← Chapters

မဟာကပ်ဘေးကြီးမတိုင်ခင်ကအကြွင်းအကျန်

Vol. 15 Ch. 201

မဟာကပ်ဘေးကြီးမတိုင်ခင်ကအကြွင်းအကျန်

Vol. 15 Ch. 201

အမှန်တော့ ထိုသို့လွတ်လပ်စွာ ပြုမူဆုံးဖြတ်ပိုင်ခွင့်သည် ဝါဒတောင်၏ ထိပ်ဆုံးအဆင့် အကြီးအကဲများသာ ရရှိသော အမြင့်ဆုံအခွင့်အရေး ဖြစ်သည်။

အတိအကျဆိုရသော် ထိပ်ဆုံးအဆင့်အကြီးအကဲအချို့သည်ပင် ထိုသို့သောအခွင့်ထူးမျိုး မရရှိကြပေ။ နယ်မြေအချို့  သို့မဟုတ် အလုပ်နယ်ပယ်များတွင် တာဝန်ယူထားရသူများသာ ထိုသို့သောအခွင့်အာဏာကို ပိုင်ဆိုင်ကြသည်။

ဥပမာဆိုရသော် အရှေ့ကောင်းကင်ဒေသမှ အရှေ့ပိုင်းအကြီးအကဲသည် ထိုသို့သောအခွင့်အာဏာကို ပိုင်ဆိုင်ထားသည်။ ထိုအကြီးအကဲက အရှေ့ကောင်းကင်ဒေသအပြင်ဘက်တွင်လည်း ထိုသို့သော အခွင့်အာဏာကို ပိုင်ဆိုင်လေသည်။

ဝါဒတောင်သမိုင်းတွင် သိုင်းပညာရှင်အဆင့် ထိပ်တန်းအကြီးအကဲ တစ်ခါမှ မပေါ်ပေါက်ဖူးလေရာ ထိုသို့သောအထူးအခွင့်အာဏာကိုပိုင်ဆိုင်သည့် သိုင်းပညာရှင် တစ်ယောက်မှ မရှိခဲ့ပေ။

ရန်ကျောက်ကဲက မကြုံစဖူး အဖြစ်ထူးသည်ဟု ယူဆနိုင်သည်။

ဤသည်မှာ မိစ္ဆာချီနယ်မြေ အစီအရင်ကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့ပြီး ငရဲကိုးထပ်ကျူးကျော်မှုကို ကာကွယ်နိုင်သည့်အတွက် ရရှိသည့်ဆုလာဘ် ဖြစ်သည်။

အခြားရှုထောင့်မှကြည့်လျှင် ရန်ကျောက်ကဲ ဤဆုလာဘ်ကို ရရှိခြင်းမှာ လူငယ်မျိုးဆက်တပည့်တစ်ယောက်ဖြစ်သောကြောင့် မဟုတ်သလို ၊ သိုင်းတာအိုတွင် ထူးချွန်သည့်စွမ်းရည် ပိုင်ဆိုင်သောကြောင့်လည်း မဟုတ်ပေ။

ဤဆုလာဘ်သည် အမှန်တကယ်ပင် ရန်ကျောက်ကဲ၏ စွမ်းရည်ကို မီးမောင်းထိုးပြနေပြီး အဓိကပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိသည့် သက်သေတစ်ခု ဖြစ်သည်။

ထို့ပြင် အရှေ့ထန်တိုက်ပွဲ ၊ တိမ်လွှာတောင်ရှိ ဘီလူးဝိညာဉ်သံလိုက်သွေးကြော ပြဿနာနှင့် ယခု ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲအထိ ရန်ကျောက်ကဲ၏ စွမ်းဆောင်ရည်များကို ပေါင်းစပ်အကဲဖြတ်ပြီး ရရှိခဲ့သည့် ဆုလာဘ်လည်း ဖြစ်သည်။ သူ၏ ကြီးမားသော စွမ်းဆောင်ရည်များကို အဆင့်တစ်ခု မြင့်တက်လာစေပြီး ဂိုဏ်း၏ယုံကြည်မှုကို ပိုမိုရရှိခဲ့ကြောင်း သက်သေပြသည့် ဆုလာဘ်ဖြစ်သည်။

ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲအပြီးတွင် ရန်ကျောက်ကဲ၏ ကျော်ကြားမှုက ကမ္ဘာကို တုန်လှုပ်စေခဲ့သည်။ ဝါဒတောင်၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲ ပြိုင်ဘက်ကင်း’ရန်’ “ရန်တိ”၏ သားအဖြစ် မဟုတ်ဘဲ ၊ ပါရမီရှင် လူငယ်မျိုးဆက်တစ်ယောက်အဖြစ် မဟုတ်ဘဲ ၊ ငယ်ရွယ်ပြီး ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးနိုင်သည့် လူငယ်ခေါင်းဆောင်တစ်ယောက်အနေဖြင့် ဖြစ်သည်။

ယခုကိစ္စမတိုင်ခင်ကတည်းက ဝါဒတောင်အတွင်းစည်းဌာနခွဲက ရန်ကျောက်ကဲကို မျက်စိကျခဲ့ပြီး စောင့်ကြည့်လေ့လာနေခဲ့သည်။ ယခုတစ်ကြိမ်မှာတော့ ဝါဒတောင် ထိပ်တန်းအကြီးအကဲများသည် ရန်ကျောက်ကဲအပေါ် သူတို့၏ အကဲဖြတ်မှုများကို နောက်တစ်ကြိမ် မြှင့်တင်လိုက်ပြီဟု ဆိုနိုင်သည်။

ယခု ရန်ကျောက်ကဲအား အထူးအခွင့်အာဏာပေးအပ်ပြီး လွတ်လပ်သည့်ဆုံးဖြတ်ချက်များ ချမှတ်ခွင့်ပြုခြင်းမှာ အကြီးအကဲများက သူ့အရည်အချင်းကို ပိုမိုယုံကြည်လာပြီး အနာဂတ်တွင် ပို၍ကြီးမားသော တာဝန်များကို ထမ်းဆောင်ရမည်ဟု ဆိုလိုသည်။

ထိုအတွက် ရန်ကျောက်ကဲသည်လည်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သည်။

သူက ဂိုဏ်းကိုယ်စား ဆုံးဖြတ်ချက်ချရန် အထူးအခွင့်အာဏာရရှိသော်လည်း အချိန်တိုင်း အပြစ်ကင်းသည့်ဆုံးဖြတ်ချက်များ ချနိုင်မည်ဟု မဆိုလိုပေ။ ဆိုးဆိုးရွားရွားပြစ်မှုကျူးလွန်မိမည်ဆိုပါက ပြစ်ဒဏ်ပေးခံရမည် ဖြစ်သည်။

ယခင်က အရှေ့ထန်မှ အကြီးအကဲ’ချင်’ ကဲ့သို့ ဖြစ်သည်။ မူဝါဒအားဖြင့် သူက အရှေ့ကောင်းကင်ဒေသတွင် ဖြစ်ပျက်သမျှကို ဆုံးဖြတ်ချက်ချရန် အခွင့်အာဏာရှိသည်။

အကြီးအကဲ’ချင်’က တော့ ကိစ္စအများစုတွင် ဆုံးဖြတ်ချက် မှန်ကန်ခဲ့သည်ပင်။

ရန်ကျောက်ကဲ ဖန်းယွင်ရှန်းကို ခေါ်လာသည့်အချိန်က အကြီးအကဲ’ချင်’ ကိုယ်တိုင် လက်ခံမည်လား ၊ လက်မခံမည်လား ဆုံးဖြတ်ချက်ချခဲ့သည်။ သို့သော် ထိုဆုံးဖြတ်ချက်၏ နောက်ဆက်တွဲဆိုးကျိုးကို အကြီးအကဲ’ချင်’ ခံရမည် ဖြစ်သည်။ ဆုံးဖြတ်ချက်က ကြီးမားသည့်အမှားအယွင်းဖြစ်သွားလျှင်တော့ အပြည့်အဝ တာဝန်ယူရမည်ပင်။

ထိုအချက်က ရန်ကျောက်ကဲအတွက် အဆင်ပြေပါသည်။ အခွင့်အရေးနှင့်တာဝန်ဆိုသည်က ဒွန်တွဲနေသည်မှာ သဘာဝပင် မဟုတ်လား။

“ကျွန်တော်က ငယ်ရွယ်ပြီး အတွေ့အကြုံမရှိလို့ ဒီတာဝန်ကို မခံယူနိုင်မှာ စိုးရွံ့မိတယ် ၊ ဒါပေမဲ့ ဂိုဏ်းက ကျွန်တော့်ကို ယုံကြည်ပြီး ဒီလိုအထူးအခွင့်အာဏာကို ပေးတဲ့အတွက် အစွမ်းကုန်ကြိုးစားလုပ်ဆောင်မှာပါ”

ရန်ကျောက်ကဲက ယွမ်ကျန်းဖုန်းကို ဦးညွှတ်ပြီး လေးနက်စွာဆိုသည်။

ယွမ်ကျန်းဖုန်းက ရယ်မောရင်း...

“ငါတို့မတွေ့တာ ဘယ်လောက်ကြာသေးလို့ ကျောက်ကဲက ဒီလောက်ထိ လေးနက်သွားရတာလဲ”

“စိတ်အေးအေးထားပါ ကျောက်ကဲ ၊ ဒါက မင်းအတွက် ဆုလာဘ်တစ်ခုပါ ၊ မင်းပခုံးပေါ်ကို ဝန်ထုပ်ဝန်ပိုးတွေ တင်ပေးတာမဟုတ်ဘူး ၊ လောလောဆယ်တော့ မင်းလုပ်ချင်တဲ့အလုပ်တွေကို အာရုံစိုက်နေလိုက်ဦးပေါ့”

ယွမ်ကျန်းဖုန်းက သက်ပြင်းတစ်ချက်ချရင်း...

“တိုက်ဆိုင်မှုတွေနဲ့ ကံကောင်းတာတွေကြောင့်ဆိုပေမယ့် မင်းရဲ့ကျင့်ကြံခြင်းအဆင့် အရမ်းမြန်မြန် မြင့်တက်သွားတာက လူတိုင်းကို အံ့သြစေခဲ့တယ် ၊ အရင်တုန်းက ကျင့်ကြံခြင်းကို သိပ်စိတ်မဝင်စားဘဲ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ အချိန်တွေကုန်ခဲ့တာ ၊ အခုလို ကျင့်ကြံခြင်းဘက်မှာ အာရုံစိုက်လာတာလည်း ကောင်းတဲ့အချက်ပါပဲ”

ရန်ကျောက်ကဲက မျက်နှာအမူအရာ ပြောင်းလဲမသွားဘဲ စကားဆိုသည်။

“ကျွန်တော် ဟန်ချက်ညီအောင် လုပ်လိုက်တာလေ ၊ ဟိုစပ်စပ် ဒီစပ်စပ် အများကြီးလေ့လာပြီးမှ ကျွန်တော်လေ့လာထားသမျှနဲ့ တွန်းအားပေးပြီး ကျင့်ကြံလိုက်တာ”

ဖန်ကျွင်းက ရယ်မောလိုက်ရင်း...

“ဒါပေါ့... မင်း နှစ်ရှည်လများ စုဆောင်းခဲ့တာတွေအတွက် အကျိုးခံစားရတယ်လို့ ပြောနိုင်ပါတယ်”

သူတို့အားလုံး ရယ်မောလိုက်ကြသည်။

ယွမ်ကျန်းဖုန်းက တစ်စုံတစ်ခုကို တွေးလိုက်ရင်း...

“ဟိုစပ်စပ် ဒီစပ်စပ် လေ့လာတတ်တာကို ပြောရရင်... ကျောက်ကဲ... မင်းက ရှေးဟောင်းကျမ်းစာတွေနဲ့ပတ်သက်လို့ ဗဟုသုတအတော်လေးရှိပြီး မဟာကပ်ဘေးကြီးမတိုင်ခင်က ကျန်ရစ်ခဲ့တဲ့ အကြွင်းအကျန်တွေကိုလည်း အတော်လေး စိတ်ဝင်စားတယ်မဟုတ်လား ၊ မင်းကိုယ်တိုင် စုဆောင်းထားတဲ့ အကြွင်းအကျန်တွေလည်း အများကြီးပဲ ရှိတယ်မလား”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဟုတ်ပါတယ်... ဆရာဘိုးဘိုး”

သူ ယွမ်ကျန်းဖုန်းကို လှမ်းကြည့်လိုက်သည်။ ဤသို့မေးလာသည်ဆိုတော့ နောက်ဆက်တွဲကိစ္စများ ရှိမည်သာပင်။

ဂိုဏ်းက ယခင်က မတွေ့ဖူးသော မဟာကပ်ဘေးမတိုင်ခင် အကြွင်းအကျန်ပစ္စည်းတစ်ခုခုကိုများ တူးဖော်တွေ့ရှိခဲ့လေသလား။ ထိုသို့ဆိုလျှင်တော့ အနည်းငယ် စိတ်ဝင်စားစရာ ဖြစ်သည်။

ယွမ်ကျန်းဖုန်းက...

“ငါတို့ဂိုဏ်းက ကျင့်ကြံသူတစ်ယောက်က လေနယ်မြေက သဲကန္တာရထဲမှာ အကြွင်းအကျန်ပစ္စည်းတစ်ခု တူးဖော်တွေ့ရှိခဲ့တယ် ၊ မဟာကပ်ဘေးမတိုင်ခင်က တည်ရှိခဲ့တဲ့ပစ္စည်းတစ်ခု ကြွင်းကျန်ရစ်ခဲ့တာ ဖြစ်နိုင်တယ် ၊ အဲဒီ အကြွင်းအကျန်ပေါ်က စာသားက အရမ်းထူးဆန်းပြီး အဓိပ္ပါယ်နားလည်ဖို့ ခက်ခဲလွန်းတယ်”

လေနယ်မြေဆိုသည်က ကောင်းကင်နယ်မြေ အနောက်ဘက်တွင်တည်ရှိပြီး တောင်တန်းနယ်မြေ ၊ မီးနယ်မြေနှင့်လည်း နယ်စပ်ဒေသဖြစ်သည်။ မိုင်ထောင်ပေါင်းများစွာရှည်လျားသော သဲကန္တာရကြီး ဖုံးလွှမ်းနေပြီး တောင်မြင့်ကြီးများနှင့် စီးဆင်းနေသည့်မြစ်များလည်း တည်ရှိသည်။ ထိုဒေသပတ်ဝန်းကျင်က အတော်လေး ကြောက်မက်ဖွယ်ရာဖြစ်ပြီး သိုင်းဆရာသခင်များပင် ကြံ့ကြံ့ခံရန် ခက်ခဲသည်။

ထိုကျယ်ပြောလှသောကန္တာရကြီးတွင် ပိတ်မိနေပါက ဦးတည်ရာမဲ့လမ်းပျောက်သွားပြီး နောက်ဆုံး ကန္တရာထဲ အသက်ဆုံးရမည် ဖြစ်သည်။

ထိုဒေသအခြေအနေက အလွန်အမင်း ကြောက်မက်ဖွယ်ရာဖြစ်သည့်တိုင် ထိုဒေသတွင်နေထိုင်သည့် သက်ရှိသတ္တဝါများကို အထောက်အကူပြုရန် ကောင်းကင်ဘုံမှ များစွာသောအရာများ မွေးဖွားပေးထားသည်။ ကျယ်ပြန့်ပြီး အဆုံးမရှိသော လေနယ်မြေ၏ ဘေးအန္တရယ်နှင့် သဘာဝကပ်ဘေးများကို ဘေးဖယ်ထားလျှင် ရှားပါးရတနာများ တည်ရှိရာ ရင်းမြစ်တစ်ခု ဖြစ်သည်ပင်။

လေနယ်မြေ၏ ထိပ်သီးသိုင်းဂိုဏ်းဖြစ်သော “အမှောင်အိပ်မက်ဆိုးတောင်” ဖျက်ဆီးခံလိုက်ရပြီးနောက် ဝါဒတောင် ၊ နေသူတော်စင်ဂိုဏ်းနှင့် အဆုံးမဲ့တောင်တန်းတို့က သူတို့လူများကို ပို့ဆောင်ကာ လေနယ်မြေ၏ ဒေသအစိတ်အပိုင်းများကို အသီးသီးသိမ်းပိုက်လိုက်ကြသည်။

အစပိုင်းတွင် ဝါဒတောင်က လေနယ်မြေ၏ ဒေသအများဆုံးကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး အကြီးမားဆုံး အားသာချက်ကို ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ သို့သော် မီးတောက်မိစ္ဆာများနှင့် တိုက်ပွဲအပြီးတွင် ဝါဒတောင်သည် အထွတ်ထိပ်အဆင့်မှ ကျဆင်းသွားခဲ့ပြီး လေနယ်မြေ၏ ဒေသအများစုကို ဆုံးရှုံးခဲ့ရသည်။ အထူးသဖြင့် အဆက်မပြတ်ကျဆင်းလာသည့် ထိုနှစ်များအတွင် ဝါဒတောင်သည် သိုသိုသိပ်သိပ်ဖြင့်သာ နေထိုင်နိုင်ခဲ့သည်။

နေသူတော်စင်ဂိုဏ်းက လောကပထမ သိုင်းဂိုဏ်းဖြစ်လာချိန် လေနယ်မြေ၏ ဒေသအတော်များများကို ကြီးမားသောအတိုင်းအတာဖြင့် သိမ်းပိုက်နိုင်ခဲ့သည်။

လက်ရှိတွင် လေနယ်မြေ၏ ဒေသထက်ဝက်ကျော်သည် နေသူတော်စင်ဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

ဝါဒတောင်နှင့် အဆုံးမဲ့တောင်တန်း (၂)ခုလုံး လေနယ်မြေအတွင်းရှိ နေသူတော်စင်ဂိုဏ်းနယ်မြေသို့ ခြေတစ်လှမ်းကျူးကျော်မည်ဆိုပါက သေချာပေါက် ပဋိပက္ခများ ဖြစ်ကြပေမည်။

အရှေ့ထန်တိုက်ပွဲတွင် ဝါဒတောင်က ကြီးကြီးမားမား အောင်ပွဲရခဲ့ပြီး မီးနယ်မြေ၏ ဒေသများကို တန်ပြန်တိုက်ယူနိုင်ခဲ့သလို လေနယ်မြေတွင်လည်း နယ်မြေချဲ့ထွင်နိုင်ခဲ့သည်။ ထို့ကြောင့် ဝါဒတောင်အနေဖြင့် ထိန်းချုပ်နယ်မြေများ တိုးမြှင့်လာနိုင်သည် ဆိုရပေမည်။

ထိုပစ္စည်းက မဟာကပ်ဘေးမတိုင်ခင် ကျန်ခဲ့သည့်ပစ္စည်းတစ်ခုဟု သိလိုက်ရသည့်အခါ ရန်ကျောက်ကဲ စိတ်ဝင်စားသွားသည်။

ယွမ်ကျန်းဖုန်းက သူ့ဘေးတစ်ဖက်တွင်ထိုင်နေသည့် သူနှင့်မျိုးဆက်တူအကြီးအကဲကို တစ်ချက်လှမ်းကြည့်ရင်း...

“ဂိုဏ်းတူညီမ’ဟယ်’ ၊ ကျောက်ကဲ တစ်ခုခုများသိနိုင်မလား စမ်းကြည့်ခွင့်ပြုလုက်ပါလား”

အဘွားကြီးက ခေါင်းညိတ်လိုက်ပြီး သလင်းကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်သည်။

ရန်ကျောက်ကဲက သလင်းကျောက်ကို လှမ်းယူလိုက်ပြီး ကျောက်တုံးအတွင်းသို့ သူ၏ ကြယ်တာရာချီစွမ်းအားများ ထည့်သွင်းလိုက်သည်။ တစ်ဆက်တည်းပင် သူ၏ ကြယ်တာရာချီစွမ်းအားများ တုန်ခါလာပြီး သလင်းကျောက်မှ အလင်းရောင်များ ထွက်ပေါ်လာသည်။

အလင်းရောင်များက လေထုအလယ်တွင် အလင်းပြကွက်တစ်ခုပမာ ပုံရိပ်ယောင်မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

လေနယ်မြေ၏ သဲကန္တာရအောက်ခြေတွင် အနက်ရောင်လှိုင်းလုံးကြီးတစ်ခု ဖြတ်သန်းစီးဆင်းသွားသည်ကို တွေ့မြင်ရသည်။ လေနယ်မြေဒေသများ၏ သဘာဝအခြေအနေများသည် ယခင်ကလိုပင် မရင်းမနှီး ရှိနေဆဲပင်။

ထို့နောက် သဲကန္တာရမျက်နှာပြင်ထက်တွင် ကျောက်စာတိုင်တစ်ခုနှင့်ဆင်တူသည့် အရာတစ်ခုကို မထင်မရှားတွေ့မြင်ရသည်။

ကျောက်စာတိုင်က အဝါရောင်သဲပြင်ထက် တစ်စိတ်တစ်ပိုင်းသာ‌ ပေါ်လွင်နေပြီး ပျက်စီးနေပြီဖြစ်လေရာ ပြီးပြည့်စုံခြင်း မရှိတော့ပေ။

ကျောက်စာတိုင်မျက်နှာပြင်ထက် ရေးထိုးထားသော စာလုံးများနှင့် ပုံသဏ္ဌန်များက လေပြင်းတိုက်ခတ်ခံရမှုများကြောင့် ရှုတ်ထွေးနေသည့်တိုင် လေးနက်မှုကို ဖော်ဆောင်နေသည်။

ထိုစာလုံးများနှင့် ပုံသဏ္ဌန်များက မည်သို့သောအဓိပ္ပါယ်ရှိသည်ကို နားမလည်နိုင်သလို ရွယ်ချက်ကိုလည်း နားလည်ရန် ခက်ခဲသည်။

ရန်ကျောက်ကဲမှလွဲပြီး အခြားသူများက ယခင်က ထိုမြင်ကွင်းကို အကြိမ်ကြိမ်တွေ့မြင်ဖူးကြသည့်တိုင် ယခု ပြန်ကြည့်သောအခါတွင်လည်း မြင်ကွင်းက သူတို့ကို ဆွဲဆောင်နေဆဲ ဖြစ်သည်။

ပုံရိပ်ယောင်မြင်ကွင်းထဲမှ ကျောက်စာတိုင်ကို တွေ့မြင်လိုက်သည်နှင့် ရန်ကျောက်ကဲမျက်ဝန်းများ တုန်လှုပ်သွားကြသည်။

“ဒီဖေ...”

ဆဲရေးသည့်စကားတစ်ခွန်းပင် ရန်ကျောက်ကဲပါးစပ်မှ ထွက်လုနီးပါး ဖြစ်သွားရသည်။

“ဒီကျောက်တိုက်က ကောင်းကင်ဘုံနန်းတော်က ကျောက်စာတိုင်တစ်ခုပဲ”

ရန်ကျောက်ကဲ ပင့်သက်တစ်ချက် ရှိုက်လိုက်မိလေ၏။

***

All Chapters