← Chapters

မျှော်လင့်မထားသည့်ဆုလဘ်

Vol. 15 Ch. 200

မျှော်လင့်မထားသည့်ဆုလဘ်

Vol. 15 Ch. 200

ဖန်ကျွင်းက ချီးမွမ်းတော့ ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ဒုတိယဆရာဦးလေး အလွန်အကျွံချီးကျူးနေတာ ကျွန်တော်တော့ ရှက်လို့သေတော့မယ်”

ဖန်ကျွင်းက ခေါင်းခါယမ်းရင်း...

“မင်းနဲ့ ထိုက်တန်ပါတယ်ကွာ...”

ထို့နောက် ဝါဒတောင်မှသိုင်းသမားများကို စုစည်းကာ ရေကန်နယ်မြေမှ ကောင်းကင်နယ်မြေသို့ ပြန်လာခဲ့ကြသည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာမှ သိုင်းဂိုဏ်းကြီးများက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို ဘုံရန်သူအဖြစ် တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ခဲ့ကြသည်။ ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲ ပြီးဆုံးသွားပြီးနောက် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း၏ အန္တရယ်သည်လည်း ယာယီဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် အဆုံးသတ်တွင်တော့ ဝါဒတောင်ဂိုဏ်းသည်လည်း ဝါဒတောင်ဂိုဏ်းသာဖြစ်ပြီး နေသူတော်စင်ဂိုဏ်းသည်လည်း နေသူတော်စင်ဂိုဏ်းသာ ဖြစ်နေဆဲပင်။

ရေကန်နယ်မြေမှ ကောင်းကင်နယ်မြေသို့ ပြန်ကြသည့်အခါ မြေကမ္ဘာနယ်မြေကို ဖြတ်သန်းသည့်လမ်းကြောင်းကိုသာ အသုံးပြုခဲ့ကြသည်။

ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းဌာနချုပ်သည် မြေကမ္ဘာနယ်မြေအနီးတစ်ဝိုက်တွင် ရှိသော်လည်း ကြီးမားသည့်တိုက်ပွဲကြီး အဆုံးသတ်ခါစ ဖြစ်သောကြောင့် လောလောဆယ်တွင် ရန်သူ့ဘက်မှ ပြဿနာရှာမည်မဟုတ်ဟု ယူဆနိုင်သည်။

ထို့ပြင် ရေကန်နယ်မြေမှ ကောင်းကင်နယ်မြေသို့ ပြန်ရာတွင် ဤလမ်းအတိုင်းမပြန်ပါက မီးနယ်မြေကို ဖြတ်သန်းရမည် ဖြစ်သည်။

ဟွမ်ကွမ်လီက တံခါးပိတ်ကျင့်ကြံနေဆဲ ဖြစ်ပြီး အရှေ့ထန်တိုက်ပွဲတွင် မရှုမလှ ရှုံးနိမ့်ခဲ့ရသဖြင့် နေသူတော်စင်ဂိုဏ်း အင်အားနည်းနေခဲ့သည်။ သို့ပေသိ တတိယအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် မန်ဝမ်က ထူးကဲယင်သရဖူကို ရရှိခဲ့သည်။ မဟုတ်ပါက ရန်ကျောက်ကဲနှင့် ဖန်ကျွင်းတို့အုပ်စု မီးနယ်မြေကို ဖြတ်သန်းသွားလာခြင်းက ပြဿနာ မရှိနိုင်ပေ။

ယခုတော့ နေသူတော်စင်ဂိုဏ်းအနေဖြင့် မဟာနေမင်းတိုင်းတာခြင်းပေတံနှင့် ထူးကဲယင်သရဖူဆိုသော အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၂)ခုကို ပိုင်ဆိုင်ထားလေရာ အရှေ့ထန်တိုက်ပွဲ ရှုံးနိမ့်ခဲ့သည့်တိုင် သူတို့ကို အင်အားနည်းပါးသည် မဆိုနိုင်တော့ပေ။

ထို့ကြောင့် ရန်ကျောက်ကဲတို့အုပ်စု မီးနယ်မြေကိုဖြတ်သန်းသွားလာပါက နေသူတော်စင်ဂိုဏ်း၏ တိုက်ခိုက်မှုကို ကျိန်းသေရင်ဆိုင်ရပေမည်။

ဝါဒတောင်ဂိုဏ်းသာ မဟုတ်ပေ ၊ ရှန်းရှီဝမ်ဦးဆောင်သော အဆုံးမဲ့တောင်တန်းမှလူများသည်လည်း မီးနယ်မြေကို ဖြတ်သန်းမသွားဘဲ မြေကမ္ဘာနယ်မြေကိုသာ ဖြတ်သန်းသွားလာခဲ့ကြသည်။

အခြားတစ်ဖက်တွင် ကောင်းကင်မိုးကြိုးခန်းမသည်လည်း မိုးကြိုးနယ်မြေသို့ပြန်ရန် မြေကမ္ဘာနယ်မြေကို ဖြတ်သန်းရမည် ဖြစ်သည်။ မဟုတ်ပါက သူတို့အနေဖြင့် ရေနယ်မြေကို ဖြတ်သန်းရပေလိမ့်မည်။

ဟုတ်ပေ၏။ ကောင်းကင်မိုးကြိုးခန်းမကတော့ ဝါဒတောင် ၊ အဆုံးမဲ့တောင်တန်းမှ လူများဖြင့် အတူတကွ ခရီးသွားခြင်း မပြုခဲ့ပေ။

ရွှီဖေး ၊ ရန်ကျောက်ကဲနှင့် စစ်ခုန်ချင်းတို့သည် အဆုံးမဲ့တောင်တန်းမှ လူများကို လှမ်းကြည့်ပြီးနောက် ခံစားချက်ပေါင်းများစွာဖြင့် တိတ်ဆိတ်နေကြသည်။

ဝါဒတောင်အနေဖြင့် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲသို့ တပည့် (၃)ယောက် တက်ရောက်ခဲ့ပြီး (၃)ယောက်လုံး အဆင်ပြေပြေနှင့် အသက်ရှင်ကျန်ရစ်နေခဲ့သည်။

သို့သော် အဆုံးမဲ့တောင်တန်းကတော့ သူတို့၏တိုက်ရိုက်ပင်မတပည့်များဖြစ်သော လျိုရှန်းဖုန်းနှင့် ကျောက်ဟိုကို ဆုံးရှုံးခဲ့ရပြီး ရှောင်ယွိနှင့် ကျိဟန်ရူတို့မှာလည်း ဒဏ်ရာအပြင်းအထန် ရရှိထားကြသည်။ ဖြစ်ရပ်က အနည်းငယ် ကြေကွဲစရာပင်။

လူငယ်မျိုးဆက်တပည့်များအတွက် အဆုံးမဲ့တောင်တန်း၏ကျောရိုးသည် တစ်ဝက်ခန့် လဲပြိုကျခဲ့သည်ဟု ဆိုနိုင်ပြီး ထိုအတွက်လည်း အပြင်တင်စရာ မရှိခဲ့ပေ။

အကြီးမားဆုံး ဆုံးရှုံးမှုကို ခံစားခဲ့ရသည်ကတော့ လှိုင်းနက်ဂေဟာပင် ဖြစ်သည်။ တိုက်ပွဲတွင်း အဆင့်မြင့်အကြီးအကဲများသာမက တပည့်ငယ်များကိုလည်း ဆုံးရှုံးခဲ့ရ၏။

နှိုင်းယှဉ်ပြောရမည်ဆိုလျှင် မိုးကြိုးနယ်မြေမှ ကောင်းကင်မိုးကြိုးခန်းမသည်လည်း အထိနာခဲ့ကာ အမှောင်တိမ်တိုက်များနှင့် ဖုံးလွှမ်းသည့်အချိန်ကာလဟု ဆိုနိုင်သည်။

ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင် ကောင်းကင်ချိတ်ဆက်အဆင့်သို့ ရောက်လုနီးပါးဖြစ်နေသည့် ပါရမီရှင် ရှဲ့ကျစ်ယီကို ဆုံးရှုံးခဲ့ရပြီး အစိမ်‌းရောင်တစ္ဆေဝံပုလွေ (၂)ကောင်ကို အားကိုးအားထားပြုသည့် ချန်လင်းမှာလည်း သူမ၏ “အေးခဲတစ္ဆေဝံပုလွေ” ကြီးကို ဆုံးရှုံးခဲ့ရသည်။ အေးခဲတစ္ဆေဝံပုလွေမှာ ပန်ပန်၏လက်ချက်ဖြင့် ဝံပုလွေအသားပြား ဖြစ်သွားခဲ့ရသည် မဟုတ်ပါလား။

ထို့ပြင် အစောပိုင်းတွင်လည်း လင်ကျိုးက ရန်ကျောက်ကဲကြောင့် ဒဏ်ရာအပြင်းအထန် ရထားသည့်အပြင် ရန်ရှန်းမှာလည်း ရန်ကျောက်ကဲကြောင့် လက်တစ်ဖက်ပြတ်သွားခဲ့ရသည်။ ထို့ကြောင့် ကောင်းကင်မိုးကြိုးခန်းမ၏ လူငယ်မျိုးဆက်များသည်လည်း ရှားရှားပါးပါပင် ဆုတ်ယုတ်မှုများ ဖြစ်ပေါ်ခဲ့ရသည်။

မြေကမ္ဘာနယ်မြေကို ဖြတ်ကျော်လာပြီးနောက် မြေကမ္ဘာနယ်မြေ ၊ ကောင်းကင်နယ်မြေနှင့် တောင်တန်းနယ်မြေ လမ်းဆုံသို့ ရောက်ရှိသည့်အခါ အဆုံးမဲ့တောင်တန်းမှလူများနှင့် လမ်းခွဲခဲ့ကြပြီး ရန်ကျောက်ကဲတို့အုပ်စု ဝါဒတောင်ဆီသို့ ဦးတည်ခဲ့ကြသည်။

တောင်ပေါ်ပြန်ရောက်သည်နှင့် အခြားသူများနှင့် လူစုခွဲလိုက်ကြပြီး ရန်ကျောက်ကဲကတော့ ဂိုဏ်းချုပ် ယွမ်ကျန်းဖုန်းနှင့် တွေ့ဆုံရန် ဖန်ကျွင်းနှင့်အတူ လိုက်ပါသွားသည်။

ဝါဒတောင် ပင်မခန်းဆောင်ကြီးထဲတွင် ယွမ်ကျန်းဖုန်း သူတို့ရောက်လာသည်ကို‌ စောင့်မျှော်နေသည်မှာ အချိန်အတန်ကြာခဲ့လေပြီ။

သူ့ဘေးတစ်ဖက်တွင် ရန်တိနှင့် ရှီတိထိုင်နေပြီး အခြားတစ်ဖက်တွင်တော့ ဂိုဏ်း၏ဝါရင့်အကြီးအကဲ (၂)ယောက် ရှိနေသည်။

ခန်းမကြီးအတွင်းသို့ ရောက်သည်နှင့် ဖန်ကျွင်းနှင့် ရန်ကျောက်ကဲတို့က ယွမ်ကျန်းဖုန်းနှင့် အခြားသူများကို နှုတ်ဆက်လိုက်ကြ၏။ အရင်တစ်ခေါက် ရန်ကျောက်ကဲ ဂိုဏ်းချုပ်ကို လာရောက်တွေ့ဆုံစဉ်ကနှင့် မတူညီစွာ ယခုတစ်ကြိမ်တွင် ဖန်ကျွင်းက သူ့နေရာတွင် ဝင်ထိုင်ခြင်းမရှိဘဲ မတ်တတ်ရပ်လျှက်ပင် ကြည်လင်လျှို့ဝှက်ရေကန်မှ ဖြစ်ကြောင်းကုန်စင်ကို အသေးစိတ် အစီရင်ခံ တင်ပြသည်။

ယွမ်ကျန်းဖုန်းနှင့် အခြားသူများက ဖန်ကျွင်း ကြိုတင်ပေးပို့ထားသည့် အစီရင်ခံစာကို ဖတ်ရှုပြီးသည့်တိုင် သူပြောပြသည့် ဇာတ်ကြောင်းကို စိတ်ရှည်စွာပင် နားထောင်ကြသည်။

ဖန်ကျွင်း၏စကားများက ရှင်းလင်းပြတ်သားသည် ၊ ရည်ရွယ်ချက်ရှိပြီး တရားမျှတသည်။ သံသယဝင်စရာအချက်အလက်များကို ထည့်သွင်းပြောဆိုခြင်းမရှိဘဲ အတည်ပြုထားသည့် အချက်အလက်များကိုသာ ပြီးပြည့်စုံစွာ ဓမ္မဓိဋ္ဌာန်ကျကျ ပြောဆိုသည်။

သူ့စကားများကို ဆုံးအောင်နားထောင်ပြီးသည်နှင့် ယွမ်ကျန်းဖုန်းက မည်သည့်စကားမှမဆိုဘဲ ခေါင်းတစ်ချက်ညိတ်ရင်း ရန်ကျောက်ကဲကို လှမ်းကြည့်သည်။

“ကျောက်ကဲ... မင်းလည်း ပြောပြစမ်းပါဦး”

ရန်ကျောက်ကဲသည်လည်း ဖန်ကျွင်းပြောသကဲ့သို့ပင် မိစ္ဆာချီနယ်မြေနှင့်ပတ်သက်သည့် အတွေ့အကြုံများကို ခပ်ဖြည်းဖြည်း ပြန်ရှင်းပြသည်။ ဖုံးကွယ်စရာအနည်းငယ်ကို ဖုံးကွယ်ထားသည်မှလွဲပြီး အသေးစိတ်အချက်အလက်များကို အမှန်အတိုင်း အစီရင်ခံသည်။

ရန်ကျောက်ကဲ၏ တင်ပြမှုတွင် ရှန်ထျန်းကနဦးအဆင့်မှ ရှန်ထျန်းအလယ်ဆင့်သို့ တက်ရောက်ရာတွင် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစမှ သန့်စင်သည့်လျှပ်စီးချီစွမ်းအာများကို အသုံးပြုခဲ့ခြင်း ၊ ထို့ကြောင့်ပင် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို ယခင်ကထက် ပိုမိုနားလည်သဘောပေါက်သွားခဲ့ခြင်းနှင့် မိစ္ဆာချီနယ်မြေမှ အစီအရင်ကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီးနောက် အစီအရင်တစ်ခုလုံးကို ဖျက်ဆီးပစ်ရန် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစ၏ စွမ်းအားကို အားကိုးအားထားပြုခဲ့ပုံများ ပါဝင်သည်။

ထိုစကားများကို နားထောင်ပြီးနောက် ယွမ်ကျန်းဖုန်းက...

“ကျောက်ကဲ... မင်း ဒီတစ်ခါတော့ သိပ်တော်တာပဲ ၊ သိပ်ကိုတော်တာပဲ”

ရန်ကျောက်ကဲက...

“ဒါက ကံကောင်းလို့ပါ ဆရာဘိုးဘိုး ၊ မိစ္ဆာချီအစီအရင်ကို ပိုပြီး နက်နက်နဲနဲ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့ရင် ဒီထက်ပိုပြီးလွယ်ကူနိုင်မှာပါ ၊ အထူးသဖြင့် ကျောက်စိမ်းပင်လယ်မြို့တော်က အစ်ကို’ရဲ့ကျုန်းကျိုး’ ၊ လှိုင်းနက်ဂေဟာက ညီမလေး’ကျန်းယောင်’နဲ့ တခြားသူတွေ လျိုရှန်းဖုန်း နှိပ်စက်တာကို ခံကြရမှာ မဟုတ်ဘူး”

အမြဲတမ်း မျက်နှာထားတင်းတင်းနေလေ့ရှိသော ရှီတိ၏ မျက်နှာအမူအရာက ရှားရှားပါးပါးပင် ပျော့ပြောင်းသိမ့်မွေ့သွားသည်။

“မင်းလုပ်ရပ်တွေက မင်းဘယ်လောက်တော်လဲဆိုတာ ပြသပြီးနေပါပြီ ၊ မင်းရဲ့စွမ်းအားကို မပြောနဲ့ဦး ၊ သိုင်းပညာရှင်အဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ မိစ္ဆာချီအစီအရင်ဗဟိုချက်ကို ဝင်ရောက်ပြီး ငရဲကိုးထပ်ကျူးကျော်လာမှာကို တားဆီးဖို့ကြိုးစားကတည်းက မင်းရဲ့ စိတ်ဓာတ်နဲ့ ရဲစွမ်းသတ္တိက အတော့်ကို ရှားပါးတဲ့အထဲ ပါနေပြီ”

သူက ဆက်ပြောသည်။

“အထူးသဖြင့် မင်းက မဆင်မခြင် မလုပ်ဘဲ အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်တဲ့စွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့သူပါပဲ”

ရှီတိနှင့် ရန်တိ မျက်နှာချင်းဆိုင်တွင်ထိုင်နေကြသော အကြီးအကဲ (၂)ယောက်ကလည်း ခေါင်းညိတ်လိုက်ကြသည်။

“မှန်ပါတယ် ၊ ဒီတစ်ခေါက် ကျောက်ကဲ အရမ်းတော်တယ်”

ရန်တိကတော့ မည်သည့်စကားမှမဆိုဘဲ ရန်ကျောက်ကဲကိုကြည့်ရင်း ပြုံးနေရုံသာ။

ထိုသို့သောအပြုံးမျိုးက ရန်တိမျက်နှာထက် ရှားရှားပါးပါး တွေ့ရခဲသည် အပြုံးဖြစ်သည်။

သားဖြစ်သည်၏ အောင်မြင်မှုအတွက် အသံမထွက်သည့်တိုင် တိတ်တဆိတ် ဂုဏ်ယူဝင့်ကြွားနေသည့် အပြုံးဆိုသည်မှာ ထင်ရှားသည်။

ရန်တိ၏ လက်ရှိအသက်အရွယ်နှင့် ရာထူးအရ အခြားသူများရှေ့တွင် ထိုသို့သောအမူအရာ ထုတ်ဖော်ပြသသည်ကို တွေ့မင်ရန်မှာ ကောင်းကင်ဘုံတက်ရသည်ထက်ပင် ခက်ခဲသေး၏။

“အဖေ ဒီလိုပြုံးနေတာ ငါတော့အသက်ရှည်တော့မယ်”

ဟု ရန်ကျောက်ကဲ တွေးလိုက်သည်။

ခန်းမဆောင် ပင်မပလ္လင်ထက် ထိုင်နေသည့် ယွမ်ကျန်းဖုန်းကတာ့ အလွန်စိတ်ကောင်းဝင်နေဟန် ရှိသည်။ ရန်ကျောက်ကဲကို ကြည့်နေသည့် သူ့အကြည့်များက ကလေးတစ်ယောက်ပမာ ပျော်ရွှင်နေသလိုပင်။

ယွမ်ကျန်းဖုန်းက ရန်ကျောက်ကဲကို တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် စိတ်မသက်မသာဟန်ဖြင့် အဝေးသို့ အကြည့်လွှဲလိုက်သည်။

ခဏကြာမှ သူ့ထံမှ စကားသံထွက်လာသည်။

“ကျောက်ကဲရာ... မင်းက ဒီအဘိုးကြီးကို ခေါင်းကိုက်အောင်လုပ်ပြန်ပြီ ၊ ဂိုဏ်းကို ကောင်းကျိုးပြုတဲ့ကိစ္စတွေ တစ်ခုပြီးတစ်ခု လုပ်နေတာ ၊ ဒီတစ်ခေါက်လုပ်ရပ်က အရင်တစ်ခေါက်လုပ်ရပ်ထက် ပိုကောင်းနေတော့... မင်းကို ဘယ်လိုဆုမျိုးပေးရမလဲတောင် မသိတောဘူး ၊ ဆုကြေးက အရမ်းများရင်လည်း မသင့်တော်သလို နည်းသွားရင်လည်း မင်းအတွက် မမျှတဘူးလို့ ခံစားရတယ် ၊ ငါတို့ဂိုဏ်းရဲ့ ဆုပေးဒဏ်ပေးစည်းကမ်းတွေကနေ သွေဖယ်သွားလို့ မရဘူးလေ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ပြန်သုံးသပ်ရရင်... ဒီလိုသာ ဆုတွေပေးနေရမယ်ဆိုရင် နောက်ဆို တစ်ဂိုဏ်းလုံး မင်းလက်ထဲရောက်တော့မယ် ၊ ဆိုတော့... ဘာဆုမှ မချီးမြှင့်နိုင်ဘူး... ဘယ်လိုလဲ”

ယွမ်ကျန်းဖုန်းက သဘောထားတင်းမာသူ မဟုတ်ပေ။ ဂိုဏ်းချုပ် အဘိုးအိုသည် အလွန်‌နွေးထွေးပြီး ဟာသဉာဏ်လည်းရွှင်လန်းသူဖြစ်ရာ လူငယ်တပည့်များကို စ နောက် ရခြင်းအား သဘောကျသည်။

သို့သော် ယင်းသို့ပြုလုပ်ခြင်းက သူ၏ဂုဏ်သိက္ခာကို မထိပါးခဲ့ပေ။ လူငယ်များအပေါ် သဘောထားပျော့ပြောင်းခြင်းက ဂိုဏ်းချုပ်၏ တည်ကြည်ဖြောင့်မတ်ခြင်းကို ဘယ်သောအခါမှ မထိခိုက်စေခဲ့ပေ။

ကောင်းကင်ဘယ်လောက်မြင့်သည် ၊ မြေပြင်ဘယ်လောက်ကျယ်ပြန့်သည်ကို အမှန်တကယ် မသိရှိသူများအတွက် ယွမ်ကျန်းဖုန်းက သူ့ကို အဘယ့်ကြောင့် ‘ကောင်းကင်ခြေရာတိုင်းသူ’ ဟု ခေါ်ဆိုရသည်ကို သိရှိသွားအောင် ပြသမည် ဖြစ်သည်။

ရန်ကျောက်ကဲက ယွမ်ကျန်းဖုန်းကို နားလည်သည့်အလား ပြုံးကာကြည့်လိုက်ရင်း...

“ဆရာဘိုးဘိုးက အမြဲတမ်း ရက်ရက်ရောရာနဲ့ ထိုက်သင့်တာကိုပေးတဲ့သူပါဗျာ ၊ ဒါကြောင့် ဒီတစ်ခေါက် ကျွန်တော့်ကို ဘာမှမပေးဘူးဆိုတာ မယုံပါဘူး”

ယွမ်ကျန်းဖုန်းက ရန်ကျောက်ကဲကို လက်ညှိုးထိုးလိုက်ရင်း...

“ဒီကောင်ကတော့လေ...”

ပြီးမှ သူက ရှီတိကို လှမ်းကြည့်ပြီး ခေါင်းတစ်ချက်ညိတ်ကာ အတည်ပြုလိုက်ပြီးနောက် ရန်ကျောက်ကဲကို ပြန်လှည့်ကြည့်လိုက်သည်။

“ဒီတစ်ခေါက် မင်းကိုပေးဖို့စီစဉ်ထားတဲ့ ဆုလာဘ်ကတော့... အထူးအခွင့်အာဏာတစ်ခုပဲ”

ဂိုဏ်းချုပ်စကားဆုံးသွားမှ ရှီတိက စကားဆက်ပြော၏။

“ဒီနေ့ကစပြီး မင်း ဘာကိစ္စ ဘာပြဿနာပဲ ကြုံတွေ့ပါစေ ဂိုဏ်းကိုအစီရင်မခံဘဲ မင်းဆုံးဖြတ်ချက်နဲ့ လှုပ်ရှားနိုင်တယ် ၊ ကိုယ့်ဆုံးဖြတ်နဲ့ကိုယ် ကိုင်တွယ်ဖြေရှင်းနိုင်တယ် ၊ ကိစ္စအားလုံးပြီးမှ ဘာတွေဖြစ်တယ်ဆိုတာ ဂိုဏ်းကိုတင်ပြဖို့လိုတယ် ၊ မင်းစိတ်ထဲမှာ သင့်တော်တယ်လို့ ယူဆရင် ဂိုဏ်းရဲ့ လူအင်အား ၊ ငွေအင်အားအားလုံးကို အသုံးပြုနိုင်တယ်”

ခဏရပ်နားပြီးမှ ရှီတိက...

“ဘယ်ကိစ္စမဆိုပေါ့ ၊ အဲဒီအတိုင်းလုပ်လို့ရတယ်”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်လိုက်မိသည်။

ဝါဒတောင်ဂိုဏ်း စတင်တည်ထောင်ချိန်မှစပြီး ယခုအချိန်ထိ သမိုင်းတစ်လျှောက်တွင် သိုင်းပညာရှင်အဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ထိုသို့သော အထူးအခွင့်အာဏာမျိုး မည်သူမှ ရရှိခဲ့ဖူခြင်း မရှိပါ‌ပေ။

***

All Chapters