"မင်း လေပေါ်တောင်ရဲ့ တည်နေရာကို သိလား။"
Vol. 13 Ch. 170
"အကြီးအကဲကို တင်ပြပါတယ်။ ဒီကနေ အနောက်တောင်ဘက် မိုင်တစ်ထောင်အကွာမှာ တည်ရှိပါတယ်။ မူလက ကျင်းကျယ်တောင်တန်းလို့ ခေါ်ခဲ့ပေမယ့် အဲဒီဝက်ဝံနက်ဝိညာဥ်ကြီး သိမ်းပိုက်လိုက်ပြီးနောက်တော့ လေပေါ်တောင်လို့ နာမည်ပြောင်းခဲ့တာပါ။"
ယဲ့ကျွင်းလင် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ၊ ငါ နောက်မှ သွားကြည့်လိုက်မယ်။"
မြို့စားမင်းမူရုန် ဒီစကားကို ကြားတော့ အပျော်လွန်ပြီး ချီးကျူးမြှောက်ပင့်လာသည်။ "အကြီးအကဲက ဒီလိုအရေးယူပေးတာ ကျေးဇူးတင်လို့မဆုံးပါဘူးခင်ဗျာ! လူတွေကို ဆင်းရဲဒုက္ခကနေ ကယ်တင်တဲ့ သူတော်ကောင်းဆိုတာ လူ့လောကအတွက်တော့ တကယ်ကို ကြီးမြတ်တဲ့ ကျေးဇူးရှင်ပါပဲ! အကြီးအကဲရဲ့ ကုသိုလ်ကောင်းမှုတွေကို တိုင်းတာလို့တောင် မရနိုင်ပါဘူး!"
ဒီလို အင်အားကြီးသူတစ်ယောက်က အရေးယူပေးမယ်ဆိုရင် လေပေါ်တောင်လောက်များ ဘာစိုးရိမ်နေစရာလိုသေးလို့လဲ?
"ကြီးမြတ်တဲ့ ကျေးဇူးရှင်လား။" ယဲ့ကျွင်းလင် ဒီအကဲဖြတ်မှုကို ကြားတော့ မရယ်ဘဲ မနေနိုင်တော့ပေ။
ဒီတစ်ခေါက် လေပေါ်ကျောင်းတော်ကို သွားမည့်ခရီးကတော့ သူ့အတွက် အတော်လေးအကျိုးအမြတ်များမည့်ပုံရ၏။
အရေးအကြီးဆုံးကတော့ ဝက်ဝံခြေထောက်ပေါင်းက ဘယ်လိုအရသာရှိမလဲဆိုတာ သိချင်နေတာပဲ!
ရုတ်တရက် မြို့စားမင်းမူရုန်က ချီတုံချတုံနှင့် မေးလိုက်သည်။ "ဒီအကြီးကအဲရဲ့ ဂုဏ်သရေရှိ နာမည်လေးများ သိခွင့်ရမလားခင်ဗျ"
"ရွှယ်ထျန်းဂိုဏ်း၊ ယဲ့ကျွင်းလင်။"
"ဒါဆို အရှင်ယဲ့ပေါ့၊ နေစမ်းပါဦး!" မြို့စားမင်းမူရုန်က ချီးကျူးစကားအချို့ ဝေဝေဆာဆာ ပြောတောမည်အပြုတွင် သူ့ဦးနှောက်ကို မိုးကြိုးပစ်သွားသလို ခံစားလိုက်ရ၏။ အသိဝင်လာချိန်တွင် သူ့မျက်လုံးများ ချက်ချင်းပြူးကျယ်သွားရသည်။ "ခင်ဗျား၊ ခင်ဗျား၊ ခင်ဗျား၊ ခင်ဗျား..."
"သွား!" ယဲ့ကျွင်းလင် သူ့လက်စွပ်ကို ဝှေ့ယမ်းလိုက်တော့ ကြီးမားသော မှော်စွမ်းအင်တစ်သုတ်က သူ့ကို ဖုံးအုပ်သွားပြီး မြေပြင်ထက် အသာချပေးလိုက်ကာ လမ်းတစ်လျှောက် သူ့ဒဏ်ရာများကိုပါ ကုသပေးသွားလေသည်။
"အားခွင်း၊ အနောက်တောင်ဘက်လှည့်ပြီး လေပေါ်တောင်ကို သွား!"
ခွင်းဖန်းက ပျော်ရွှင်စွာ အော်ဟစ်မြည်ကြွေးလိုက်ပြီး လေစီးကြောင်းကြီးနှင့်အတူ ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ ဝူမြို့ကို ဖိနှိပ်ထားသည့် သားရဲကြီး၏ ဖိအားတွေလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသောကြောင့် လူအများလည်း ပို၍သက်တောင့်သက်သာရှိလာပေသည့် မျက်နှာများပေါ်မှ ကြောက်စိတ်များကတော့ လွင့်ပျယ်မသွားပေ။
မြို့စားမင်းမူရုန်ဟာ တိုက်ပွဲလက်ကျန် အပျက်အစီးများကြား ရပ်နေရင်း တအံ့တသြ ငေးကြည့်နေမိလျက်။
မူရုန် ဘယ်လိုမှမယုံနိုင်ပေ။ သူတို့ကို လာကူညီပေးသော အသက်သခင်ကျေးဇူးရှင် လူချောလေးက ကြမ်းတမ်းရက်စက်ရာတွင် လွန်စွာနာမည်ကြီးသော ဆံဖြူလူသတ်မကောင်းဆိုးဝါးမိစ္ဆာကောင်နတ်ဆိုးဘုရင် ယဲ့ကျွင်းလင်ဖြစ်နေသည်တဲ့လေ။
(ရှည်လိုက်တဲ့နာမည်ဟဲ့ ဟူးးးးး)
သူတော်စင်ပြည်နယ်မှာ ပျံ့နှံ့နေတဲ့ သူ့သတင်းတွေနဲ့ တကယ့်ပုံက လုံးဝကို ဆန့်ကျင်ဘက်ပါပဲ!
လေပေါ်ကျောင်းတော်က စစ်ပွဲတွင် ထိပ်တိုက်ရင်ဆိုင်ရာမှ ခွက်ခွက်လန်ရှုံးနိမ့်ပြီးသွားကတည်းက ယဲ့ကျွင်းလင်အကြောင်း သတင်းဆိုးများကိုသာ တက်ညီလက်ညီဖြန့်ချိခဲ့ကြခြင်း ဖြစ်သည်။ သူ့အကြောင်းကိုပြောရမည်ဆိုလျှင် ရှိရှိသမျှ မကောင်းသောစကားလုံးတိုင်းနှင့် ဖွဲ့နွဲ့ညွှန်းဆိုရပေမည်။ သူတော်စင်ပြည်နယ်တွင် အိမ်တိုင်းသိ မကောင်းဆိုးဝါးကြီးတစ်ဦးဖြစ်ပြီး ကလေးများ စကားနားမထောင်ပါလျှင် "နတ်ဆိုးကြီးယဲ့က လာစားလိမ့်မယ်နော်" ဟုသာ ခြိမ်းခြောက်တတ်ကြလေ့ရှိ၏။
ထိုသို့သော် ပတ်ဝန်းကျင်တွင် နေထိုင်ရသော မြို့စားမင်းမူရုန်မှာလည်း ကောလဟလများတွင် မှိုင်းမိကာ ရွှယ်ထျန်းဂိုဏ်း ယဲ့ကျွင်းလင်ဟုကြားလျှင် သွေးဆာရိုင်းစိုင်းသော ဘီလူးကြီးတစ်ကောင်ကိုသာ မျက်လုံးထဲပြေးမြင်မိတော့သည်။
သို့ပေမယ့် မျှော်လင့်မထားစွာပင် ဝူမြို့၏ အသက်သခင်ကျေးဇူးရှင်ကြီးကား ယဲ့ကျွင်းလင်ဖြစ်နေခဲ့သည်။
ပြီးတော့ သူက မသိဘဲ သူ့ကို ကြီးမြတ်လှတဲ့ ကျေးဇူးရှင်လို့တောင် ချီးကျူးလိုက်မိတယ်တဲ့လား?
မြို့စားမင်းမူရုန်က ရယ်ချင်ပေမယ့် ရယ်လို့မရနိုင်ဘဲ စိတ်ထဲမှာ ထူးဆန်းသောဝမ်းနည်းမှုတစ်မျိုးကို ခံစားနေရသည်။
တစ်ချိန်က သူတော်စင်ဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာနေရာ၊ လူတွေကို ဆင်းရဲဒုက္ခတွင်းမှ ကယ်တင်သူဟု သတ်မှတ်ဂုဏ်တင်ခံခဲ့ရသော လေပေါ်ကျောင်းတော်က ဒေသခံတို့၏ အသက်သေခြင်းရှင်ခြင်းကို လုံလုံးလျစ်လျူရှုကာ ဝက်ဝံနက်ဝိညာဥ်အား စိတ်ကြိုက်သောင်းကျန်းခွင့်ပေးထားခဲ့သည်။ သို့ပေမယ့် နာမည်ဆိုးဖြင့် ကျော်ကြားပါသော နတ်ဆိုးယဲ့ကတော့ သူတို့၏နာကျင်မှုများကို ဖြေရှင်းကယ်တင်ပေးဖို့ လိုလိုလားလားဖြင့် လာရောက်ပေးခဲ့လေသည်။
ထိုနှစ်ဖက်၏ မူလဂုဏ်သတင်းနှင့် လက်တွေ့အပြုအမူက မိုးနှင့်မြေပမာ ကွာခြားလွန်းလှသောကြောင့် မြို့စားမင်းမူရုန်၏ အသိဉာဏ်များကို ပြောင်းပြန်လှန်ချလိုက်သလိုပါပင်။
မြို့စားမင်းမူရုန်၏ မျက်လုံးတွေ နီရဲလာပြီး နှာခေါင်းထဲမှ စူးနင့်လာကာ မျက်ရည်နှစ်စက်က ပါးပြင်ပေါ်ကို စီးကျလာ၏။ သူ တီးတိုးရေရွတ်လိုက်မိသည်။ "နောက်ဆုံးတော့... ဘယ်သူက တကယ့်နတ်ဆိုးလဲ..."
စက္ကန့်ပိုင်းအကြာတွင်တော့ မြို့စားမင်းမူရုန်ခမျာ စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်တော့ဘဲ ကောင်းကင်သို့မော့ကြည့်၍ အော်ဟစ်လိုက်သည်။ သူတော်စင်ဘုရားသခင်ကို မေးခွန်းထုတ်နေသကဲ့သို့။
"အိုး မိုးနတ်မင်း၊ တကယ်ပဲ ဘယ်သူက နတ်ဆိုးအစစ်ပါလဲ!!!!!"
အနားကို ရောက်လာသော လက်အောက်ခံစစ်သားများလည်း အံ့သြလန့်ဖျပ်သွားရသည်။ "မြို့စားမင်း၊ ဘာဖြစ်..."
ဂုဏ်သရေရှိ မြို့စားမင်းမူရုန်၏ ပုံမှန်မဟုတ်သော အပြုအမူကြောင့် သူတို့အားလုံး တုန်လှုပ်သွားကြသည်။
မြို့စားမင်းမူရုန် တဖြည်းဖြည်း ပြန်လည်ငြိမ်သက်သွားပြီးနောက် ခွင်းဖန်း ထွက်ခွာရာဘက်ကို မျက်နှာမူကာ လက်နှစ်ဖက်ကို ယှက်ပြီး နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။
သူဘာမှ ပြောထွက်မလာခဲ့သော်ငြား အရာအားလုံးကို ထုတ်ပြောပြီးခဲ့သလို စိတ်အစဥ်မှာ ရှင်းလင်းပေ့ါပါးလျက်ရှိ၏။