← Chapters

ပြန်ထပ်နှစ်တွေမှာအရေးကြီးကိစ္စတစ်ခုခု လုပ်သင့်တယ်မဟုတ်လား

Vol. 14 Ch. 198

ပြန်ထပ်နှစ်တွေမှာအရေးကြီးကိစ္စတစ်ခုခု လုပ်သင့်တယ်မဟုတ်လား

Vol. 14 Ch. 198

နောက်ဆုံးတော့ ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲ ပြီးဆုံးသွားခဲ့သည်။ ထိပ်သီးသိုင်းဂိုဏ်းအသီးသီးမှ အထွတ်ထိပ်သိုင်းကျင့်ကြံသူများက သူတို့ စုဆောင်းရရှိထားသော သတင်းအချက်အလက် အသစ် ၊ အဟောင်းများကို စုစည်းကာ ငရဲကိုးထပ်နှင့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း ပြဿနာများကို ဆွေးနွေးခဲ့ကြသည်။

လက်ရှိတွင် ပြဿနာများစွာ ဖြေရှင်းပြီးပြီဆိုသော်ငြား တိုက်ပွဲကြီးကြောင့် ထိပ်သီးသိုင်းဂိုဏ်းအသီးသီးတွင် ဆုံးရှုံးမှုများစွာ ရှိခဲ့ကြသည်။

ကျင့်ကြံခြင်းအဆင့်အားနည်းသောတပည့်များမှာ တတ်နိုင်သမျှ ဆက်သွယ်လုပ်ဆောင်ခဲ့ကြသည့်တိုင် တိုက်ပွဲကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ကြရသည်။

ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသည့် လူငယ်မျိုးဆက်ပါရမီရှင်များသည် ယခုအခါ အဓိကဇာတ်ကောင်များ မဟုတ်ကြတော့ပေ။

သို့သော် သူတို့အားလုံးက ထိပ်သီးသိုင်းဂိုဏ်းကြီးများမှ တိုက်ရိုက်ပင်မတပည့်များဖြစ်ပြီး အကြီးအကဲများ၏ ဂရုတစိုက်သင်ပြပေးခြင်းခံထားရသူများဖြစ်သည်။ ထို့ကြောင့် အသိပညာနှင့် နားလည်နိုင်စွမ်းတို့က အခြားသက်တူရွယ်တူများထက် များစွာသာလွန်သည်။

ထို့ကြောင့် ငရဲကိုးထပ်ကျူးကျော်ဝင်ရောက်သည့်ကိစ္စနှင့်ပတ်သက်ပြီး သူတို့ကိုယ်ပိုင်အတွေးအမြင်များ ရှိကြသည်။

နောက်တစ်ချက်မှာ သူတို့၏ ဂိုဏ်းတူမောင်နှမများစွာ တိုက်ပွဲတွင် ကျဆုံးခဲ့ကြသည်။ သို့ဖြစ်ရာ ယခင်က သူတို့ဆက်ဆံရေး မည်သို့ရှိပါစေ အနည်းနှင့်အများ ဝမ်းနည်းကြေကွဲခြင်းကို မလွဲမသွေ ခံစားခဲ့ကြရသည်ပင်။

ဟုတ်ပေ၏။ သူတို့အားလုံး အာရုံစိုက်မိကြသည်ကတော့ ရန်ကျောက်ကဲပင် ဖြစ်၏။

ရန်ကျောက်ကဲကိုကြည့်ရင်း ပါရမီရှင်လူငယ်မျိုးဆက်များအားလုံး ရှုတ်ထွေးသည့်စိတ်ခံစားချက်များ ခံစားကြရသည်။

ရန်ကျောက်ကဲက ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင် ကြယ်တစ်စင်းပမာ တောက်ပခဲ့သူဖြစ်ပြီး သူ၏ပင်ကိုယ်စွမ်းရည်နှင့် သိုင်းပညာက လူတိုင်းအထင်ကြီးစရာ ဖြစ်ခဲ့သည်။

လူငယ်မျိုးဆက်များအနေဖြင့် ရန်ကျောက်ကဲကို လေးစားကြသလို သူတို့ စွမ်းအားရှိသရွေ့ သူ့နောက်သို့ အမီလိုက်ပြီး အနာဂတ်တွင် သူ့ကို စိန်ခေါ်လိုကြသည်။

သို့သော် ကြည်လင်လျှီု့ဝှက်ရေကန်တိုက်ပွဲ ပြီးဆုံးခဲ့သည့်နောက် လူငယ်အများစု၏ အတွေးအမြင်များ တဖြည်းဖြည်း ပြောင်းလဲသွားကြသည်။

ရန်ကျောက်ကဲနှင့် သူတို့အကြား ကွာဟမှုသည် အတော်လေးကြီးမားနေပြီး ထိုလူငယ်သည် သူတို့ယှဉ်ပြိုင်နိုင်သူတစ်ယောက် မဟုတ်တော့ပေ။

သူက သိုင်းပညာရှင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်တိုင် သိုင်းဆရာသခင်များပင် မဖြေရှင်းနိုင်သော ပြဿနာတစ်ခုကို ဖြေရှင်းနိုင်ခဲ့သည်။

ထိုသို့သောလူငယ်တစ်ယောက်က ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင် တောက်ပသည့်ကြယ်စင်ဖြစ်လာသည်မှာ သဘာဝကျသည်ပင်။

ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲက သူ၏အစွမ်းအစများ ထုတ်ဖော်ပြသရန် မလုံလောက်သည့်အလားထင်မှတ်ရသည်။

ထိုသို့သောအတွေးများဖြင့် ပါရမီရှင်လူငယ်များစွာသည် အချိန်အတန်ကြာ တိတ်ဆိတ်ငြိမ်သက်နေခဲ့ကြပြီး သူတို့ရင်ထဲတွင်လည်း ရှင်းပြရခက်သောခံစားချက်များနှင့် ရစ်ပတ်လုံးထွေးလျှက်ရှိကြသည်။

လူပေါင်းများစွာက ငရဲကိုးထပ်နှင့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းအကြောင်း အာရုံစိုက်နေကြပြီး အချို့က ရန်ကျောက်ကဲအပေါ် စိတ်ဝင်စားနေကြစဉ် ကြည်လင်ချိတ်ဆက်ရေကန်သို့ ရောက်မလာသင့်သူတစ်ယောက် ရောက်ရှိလာသည်ကိုတော့ မည်သူမှ သတိမပြုမိခဲ့ကြ‌ပေ။

ထိုသူက ချောမောခန့်ညားသောလူငယ်တစ်ယောက်ဖြစ်သည်။ သူ့အမူအရာက တည်ငြိမ်ကာ မျက်ဝန်းအကြည့်များက အရာအားလုံးကို ထိုးဖောက်သိမြင်နေသည့်အလား ထင်မှတ်ရသည်။ သူသည်ကား ကောင်းကင်မိုးကြိုးခန်းမမှ ပင်မတိုက်ရိုက်တပည့်တစ်ဘောက် ဖြစ်သည်မှာ ငြင်းမရပေ။

အခြားသူမဟုတ်ပေ။

ကောင်းကင်မိုးကြိုးခန်းမ၏ ထိပ်တန်းအဆင့်အကြီးအကဲ လင်ထျန်းဖုန်း၏သား ၊

ရန်ကျောက်ကဲ ၊ ဟွမ်ကျိ ၊ စုန့်ချောင်တို့နှင့်အတူ အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ မင်းသား (၄)ပါးတွင် တစ်ပါးအဖြစ် သတ်မှတ်ခံရသူ မိုးကြိုးသခင်လေး “လင်ကျိုး” ပင် ဖြစ်၏။

သူ့ပုံစံက နွမ်းနယ်လျှက်ရှိပြီး မျက်နှာက ဖြူဖျော့လို့နေသည်။

ရန်ကျောက်ကဲနှင့်တိုက်ပွဲတွင် ဒဏ်ရာရခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်ရန်အတွက် သွေးအလင်းကျောက်စိမ်းကို အသက်သွင်းရန် တားမြစ်ပညာတစ်ခုကို အသုံးပြုခဲ့ရသည်။ ထို့ကြောင့် လင်ကျိုးမှာ ယခုချိန်ထိ ဒဏ်ရာသက်သာခြင်းမရှိသေးသလို ဝိညာဉ်စွမ်းအားများလည်း အားနည်းနေဆဲ ဖြစ်၏။

ထို့ကြောင့် လင်ကျိုးမှာ ရန်ရှန်းကဲ့သို့ပင် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲသို့ မတက်ရောက်နိုင်ခဲ့ပေ။

ကျောက်စိမ်းပင်လယ်မြို့တော်၏ ကိုယ်ပိုင်သိုင်းပညာဖြစ်သော ယဉ်စွန်းတန်းဓားသိုင်းကိစ္စနှင့်ပတ်သက်ပြီး ဖြေရှင်းရန် ခေါင်းရှောင်သည်မှာတော့ ပြောနေစရာပင် မလိုတော့ပေ။

ယခုတစ်ကြိမ် ငရဲကိုးထပ်မှ ကျူးကျော်ဝင်ရောက်မည့်ကိစ္စကို သတင်းပေးသူမှာ ကောင်းကင်မိုးကြိုးခန်းမ ဖြစ်သည်။ ထို့ကြောင့် ကျောက်စိမ်းပင်လယ်မြို့တော်အနေဖြင့် ကောင်းကင်မိုးကြိုးခန်းမကို အကြွေးတင်သလို ဖြစ်ရကာ အတင်းအကျပ် တောင်းဆိုမည် မဟုတ်ပေ။ သို့ပေသိ လင်ကျိုးကိုယ်တိုင်က ကျောက်စိမ်းပင်လယ်မြီု့တော် အကြီးအကဲများရှေ့တွင် တတ်နိုင်သမျှ ပေါ်မလာသည်က အကောင်းဆုံးပင်။

သို့သော် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ ထိပ်တန်းသိုင်းသမားများကိုဖမ်းဆီးရန် လာရောက်ကြသည့် ကောင်းကင်မိုးကြိုးခန်းမမှ အကြီးအကဲများနှင့်အတူ လင်ကျိုးက ကြည်လင်လျှို့ဝှက်ရေကန်သို့ တိတ်တဆိတ် လိုက်ပါလာခဲ့ခြင်းပင်။

သူ ဤနေရာသို့ လာရောက်ခြင်းမှာ ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲအတွက်မဟုတ်သလို ငရဲကိုးထပ်နှင့် ‌ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းအတွက်လည်းမဟုတ်ပေ။ ရန်ကျောက်ကဲကို ဂလဲ့စားချေရန်မှာလည်း ပို၍ပင် မဟုတ်‌ပေ။

လင်ကျိုးက လူတစ်ယောက်အတွက် ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။

သူက အဝေးတစ်နေရာတွင်ပုန်းကွယ်ရင်း ကျောက်စိမ်းပင်လယ်မြို့တော် အကြီးအကဲများနှင့်အတူရှိနေသည့် မိန်းကလေးတစ်ယောက်ကို ငေးမျှော်ကြည့်နေသည်။

ထိုမိန်းကလေး၏ခန္ဓာကိုယ်တွင် ဒဏ်ရာများကို တွေ့မြင်ရသည့်အခါ လင်ကျိုး၏မျက်ဝန်းများတွင် နာကျင်မှုများဖြင့် ပြည့်နက်သွားသည်။ သို့သော် သူမ အဆင်ပြေနေသည်ကို တွေ့ရသဖြင့် စိတ်သက်သာရာရခဲ့သည် အမှန်ပင်။

“ကျင်းဝမ်... မင်း အဆင်ပြေလို့ တော်သေးတာပေါ့”

လီကျင်းဝမ်အား တိတ်ဆိတ်စွာ ငေးမောကြည့်နေသည့် လင်ကျိုးသည် အချိန်အတန်ကြာမှ သတိဝင်လာပြီး သက်ပြင်းချလိုက်သည်။

“အခုချိန်မှာ မင်း ငါ့ကို မမှတ်မိတော့တာ စိတ်မကောင်းစရာပဲ ၊ အစကတော့ ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲမှာ မင်းကိုတွေ့ခွင့်ရမလား မျှော်လင့်ထားခဲ့တာ”

ကောင်းကင်ချတ်ဆက်တွေ့ဆုံပွဲအကြောင်း စဉ်းစားနေစဉ် သူ့ရှေ့မှ ဖြတ်သန်းသွားသည့် ရန်ကျောက်ကဲ၏ပုံရိပ်ကို တွေ့ရသည့်အခါ လင်ကျိုး မျက်နှာတစ်ခုလုံး မဲမှောင်သွားသည်။

သတိထားမိသွားမည်ကို စိုးရိမ်သည့်အတွက် ချက်ချင်း အကြည့်လွှဲဖယ်လိုက်သည့်တိုင် သူ့စိတ်ထဲ ရန်ကျောက်ကဲ ပုံရိပ်က မြဲမြံစွာစွဲထင်နေသည်။

“ရန်ကျောက်ကဲ... ရန်‌ကျောက်ကဲ... တကယ်တော့ ဒီကြည်လင်လျှို့ဝှက်ရေကန်မှာ မင်းဘဝ အဆုံးသတ်သွားရမှာ...”

အတွေးနှင့်အတူ လင်ကျိုး မျက်လုံးများကိုမှိတ်ကာ ပင့်သက်ရှိုက်လိုက်၏။

“ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းရဲ့ ကျူးကျော်မှုက တကယ့်ကို ကြီးကျယ်တာပဲ ၊ သူတို့က ဖုံးကွယ်လျှို့ဝှက်တဲ့နေရာမှာလည်း ကျွမ်းကျင်တယ် ၊ သူလျှိုတွေကိုမိသွားတာတောင် တခြားအကြောင်းတွေကို သိဖို့ မနည်းတွန်းအားပေးခဲ့ရတယ် ၊ ဒါကြောင့်လည်း အထောက်အထားအချို့ ရခဲ့တာပဲ ၊ ကြည်လင်လျှို့ဝှက်ရေကန်ကိစ္စ ချောချောမွေ့မွေ့ဖြစ်သွားခဲ့ပေမယ့် ငါတို့ထိပ်သီးသိုင်းဂိုဏ်းတွေကြားထဲမှာ သူလျှိုတွေ ဆက်ရှိနေဦးမှာပဲ”

“အင်း... အခု ကြည်လင်လျှို့ဝှက်ရေကန်မှာ ဖြစ်တဲ့ကိစ္စက အစပဲ ရှိသေးတယ် ၊ သူတို့မှာ ကြီးမားတဲ့အစီအစဉ်တစ်ခု ရှိနေသေးတယ်”

စဉ်းစားရင်း လင်ကျိုး မျက်မှောင်ကြုတ်လိုက်သည်။

ယခုပြဿနာတွင် ကောင်းကင်မိုးကြိုးခန်းမ၏ သတင်းပေးပို့မှုကြောင့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို ချေမှုန်းရန် ပြင်ဆင်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အခြားသောထိပ်သီးသိုင်းဂိုဏ်းကြီးများက ကောင်းကင်မိုးကြိုးခမ်းမကို ကျေးဇူးတင်သည့်အနေဖြင့် အကျိုးအမြတ်များစွာ ပေးအပ်ရမည် ဖြစ်၏။

သို့ပေသိ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း၏ တန်ပြန်တိုက်စစ်ဆင်မှုကြောင့် ထိပ်သီးသိုင်းဂိုဏ်းကြီးများ၏ အစီအစဉ် ကြီးမားစွာ ထိခိုက်သွားခဲ့ပြီး ကျရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။

အဆုံးသတ်တွင် ရန်ကျောက်ကဲက မုန်တိုင်းကိုဆန့်ကျင်ပြီး တစ်ချက်တည်းဖြင့် ပြဿနာကို ဖြေရှင်းပေးခဲ့သည်။

ထိုအဖြစ်အပျက်ကြောင့် ထိပ်သီးသိုင်းဂိုဏ်းကြီးများက ကောင်းကင်မိုးကြိုးခန်းမကို ကျေးဇူးတင်နေဆဲ ဖြစ်သည့်တိုင် ရန်ကျောက်ကဲက အရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်ခဲ့သည်ကို မည်သူမှ မငြင်းနိုင်ပေ။

ထို့ကြောင့် ထိပ်သီးသိုင်းဂိုဏ်းကြီးများမှ ကောင်းကင်မိုးကြိုးခန်းမကို ပေးအပ်မည့် အကျိုးအမြတ်များသည်လည်း လျော့နည်းသွားပေလိမ့်မည်။

လင်ကျိုး မျက်လုံးများကို ဖြည်းညင်းစွာပြန်ဖွင့်လိုက်ပြီး သူ့အကြည့်များက အတက်အကျမရှိ ငြိမ်သက်နေသည်။

“အခုက အစပဲ ရှိသေးတယ်”

နေသူတော်စင်ဂိုဏ်းမှ လူများသည်လည်း ရန်ကျောက်ကဲကို အလားတူပင် အာရုံစိုက်နေကြသည်။

ဝါဒတောင်ဂိုဏ်းတွင် ရန်ကျောက်ကဲသို့သော လူငယ်မျိုးဆက်တစ်ယောက် ထွက်ပေါ်လာသည်ကို အရေးကြီးသည့်အချက်ဟု သတ်မှတ်ရုံကလွဲပြီး နေသူတော်စင်ဂိုဏ်းအနေဖြင့် ဘာမှမတတ်နိုင်ခဲ့ပေ။

ထို့ပြင် အရင်းစစ်မည်ဆိုပါက -

အရှေ့ထန်တိုက်ပွဲ ၊

ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြော ပြန်လည်ကောင်းမွန်ရန် မိုးကြိုးဒြပ်စင်နည်းပညာကို အကြောင်းပြုပြီး အဆုံးမဲ့တောင်တန်းနှင့် ကောင်းကင်မိုးကြိုးခန်းမကို ပြဿနာတက်စေကာ နောက်ဆုံး အဆုံးမဲ့တောင်တန်းကို ဝါဒတောင်နှင့် မဟာမိတ်ပြုစေခြင်း ၊

နောက်ဆုံး ကျောက်စိမ်းပင်လယ်မြို့တော်နှင့် ကောင်းကင်မိုးကြိုးခန်းမကို ယဉ်စွန်းတန်းဓားသိုင်းအကြောင်းပြုကာ ရန်တိုက်ပေးခြင်း ၊

ထိုကိစ္စရပ်များအားလုံးတွင် ရန်ကျောက်ကဲ ပယောဂ မကင်းပေ။

ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းသမားများကို ရှင်းလင်းရာတွင် ယခုတစ်ကြိမ် နေသူတော်စင်ဂိုဏ်းမှ စေလွှတ်လိုက်သည့် အကြီးအကဲမှာ နေဘုရင် (၇)ပါးမှ တစ်ယောက်ဖြစ်သော ဆည်းဆာအရှင်ဖြစ်သည်။

ဟွမ်ကျိ ၊ ထန်ယုံဟောင်နှင့် အခြားတပည့်များကို ဦးဆောင်ပြီး ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတက်ရောက်ရန် ကြည်လင်လျှို့ဝှက်ရေကန်သို့ လိုက်ပို့ပေးသူက နေဘုရင် (၇)ပါးထဲမှ တစ်ပါးဖြစ်သော အရုဏ်ဦးအရှင် ဖြစ်သည်။

တစ်ဆက်တည်းပင် အရုဏ်ဦးအရှင်သည် နေသူတော်စင်ဂိုဏ်းထဲရောက်ရှိနေသည့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သူလျှိုဖြစ်နေခဲ့သည်။ ထို့ကြောင့် တိုက်ပွဲအတွင်းမှာပင် ဆည်းဆာအရှင်ကိုယ်တိုင် သူ့ကို အပြတ်ရှင်း သုတ်သင်ခဲ့သည်။

ဆည်းဆာအရှင်၏ အမူအရာက လုံးဝ တည်ငြိမ်နေပြီး အဝေးမှပင် ရန်ကျောက်ကဲကို အကဲခတ်နေသည်။

အရှေ့ထန်တွင် သူက ရန်ကျောက်ကဲကို သတ်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း ဝါဒတောင်၏ တန်ပြန်တိုက်စစ်ဆင်ခြင်းကို ခံခဲ့ရသည်။ ထိုကောင်လေးကို မသတ်နိုင်ရုံသာမက ရှီတိနှင့် ရန်တိလက်ချက်ဖြင့် သူကိုယ်တိုင် ဒဏ်ရာအပြင်းအထန် ရခဲ့၏။

ဆည်းဆာအရှင်က နောက်လှည့်မကြည့်ဘဲ သူ့အနောက်တွင် ရပ်နေသည့် ဟွမ်ကျိထံသို့ အသံပို့လွှတ်စနစ်ဖြင့် စကားဆိုလိုက်သည်။

“မင်း ကြည်လင်လျှို့ဝှက်ရေကန်ကို ခရီးထွက်လာတာ ၊ မင်း တွေ့ချင်တဲ့သူကို တွေ့ခဲ့ရပြီမလား ၊ အခု ဘယ်လိုထင်လဲ”

သူ့နောက်တွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည့် ဟွမ်ကျိက ထိုမေးခွန်းကို မဖြေခဲ့ပေ။

“ကျွန်တော့်ရဲ့ ဒုတိယမြောက်ပြန်ထပ်နှစ် မကြာခင် ရောက်တော့မယ်”

ထိုစကားက ခေါင်းလား အမြီးလား အဆက်အစပ်မရှိသော်လည်း ဆည်းဆာအရှင်ကတော့ အဓိပ္ပါယ်ကို ကောင်းကောင်း နားလည်သည်။

အကြောင်းမှာ ဟွမ်ကျိကိုနားလည်သည့် လူနည်းစုတွင် ဆည်းဆာအရှင်က တစ်ယောက်အပါအဝင် ဖြစ်သောကြောင့်ပင်။

ဟွမ်ကျိက...

“များသောအားဖြင့် သိုသိုသိပ်သိပ်နေတာ ကောင်းပါတယ် ၊ ဒါပေမဲ့ ပြန်ထပ်နှစ်တွေဆိုတာက ထူးခြားတယ်လေ ၊ အဲဒီလိုအချိန်မှာ အရေးကြီးကိစ္စတစ်ခုခု လုပ်သင့်တယ် မဟုတ်လား”

လူအနည်းငယ်သာ သိရှိသည့် ကိစ္စတစ်ခု ရှိလေ၏။

ထိုကိစ္စမှာ ဟွမ်ကျိ၏ ပထမပြန်ထပ်နှစ်ဖြစ်သော အသက် (၁၂)နှစ် ပြည့်သည့်နှစ်တွင် သူ့ကို နေသူတော်စင်ဂိုဏ်း၏ နောက်ထပ်ဂိုဏ်းချုပ်ရာထူးအတွက် အတည်ပြုခဲ့ကြခြင်း ဖြစ်သည်။

ဟွမ်ကွမ်လီ ၊ ဟွမ်ရှု ၊ ဟွမ်ကျိ တို့ (၃)ယောက်လုံးက ဂိုဏ်းချုပ်ရာထူးကို ဆက်တိုက်ရယူမည်ဆိုလျှင် နေသူတော်စင်ဂိုဏ်း၏ ဂိုဏ်းချုပ်နေရာကို ‘ဟွမ်’ အိမ်တော်က ဆက်တိုက်ချုပ်ကိုင်ထားသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

သို့ပေသိ ဂိုဏ်းထဲမှ အမြင့်ဆုံးအဆင့်အကြီးအကဲအစပြုပြီး ထိပ်တန်းအကြီးအကဲများအားလုံး ဤဆုံးဖြတ်ချက်ကို တစ်ညီတစ်ညွတ်တည်း ထောက်ခဲ့ခဲ့ကြလေ၏။

(T/N - *ပြန်ထပ်နှစ် - ပြန်ထပ်နှစ်ဆိုသည်မှာ တရုတ်ရာသီခွင် (၁၂)ကောင်ရှိပြီး (၁၂)နှစ်တစ်ကြိမ် ကိုယ်မွေးဖွားသည့် ရာသီခွင်နှင့်ကိုက်ညီသည့်နှစ်သို့ တစ်ဖန်ပြန်လည်ရောက်ရှိသည်။ ထို့ကြောင့် ထပ်ပြန်နှစ်က (၁၂)နှစ်တစ်ကြိမ် ဖြစ်ပေါ်သည်။)

***

All Chapters