမ်းအားများ ထုထည်ပိုမိုမြင့်မားလာသလို တဖြည်းဖြည်း ကျယ်ပြန့်လာသည်။
အချိန်အတန်ကြာပြီးနောက် အနက်ရောင်သလင်းကျောက်မှ ပဲ့တင်သံတစ်သံထွက်ပေါ်လာကာ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။
သလင်းကျောက် အပိုင်းအစများသည် နောက်ဆုံးတွင် လေနှင့်အတူလွင့်မျောကာ ဖုံမှုန့်များအဖြစ် ပြောင်းလဲကွယ်ပျောက်သွားတော့၏။
ရန်ကျောက်ကဲ၏ စွမ်းအင်ဗဟိုချက်ချီပင်လယ်အတွင်း ကျယ်ပြန့်လာနေသည့် ပရမ်းပတာချီအစုအဝေးသည် လျှင်မြန်စွာ ပြန်လည်ကြုံ့ဝင်သွားပြီး ဘာမှမဖြစ်သည့်အလား မူလအရွယ်အစားအတိုင်း တည်ငြိမ်နေသည်။
သို့ပေသိ ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားများ အရင်ကထက်ပိုမိုသန်မာလာပြီး စွမ်းအားချိတ်ဆက်မှုများလည်း ပိုမိုကောင်းမွန်လာသည်။ တစ်ချိန်တည်းပင် ဝိညာဉ်စွမ်းအားများ မြင့်တက်လာပြီး သူ ဆန္ဒရှိသလောက် ထုတ်ဖော်လှုပ်ရှားနိုင်စွမ်း ရှိလာသည်။ ယခုဆိုလျှင် ရန်ကျောက်ကဲသည် ရှန်ထျန်း နှောင်းပိုင်းအဆင့်သို့ အဆင့်တက်ရောက်ရန် ခြေတစ်လှမ်းသာလိုတော့၏။
ပရမ်းပတာချီစွမ်းအားများ ငြိမ်သက်သွားသည်နှင့် ကြည်လင်သည့်ချီစွမ်းအားများပြန်လည်ထွက်ပေါ်လာကာ ချီအစုအဝေးကို ဖုံးကွယ်ပေးလိုက်သည်။
ကျင့်ကြံပြီးသည်နှင့် ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။ မိစ္ဆာချီများ တဖြည်းဖြည်းကွယ်ပျောက်သွားသည့်အခါ ကြည်လင်လျှို့ဝှက်ရေကန်အောက်ခြေရှိ ရွှံနွံများအလယ် သူတို့ရောက်ရှိနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ အနီးတဝိုက်တွင် ရေများခမ်းခြောက်နေပြီး ကြီးမားသည့် ချိုင့်ခွက်ကြီးပမာ ဖြစ်ပေါ်နေသည်။
မိစ္ဆာချီများ ပျောက်ကွယ်သွားသည်နှင့် မိစ္ဆာချီနယ်မြေလည်း ပျက်ဆီးသွားပြီး ကြောက်မက်ဖွယ်ရာရောင်ဝါ၏ လွှမ်းမိုးခြင်းလည်း မခံရတော့ပေ။ ရေဖြတ်တောက်ခံထားရသည့် ချိုင့်ခွက်ကြီးအတွင်း အဝေးတစ်နေရာရှိကန်ရေပြင်မှရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာကြသည်။
အရှိန်အဟုန်ဖြင့် စီးဆင်းလာနေသည့် ရေစီးသံ ကျယ်လောင်စွာထွက်ပေါ်လာသည်ကို ရန်ကျောက်ကဲ ကြားလိုက်ရသည်။
လျိုရှန်းဖုန်းမှာတော့ ရွမ်ပင်းလက်ချက်ဖြင့် အသက်ထွက်သွားပြီ ဖြစ်သည်။ ရဲ့ကျုန်းကျိုး ၊ လီကျင်းဝမ်နှင့် အခြားသူများကတော့ တစ်ယောက်ကိုတစ်ယောက်ကူညီရင်း မတ်တတ်ရပ်နေကြသည်။
ရန်ကျောက်ကဲက လက်ဖဝါးတစ်ဖက်ကို တွန်းထုတ်လိုက်ပြီး ကြယ်တာရာချီစွမ်းအားများဖြင့် ဧရာမလက်ကြီးတစ်ဖက်ဖန်ဆင်းကာ ရဲ့ကျုန်းကျိုးနှင့်အခြားသူများကို ကောင်းကင်အမြင့်ထက်သို့ ခေါ်ဆောင်သွားသည်။
ထို့နောက် အရှိန်အဟုန်ပြင်းပြင်း ဝင်ရောက်လာသည့် ရေများကြောင့် သူတို့အောက်ခြေမှ ချိုင့်ဝှမ်းကြီးသည် ကန်ရေပြင်အဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့သည်။
သို့ပေသိ လက်ရှိ ကြည်လင်လျှို့ဝှက်ရေကန်သည် ယခင်ကနှင့် မတူတော့ပေ။
ဥပမာဆိုရသော်...
ကြည်လင်လျှို့ဝှက်ရေကန် အလယ်ပိုင်းဒေသတွင် ယခင်ကတည်ရှိခဲ့သော ကျွန်းငယ်များ ပျောက်ကွယ်သွားပြီး ရေကန်အောက်ခြေတွင် တစ်စုံတစ်ခု ပေါက်ကွဲခဲ့သည့် သင်္ကေတအဖြစ် ကြီးမားသည့် ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်ပေါ်နေသည်။
ကန်ရေပြင်ကို ငေးမျှော်ကြည့်ရင်း ရေကန်ကြီးသည် အရင်ကနှင့်လုံးဝမတူတော့ကြောင်း ရန်ကျောက်ကဲ ခံစားရသည်။
များစွာသော သိုင်းကျင့်ကြံသူများ ၊ အထူးသဖြင့် များစွာသောသိုင်းဆရာသခင်များ ကြည်လင်လျှို့ဝှက်ရေကန်ထက်တွင် ပြင်းထန်သည့်တိုက်ပွဲကြီးတစ်ခု ဖြစ်ပျက်ခဲ့လေရာ မိုင်ထောင်ပေါင်းများစွာအတွင်း သက်ရောက်မှုရှိပြီး ကောင်းကင်ပြင်ကနီရဲကာ မြေကြီးများလည်း ပြိုကျလျှက်ရှိသည်။
ကြည်လင်လျှို့ဝှက်ရေကန်၏ သမိုင်းဝင်အလှတရား ရှုခင်းများ ပျောက်ကွယ်သွားပြီး တစ်နှစ်ပတ်လုံး ကန်ရေပြင်ထက် ဖုံးလွှမ်းနေသော တိမ်တိုက်များလည်း လွင့်ပြယ်သွားပြီ ဖြစ်သည်။ ရေကန်ပတ်ဝန်းကျင်တွင် စီးဆင်းနေသည့် ဝိညာဉ်စွမ်းအားများသည်လည်း ပရမ်းပတာဖြင့် ကစဉ့်ကလျား ပြောင်းလဲသွားကြသည်။
တိုက်ပွဲမစတင်မီ လှိုင်းနက်ဂေဟာမှ တည်ဆောက်ထားသည့် အစီအရင်ကြောင့်သာမဟုတ်လျှင် ၊ ကြီးမားသည့်မိစ္ဆာချီအစီအရင်နှင့် ပြင်းထန်သည့်တိုက်ပွဲကြောင့် ကြည်လင်လျှို့ဝှက်ရေကန်မှာ ကမ္ဘာမြေမှ လုံးလုံးလျားလျား ပျောက်ကွယ်သွားနိုင်ပေသည်။
လေထုထဲတွင်ပျံသန်းနေရင်း ရန်ကျောက်ကဲစိတ်များ အနည်းငယ် တုန်ခါသွားသည်။ အဝေးတစ်နေရာမှ သူတို့ရှိရာသို့ လျှင်မြန်စွာချဉ်းကပ်လာနေသူများကို တွေ့မြင်လိုက်ရသည်။
ရောက်လာသူက အလွန်ထွားကျိုင်းသောလူတစ်ယောက်ဖြစ်ပြီး ရန်ကျောက်ကဲကို အော်ဟစ်နှုတ်ဆက်သည်။
“သခင်လေး... အရမ်းတော်တာပဲဗျို့”
ထိုသူမှာ အားဟူမှလွဲ၍ မည်သူဖြစ်ပါမည်နည်း။
ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...
“ကံကောင်းတာပါကွာ ၊ နည်းနည်းပါးပါး သတိထားရတာကလွဲရင် ဘာအန္တရယ်မှ မရှိဘဲ ပြဿနာတွေအားလုံး ဖြေရှင်းနိုင်ခဲ့တယ်လေ”
အားဟူ၏နောက်တွင် အမြူရောင်နှင့်အနက်ရောင်အမွှေးပွပွများဖြင့် မျက်လုံးတစ်ဝိုက် အနက်ရောင်အကွင်းများပါရှိသော ဧရာမသတ္တဝါကြီးတစ်ကောင်သည် အပြစ်ကင်းစင်ဟန်အပြည့်ဖြင့် ရန်ကျောက်ကဲထံသို့ ပြေးလွှာလာတော့သည်။
ထိုသတ္တဝါကြီးသည်ကား ပန်ပန်ပင် ဖြစ်သည်။ သူက ကျောပေါ်တွင်ထိုင်နေသည့် စစ်ခုန်ချင်း ပြုတ်ကျမည်ကို အရေးမစိုက်တော့ဘဲ ရန်ကျောက်ကဲထံ အရှိန်ဖြင့် ပြေးလာသည်။
ရန်ကျောက်ကဲက ပန်ပန်အနားသို့ရောက်လာမည်ကို ဝမ်းသာသည့်တိုင် ပန်ပန်၏ ကိုယ်လုံးဖြင့် အဖိခံရမည်ကိုတော့ ဝမ်းမသာနိုင်ပေ။ ထို့ကြောင့် လက်တစ်ဖက်ကိုအလျှင်အမြန်မြှောက်ကာ ပန်ပန်ကို တားဆီးလိုက်ရသည်။
သူက ပန်ပန်၏ ကြီးမားသောဦးခေါင်းကြီးကို ပွတ်သပ်လိုက်တော့ ပန်ဒါကြီးက လျှာကိုထုတ်ကာ ရန်ကျောက်ကဲ၏လက်ကို ညင်သာစွာလျက်နမ်းလိုက်သည်။
ကြည်လင်လျှို့ဝှက်ရေကန်က သူတို့မျက်စိရှေ့တွင်ပင် ရေများပြန်ပြည့်လာသည်။ အဝေးဆီတွင်တော့ မပြီးဆုံးသေးသည့် တိုက်ပွဲရှည်က ပြင်းထန်နေဆဲ ဖြစ်၏။ တိုက်ပွဲ၏ ဝိညာဉ်စွမးအားအတက်အကျများကိုခံစားရင်း စစ်ခုန်ချင်းမျက်ဝန်းများ တောက်ပသွားသည်။
ထို့နောက် စစ်ခုန်ချင်းက ရဲ့ကျုန်းကျိုးနှင့် အခြားသူများကို နှုတ်ဆက်စကားဆိုနေစဉ် ရန်ကျောက်ကဲက တစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။
ထိုအခါ သူ့ထံသို့လာနေသည့် ရွှီဖေးကို တွေ့လိုက်ရ၏။
ရန်ကျောက်ကဲနှင့် အခြားသူများအားလုံး ဘေးကင်းကြောင်းတွေ့မြင်လိုက်ရမှ ရွှီဖေးက စိတ်အေးစွာ သက်ပြင်းတစ်ချက်ချသည်။
ထို့နောက် သူက ရန်ကျောက်ကဲကို မေးလိုက်သည်။
“မိစ္ဆာချီနယ်မြေအစီအရင်ပြိုကျသွားပြီး ငရဲကိုးထပ်က ကြောက်စရာရောင်ဝါလည်း ပျောက်ကွယ်သွားတယ်... အဲဒါ ဘယ်လိုဖြစ်တာလဲ”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ကံကောင်းတာလေ ၊ ကံကောင်းတာ”
ရွှီဖေးက ရန်ကျောက်ကဲပခုံးကို လက်သီးဖြင့်ခပ်ဖွဖွထိုးလိုက်ရင်း...
“မင်း တော်ပါတယ် ၊ တကယ်ပဲ ဒီပြဿနာကို ဖြေရှင်းနိုင်ခဲ့တယ်”
သူက ဆက်ပြောသည်။
“ဒါက ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲက တိုက်ပွဲတွေထက် အများကြီးပိုအရေးကြီးတဲ့ကိစ္စလေ”
ရွှီဖေးက ရန်ကျောက်ကဲကို ချီးကျူးရင်း သက်ပြင်းချလိုက်သည်။
“ဒါက သိုင်းပညာရှင်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ မယုံနိုင်စရာပဲကွာ...”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“မင်းသိတဲ့အတိုင်းပဲလေ ဂိုဏ်းတူအစ်ကို’ရွှီ’ ၊ ငါ့မှာ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစတစ်ခု ရှိနေလို့ပါ ၊ မဟုတ်လို့ကတော့ အိမ်ရှင်မတစ်ယောက် ဆန်မပါဘဲ ထမင်းချက်သလို အတော်လေးခက်ခဲမှာပဲ”
ရွှီဖေးက ခေါင်းခါယမ်းရင်း...
“အဲဒါက အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုမဟုတ်ပေမယ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း အပိုင်းအစလေကွာ ၊ မင်းက သိုင်းပညာရှင်တစ်ယောက်အနေနဲ့ အဲဒါကို အပြည့်အဝထိန်းချုပ်နိုင်တာ တော်လွန်းနေပြီ ၊ ရန်သူနဲ့တိုက်ခိုက်တာနဲ့ မတူဘူးကွ ၊ မင်းကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ကောင်းကင်ပေါ်ကခုန်ချဖို့ ကြိုးစားမနေနဲ့”
သူတို့စကားပြောနေစဉ် အဝေးဆီမှ လူရိပ်တစ်ရိပ်ထွက်ပေါ်လာသည်။ ရန်ကျောက်ကဲ လှမ်းကြည့်လိုက်တော့ စောစောက လူစုကွဲသွားသည့် ထန်ယုံဟောင်ကို တွေ့လိုက်ရသည်။
ရန်ကျောက်ကဲ အစီအရင်ဗဟိုချက်သို့ အဘယ့်ကြောင့် သွားရောက်ချင်ရသည်ကို ထန်ယုံဟောင် သိရှိခဲ့သည်။ အတူတူ ထွက်ခွာလာရင်း နောက်မှ လူစုကွဲသွားကြခြင်း မဟုတ်လား။
ယခု မိစ္ဆာချီအစီအရင် ပျက်စီးသွားသည့်အခါ ရန်ကျောက်ကဲလက်ချက်ပင် ဖြစ်ရမည်ဟု ထန်ယုံဟောင်က အတိအကျ ယုံကြည်သည်။
သူက...
“ညီလေး’ရန်’ ၊ ငါတို့သိုင်းဂိုဏ်းနှစ်ခုကြားက ဆက်ဆံရေးက ဘာပဲဖြစ်နေပါစေ အခုကိစ္စနဲ့ပတ်သက်လို့ မင်းကိုငါ လေးစားတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောရမယ် ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး ကပ်ဘေးကြီးကျရောက်မှာကို ကယ်တင်ခဲ့တဲ့အတွက် သာမန်လူတွေအားလုံးကိုယ်စား ကျေးဇူးတင်ကြောင်းလည်း ပြောချင်တယ်ကွာ”
ရန်ကျောက်ကဲက...
“အစ်ကို’ထန်’ ၊ ဒါတော့ အရမ်းများသွားပြီ”
ထို့နောက် သူက အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်ရင်း မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
“ဒီကိစ္စဖြစ်လာရတဲ့အကြောင်းရင်းက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းရဲ့ နက်နက်ရှိုင်းရှိုင်းစိမ့်ဝင်နေတဲ့ သူလျိုတွေကြောင့်ပဲ ၊ သူလျိုတွေကို ဦးဆောင်တဲ့ အဓိကပုဂ္ဂိုလ်က ဘယ်သူများလဲ ၊ ဘယ်အကြီးအကဲက မှားယွင်းတဲ့ဘက်ကျရောက်သွားလဲဆိုတာ သိချင်လိုက်တာ”
***