ဘယ်သူက နတ်ဆိုးအစစ်အမှန်လဲ
Vol. 13 Ch. 169
"ဪ? ဒါဆို ဒါက လေပေါ်ကျောင်းတော်နဲ့ ပတ်သက်နေတယ်လို့ ဆိုလိုတာလား" ယဲ့ကျွင်းလင် စိတ်ဝင်စားစွာဖြင့် မတ်မတ်ထိုင်လိုက်သည်။
မြို့စားမင်းမူရုန်က ခေါင်းညိတ်ပြီး ဖြေလာသည်။ "ဟုတ်ပါတယ်။ ဒဏ္ဍာရီတွေအရ အစောပိုင်းနှစ်တွေတုန်းက အဲဒီဝက်ဝံနက်ဝိညာဥ်ကြီးကို လေပေါ်ကျောင်းတော် ကျောင်းထိုင်ဝိဇ္ဇာလူသူတော်က ဉာဏ်အလင်းဝင်အောင် သူတော်စင်တရားတော်တွေနဲ့ နာခံအောင်ဟောကြားပြီး အမွှေးနံ့သာတွေနဲ့လည်း ပူဇော်ပေးခဲ့တယ်လို့ ဆိုကြပါတယ်။ နောက်ပိုင်းမှာ အဲ့ဒီဝက်ဝံနက်ဝိညာဥ်က ကျောင်းထိုင်ဝိဇ္ဇာလူသူတော်လက်ကနေ မရရအောင်ထွက်ပြေးပြီး သူ့ကိုယ်ပိုင်နယ်မြေကို ထူထောင်ခဲ့ပါတယ်။ သူ့ကြောင့် ဒီနှစ်တွေအတွင်း ထိခိုက်ခဲ့ရတဲ့ ကလေးတွေအတွက်တော့ တကယ်စိတ်မကောင်းစရာပါပဲ။ ကျောင်းထိုင်ဝိဇ္ဇာလူသူတော် မွေးမြူထားတဲ့ ဝက်ဝံနက်ဝိညာဥ်တစ်ကောင် ဖြစ်ခဲ့ပေမယ့် နောက်ဆုံးတော့ ဘာမှမဆိုင်တဲ့ အပြစ်မဲ့ ကလေးတွေပဲ ဒုက္ခခံစားနေရပါတယ်။ တိုင်းပြည်အသီးသီးကလည်း ဝက်ဝံနက်ရဲ့ နောက်ခံကြောင့် ဒေါသကို မျိုချနေရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါဘူး။"
"ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေခဲ့တာတော့လည်း မဟုတ်ပါဘူး။ ဒီကာလအတွင်းမှာ တိုင်းပြည်အသီးသီးက ခေါင်းဆောင်တွေဟာ အလယ်ပိုင်းဒေသကို ကိုယ်စားလှယ်တွေ စေလွှတ်ပြီး လေပေါ်ကျောင်းတော်ရဲ့ ကျောင်းထိုင်ဝိဇ္ဇာလူသူတော်ကို ရှာဖွေပြီး ဝက်ဝံနက်ဝိညာဥ်ကို ပြန်လည်ထိန်းသိမ်းစေဖို့ ကြိုးစားခဲ့ကြပေမယ့် နောက်ဆုံးတော့ သူတို့အားလုံး လုံးဝပျောက်ကွယ်သွားခဲ့ကြပါတယ်။ ကိုယ်စားလှယ်တွေတောင် ပြန်ရောက်မလာနိုင်တော့တာဆိုတော့ ကံမကောင်း အကြောင်းမလှ ဖြစ်ခဲ့ကြပြီလို့ ယူဆရပါတယ်။"
"စည်းမရှိကမ်းမရှိ ထင်သလိုရမ်းကားနေတဲ့အတွက်ကြောင့် လေပေါ်တောင်ဟာ အနောက်ဖျားဒေသတစ်လွှားမှာ အန္တရာယ်တောတစ်ခုလို ဖြစ်လာပါတယ်။ တရားခံပြေးတွေနဲ့ တရားမဝင်သူတွေအားလုံးဟာ လေပေါ်တောင်မှာ ခိုလှုံဖို့အတွက် အသက်စွန့်ပြီး ထွက်ပြေးကုန်ကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ လေပေါ်တောင်ဟာ တိုင်းပြည်အသီးသီးက ရာဇဝတ်သားတွေအတွက် ခိုလှုံရာနေရာ ဖြစ်လာခဲ့ပါတယ်။"
"ဒီနေ့အထိ ကျွန်တော်တို့မှာ ထိရောက်တဲ့ ဖြေရှင်းနည်းတွေ မရှိသေးပါဘူး။ ကျွန်တော်တို့ တတ်နိုင်သမျှ ကြိုးစားနေပေမယ့် စိတ်အားထက်သန်မှုကလွဲပြီး သူတို့ကိုကိုင်တွယ်ဖို့ အားသာချက်မည်မည်ရရ ရှိမနေသေးပါဘူး"
မြို့စားမင်းမူရုန်၏ စကားတွေကို နားထောင်ပြီးသည့်နောက်မှာတော့ ဒီဒေသ၏အခြေအနေကို လူတိုင်းအစုံအလင် နားလည်သွားကြရ၏။
"ဟမ့်၊ အဲဒီ မြည်းကတုံးတွေရဲ့ သဘာဝအတိုင်းဆိုရင် သူတို့ကျောင်းထိုင်ဝိဇ္ဇာလူသူတော် ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေကို လုံးဝမသိသလို ဟန်ဆောင်ပြီး မျက်စိမှိတ်နေမှာပဲ။ ဒါ့အပြင် အောက်က လူသူတော်တွေကလည်း ဒီကိစ္စ ပျံ့နှံ့သွားပြီး လေပေါ်ကျောင်းတော်ရဲ့ ဂုဏ်သတင်းကို ပျက်စီးစေမှာစိုးလို့ တိုင်းပြည်ကိုယ်စားလှယ်တွေကို လောကကြီးကနေ တစ်ခါတည်းပျောက်ကွယ်သွားအောင် လျှို့ဝှက်လုပ်ကြံလိုက်တာပဲ ဖြစ်မယ်။"
ဟုန်ချန်ယဲ့ဆိုသည်မှာ ထိုလူသူတော်များနှင့် ဘယ်တုန်းကမှ မျက်နှာကြောတည့်ခဲ့သူမဟုတ်။ ယခုလည်း အခွင့်အရေးရသည်နှ့င် လက်ပိုက်ကာ ဝင်ပြောလိုက်သည်။
"အင်း အဲ့လိုလည်းဖြစ်နိုင်တယ်" ယဲ့ကျွင်းလင် ထောက်ခံလိုက်သည်။ အရင်က ကြုံတွေ့ခဲ့ရသလောက်ဆိုရင် ဟို သူတော်ရန်သမ်ဆိုသည်မှာလည်း ဒေါသထွက်တိုင်း လူသတ်တတ်သည့်အကျင့်ရှိသူဖြစ်သောကြောင့် လေပေါ်ကျောင်းကိုလည်း အထင်သေးထားလို့မရပေ။
ဟုန်ချန်ယဲ့ ရုတ်တရတ် အံ့အားသင့်သွားပြီးနောက် စိတ်ထဲမှ ကြိတ်ဝမ်းသာသွားကာ နှုတ်ခမ်းထောင့်လေးတွေ မသိမသာ မြင့်တက်သွားရသည်။
ငါ ဒီလောက်တော်ပြီး ဉာဏ်ကောင်းတာ၊ မင်းတောင် ဝန်ခံရတယ်မလား။
"အမ်၊ အဲ့ဒါကတော့..." မြို့စားမင်းမူရုန်က ထိုမှတ်ချက်ကြောင့် လန့်ဖျပ်သွားကာ အလျင်စလိုမတုံ့ပြန်ရဲရှာပေ။
မည်သို့ပင်ဖြစ်စေ လေပေါ်ကျောင်းတော်ဆိုတာ သူတော်စင်ပြည်နယ်ထဲက ထိပ်တန်း အင်အားကြီးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဂုဏ်သတင်းလွန်စွာကြီးမားသော ကျောင်းတော်တစ်ခုဖြစ်သည်။ အရှေ့ပိုင်းစီရင်စု၏ သူတော်စင်ဘာသာနယ်ပယ်တွင် အထွဋ်အထိပ်ထားရာနေရာတစ်ခုဖြစ်ပြီး နတ်ဆိုးများကို နှိမ်နင်းခြင်း၊ မကောင်းမှုတွေကို ဖယ်ရှားခြင်း၊ မကျွတ်မလွတ်သူတွေကို ကယ်တင်ခြင်း စသည့် ခမ်းနားသော သမိုင်းဝင်ဒဏ္ဍာရီအမျိုးမျိုးနှင့် ပြည့်နှက်နေသည်။ ပုံပြောသူတို့အတွက် ပုံပြင်အသစ်ဖန်တီးဖို့ အသုံးဝင်ဆုံးကုန်ကြမ်းဟု ဆိုရပေမည်။
ပြင်ပလူများ၏ အမြင်တွင် လေပေါ်ကျောင်းတော်ဆိုသည်မှာ သူတော်စင်ပြည်နယ်၏ ရှေ့ဆောင်လမ်းပြ ဖြောင့်မတ်ခြင်းအလင်းတန်းတစ်သွယ်ဖြစ်ပြီး လေပေါ်ကျောင်းတော်၏ ကျောင်းထိုင်ဝိဇ္ဇာလူသူတော်ဟာလည်း ကမ္ဘာပေါ်ရှိ ဝိဇ္ဇာသူတော်စင်ကျင့်ကြံသူအားလုံး၏ ဝိညာဥ်ပိုင်းဆိုင်ရာ ခေါင်းဆောင်တစ်ဦးဖြစ်၏။ ကြုံသလို ဝေဖန်ရှုံ့ချလို့ရမည့် အဆင့်အတန်းမျိုး မဟုတ်ချေ။
အစတုန်းက မြို့စားမင်းမူရုန်မှာလည်း ထို့သို့ထင်ကြေးမျိုး ရှိခဲ့ပေမဲ့ မျိုသိပ်ထားရုံသာ တတ်နိုင်ပေသည်။
မည်သို့ပင်ဆိုစေ တိုင်းပြည်အသီးသီးတွင် ဝိဇ္ဇာသူတော်စင်ကျင့်ကြံသူများမှာ အရေအတွက်တစ်ခုထိရှိပြီး ကျင့်ကြံသူအများစုဟာလည်း သူတော်စင်ဘာသာကို အထူးပြုကြတာကြောင့် တိုင်းပြည်ခေါင်းဆောင်တွေတောင် လေပေါ်ကျောင်းတော်အကြောင်းကို ထင်သလို ဆွေးနွေးဖို့ မဝံ့ရဲကြပေ။ ပါးစပ်မဆင်ခြင်မှုကြောင့် ပဋိပက္ခတွေ ဖြစ်ပေါ်လာလျှင် သူတို့၏ရာဇပလ္လင်ပင် လှုပ်ခါသွားနိုင်ချေရှိသည်။
ယဲ့ကျွင်းလင်၏ အကြည့်က မြို့စားမင်းမူရုန်ဘေးတွင် ခေါင်းတွင်တွင်ငုံ့ပြီး ချွေးသံရွှဲရွှဲဖြင့် တုန်ယင်နေသော တပ်မှူးယန်ထံသို့ ရွေ့လျားသွားသည်။ ထို့နောက် စသလိုနောက်သလိုဖြင့် လက်ညှိုးဖြင့်ထိုးကာ ပြောလိုက်သည်။ "ဒီလူက လေပေါ်တောင်နဲ့ ပူးပေါင်းနေပုံရတယ်နော်။"
"ဟုတ်ပါတယ်၊ ဒီခွေးကောင်က လေပေါ်တောင်နဲ့ လျှို့ဝှက်ပူးပေါင်းပြီး အရင်က ဝူမြို့ရဲ့ မြို့စားမင်းအချို့ကို လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ အကြီးအကဲသာ အချိန်မီရောက်မလာခဲ့ရင် ကျွန်တော်လည်း အရင်မြို့စားတွေရဲ့လမ်းအတိုင်း လိုက်ရတော့မှာပါ!" မြို့စားမင်းမူရုန်က ဒေါသတကြီး ပြောရင်း သူ့ဘေးမှ လူထွားကြီးကို ဓားတရမ်းရမ်းဖြင့် ညွှန်ပြနေလိုက်သည်။
တပ်မှူးယန်က ကြောက်လန့်တကြား မြေပေါ်မှာ ဒူးထောက်ချပြီး ဦးညွှတ်ကာ သနားခံလျှောက်ထားလာသည်။ "အသက်ချမ်းသာပေးပါ အရှင်သခင်၊ ကျွန်တော် ခဏတာ စိတ်တွေရှုပ်ထွေးသွားရုံပါ!"
ယဲ့ကျွင်းလင် လှောင်ပြုံးပြုံးပြီး ဆက်မေးသည်။ "ငါထင်တာ မမှားဘူးဆိုရင် အဲဒီဝက်ဝံနက်ဝိညာဥ်ဆိုတဲ့ကောင်က တစ်ခုခု ကြိတ်ကြံစည်နေတာ မဟုတ်လား။ မဟုတ်ရင် ခုတလော လူငယ်လေးတွေကို ဘာလို့ ခဏခဏခိုးယူခိုင်းနေရတာလဲ။"
တပ်မှူးယန်က တုန်တုန်ယင်ယင်ဖြင့် ဖြေလာသည်။ "ဟုတ်ကဲ့၊ တောင်သခင်၊ အိုး မဟုတ်ဘူး၊ အဲဒီ ဆိုးယုတ်တဲ့ သားရဲကောင်က မကြာခင် မွေးနေ့ပွဲကြီး ကျင်းပတော့မှာဆိုတော့ အောက်ကလူတွေကို ပေးထားတဲ့ အလုပ်တွေလည်း နည်းနည်းလေး ပိုများလာတာထုံးစံပါပဲ..."
"မင်းလို မြို့ငယ်လေးတစ်ခုအတွက်တောင် ယောက်ျားလေး မိန်းကလေး ရှစ်ရာအထိ သတ်မှတ်ထားတယ်။ အဲဒီလိုဆိုရင် လဲ့ရှန်းတိုင်းပြည်တစ်ခုလုံးအတိုင်းအတာနဲ့ ဘယ်လောက်များတဲ့ လူငယ်လေးတွေကို ဆုံးရှုံးရလေမလဲ။ ဒါ့အပြင် တခြားတိုင်းပြည် သုံးဆယ့်ငါးပြည် ရှိသေးတယ်။ စုစုပေါင်း အရေအတွက် ဘယ်လောက်တောင် များပြားလိုက်မလဲ။ မင်းတို့ လေပေါ်တောင်က ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေက တကယ်ပဲ သည်းခံမရအောင် များလွန်းနေပြီ!" မြို့စားမင်းမူရုန်က ပြစ်တင်ပြောဆိုလိုက်သည်။
"ကျွန်တော် စိတ်လွတ်သွားခဲ့တာပါ၊ ဒါပေမယ့် ကျွန်တော့်အပြစ် မဟုတ်ပါဘူးခင်ဗျာ! လေပေါ်တောင်ရဲ့ အင်အားက တအားကြီးမားပြီး နောက်ခံတအားတောင့်တင်းတယ်။ အနောက်ဖျားဒေသတစ်ခုလုံးမှာ ဘယ်သူက သူ့ကို ရန်စရဲမှာလဲ။ ဒါကြောင့် ကျွန်တော်လည်း မတတ်သာဘဲ..." တပ်မှူး ယန်က ဆင်ခြေပေးလာသည်။
ယဲ့ကျွင်းလင် ခေါင်းခါပြီး လက်ဖျောက်တစ်ချက်တီးလိုက်သည်။
တပ်မှူးယန်ဟာ လက်ညှိုးဖြင့် တောက်ထုတ်ခံလိုက်ရသကဲ့သို့ ဝှီးခနဲလွင့်ထွက်သွားပြီး လေတိုက်သံတွေက သူ့နားထဲမှာ တစီစီ မြည်ဟည်းလာသည်။ ထို့နောက်တွင်တော့ ခွင်းဖန်း၏ အကျယ်ကြီးဖွင့်ဟထားသော ပါးစပ်ထဲ တန်းတန်းမတ်မတ် ပြေးဝင်သွားရလေ၏။
"အား..."
အော်သံတစ်ချက် ပဲ့တင်ထပ်ထွက်ပေါ်လာပြီးနောက် အရာအားလုံး တိတ်ဆိတ်သွားသည်။
ခွင်းဖန်းအတွက်တော့ ဒါက သူ့သခင် ပစ်ပေးတဲ့ မုန့်လေးတစ်ခုသက်သက်ပါပဲ။