အခန်း (၁၈၂)
Vol. 13 Ch. 182
"မိုးနတ်မင်း၊ ဘာက အမှန်တရားပါလဲ လမ်းပြတော်မူပါ။"
"လေပေါ်ကျောင်းတော်က အမြဲတမ်း အပြင်ပန်းမျက်နှာဖုံးကိုပဲ ပြသနေခဲ့တာကိုး။ တကယ်တမ်းကျတော့ သူတို့အားလုံးက အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး လူယုတ်မာတွေပါလား!"
"မင်းတို့က သူတော်စင်အကျင့်ရဲ့ ရိုးရာဂုဏ်ဆောင်ဖြစ်ဖို့ မထိုက်တန်ဘူး! အရှေ့တိုင်းစီရင်စုကနေ ထွက်သွားစမ်း!"
ဒေါသတကြီး ကျိန်ဆဲသံများ မိုးရေသည်းသည်းကဲ့သို့ တရကြမ်းကျဆင်းလာသည်။
ပရိသတ်ထဲရှိ ကျင့်ကြံသူအများ ဒေါသပေါက်ကွဲနေကြပြီး အစောကတင် ဒူးထောက်ရှိခိုးခဲ့သော လူသူတော်တို့အား တစ်ဖန် ပြင်းပြင်းထန်ထန် ဆဲဆိုနေကြကာ အချိန်အတော်ကြာ လှည့်ဖြားခံလိုက်ရခြင်းအတွက် ရှက်ရွံ့လို့မဆုံးနိုင်ကြတော့ပေ။
"အမှန်တရားက ဒီလို ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့ဘူး" ပထမမင်းသား၏ ယုံကြည်သက်ဝင်ခြင်းလည်း ပြိုလဲသွားပြီး လေလျော့၍ရှုံ့တွသွားသော ဘောလုံးကဲ့သို့ အားပျော့စွာ တီးတိုးရေရွတ်လိုက်သည်။
"ကျွန်တော်တို့အားလုံး အမှောင်ထဲမှာ ပိတ်လှောင်ခံခဲ့ရတာပဲ" ဒုတိယမင်းသားက ခါးသက်သက်ဖြင့် လှောင်ပြောင်ရယ်မောလိုက်သည်။
မင်းသမီးမင်ယွဲ့မှာလည်း နောက်ဆုံးအမှန်တရားကြောင့် အလွန်အံ့အားသင့်သွားပြီးနောက် ငွေဖြူရောင်ဆံပင်ရှိသော လူငယ်ကို ကြည့်လိုက်ရာ သူမ၏ လှပသောမျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားသည်။
ဒီအစ်ကိုကြီးက ကောလာဟလတွေနဲ့ လုံးဝ ဆန့်ကျင်ဘက်ပါလား၊ သူ ဘယ်လောက်တောင် မြင့်မြတ်ပြီး ဖြောင့်မတ်လိုက်သလဲ!
တစ်ဖက်မှာတော့ တစ်ချိန်လုံး ဂုဏ်သတင်းကျော်ကြားတောက်ပလှတဲ့ လေပေါ်ကျောင်းတော်က နောက်ကွယ်မှာ ဘယ်လောက်တောင် ညစ်ပတ်ပြီး ဆိုးဝါးနေလိုက်သလဲ!
လေပေါ်ကျောင်းတော်မှ လူသူတော်များမှာလည်း မျက်နှာအတော်မကောင်းလှ။
ရှက်စရာကောင်းလိုက်တာနော်။
အထူးသဖြင့် ပြဿနာမုန်တိုင်း၏ အလယ်ဗဟိုတွင် ရှိနေသော ကျောင်းထိုင်ဝိဇ္ဇာလူသူတော်သည် မျက်နှာအိုကြီးမီးမြှိုက်ခံရရုံသာမက ပါးကိုပါ အကြိမ်ကြိမ်ဖြတ်ရိုက်ခံနေရသလို ခံစားရ၏။
သူ့ အရည်ဘယ်လောက်ထူသည်ဆိုဆို၊ အပြင်ပန်းမျက်နှာဖုံးကိုလည်း ဘယ်လောက်ပြည့်စုံအောင် လုပ်ထားလုပ်ထား၊ ဒီလို လိမ်ညာမှုတွေ ဖော်ထုတ်ခံရပြီးနောက် နားနှင့်မဆံ့အောင်ကြားလာရမည့် လူထောင်ပေါင်းများစွာ၏ ပြစ်တင်ရှုံ့ချခြင်းကို သူသည်းမခံနိုင်ပေ။
အဆိုးဆုံးကတော့။
ဤကိစ္စသာ ပျံ့နှံ့သွားလျှင် လေပေါ်ကျောင်းတော်တစ်ခုလုံး ပင်ပင်ပန်းပန်း ဖန်တီးထားခဲ့သော ဂုဏ်ကျက်သရေရှိပုံရိပ်တော်ဟာ တစ်မဟုတ်ချင်း ပျောက်ကွယ်နစ်မြုပ်သွားပြီး သူ့၏ နာမည်ဂုဏ်သတင်းဟာလည်း အောက်ခြေအထိ ထိုးကျသွားပေမည်။
"မြည်ကတုံးကြီး၊ မင်း ဘာပြောစရာ ရှိသေးလဲ" ယဲ့ကျွင်းလင်က ခပ်မြူးမြူးပြုံးလျက် မေးလိုက်သည်။
ကျောင်းထိုင်ဝိဇ္ဇာလူသူတော်၏ မျက်လုံးများမှာ မခံချင်စိတ်ကြောင့် နီရဲနေပြီး ငွေဖြူရောင်ဆံပင်ရှိသော လူငယ်ကို စိုက်ကြည့်နေသည်။ သူ့စိတ်ထဲမှ ဒေါသသည် မီးတောင်ပေါက်ကွဲသကဲ့သို့ ရင်ဘတ်တစ်ခုလုံးအား လွှမ်းခြုံသွားတော့၏။
ဒီလူကြောင့်သာ သူ ရေနက်ထဲထိဆွဲချခံခဲ့ရတာ!
ချီးပဲ၊ ချီးပဲကွာ၊
သူ့နားထဲတွင် ဆူညံပြည့်လျှံနေသော ပြစ်တင်စကားသံတွေကို ကြားလိုက်ရတော့ ကျောင်းထိုင်ဝိဇ္ဇာလူသူတော် ပိုပြီး စိတ်မချမ်းမသာ ဖြစ်လာသည်။ ဒေါသကိုမထိန်းနိုင်စွာဖြင့် ခြင်္သေ့ဟိန်းသံကဲ့သို့ အသံတစ်သံကို ဝိဇ္ဇာစွမ်းအင်သုံးလျက် ထုတ်လွှင့်လိုက်သည်။
"မင်းတို့ နတ်ဆိုးကောင်တွေ၊ ပါးစပ်ပိတ်ကြစမ်း!"
အော်ဟစ်သံသည် ဟာရီကိန်းမုန်တိုင်းကဲ့သို့ ပျံ့နှံ့သွားကာ ဖန်ထို့တောင်တစ်ခုလုံးကို ပြင်းပြင်းထန်ထန် လှုပ်ခါလိုက်သည်။ ကောင်းကင်ထက် တောက်ပထွန်းလင်းနေသော နေမင်းကြီဂတောင် အော်ဟစ်သံကြောင့် ပြုတ်ကျတော့မလို ထင်ရစေ၏။
"အား……"
လူများစွာ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို ခံစားလိုက်ရပြီး မျက်လုံးများ ပြူးထွက်သွားလုနီးပါးဖြင့် အော်ဟစ်ကုန်ကြတော့သည်။
"ဆရာသခင်၊ ဒီမြည်းကတုံး ဒေါသထွက်နေပြီ!" လီဝူကျယ်က အံကြိတ်သံဖြင့်ပြောလိုက်သည်။
"ထွက်ပေါက်ပိတ်နေတဲ့ခွေး သွေးရူးသွေးတမ်းနဲ့ နံရံကိုခုန်ကျော်ဖို့ကြိုးစားကြည့်နေတာပါပဲ!"
ယဲ့ကျွင်းလင်က သူ့လက်များကို ဝှေ့ယမ်းလိုက်ပြီး အသံစွမ်းအင်ကို ကာကွယ်လိုက်ကာ ပရိသတ်ထဲက ကျင့်ကြံသူအများစုကို ကာကွယ်ပေးလိုက်သည်။
လူတိုင်း အလျင်အမြန်ပင် သူ့နောက်သို့ အပြေးလာပုန်းအောင်းကြပြီး လက်များကိုယှက်ကာ ယဲ့ကျွင်းလင်ကို ဦးညွှတ်ပြီး ကြောက်ရွံ့စွာဖြင့် ပြောလိုက်ကြသည်။ "ကျေးဇူးတင်ပါတယ် အရှင်ယဲ့!"
အခြေအနေများ ပြောင်းပြန်လန်သွားပြီးနောက် ကျောင်းထိုင်ဝိဇ္ဇာလူသူတော်၏ မျက်နှာဖုံးစွပ်ထားသော မကောင်းဆိုးဝါးမျက်နှာကို သူတို့လက်ခံလိုက်ကြပြီးဖြစ်၏။
"ဘယ်လောက်တောင် အန္တရာယ်များလိုက်သလဲ၊ ငါတို့ အသံလှိုင်းကြောင့် သေလုနီးပါး ဖြစ်သွားတာ!" ပထမမင်းသားက တုန်လှုပ်နေတုန်းပင်။
"သူ ကျွန်မတို့ကို သတ်ဖို့ ကြိုးစားနေတာများလား" မင်းသမီးမင်ယွဲ့က တင်းတင်းကျပ်ကျပ်ထုပ်သိမ်းထားသော ရင်အစုံကို အသာဖိလိုက်ပြီး ကြောက်ရွံ့စွာပြောလာသည်။
ဒုတိယမင်းသား၏ ဦးရေပြားမှာ စိုးရိမ်စိတ်ဖြင့် ထုံကျဉ်လာပြီး သူ တတ်နိုင်သမျှ တိုက်တွန်းလိုက်သည်။ "နောင်တော်၊ ညီမလေး၊ ကျွန်တော့်အထင်တော့ အမြန်ဆုံး ဆုတ်ခွာသင့်တယ်နော်!"
အခြေအနေက ဤမျှဆိုးရွားလာပြီးနောက် ပဋိပက္ခအကြီးအကျယ်တစ်ခုတော့ ဖြစ်တော့မည်သေချာသည်။ သူတို့ ကျင့်ထူပြည်ထောင်ပင် လွတ်မြောက်နိုင်ပါ့မလားမပြောတတ်။
အမြန်ဆုံးဆုတ်ခွာထွက်ပြေးပြီး ဖခမည်းတော်အား အချိန်မီအကြောင်းကြားရမည်။
"ဒုတိယညီလေး ပြောတာ မှန်တယ်။ သွားကြစို့!" ပထမမင်းသားက မင်းသမီးမင်ယွဲ့ကို ဆွဲပြီး အစောင့်အရှောက်အဖွဲ့၏ အကာအကွယ်အောက်တွင် ဆုတ်ခွာရန် ပြင်လိုက်သည်။
"မြန်မြန်! ဒီကနေ မြန်မြန် ထွက်သွားကြ!" အခြားကျင့်ကြံသူများလည်း ပြဿနာ၏ ပြင်းထန်မှုကို သဘောပေါက်သွားပြီး စိုးရိမ်တကြီးဖြင့် ကောင်းကင်ယံသို့ ပျံတက်ထွက်ပြေးသွားကြ၏။
ကျောင်းထိုင်ဝိဇ္ဇာလူသူတော်က အပြင်းအထန် အော်ဟစ်လိုက်သည်။ "မင်းတို့ ဘယ်သူမှ ထွက်သွားလို့ မရဘူး!"
ဘုန်း~!
ဖန်ထို့တောင်မှ ရွှေရောင်အလင်းရောင်ခြည်များ အများအပြား ထွက်ပေါ်လာပြီး သန့်ရှင်းမြင့်မြတ်၍ ငြိမ်းချမ်းသော စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။
ပတ်ဝန်းကျင်တစ်လွှားမှာ တမုဟုတ်ချင်း မန္တာန်ဂါထာရွတ်ဆိုသံများ ပဲ့တင်ထပ်သွားပြီး အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားကာ ဖန်ထို့တောင်တစ်ခုလုံးမှာ ကောင်းကင်ဘုံအလား ထင်မှတ်မှားရမတတ်။
လေပေါ်ကျောင်းတော်၏ တောင်ကာကွယ်ရေးအစီအရင် အသက်ဝင်လာလေပြီ!
"ဒီမြည်းကတုံး! ဘာတွေလုပ်နေတာလဲ?!" လူအများ အံ့အားသင့်ပြီး ဒေါသထွက်နေကြကာ သူတို့စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ကြရ၏။
"အော်မီထော်ဖော~"
ကျောင်းထိုင်ဝိဇ္ဇာလူသူတော်က ဖြည်းညှင်းစွာ လက်များကို ယှက်လိုက်ပြီး သူ့မျက်နှာတစ်ခြမ်းမှာ နတ်ဆိုးတစ်ကောင်လို ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆိုးရွားလာကာ နောက်တစ်ခြမ်းမှာတော့ သန့်ရှင်းမြင့်မြတ်သော လူသူတော်တစ်ပါးလို ကရုဏာမျက်နှာထားဖြင့် အလွန်ထူးဆန်းပြီး ကြောက်စရာကောင်းလှသည်။
"ချစ်ခင်လေးစားရသော ပရိသတ်တို့၊ သင်တို့အားလုံး ဝိဇ္ဇာသူတော်စင်အတတ်နှင့် ကံပါသူများ ဖြစ်ကြသောကြောင့် အပြင်ထွက်ဖို့ မစဉ်းစားကြလေနှင့်။ ဤနေရာတွင် စိတ်ရှည်လက်ရှည်သာ ထိုင်စောင့်ပြီး လူသူတော်အိုကြီး၏ ကယ်တင်ခြင်းကို ခံယူကြလော့။"
စာစဉ်ပြီး၏