← Chapters

စတာပါ၊ နောက်တာပါ

Vol. 13 Ch. 172

စတာပါ၊ နောက်တာပါ

Vol. 13 Ch. 172

"ဒီမကောင်းဆိုးဝါးအဖွဲ့က ငါတို့လူသားမျိုးနွယ်ကို ဒီလို စော်ကားရဲတယ်‌ပေါ့!" လီဝူကျယ်၏ မျက်လုံးများက ပြင်းထန်စူးရှနေပြီး နတ်ဘုရားအာရုံဖြင့် အောက်ဘက်ရှိ သဏ္ဍာန်အမျိုးမျိုးကို လှည့်လည်ကြည့်ရှုလျက် ကြိမ်းဝါးနေသည်။

ယဲ့ကျွင်းလင် လှောင်ပြုံးပြုံးပြီး ဆိုလိုက်သည်။ "လေပေါ်တောင်ဆိုတဲ့ဟာ ဒီနေ့ကစပြီး ရှိတော့မှာ မဟုတ်ပါဘူး။"

ခွင်းဖန်းသည် အရှေ့သို့ ဆက်လက်ပျံသန်းနေပြီး ၎င်း၏ အာဏာရှင်ဆန်သော စွမ်းအားကို အဆီးအတားမဲ့ ထုတ်လွှတ်ကာ သတ္တဝါအားလုံးကို ဖိနှိပ်လိုက်သည်။

ချိုင့်ဝှမ်းပေါ်ရှိ ကောင်းကင်ယံတွင် အခြားပုံရိပ်နှစ်ခု လျင်မြန်စွာ ထွက်ပေါ်လာသည်။ တစ်ကောင်မှာ သမင်နှင့်တူပြီး နောက်တစ်ကောင်မှာ ဦးခေါင်းကြီးကြီး နားရွက်ကြီးကြီးရှိသော ဝက်နက်ကြီးတစ်ကောင်ဖြစ်သည်။ ၎င်းတို့မှာ မဟာဝိဇ္ဇာလေးပါးမှ ဆိတ်ဖြူဘုရင်နှင့် ဝက်နက်ဘုရင်တို့ ဖြစ်ကြ၏။

ဝက်ဝံနက်ကြီးသည် တိမ်နှင့်မြူခိုးများကို စီးနင်းကာ ရင်ဘတ်ရှေ့တွင် လက်တစ်ဖက်ကို လက်အုပ်ချီသည့်သဏ္ဍာန် ထောင်ထားသည်။ ၎င်း၏ တောက်ပသော သင်္ကန်းသည်ကား လေထဲတွင် တဖျတ်ဖျတ်လှုပ်ခါနေပြီး မျက်နှာမှာ ရေတွင်းထဲမှ ရေမျက်နှာပြင်ကဲ့သို့ လှုပ်ခတ်ခြင်းမရှိ တည်ငြိမ်ကာ တစ်ချက်မေးလိုက်သည်။ "အခြေအနေ ဘယ်လိုရှိလဲ"

"တောင်သခင်၊ တစ်ဖက်လူက အဟုန်ပြင်းပြင်းနဲ ချီတက်လာနေပါတယ်။" အခြား နတ်ဆိုးဘုရင်နှစ်ပါးက တည်ကြည်သော မျက်နှာများဖြင့် ပြန်ဖြေသည်။

"ဟွန့်၊ ဒီထိလာရဲရင် ဒီကျွဲအိုကြီးက ချက်ချင်း ဝင်တိုက်သတ်ပစ်လိုက်မယ်!" ကျွဲရိုင်းဘုရင်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။

"ကတော် ကတော်၊ ငါတို့အစ်ကိုကြီးက သန်မာလိုက်တာ!" ငါးရောင်ခြယ် ကြက်ဘုရင်က စိတ်လှုပ်ရှားစွာ အားပေးသည်။

နတ်ဆိုးဘုရင်ဟု ခေါ်ဆိုခံရသူများသည် ဝိညာဥ်အဆင့်တက်ခြင်းကျင့်ကြံသူများ ဖြစ်ကြ၏။

၎င်းတို့ကို အုပ်စိုးသော ဝက်ဝံနက်ကြီးမှာ ခန္ဓာပေါင်းစည်းခြင်းအဆင့်ရှိပြီး နတ်ဆိုးမျိုးနွယ်စုတွင် နတ်ဆိုးဧကရာဇ်ဟု ခေါ်ဆိုကြသည်။

နတ်ဆိုးဧကရာဇ်၏ အထက်တွင် အထွဋ်အထိပ်သို့တက်ရောက်ခြင်း ကျင့်ကြံဆင့်မှ နတ်ဆိုးအရှင်မြတ်ဆိုသူလည်း ရှိသေး၏။

"ကြည့်၊ ဒါက တောင်သခင်နဲ့ မဟာဝိဇ္ဇာလေးပါးပဲ!" အောက်ခြေရှိ နတ်ဆိုးများက ဆူပွက်နေကြရင်းမှ ရုတ်တရက် ယုံကြည်မှုအပြည့် ဖြစ်သွားကြသည်။

လေပေါ်တောင်သည် ယခုအချိန်တွင် အနောက်ဖျားဒေသတစ်လွှားကို လွှမ်းမိုးထားပြီး မည်သူ့ကိုမျှ အလေးထားစရာမလိုပေ။ နယ်ခြားနတ်ဆိုးမျိုးနွယ်စုတစ်စုက အတင့်ရဲ၍ ရန်လာစမိပါက ထိုသူတို့မှာ ပြန်လမ်းကိုပင် ရှာတွေ့နိုင်တော့မည်မဟုတ်။

ရန်သူသတ္တဝါ၏ အရှိန်အဝါကြီး ပိုလို့ပြင်းထန်လာသည်နှင့်အမျှ နတ်ဆိုးများသည် အစပိုင်းတွင် အော်ဟစ်နေခဲ့ရာမှ တိတ်ဆိတ်သွားပြီး ကြောက်စိတ်များက စိမ့်တက်လာကြတော့သည်။

ခွင်းဖန်းသည် အမြင့်ဆုံးစွမ်းအားကိုထုတ်လွှတ်လျက် ချဉ်းကပ်လာသော် နတ်ဆိုးများသည် တွေဝေတုံ့ဆိုင်းသော မျက်နှာထားများဖြင့် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထလာတော့၏။

"တောင်သခင်၊ ဒါ ဒါက..." ခုနကမှ မာန်ဝင့်ထောင်လွှားနေခဲ့သော မဟာဝိဇ္ဇာလေးပါးသည် ယခုအခါတွင်တော့ ချွေးအေးများဖြင့် စိုရွှဲနေပြီး ထိတ်လန့်တကြားဖြင့် ဆောက်တည်ရာမရဖြစ်လျက်ရှိသည်။

ခွင်းဖန်း၏ နေမင်းကဲ့သို့ တောက်ပနေသော မျက်လုံးတစ်စုံကို ရင်ဆိုင်ကြည့်လိုက်မိသောအခါ ဝက်ဝံနက်သည်လည်း တည်ငြိမ်သောမျက်နှာဖုံးကို ဆက်စွပ်မထားနိုင်တော့ဘဲ ဦးရေပြားများ တင်းမာလာသည်အထိ ကြောက်ရွံ့လာမိတော့၏။ "တာ...တာအိုရောင်းရင်းခင်ဗျာ၊ ဘယ်အရပ်က လာတာပါလဲ၊ ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ။"

တစ်ဖက်ရန်သူ၏ ပုံပန်းသဏ္ဌာန်က ရန်စရန် မလွယ်ကူကြောင်း ခံစားချက်ကို ပေးစွမ်းနေသည်။

အထူးသဖြင့် ၎င်း၏ကျင့်ကြံဆင့်ကို သူလုံးဝမမြင်နိုင်ပေ။

ဒုန်း!

ခွင်းဖန်းသည် ၎င်း၏ အတောင်ပံများကို ခါယမ်းကာ ကျင့်ကြံဆင့်၏ အရှိန်အဝါကို မဆိုင်းမတွ ထုတ်လွှတ်လိုက်သည်။ လေပေါ်တောင်တစ်ခုလုံး ၎င်း၏ ဖိအားအောက်တွင် ပြားပြားဝပ်သွားရပြီး သစ်ပင်ပန်းပင်များ မလှုပ်မယှက် ငြိမ်သက်သွားကာ အချိန်စီးကြောင်းသည်ပင် ရပ်တန့်သွားသကဲ့သို့။

"ငါ သွားတော့မယ်!"

မဟာဝိဇ္ဇာလေးပါးသည် ကြောက်လန့်တကြားဖြင့် တစ်ကောင်ပြီးတစ်ကောင် မြေပြင်ထက်သို့ တဘုန်းဘုန်းပြုတ်ကျကာ အဆက်မပြတ်တုန်ယင်နေကြသည်။

ဝက်ဝံနက်ကြီးလည်း သူတို့နည်းတူ တိမ်မြူခိုးများကြားမှ ပြုတ်ကျလာပြီး မယုံကြည်နိုင်စွာ မော့ကြည့်ကာ ခေါင်းထဲတွင် တဝီဝီမြည်လျက် အာမေဋိတ်ပြလိုက်ရသည်။ "ဒါ...ဒါက ဘေးဒုက္ခကျော်လွှားခြင်းအဆင့် နတ်ဆိုးဧကရာဇ်ကြီးမဟုတ်လား?"

အော်မီထော်ဖော!

ငါဘာတွေလုပ်ခဲ့မိလို့များ ဒီလိုနတ်ဆိုးဧကရာဇ်ကို ရန်စမိလိုက်တာပါလိမ့်။

All Chapters