ငါ မင်းကို တစ်ခါမှလျှော့မတွက်ခဲ့ဘူး
Vol. 14 Ch. 199
ဆည်းဆာအရှင်နှင့် ဟွမ်ကျိတို့ ရန်ကျောက်ကဲကို အကဲခတ်နေကြစဉ် ရန်ကျောက်ကဲ၏ အကြည့်များကလည်း နေသူတော်စင်ဂိုဏ်းမှ လူများဆီသို့ ဖြတ်ခနဲ ကျရောက်သွားသည်။
ရန်ကျောက်ကဲက ဟွမ်ကျိကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ဘေးနားမှ အခြားသော နေသူတော်စင်ဂိုဏ်းသားများကို ကြည့်လိုက်သည်။
ကောင်းကင်ချိတ်ဆက်ပွဲသို့ တက်ရောက်ခဲ့သူများအားလုံး ထိုနေရာတွင် ရှိနေကြသည်။
သူ့ကို အလစ်တိုက်ခိုက်ခဲ့သော အနက်ရောင်မျက်နှာဖုံးစွပ် သိုင်းဆရာသခင် ထွက်ခွာသွားပြီလား မသေချာပေ။ ထန်ယုံဟောင်အနေဖြင့် ဟွမ်ကျိနှင့် နီးစပ်သူဖြစ်လေရာ ဟွမ်ကျိက အနက်ရောင်ဝတ်လူ ဟုတ် မဟုတ် သေချာပေါက် အခြေခံကျကျ စစ်ဆေးကြည့်နိုင်မည် ဖြစ်သည်။
သို့သော် ဟွမ်ကျိက သိုသိုသိပ်သိပ် နေတတ်သူတစ်ယောက်ဖြစ်သည့်တိုင် ထန်ယုံဟောင်နှင့် ဂိုဏ်းတူညီအစ်ကိုချင်း ဖြစ်လေရာ သံသယဝင်မည် မထင်ပေ။
ရန်ကျောက်ကဲက ပုံမှန်အတိုင်းပင် ပတ်ဝန်းကျင်ကို မသိမသာအကဲခတ်ရင်း မျက်နှာဖုံးစွပ်သိုင်းဆရာသခင် ဖြစ်နိုင်ခြေရှိသူများကို ရှာဖွေနေမိသည်။
အမှန်တော့ ယခု ရှိနေကြသူများထဲတွင် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သူလျှိုများ မရှိတော့ဟု အတည်ပြုရန် မဖြစ်နိုင်ပေ.
ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းသမားများအားလုံးသည် အမှောင်ဘက်ခြမ်း ကျရောက်နေသူများ မဟုတ်ကြပေ။
အမှောင်ဘက်ခြမ်းကျရောက်သူများမှာ တစ်ခဏတာဖြစ်ပေါ်သည့် စိတ်ဆန္ဒကို မထိန်းနိုင်ဘဲ နတ်ဆိုး၏လှည့်ဖြားမှုကို ခံကြရသူများဖြစ်သည်။
အချို့သူများက နတ်ဆိုးလက်ထဲ မကျရောက်သည့်တိုင် အမှောင်ဘက်ခြမ်းအတွက် အလုပ်လုပ်ပေးနေကြသည်။ ထို့ကြောင့် အခြေအနေ အတိအကျကို ဆုံးဖြတ်ရန် ခက်ခဲသည်။
“လူတစ်ယောက်၏မျက်နှာကိုသိနိုင်သော်လည်း အတွင်းစိတ်ကိုမသိနိုင်” ဟု ဆိုရိုးရှိသည်။
ထိုဆိုရိုးက နေရာတိုင်းအချိန်တိုင်းအတွက် မှန်ကန်သည်။ လူတစ်ယောက်၏ စိတ်နှလုံးက မကောင်းသောအကြံအစည်များနှင့် ပြည့်နက်နေသည့်တိုင် အခြားသူများမသိအောင် ဟန်ဆောင်ဖုံးကွယ်ထားပါက မည်သူမှ ရိပ်မိကြမည် မဟုတ်ပေ။
သက်သေမရှိပါက လူတစ်ယောက်ကို တိတ်တဆိတ်သတ်ဖြတ် အလောင်းစွန့်ပစ်ထားပြီး အခင်းဖြစ်ပွားရာသို့ ခရီးသွားဟန်လွဲဖြင့် အေးအေးဆေးဆေးပင် လာရောက်ကြည့်ရှုနိုင်သေးသည်။
အမှောင်ဘက်ခြမ်းသို့ လုံးဝကျရောက်သွားသူများကတော့ ထိုသို့မဟုတ်ပေ။ အမှောင်ကျင့်ကြံသူများသည် သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားရန် မည်သို့မှ မဖြစ်နိုင်ပေ။
အမှောင်ဘက်ခြမ်းသို့ ကျရောက်သွားသူတစ်ယောက် လူသားတစ်ဦးအဖြစ် ပြန်လည်ပြေင်းလဲနိုင်ရန် မဖြစ်နိုင်ကြောင်း တပ်အပ်မပြောနိုင်သည့်တိုင် ဖြစ်နိုင်ခြေတော့ အလွန်နည်းပါးသည်ပင်။
ထို့ကြောင့် အမှောင်ဘက်ခြမ်းသို့ မကျရောက်သေးသူများသာလျှင် သူတို့ကိုယ်သူတို့ ဖုံးကွယ်ပြီး သူလျှိုများအဖြစ် ရပ်တည်နိုင်ကြသည်။
ဥပမာဆိုရသော် အကြီးအကဲ’မော့’လိုလူစားများ ဖြစ်ကြ၏။
“ငါ အစိုးရိမ်လွန်နေတာများလား”
ရန်ကျောက်ကဲ တွေးလိုက်သည်။
“ငါ့ကို အလစ်တိုက်ခိုက်တဲ့ သိုင်းဆရာသခင်က လျှို့ဝှက်ဖုံးကွယ်ထားတဲ့ သူလျှို မဖြစ်နိုင်ဘူးထင်တာပဲ ၊ သူ့ကိုကြည့်ရတာ အမှောင်ဘက်ခြမ်းရောက်နေတာတောင် အတော်ကြာနေတဲ့ပုံပဲ ၊ ကြည့်ရတာ... မြေကမ္ဘာနယ်မြေထဲမှာ လျှို့ဝှက်တနထိုင်တဲ့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက တစ်ယောက်ယောက် ဖြစ်မယ်ထင်တယ်”
ရန်ကျာက်ကဲ မေးစေ့ကိုတစ်ချက်ပွတ်လိုက်သည်။
“အဲဒီလူက သူဘယ်သူလဲဆိုတာမသိအောင် တင်းတင်းကျပ်ကျပ် ဖုံးကွယ်ထားတယ် ၊ သူ အကျွမ်းကျင်ဆုံး သိုင်းပညာကိုတောင် ထုတ်မသုံးဘူး ၊ သူ့ကို မဖမ်းမိဘဲ သူဘယ်သူလဲဆိုတာ သိနိုင်မှာ မဟုတ်ဘူး ၊ သူဘယ်သူလဲဆိုတာ ဘယ်သူ သိနိုင်မလဲ ၊ အမှောင်ဘက်ခြမ်းရောက်နေတာတောင် ထင်ရှားတဲ့ပစ်မှတ်တစ်ခုဖြစ်နေလို့ သူ့ကိုယ်သူ ဖုံးကွယ်ထားတာလား”
“ဒါဆိုရင်လည်း သူ ဘယ်သူလဲဆိုတာကိုပဲ ဖုံးကွယ်ထားလို့ ရသားနဲ့ ၊ သူ အကျွမ်းကျင်ဆုံး သိုင်းပညာကိုပါ ဘာလို့ ဖုံးကွယ်ထားရတာလဲ”
အတွေးနှင့်အတူ ထိုသူနှင့် ရင်ဆိုင်ခဲ့စဉ်က မြင်ကွင်းများကို ရန်ကျောက်ကဲ ပြန်စဉ်းစားကြည့်လိုက်သည်။
“ငါတို့ (၃)ယောက်နဲ့ အဲဒီလူ ထိပ်တိုက်တွေ့တုန်းက သူ့ရဲ့ ဓားသိုင်းနဲ့ လက်ဝါးသိုင်းက အတော်လေး နက်နဲတယ် ၊ ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ယှဉ်လိုက်မယ်ဆိုရင် အဲဒီသိုင်းပညာတွေကို အချိန်ကုန်ခံပြီး လေ့ကျင့်ထားတယ်ဆိုတာ သိသာပေမယ့် သူ အကျွမ်းကျင်ဆုံး သိုင်းပညာတွေတော့ မဟုတ်သေးတာ သေချာတယ်”
အချိန်အတန်ကြာ စဉ်းစားပြီးနောက် ရန်ကျောက်ကဲမျက်လုံးများ ကျဉ်းမြောင်းသွားသည်။
“ငါ မသိတဲ့ကိစ္စတွေ အများကြီးရှိနေသေးတယ်လို့ ခံစားရတယ်”
ထိုစဉ်...
“ဒီတစ်ခါလည်း ကျောက်ကဲကတော့ ထူးထူးခြားခြား စွမ်းဆောင်မှုတစ်ခု ထပ်လုပ်လိုက်ပြန်ပြီ ၊ ဒီတစ်ခါ တကယ့်ကို ထူးခြားတာပဲဟေ့”
ဖန်ကျွင်း၏ ကြည်လင်သည့်အသံထွက်ပေါ်လာတော့ ရန်ကျောက်ကဲက အတွေးများကို ရပ်တန့်ရင်း ရယ်မောလိုက်သည်။
“ဒါက ကောင်းကင်ဘုံက ချီးမြှင့်တဲ့ ကံကောင်းမှုတစ်ခုပါ ၊ ဒုတိယဆရာဦးလေး ကျွန်တော့်ကို ချီးကျူးလွန်းနေပြီ”
ဖန်ကျွင်းက ခေါင်းခါယမ်းရင်း...
“မဟုတ်ဘူး ၊ မင်းတကယ်တော်တာပါ ၊ မင်းသာ ရုတ်တရက်ရောက်လာပြီး မကူညီခဲ့ဘူးဆိုရင် ဒီတစ်ခေါက် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက သေချာပေါက် အနိုင်ရသွားမှာ ၊ မဟာငရဲကိုးထပ်တံခါးပွင့်လာရန် ပြန်ပိတ်ဖို့ဆိုတာ အတော်ခက်လိမ့်မယ်”
ရန်ကျောက်ကဲက...
“ဂေဟာသခင်မ’အန်း’ က ဘာလို့ အချိန်မီရောက်မလာတာလဲ ၊ ကြည့်ရတာ အရှေ့ပင်လယ်မှာ မီးတောက်မိစ္ဆာတွေ ပြဿနာရှာကြပြီ မဟုတ်လား”
ဖန်ကျွင်းက...
“အမှန်ပဲ ၊ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနဲ့ မီးတောက်မိစ္ဆာတွေ ပူးပေါင်းဖျော်ဖြေလိုက်တဲ့ပွဲပေါ့ကွာ ၊ ငါတို့ကို ရှေ့နဲ့နောက် ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်လိုက်တာပဲ”
သူက ဆက်ပြောသည်။
“လှိုင်းနက်ဂေဟာက ဂေဟာသခင်’အန်း’ တင်မကဘူး ၊ ကျောက်စိမ်းပင်လယ်မြို့တော်က မြို့တော်သခင်’စုန့်’ နဲ့ ကောင်းကင်မိုးကြိုးခန်းမက ဂိုဏ်းချုပ်တို့လည်း အရှေ့ပင်လယ်ဒေသကို အလောတကြီး ထွက်သွားကြရတယ်”
“ပြီးတော့ ငါတို့ဂိုဏ်းနဲ့ အဆုံးမဲ့တောင်တန်းပူးပေါင်းပြီး မြေကမ္ဘာနယ်မြေမှာ မတည်မငြိမ် ဖြစ်နေတာတွေကိုလည်း ဖိနှိပ်လိုက်ရတယ်လေ”
ကြည်လင်လျှို့ဝှက်ရေကန်တွင် ယခုတစ်ကြိမ် ဖြစ်ပျက်ခဲ့သော ပြဿနာများက ရုတ်တရက်ဆန်သည်ထင်ရသော်လည်း တကယ်တမ်းတွင် အကြောင်းရင်းများစွာ ပါဝင်နေကြောင်း ဖန်ကျွင်း၏ စကားများမှတစ်ဆင့် သိရှိရသည်။
“ကြည်လင်လျှို့ဝှက်ရေကန်အတွက် အကူအညီလိုတဲ့အချိန် အရေးပေါ်ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်၊ နောက်ဆုံးမှာတော့ နေသူတော်စင်ဂိုဏ်းချုပ် ဟွမ်ရှုက မဟာနေမင်းတိုင်းတာခြင်းပေတံနဲ့အတူ ရောက်လာဖို့ ဆုံးဖြတ်ခဲ့တယ်”
ရန်ကျောက်ကဲက မျက်ခုံးအနည်းငယ်ပင့်လိုက်ရင်း...
“ဒါဆို သူ ဘယ်မှာလဲ”
ဖန်ကျွင်း၏ မျက်နှာအမူအရာက တည်ကြည်လေးနက်သွားပြီး...
“မိစ္ဆာသူတော်စင်ပေါ်လာပြီး ဟွမ်ရှုနဲ့ မဟာနေမင်းတိုင်းတာခြင်းပေတံကို တားဆီးခဲ့တယ်လေ”
ရန်ကျောက်ကဲ ခေါင်းကိုအနည်းငယ်မော့လိုက်ရင်း...
“မိစ္ဆာသူတော်စင်... ဟုတ်လား”
လက်ရှိ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် သိုင်းသူတော်စင်အဖြစ် သတ်မှတ်အတည်ပြုခံရသူများထဲတွင် မိစ္ဆာသူတော်စင်က နံပါတ် (၆) ဖြစ်သည်။
နေသူတော်စင်ဂိုဏ်းမှ ဆရာဘိုးဘိုး ၊ 'အရှေ့အရပ်မှထွက်သောနေ' ဟွမ်ကွမ်လီ’။
ကျောက်စိမ်းပင်လယ်မြို့တော်၏ မြို့တော်သခင် ၊ ကျောက်စိမ်းပင်လယ်သိုင်းသူတော်စင် ၊ “ခြေလှမ်းတစ်ထောင်” စုန့်ဝူလျန်။
လှိုင်းနက်ဂေဟာ၏ ဂေဟာသခင်မ ၊ လွင့်မျောတိမ်လွှာသိုင်းသူတော်စင် ၊ “လှိုင်းနက်လွင့်မျောတိမ်လွှာ” အန်းချင်လင်။
ကောင်းကင်မိုးကြိုးခန်းမ ဂိုဏ်းချုပ် ၊ အစိမ်းရောင်မိုးကြိုးသိုင်းသူတော်စင် ၊ “မိုးကြိုးတုန်လှုပ်” ချန်လီ။
ဂိုဏ်းမရှိ ၊ မျိုးနွယ်စုမရှိသော “ပန်းချီဆရာသူတော်စင်” နှင့် “မိစ္ဆာသူတော်စင်” တို့ ဖြစ်သည်။
ထို ဂိုဏ်းမရှိ ၊ မျိုးနွယ်မရှိ သိုင်းသူတော်စင် (၂)ပါးအနက် ပန်းချီဆရာသူတော်စင် အဘိုးအို’မော့’ သည် ဤကမ္ဘာတွင် အသက်အကြီးဆုံး သိုင်းသူတော်စင်အဖြစ် အာလုံးက သတ်မှတ်ကြသည်။
ဝါဒတောင်တွင် ဟန်ထျန်းပုဂ္ဂိုလ်မြတ်ကျန်းဒေါင်ဂီနှင့် ကောင်းကင်ခန့်မှန်းသူကျန်းရှီလော့တို့ သက်ရှိထင်ရှား ရှိခဲ့ကြစဉ်ကတည်းက အဘိုးအို’မော့’၏ ဂုဏ်သတင်းက လောကကို တုန်လှုပ်စေသည်မှာ ယခုအချိန်ထိ ဖြစ်သည်။
ထိုအဘိုးအိုက များသောအားဖြင့် ပင်လယ်ပြင်တွင် နေထိုင်လေ့ရှိပြီး လောကီရေးရာများတွင် ပါဝင်ပတ်သက်ခြင်း မရှိပေ။ လူအများစုက သူ၏တည်ရှိမှုကိုပင် သတိမပြုခဲ့ကြပေ။
မီးတောက်မိစ္ဆာကမ္ဘာက ဤကမ္ဘာကို အနီးကပ်တိုက်ခိုက်ချိန်တွင်သာ ထိုအဘိုးအိုက ပေါ်လာပြီး လူသားမျိုးနွယ်နှင့် အခြားသောသိုင်းထိပ်သီးများကို ကူညီကာ မီးတောက်မိစ္ဆာများ၏ ကျူးကျော်မှုကို နှိမ်နင်းပေးတတ်သည်။
နှိုင်းယှဉ်ပြောရလျှင် အဘိုးအို’မော့’ သည် လောကကိုကျော်လွန်နေပြီဖြစ်သလို ဝါဒတောင် ၊ နေသူတော်စင်ဂိုဏ်းနှင့် အခြားသော ထိပ်သီးသိုင်းဂိုဏ်းကြီးများက သူ့ကို ပေါ့ပေါ့ဆဆ သွားရောက် နှောက်ယှက်ရဲကြခြင်း မရှိပေ။
မိစ္ဆာသူတော်စင်ယွမ်ထျန်းကတော့ ရိုင်းစိုင်းကြမ်းတမ်းပြီး ကျိုးကြောင်းဆီလျော်သူတစ်ယောက် မဟုတ်ပေ။ သူ နေချင်သလိုနေပြီး အနိုင်အထက်ပြုမူတတ်သည်။ သို့သော် သူ၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားပြီး အဖျက်စွမ်းအားက အလွန်ပြင်းထန်သည်။
ထိပ်သီးသိုင်းဂိုဏ်း (၆)ဂိုဏ်းနှင့် သူ၏ဆက်ဆံရေးကလည်း အလွန်ကြောက်မက်ဖွယ်ရာ ဖြစ်၏။ များသောအားဖြင့် သူက နေချင်သလို နေတတ်သည်ဖြစ်ရာ သူ့စိတ်နှင့် ဒေါသကို ခန့်မှန်းမရနိုင်ပေ။ အားလုံးက သူ့ကြောင့် ခေါင်းကိုက်နေကြရလေသည်။
အရင်အချိန်များတုန်းက ရန်ကျောက်ကဲက မိစ္ဆာသူတော်စင်နှင့် အခြားသူများကြား တိုက်ပွဲများကို လျှို့ဝှက်စွာ ခွဲခြမ်းစိတ်ဖြာကြည့်ဖူးသည်။ စာအုပ်စာတမ်းများနှင့် လူအများပြောပြချက်များကို စုဆည်းပြီး ကောက်ချက်ချနိုင်ခဲ့သည်မှာ မိစ္ဆာသူတော်စင်ယွမ်ထျန်းသည် မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ကျန်ရစ်ခဲ့သော အမွေအနှစ်အချို့ကို ရယူနိုင်ခဲ့ပြီး သူ၏လက်ရှိသိုင်းလမ်းစဉ်ကို တဖြည်းဖြည်း ပုံဖော်လာနိုင်ကြောင်း သိရှိရသည်။
အရင်းစစ်လိုက်သည့်အခါ ထိုသိုင်းလမ်းစဉ်သည် မဟာကပ်ဘေးမတိုင်ခင်က “ပြောင်းလဲမိစ္ဆာမျိုးနွယ်”များ၏ မိစ္ဆာအငွေ့အသက်များ ပါဝင်နေဟန်ရှိကြောင်း သိခဲ့ရသည်။
“မိစ္ဆာသူတော်စင်ယွမ်ထျန်းက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနဲ့ပတ်သက်နေတာလား ၊ ဒါမှမဟုတ် ယွမ်ထျန်းက တစ်ဖက်လှည့်နဲ့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို တည်ထောင်ခဲ့တဲ့သူလား”
ရန်ကျောက်ကဲ နှုတ်ခမ်းများကို ပွတ်သပ်လိုက်ရင်း...
“ကျွန်တော့်စိတ်ထဲတော့ ယွမ်ထျန်းက တစ်ကိုယ်တော်လှုပ်ရှားရတာကို သဘောကျတယ်ထင်တာပဲ”
ဖန်ကျွင်းက...
“ယွမ်ထျန်းက ဟွမ်ရှုနဲ့ မဟာနေမင်းတိုင်းတာခြင်းပေတံကို တိုက်ခိုက်တာက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို ကူညီပေးတာလား ၊ ဒါမှမဟုတ် တခြားအကြောင်းလားဆိုတာ မသိနိုင်ဘူး ၊ ငါတို့လည်း မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး ၊ ဒါပေမဲ့ အန္တရယ်ကင်းဖို့အတွက် ဒါကို တိုက်ဆိုင်မှုတစ်ခုလို့ မယူဆဘဲ ယွမ်ထျန်းရဲ့ လှုပ်ရှားမှုတွေကို အနာဂတ်မှာ စောင့်ကြည့်နေဖို့ လိုအပ်တယ်”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်ရင်း...
“ဒုတိယဆရာဦးလေးပြောတာ အဓိပ္ပါယ်ရှိတယ်”
ရန်ကျောက်ကဲက ဆက်ပြောသည်။
“ဒီတစ်ခါတော့ အခြေအနေတွေက အတော်ဆိုးတယ်နော် ၊ ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲမှာ လှိုင်းနက်ဂေဟာလည်း အတော်လေး အထိနာတယ် ၊ သူတို့ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်က သူလျှိုတစ်ယောက်ဖြစ်နေလို့ ရှင်းပစ်လိုက်ရတယ် ၊ တစ်ယောက်ကတော့ နတ်ဆိုးလက်ထဲကျရောက်သွားလို့ တိုက်ပွဲထဲမှာပဲ အသက်ဆုံးသွားရတယ်”
ဖန်ကျွင်းက ခေါင်းခါယမ်းလိုက်ရင်း...
“ငရဲကိုးထပ်နဲ့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းအကြောင်း ငါတို့တွေ ဖြည်းဖြည်းချင်း ဆွေးနွေးကြရဦးမယ် ၊ အခုတော့ တောင်ပေါ်ကို အရင်ပြန်ကြစို့”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“နားလည်ပါပြီ...”
ဖန်ကျွင်းက ပြုံးလိုက်ရင်း...
“ဒီတစ်ခါလည်း ဂိုဏ်းက မင်းကို နောက်တစ်ကြိမ်ထပ်ပြီး ဆုလာဘ် ကြီးကြီးမားမားတွေ ပေးဦးမယ်ထင်တယ်”
သူက ဆက်ပြောသည်။
“နောက်ဆိုရင် ဒီကမ္ဘာကလူတွေက မင်းကို ဂိုဏ်းတူညီလေး’ရန်တိ’ ရဲ့ သားလို့ မမြင်တော့ဘဲ ‘ရန်ကျောက်ကဲ’ လို့ပဲ သိမြင်ကြတော့မယ်လို့ ငါ ပြောခဲ့ဖူးတယ် မဟုတ်လား”
“ငါ မင်းကို တစ်ခါမှ လျှော့မတွက်ခဲ့ဖူးဘူး ၊ ဒီနေ့ကစပြီး မင်းရဲ့အောင်မြင်မှုကို မသိတဲ့သူ မရှိရအောင် တစ်ကမ္ဘာလုံးက သိကြလိမ့်မယ်”
***