မိုးအောက်မြေပြင်တွင် ဤသခင်ကို မသိသူမရှိ
Vol. 14 Ch. 197
ရန်ကျောက်ကဲစကားကိုကြားတော့ ထန်ယုံဟောင် ခဏမျှ တိတ်ဆိတ်သွားသည်။
ထန်ယုံဟောင်ကိုကြည့်ပြီး ရွှီဖေးနှင့် ရန်ကျောက်ကဲ အံ့အားသင့်သွားသည်။
ရန်ကျောက်ကဲက...
“အစ်ကို’ထန်’ ၊ တစ်ခုခု သိထားလို့လား”
ထန်ယုံဟောင်က မျက်မှောင်ကြုတ်လိုက်ရင်း...
“ဒီကိုလာတဲ့လမ်းမှာ တခြားသူတွေပြောနေတဲ့ ကောလဟလတွေကိုတော့ ကြားခဲ့ရတယ် ၊ ဒါပေမဲ့ အတည်မပြုနိုင်သေးပါဘူး”
ရန်ကျောက်ကဲက...
“ကောလဟလလည်း ဘာဖြစ်လဲဗျ ၊ ငါတို့ကို ပြောပြလေကွာ...”
ထန်ယုံဟောင်က ရဲ့ကျုန်းကျိုးနှင့် လီကျင်းဝမ်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မည်သည့်စကားမှမဆိုဘဲ သက်ပြင်းချလိုက်သည်။
ထို့နောက် ရန်ကျောက်ကဲနှင့် ရွှီဖေးကို အသံပို့လွှတ်စနစ်ဖြင့် စကားပြောလိုက်သည်။
“ကောလဟလတွေအရတော့ ကျောက်စိမ်းပင်လယ်မြို့တော်က တပည့်တွေကို ဦးဆောင်လာခဲ့တဲ့ အကြီးအကဲ’ချန်’ တဲ့”
ခပ်တည်တည်နေတတ်သည့် အကြီးအကဲ’ချန်’ကို ရန်ကျောက်ကဲစိတ်ထဲ မြင်ယောင်မိရင်း...
“အကြီးအကဲ’ချန်’လား...”
ထန်ယုံဟောင်က...
“အခုချိန်ထိ အတည်ပြုလို့တော့မရသေးပါဘူး ၊ ဒါပေမဲ့ အကြီးအကဲ’ချန်’ က ပျောက်သွားတယ်လေ ၊ သူ ပြန်ပေါ်လာတယ်ဆိုရင်တော့ အမှန်တရားကို သိနိုင်မှာပေါ့”
ထန်ယုံဟောင်က နေသူတော်စင်ဂိုဏ်းမှ တပည့်ဖြစ်သည်။ နေသူတော်စင်ဂိုဏ်းက ကျောက်စိမ်းပင်လယ်မြို့တော်နှင့် ရန်ဘက်ဖြစ်လေရာ ဤကိစ္စကို အကဲဖြတ်ပြောဆိုခြင်းက သူ့အတွက် မသင့်တော်လှပေ။ ထို့ကြောင့် ထန်ယုံဟောင်က ပေါ့ပေါ့ဆဆ ကောက်ချက်မချခဲ့ပေ။
ထန်ယုံဟောင်၏ သဘောထားကို ရန်ကျောက်ကဲက နားလည်လေသည်။ လက်ရှိတွင် သေသလား ရှင်သလား မသိရသည့်တိုင် အကြီးအကဲ’ချန်’ ပျောက်ဆုံးနေပြီး မည်သည့်နေရာတွင်မှ မတွေ့ရတော့သည်မှာ အမှန်ပင် ဖြစ်၏။
အကြီးအကဲ’ချန်’ကဲ့သို့သော ဝါရင့်သိုင်းကျင့်ကြံသူတစ်ယောက် ရုတ်တရက် ပျောက်ကွယ်သွားသည်မှာ အမှန်တကယ် နားမလည်နိုင်စရာပင်။
“ငရဲကိုးထပ်ရဲ့ လှည့်စားခြင်းထဲ ကျရောက်သွားရတဲ့ အကြောင်းရင်းတွေ အများကြီးရှိတယ် ၊ ဥပမာ... လျိုရှန်းဖုန်းဆိုရင် အစကတည်းက ယုတ်မာရိုင်းစိုင်းတဲ့စရိုက်ရှိပြီး တခြားသူတွေကို နှိပ်စက်ညှင်းပန်းရတာ သဘောကျတယ် ၊ သူ့စရိုက်ကြောင့် သူ့ဂိုဏ်းကလည်း ဖိနှိပ်ထားတာခံရတော့ ထွက်ပေါက်အနေနဲ့ နတ်ဆိုးလက်ထဲ လွယ်လွယ်ကူကူ ကျရောက်သွားတာပဲ”
ရန်ကျောက်ကဲက သူ့ခန္ဓာကိုယ်ကို တစ်ချက်ပွတ်သပ်လိုက်ရင်း...
“သိုင်းဆရာသခင်တွေက အထူးသဖြင့် ကျင့်ကြံခြင်းအဆင့် မြင့်မားနက်ရှိုင်းသလို စိတ်ဓာတ်လည်း ခိုင်မာကြတဲ့အတွက် ငရဲကိုးထပ်ရဲ့ဖြားယောင်းမှုကြောင့် အလွယ်တကူတုန်လှုပ်မှာ မဟုတ်ဘူး ၊ ဒါပေမဲ့ သူတို့က စိတ်ဓာတ်ခိုင်မာတဲ့သူတွေဖြစ်တာကြောင့် ဖြားယောင်းခံလိုက်ရပြီး စိတ်အခြေအနေပြောင်းလဲသွားပြီဆိုတာနဲ့ တခြားသူတွေထက် ပိုမာကျောရူးသွပ်သွားကြတာလည်း အတိအကျပါပဲ”
ရန်ကျောက်ကဲက သက်ပြင်းရှည်တစ်ချက် ရှူထုတ်လိုက်ရင်း...
“အဆုံးမဲ့တောင်တန်းက အကြီးအကဲ’မော့’ ဘာလို့ အမှောင်ဘက်ခြမ်းရောက်သွားလဲဆိုတာ သေသေချာချာ မသိပေမယ့် သူ့ကိုကြည့်၇တာ ဒေါသနဲ့အမုန်းတရားတွေ ပြည့်နေပြီး အစွန်းရောက်တယ်ဆိုတာ ထင်ရှားတယ် ၊ ဒါပေမဲ့ ကျောက်စိမ်းပင်လယ်မြို့တော်က အကြီးအကဲ’ချန်’ ကတော့ ဒေါသကြီးတဲ့ပုံပေါက်ပေမယ့် အတော်လေးတည်ကြည်ပြီး ဖြောင့်မတ်တဲ့ပုံမျိုးပါပဲ”
သူ့စကားကြားတော့ ထန်ယုံဟောင်က ခေါင်းညိတ်လိုက်ပြီး ရွှီဖေးကတော့ ခဏမျှ စဉ်းစားနေသည်။
ပြီးမှ...
“သူ့မြေးကိစ္စကြောင့် ဖြစ်နိုင်မလား”
ဟု ချီတုံချတုံနှင့် ဆိုသည်။
“အာ...”
ထိုစကားကြောင့် ရန်ကျောက်ကဲ စိတ်ရှုတ်သွားသည်။
ထန်ယုံဟောင်ကတော့ တစ်စုံတစ်ခုကို နားလည်သွားဟန်ရှိ၏။
ရွှီဖေးက...
“ကျောက်ကဲကတော့ မသိလောက်ဘူး ၊ ဒီကိစ္စက အတော်ကြာခဲ့ပြီ ၊ အကြီးအကဲ’ချန်’က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူ့သားကို ဆုံးရှုံးခဲ့ရပြီး မြေးလေးတစ်ယောက်ပဲ ကျန်ရစ်ခဲ့တယ် ၊ သူ့မြေးက ရောဂါထူပြီး အရမ်းအားနည်းတယ် ၊ ကျင့်ကြံလို့လည်းမရနိုင်ဘူး ၊ အဲဒါကြောင့် ဖြည်းဖြည်းချင်းပဲ ဆေးကုရင်း အသက်ဆက်နေရတာ ၊ သူ့မြေးရဲ့အခြေအနေဆိုးရွားလာတာနဲ့အမျှ အကြီးအကဲ’ချန်’ရဲ့စိတ်ထဲမှာလည်း ပူပန်မှုတွေက ပိုပြီးကြီးမားလာမှာပဲလေ”
သူက သက်ပြင်းချရင်း...
“အဲဒီကိစ္စတွေက ကြာခဲ့ပါပြီ ၊ ဒီနှစ်ပိုင်းတွေမှာတော့ အဲဒီအကြောင်း ဘာသတင်းမှ မကြားရဘူး ၊ ဘာမှန်းတောင် မသိတော့ပါဘူးလေ... ဟင်း...”
“အဲဒီလိုလား...”
ရန်ကျောက်ကဲ မည်သည့်စကားမှမဆိုဘဲ ခေါင်းညိတ်လိုက်သည်။
သူက အနိုင်အရှုံးသဲကွဲလာပြီဖြစ်သော တိုက်ပွဲအခြေအနေကိုသာ လှမ်းငေးကြည့်နေသည်။
ငရဲကိုးထပ်ဝင်ရောက်လာရန် မျှော်လင့်ချက်မရှိတော့ဘဲ မိစ္ဆာချီနယ်မြေသည်လည်း တစ်စစီအက်ကွဲသွားပြီဖြစ်ရာ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းသမားများအနေဖြင့် အနိုင်ရရန် မျှော်လင့်ချက် မရှိတော့ပေ။ အချို့သူများကတော့ ဆက်လက်မတိုက်ခိုက်တော့ဘဲ ထွက်ပြေးသွားကြသည်။
အသက်ရှင်လျက် ဖမ်းဆီးမိသူများထဲတွင် နတ်ဆိုးလက်ထဲမကျရောက်သေးသူများကတော့ အသက်ရှင်ရန်အခွင့်အလမ်း အနည်းငယ်ရှိသည်။
နတ်ဆိုးလက်ထဲကျရောက်ပြီးသူများကတော့ အရှင်ဖမ်းမိသားသည့်တိုင် စစ်ဆေးမေးမြန်းပြီးနောက် အသတ်ခံရဖွယ်ရှိ၏။
နောက်ဆုံးတော့ ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲကြီး ပြီးဆုံးသွားခဲ့သည်။
ထိပ်သီးသိုင်းဂိုဏ်းအသီးသီးမှ ထိပ်တန်းသိုင်းကျင့်ကြံသူများ ရေကန်အလယ်သို့ စုရုံးရောက်ရှိလာကြသည်။
ပထမဆုံးရောက်လာသူမှာ တစ်ခေါင်းလုံးဆံပင်များဖြူဖွေးနေသည့် အဖွားအိုတစ်ယောက်ဖြစ်သည်။ သူမက ခါးလည်းကုန်းနေကာ ပြတ်တောင်းပြတ်တောင်း ချောင်းဆိုနေသေး၏။
သို့ပေသိ သူမက ရေကန်နယ်မြေ ၊ လှိုင်းနက်ဂေဟာမှ အကြီးအကဲတစ်ယောက်ဖြစ်ကြောင်း ရန်ကျောက်ကဲ ၊ ရွှီဖေး ၊ ထန်ယုံဟောင်နှင့် အခြားသူများ သိရှိကြသည်။
ထိုအဘွားအိုကိုမြင်တော့ ကျန်းယောင်က ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။
“ဆရာဘွားဘွား...”
ရွမ်ပင်းကလည်း သူမကို ဦးညွှတ်ဂါရဝပြုလိုက်၏။
“တပည့်ရွမ်ပင်း ဆရာဘွားဘွားကို ဂါရဝပြုပါတယ်”
ချစ်စရာကောင်းသည့် မြေးတပည့်လေးကျန်းယောင်ကိုတွေ့တော့ အဘွားအို၏မျက်နှာထက် ချစ်ခင်ကြင်နာမှုများ အထင်းသားပေါ်လွင်လာသည်။
ရန်ကျောက်ကဲ ၊ ရဲ့ကျုန်းကျိုး ၊ လီကျင်းဝမ်နှင့် ရှောင်ယွိအပါအဝင် အခြားသော လူငယ်များအားလုံးက အဘွားအိုကို အတူတကွ ဂါရဝပြုလိုက်ကြသည်။
ရွမ်ပင်းနှင့် ကျန်းယောင်တို့ ပြောပြသည့်စကားများကို နားထောင်ပြီးနောက် အဘွားအိုက ရန်ကျောက်ကဲကို လှမ်းကြည့်သည်။
“ဝါဒတောင်ဂိုဏ်းကတော့ ကံကောင်းတာပဲ”
ဟု ဖြည်းညင်းသည့်လေသံဖြင် ဆို၏။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“အကြီးအကဲက ကျွန်တော့်ကို ချီးကျူးလွန်းနေပါပြီ”
အဘွားအိုက ပြုံးလိုက်ပြီး မည်သည့်စကားမှ မဆိုတော့ပေ။
သူမကဲ့သို့ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲရှိ ပါရမီရှင်လူငယ်များကြား နာမည်ကြီးသည့် ရန်ကျောက်ကဲထက် မိစ္ဆာချီအစီအရင်ကို ဖျက်ဆီးပစ်ခဲ့သော ရန်ကျောက်ကဲကို ပိုပြီး စိတ်ဝင်စားသည်။
သက်တူရွယ်တူများထက် ပိုမိုသာလွန်သော ပါရမီရှင်တစ်ယောက်၏ အနာဂတ်အောင်မြင်မှုမှာ ခန့်မှန်းမရနိုင်အောင် မြင့်မားသည်။ အနာဂတ်တွင် ဒဏ္ဍာရီသဖွယ် အောင်မြင်ကျော်ကြားမှုများကို ပိုင်ဆိုင်နိုင်သည်။
သို့သော် ရန်ကျောက်ကဲကဲ့သို့ သိုင်းပညာရှင်အဆင့် ကျင့်ကြံသူတစ်ယောက်က သိုင်းဆရာသခင်များပင် အတော်လေးကြိုးစားလုပ်ဆောင်ရမည့် အဓိကကိစ္စကြီးတစ်ခုကို တစ်ချက်တည်းဖြင့် အောင်မြင်အောင် လုပ်ဆောင်သွားခဲ့သည်။ ဤသည်က ရန်ကျောက်ကဲ၏ အမြင် ၊ ဆုံးဖြတ်ချက်ခိုင်မာမှု ၊ အမြင်ကျယ်မှုတို့ကို ပြသနေသည်။ သူ၏ ပင်ကိုယ်စွမ်းရည်သည် လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့် အသက်အရွယ်ကို ကျော်လွန်နေပြီ ဖြစ်သည်။
သိုင်းပညာရှင်အဆင့် ကျင့်ကြံသူတစ်ယောက်က တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် အခြေအနေတစ်ခုကို ပြောင်းလဲပစ်နိုင်ခဲ့သည်။ သို့ဆိုလျှင် အနာဂတ်တွင် ရန်ကျောက်ကဲ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ မည်သို့သောဒဏ္ဍာရီဆန်သည့် အောင်မြင်မှုများ ရရှိနိုင်မလဲဆိုသည်က စိတ်ဝင်စားစရာပင်။
အခြားစကားဖြင့်ဆိုရသော အသက်ငယ်ငယ်နှင့် သေဆုံးမသွားသော ပါရမီရှင်သာလျှင် အစစ်အမှန်ပါရမီရှင်ဟု ဆိုနိုင်သည် မဟုတ်ပါလား။
များပြားလှစွာသောလူသားများကြားတွင် ပါရမီရှင်နှင့် သူရဲကောင်းဆိုသည်မှာ အနည်းငယ်သာရှိသည်။ သို့ပေသိ များပြားလှစွာသောလူသားများအလယ်တွင် ပါရမီရှင်အရေအတွက်ကလည်း နည်းပါးသည် မဆိုသာပေ။
အဘွားအို၏ပင်ကိုယ်စရိုက်နှင့် အသက်အရွယ်အရ သူမဘဝတစ်လျှော်ကလုံး မတူကွဲပြားသော ပါရမီရှင်များစွာကို တွေ့မြင်ခဲ့ဖူးသည်။
အခြားသူများအကြောင်း ပြောစရာမလို ၊ သူမ၏ လက်ရှိရာထူးနေရာနှင့် ကျင့်ကြံခြင်းအဆင့်ကို ကြည့်ရုံမျှဖြင့် ငယ်ရွယ်စဉ်က ထိုအဘွားအိုသည် ပြိုင်ဘက်များအလယ်တွင် မိုးကောင်းကင်မှမျက်နှာသာပေးခံရသည့် သမီးပျိုတစ်ယောက်ဖြစ်သည်မှာ ထင်ရှားသည်။
သို့သော် လောကတွင် ပါရမီရှင်များ မရေမတွက်နိုင်အောင် များပြားသည့်တိုင် ထိပ်ဆုံးအဆင့်ထိ အောင်မြင်မှုရရှိသူ အနည်းငယ်သာ ရှိသည်။
“ကြီးမားသောလှိုင်းလုံးကြီးများက သဲများကိုသန့်စင်ပစ်သည်” ဆိုသည့် စကားပုံအလား များပြားလှစွာသော ပါရမီရှင်များသည် အကြောင်းအမျိုးမျိုးကြောင့် ထိပ်ဆုံးအဆင့်သို့ ရောက်မလာနိုင်ခဲ့ကြပေ။
ရန်ကျောက်ကဲကတော့ အဘွားအို၏မျက်လုံးထဲတွင် အလွန်ထူးခြားသည်။ အခြားသော လူငယ်ပါရမီရှင်များနှင့် နှိုင်းယှဉ်ကြည့်လျှင် အနည်းစုသာရောက်ရှိနိုင်သည့် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိရန် အခွင့်အရေးများသော လူငယ်တစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။
“ဝါဒတောင်မှာ ဆက်ခံသူကောင်းကောင်းရှိခဲ့ပြီပဲ ၊ အင်း... ဒီပုံအတိုင်းသာဆိုရင် ဒီကောင်လေးဟာ သူ့ရှေ့ကလူတွေအကုန်လုံးကို ဖြတ်တက်သွားလိမ့်မယ်”
ရန်ကျောက်ကဲကိုကြည့်ရင်း အဘွားအိုစိတ်နှလုံးထဲမှ တိတ်တဆိတ်တွေးတောကာ သက်ပြင်းချသည်။
ထို့နောက် အခြားသောထိပ်သီးသိုင်းဂိုဏ်းများမှ ထိပ်တန်းသိုင်းကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
ကောင်ကင်မိုးကြိုးခန်းမ၏ အကြီးအကဲတစ်ယောက်ဖြစ်သော ခရမ်းရောင်ဆံပင်များပိုင်ရှင်အဘိုးအိုက အကြောင်းအရာအသေးစိတ်ကို ကြားသိပြီးနောက် ရန်ကျောက်ကဲကို အာရုံစူးစိုက် အကဲခတ်လိုက်သည်။
သူ့ဘေးနားမှ လူရွယ်သိုင်းဆရာသခင်တစ်ယောက်က မျက်မှောင်ကြုတ်လိုက်ရင်း...
“ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက သိုင်းသမားတွေအားလုံးကို ငါတို့က ထိန်းချုပ်ထားတာပဲ ၊ ဒီကလေးက ကံကောင်းလို့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစလေးတစ်ခုအားကိုးပြီး အစီအရင်ဗဟိုချက်ကို အလစ်တိက်ခိုက်နိုင်ခဲ့တယ် ၊ သိုင်းဆရာသခင်တွေလည်း ဒီလောက်ကတော့ လုပ်နိုင်တာပဲလေ”
လူရွယ်၏စကားကိုကြားတော့ ခရမ်းရောင်ဆံပင်ပိုင်ရှင်အဘိုးအိုက သူ့ကိုလှည့်ကြည့်သည်။
အဘိုးအိုက စကားတစ်ခွန်းမဆိုဘဲ လူရွယ်ကို စိုက်ကြည့်နေလေရာ လူရွယ်မှာ ချွေးဆေးများပင်ပျံလာပြီး တစ်ကိုယ်လုံးထုံကျင်ကာ အသက်ရှူကြပ်မတတ် ဖြစ်လာသည်။
လူရွယ်က သူ့အကြည့်ကို ခံနိုင်ရည်မရှိတော့ကြောင်း တွေ့ရမှ အဘိုးအိုက အကြည့်ကိုရုတ်သိမ်းရင်း ခပ်တိုးတိုးလေသံဖြင့် စကားဆိုသည်။
“ပထမဆုံးပြောရရင် သူရရှိထားတဲ့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစက လမ်းဘေးကကောက်ယူခဲ့တာ မဟုတ်ဘူး ၊ ငါတို့ ကောင်းကင်မိုးကြိုးခန်းမက တပည့်တွေကို ဆက်တိုက်အနိုင်ယူပြီး ရရှိခဲ့တာ ၊ ရန်ရှန်းအကြောင်းကို အသာထား ၊ သူက ရှန်ထျန်းကနဦးအဆင့်မှာပဲ ရှန်ထျန်းအလယ်ဆင့် လင်ကျိုးကို အနိုင်ယူပြီး အဲဒီရတနာပစ္စည်းကို ရသွားတာ ၊ ပြီးတော့ မင်းသာ ရှန်ထျန်းအလယ်ဆင့် သိုင်းပညာရှင်တစ်ယောက်ဆိုရင် အဲဒီအထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို ရရင်တောင်မှ သူ့လို ထိန်းချုပ်နိုင်စွမ်း ရှိပါ့မလား”
သူက ဆက်ပြောသည်။
“မိစ္ဆာချီအစီအရင်က ဘယ်လောက်အားကောင်းလဲဆိုတာ မင်းလည်း သိတာပဲလေ ၊ မိစ္ဆာချီနယ်မြေထဲမှာ ပိတ်မိနေရင် အစီအရင်ဗဟိုချက်ကို ရှာဖွေနိုင်မယ့် သိုင်းဆရာသခင် ဘယ်နှစ်ယောက် ရှိမတဲ့လဲ ၊ အထွတ်ထိပ်မှော်ဝင်ပစ္စည်းလက်ထဲရှိလို့ အစီအရင်ဗဟိုချက်ကို ဖောက်ခွဲပစ်ချင်တယ်ပဲထား... ၊ အစီအရင်လည်ပတ်နှုန်းကို တိတိကျကျတွက်ချက်နိုင်မှာ အောင်မြင်အောင်လုပ်နိုင်မှာ ၊ မဟုတ်လို့ကတော့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစရှိနေလည်း အလကား စွမ်းအားဖြုန်းတီးရုံသက်သက်ပဲ ဖြစ်လိမ့်မယ်”
ခရမ်းရောင်ဆံပင်ပိုင်ရှင်အဘိုးအိုက လူရွယ်ကိုကြည့်လိုက်ရင်း...
“ဆိုတော့... ဒီကလေး ကံကောင်းလို့အောင်မြင်တာလို့ မင်း ပြောနိုင်ဦးမလား ၊ တခြား သိုင်းပညာရှင်အဆင့် ကျင့်ကြံသူတွေဆိုရင် လက်ထဲမှာ လက်ထဲမှာ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစတစ်ခုရှိရုံနဲ့ ဒီလိုလုပ်နိုင်မယ်လို့ မင်းထင်သလား”
လူရွယ်မှာ မျက်နှာပျက်လျှက် တိတ်တဆိတ်ခေါင်းငုံ့၍သာ နေတော့သည်။
ခရမ်းရောင်ဆံပင်ပိုင်ရှင်အဘိုးအိုက သိမ်မွေ့စွာဖြင့်...
“ဟုတ်တယ် ၊ ငါတို့က ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက သိုင်းသမားတွေကို အပြင်ဘက်မှာ ထိန်းထားနိုင်ခဲ့တယ် ၊ ဒါပေမဲ့ သူ့ကြောင့်သာမဟုတ်ရင် မဟာငရဲကိုးထပ်တံခါးပွင့်သွားပြီး အခြေအနေတစ်ခုလုံး ပြောင်းပြန်လန်သွားနိုင်တယ်”
အဘိုးအိုက ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း သက်ပြင်းချသည်။
“အခုချိန်ကစပြီး ဒီအဘိုးကြီးရဲ့ မျက်လုံးထဲမှာ မင်းက ရန်တိရဲ့သား ရန်ကျောက်ကဲ မဟုတ်တော့ဘူး ၊ ဝါဒတောင်က အရှင်သခင်တစ်ပါးဖြစ်တဲ့ ရန်ကျောက်ကဲလို့ မှတ်သားထားရတော့မယ်”
ခရမ်းရောင်ဆံပင်ပိုင်ရှင် အဘိုးအိုသာမက ထိပ်သီးသိုင်းဂိုဏ်းအသီးသီးမှ ထိပ်တန်းသိုင်းကျင့်ကြံသူများအားလုံး ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေကြသည်။
ယနေ့အဖြစ်အပျက် ပြီးဆုံးခဲ့သည့်နောက် ဝါဒတောင်သခင်လေး’ရန်ကျောက်ကဲ’ ဆိုသည့်အမည်ကို လူတိုင်း သိရှိကြတော့မည် ဖြစ်သည်။
မိုးအောက်မြေပြင်တွင် ဤသခင်ကို မသိသူ အဘယ်သူရှိပါမည်နည်း။
***