မှိုဘုရင်စွပ်ပြုတ်
Vol. 13 Ch. 173
ဝက်ဝံနက်ကြီး၏ နှလုံးသားသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်လို့နေလေပြီ။ သူ အနောက်ဖျားဒေသသို့ရောက်အောင် ဒီလောက်အဝေးကြီး ခရီးနှင်လာရခြင်း၏ အဓိကအကြောင်းရင်းမှာ ဤနေရာသည် ဗဟိုနယ်မြေများနှင့် အတော်အတန် ဝေးလံခေါင်ခိုက်ပြီး အစွမ်းထက်သော ကျွမ်းကျင်သူများ နေထိုင်ကြောင်း မကြားဖူးသောကြောင့်ဖြစ်သည်။ ၎င်း၏ ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံဆင့်ဖြင့် ကိုယ်ပိုင်နယ်မြေတစ်ခုကို ထူထောင်ပြီး ဘုရင်လုပ်လုပ်၊ ခေါင်းဆောင်လုပ်လုပ် တွန်းလှန်နိုင်မည့်သူမရှိကြောင်း ယုံကြည်မှုရှိခဲ့သည်။
ထို့အပြင် လေပေါ်ကျောင်းတော်၏ ခိုင်မာသော ကျောထောက်နောက်ခံလည်း ပါရှိသေးသဖြင့် စတ်လျှောက်လုံး ဤလူသားတိုင်းပြည်များကို စိတ်ကြိုက်ခြယ်လှယ်နိုင်ခဲ့သည်။
သို့သော် ဘေးဒုက္ခကျော်လွှားခြင်းအဆင့် နတ်ဆိုးဧကရာဇ်တစ်ဦးက ဒီအထိပြဿနာလာရှာလိမ့်မည်ဟု လုံးဝမမျှော်လင့်ခဲ့ပေ!
ဝက်ဝံနက်ကြီးသည် နောင်တတရားများဖြင့် ချုံးပွဲချငိုချချင်နေလေပြီ။
အပြင်လောကသည်ကား အလွန်အန္တရာယ်များလှ၏။
ရုတ်တရက် ခွင်းဖန်း၏ အင်အားကြီးပြီး အန္တရာယ်ရှိသော စွမ်းအင်ကို ခံစားမိလိုက်ပုံဖြင့် ဝက်ဝံနက်ကြီး၏ ခေါင်းပေါ်ရှိ ခေါင်းစည်းသည် ရွှေရောင်အလင်းကို ထုတ်လွှတ်ကာ တောက်ပလင်းလက်လာသည်။
"ချီးပဲ၊ ဘာတွေ ဖြစ်နေတာလဲဟ" ဝက်ဝံနက်ကြီးက အလန့်တကြား တီးတိုးရေရွတ်လိုက်သည်။
ဝှီး!
ခေါင်းစည်းသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းကို ထုတ်လွှတ်လာလေသည်။
ကောင်းကင်ယံတွင် အမြင့်ပေတစ်သောင်းခန့်ရှိသော ဝိညာဉ်ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ပေါ်လာသည်။ ၎င်းပုံရိပ်မှာ ပိန်လှီသောလူသူတော်အိုကြီးတစ်ပါးဖြစ်ပြီး သင်္ကန်းကိုဆင်မြန်းထားကာ ကြင်နာသနားတတ်သောမျက်နှာနှင့် ကရုဏာအပြည့်မျက်လုံးများဖြင့် လက်ထဲတွင် ပုတီးစေ့များကို လှည့်ပတ်စိပ်လျက်ရှိ၏။ မျက်နှာထားမှာ ဝမ်းသာဝမ်းနည်းခြင်းကင်းစွာ တည်ငြိမ်လျက်။
ထို့နောက် တောင်တစ်လုံးကို လက်ချည်းလှုပ်ခါနိုင်သော စွမ်းအင်လှိုင်းတစ်ခု တန်ပြန်ထုတ်လွှတ်လိုက်ပြီး စွမ်းအားကုန်ထုတ်လျက် ချီတက်လာသော ခွင်းဖန်းကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။
"ကျောင်းထိုင်ဝိဇ္ဇာလူသူတော်!" ဝက်ဝံနက်ကြီး အလွန်ဝမ်းသာသွားသည်။ မိမိ၏ခေါင်းစည်းတွင် ထိုသို့သော လျှို့ဝှက်ချက်များနှင့် နက်နဲသောစွမ်းအားများ ပါဝင်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ပေါ်ထွက်လာသော ဝိညာဉ်ပုံရိပ်သည် လေပေါ်ကျောင်းတော်၏ ကျောင်းထိုင်ဝိဇ္ဇာလူသူတော် ဖြစ်၏။
သို့သော် ထိုပုံရိပ်မှာ ဝက်ဝံနက်ကြီး အန္တရာယ်နှင့် ကြုံတွေ့သောအခါ စွမ်းအားအချို့ ထုတ်လွှတ်ကူညီပေးနိုင်ရန် သူ တမင်တကာ ချန်ထားပေးခဲ့သော ဝိညာဉ်အမှတ်အသားတစ်ခုသာ ဖြစ်သည်။
ခွင်းဖန်း၏ စွမ်းအင် ရပ်တန့်မှေးမှိန်သွားပြီး ၎င်း၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင် ထင်ဟပ်လာသည်။
"ဒီလူသူတော်အိုက တော်တော် အကာအကွယ်ပေးတတ်တာပဲ" ယဲ့ကျွင်းလင် လှောင်ပြုံးပြုံးလိုက်သည်။
ထိုအခိုက်အတန့်တွင် လေပေါ်ကျောင်းတော်၏ ကျောင်းထိုင်ဝိဇ္ဇာလူသူတော်ပုံရိပ်သည် ဖြည်းညှင်းစွာ လက်ကို မြှောက်လာ၏။ ၎င်း၏ လက်ဖဝါးတွင် သင်္ကေတအမှတ်အသားတစ်ခု တောက်ပနေပြီး သတ္တဝါအားလုံးကို နှိမ်နင်းချုပ်ကိုင်နိုင်သော ကြောက်မက်ဖွယ်စွမ်းအားအဟုန်ကို ပိုင်ဆိုင်ထားသည်။
ဘုန်း!
ရွှေရောင်လက်ဖဝါးပုံရိပ်တစ်ခုကို ထုတ်လွှတ်လိုက်သော် ထိုပုံရိပ်သည် လေဟာနယ်ထဲတွင် အဆုံးမဲ့ကျယ်ပြန့်သွားကာ သေးငယ်သော ကမ္ဘာလေးတစ်ခုကို ခြုံငုံသယ်ဆောင်လာသကဲ့သို့ ကျမ်းစာရွတ်ဆိုနေသော မရေမတွက်နိုင်သည့် လူသူတော်တော်များအား လက်ဖဝါးပုံရိပ်ထဲမှတစ်ဆင့် မြင်နေရသည်။
ဤတိုက်ခိုက်မှုတွင် ပြီးပြည့်စုံသော ဘေးဒုက္ခကျော်လွှားခြင်းအဆင့်၏ စွမ်းအင် ပါဝင်နေပေသည်။
"အားကြီးလိုက်တာ!" လီဝူကျယ် မျက်နှာနည်းနည်းပျက်ယွင်းသွားသည်။
ခွင်းဖန်းသည် မိမိကိုလွှမ်းမိုးထားသော ဖိအားကို ခံစားမိပြီး စိတ်မချမ်းမြေ့စွာ အော်ဟစ်မြည်ကြွေးလိုက်သည်။
"ငါ့ရှေ့မှာ မင်းလိုမြည်းကတုံးက အတင့်ရဲနေတယ်ပေါ့" ယဲ့ကျွင်းလင်က မထီမဲ့မြင်ပြောဆိုကာ လက်သီးဝင့်၍ ထိုးရန် ပြင်လိုက်သည်။
ထိုစဥ် ပေါက်ကွဲသံတစ်ချက် မြည်ဟည်းလာပြီး သူ့လက်သီးမှ ရွှေရောင်လှိုင်းဂယက်များ ဖြန့်ကျက်ထွက်ပေါ်လာကာ လမ်းတစ်လျှောက်လုံး လေဟာနယ်ကို ဝုန်းဒိုင်းကြဲဆုတ်ဖြဲလျက် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို ဖန်တီးခဲ့သည်။
တဒုန်းဒုန်းမြည်သံများကား အဆက်မပြတ်ပေါ်ထွက်လျက်!
ရွှေရောင်အလင်းဖြင့် တောက်ပနေသော ဗုဒ္ဓကျင့်စဥ်လက်ဝါးကြီးသည် ယဲ့ကျွင်းလင်၏လက်သီးဒဏ်ဖြင့် လေထဲတွင်သာ ပျက်စီးသွားရသည်။
"အား..." ကြီးမားသော စွမ်းအင်စီးကြောင်းတစ်ခု ပြင်းထန်စွာပျံ့နှံ့သွားပြီး အောက်ခြေရှိ နတ်ဆိုးငယ်လေးများကို ရိုက်ခတ်သတ်ဖြတ်မိကာ ကြေကွဲဖွယ်ရာ အော်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
တစ်ဖက်ရန်သူမှ မိမိ၏တိုက်ခိုက်မှုကို ချေဖျက်နိုင်လိုက်ပြီးနောက် လေပေါ်ကျောင်းတော် ကျောင်းထိုင်ဝိဇ္ဇာလူသူတော်၏ ဝိညာဉ်ပုံရိပ်သည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ တစ်ကြိမ်တစ်ခါမျှ ပေါ်မလာခဲ့ဖူးသလိုပင်။
"မဖြစ်နိုင်ဘူး! လုံးဝမဖြစ်နိုင်ဘူး!" ဝက်ဝံနက်ကြီးသည် အကြောက်လွန်ကာ အတွင်းကလီစာများပင် ပေါက်ထွက်တော့မတတ် တုန်လှုပ်လျက်ရှိ၏။ ၎င်း၏ မျက်လုံးများမှာ ထွက်ကျမတတ် ပြူးကျယ်နေပြီး ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်လို့နေသည်။
သူအမှတ်မမှားဘူးဆိုလျှင် ထိုနတ်ဆိုးဧကရာဇ်၏ကျောထက်တွင် လူသားစွမ်းအားရှင်တစ်ဦး ထပ်ရှိနေသေးပြီး နတ်ဆိုးဧကရာဇ်ကြီးမှာ စီးတော်ယာဥ်သက်သကမျှသာဖြစ်သည်။
ဘုရား ဘုရား၊ ဒီခေတ်မှာ ဘေးဒုက္ခကျော်လွှားခြင်းအဆင့် နတ်ဆိုးဧကရာဇ်တောင် စီးတော်ယာဥ်ဖြစ်နေရပြီလား။
ငါတော့ ရူးချင်တာပဲ!
အခြား နတ်ဆိုးဘုရင်လေးပါးမှာလည်း ဘာမှတတ်နိုင်တာမရှိတော့ဘဲ ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်ပြားပြားဝပ်နေကြတာ လှုပ်ပင်မလှုပ်ရဲတော့။
သူတို့၏မူလအမြင်တွင် ခန္ဓာပေါင်းစည်းခြင်းအဆင့်ရှိသော ဝက်ဝံနက်ကြီးသည်ပင် အရှင်သခင်တစ်ပါးလို မော်ဖူးခံရဖို့ လုံလောက်နေလေပြီ။
နတ်ဆိုးအရှင်မြတ်များအကြောင်းကိုမူ သူတို့ ထည့်စဉ်းစားရန်ပင် မဝံ့ရဲကြပေ။ နတ်ဆိုးမျိုးနွယ်စု၏ ထိပ်တန်းအဆင့်ဖြစ်သော နတ်ဆိုးဧကရာဇ်ဆိုလျှင်တော့ စကားထဲပင်ထည့်ပြောစရာမရှိ။ သူတို့နှင့် လားလားမျှပင်မသက်ဆိုင်သော အဆင့်အတန်းဖြစ်၏။
သူတို့ နတ်ဘုရားသဖွယ် သတ်မှတ်ထားသော နတ်ဆိုးဧကရာဇ်သည် ထိုလူသားကျင့်ကြံသူ၏ စီးတော်ယာဥ်မျှသာ ဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြပေ။
"အ-အရှင်၊ ကျွန်ုပ် ဘယ်နေရာမှာများ အရှင့်ကို စော်ကားမိလိုက်သလဲ သိပါရစေလားခင်ဗျာ" ဝက်ဝံနက်ကြီးသည် ချွေးများဖြင့် စိုရွှဲနေပြီး ကြောက်ရွံ့စွာ ပြောလာသည်။
ယဲ့ကျွင်းလင်သည် လျှပ်တပြက်အတွင်း ချက်ချင်း ပေါ်လာပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ လေဟာနယ်ပေါ်တွင် ခပ်မတ်မတ်ရပ်နေသည်။ သူ့၏ ငွေဖြူရောင်ဆံပင်များက လေထဲတွင် တရမ်းရမ်းလွင့်ခါနေပြီး ဓားသွားကဲ့သို့ ထက်ရှသောမျက်ခုံးများနှင့် ကြယ်ပွင့်များကဲ့သို့ တဖျတ်ဖျတ်တောက်ပသောမျက်လုံးများက ခန့်ညားသောမျက်နှာသွင်ပြင်ကို ပိုမိုထူးကဲစေသည်။
သူ၏ အကြည့်သည် ဓားသွားနှစ်ခုကဲ့သို့ပင် အောက်ဘက်ရှိ ဝက်ဝံနက်ကြီးကို တိုက်ရိုက် ထိုးဖောက်ကြည့်လျက်သည်။ ဝက်ဝံနက်ကြီးမှာ မျက်လုံးများပင်နာကျင်လာပြီး တည့်တည့်ပြန်မကြည့်ရဲရှာတော့ပေ။
"အေး မင်းအပြစ်ကတော့ နယ်မြေကို ဒီနေရာမှာတည်ထောင်မိတဲ့အပြစ်ပဲ" ယဲ့ကျွင်းလင်က မပြုံးတပြုံး ပြောသည်။
ဝက်ဝံနက်ကြီးသည် ကြောက်လန့်တကြားဖြင့် ချက်ချင်းလျှောက်တင်လာ၏။ "အရှင်၊ ဒီလိုဆိုကျွန်တော် ညတွင်းချင်း ထွက်သွားလိုက်ပါ့မယ်။ အနောက်ဖျားဒေသကို ဘယ်တော့မှ ထပ်ပြီးခြေချတော့မှာ မဟုတ်ပါဘူး!"
"မင်း လေပေါ်ကျောင်းတော်ကို ပြန်သွားမှာ မဟုတ်လား" ယဲ့ကျွင်းလင် လက်ဖျောက်တစ်ချက်တီးလျက် မေးလာသည်။
ဝက်ဝံနက်ကြီးသည် အံ့အားသင့်သွားပြီးနောက် ရူးသွပ်စွာ ခေါင်းညိတ်ပြလာသည်။ "ဟုတ်ပါတယ်၊ ဟုတ်ကဲ့၊ ဟုတ်ပါတယ်!"
ထို့နောက် ခေါင်းထဲတွင် အစီအစဉ်တစ်ခု ထွက်ပေါ်လာပြီး တည်တည်တံ့တံ့ဟန်လုပ်ကာ စကားဆိုလာသည်။ " အော်မီထော်ဖော၊ ကျွန်တော် လေပေါ်ကျောင်းတော်နဲ့ အတော်လေးနီးစပ်တဲ့ ဆက်ဆံရေးရှိပါတယ်။ ကျွန်တော်သာ ပြန်မသွားနိုင်ရင် ဘုရားကျောင်းက ဒီကိစ္စကိုစုံစမ်းဖို့ သေချာပေါက် လူလွှတ်မှာပါပဲ။ အရှင် နောင်အခါ အချိန်များရရင် ဘုရားကျောင်းကို ဧည့်သည်အဖြစ် ကြွလာနိုင်ပါတယ်။ ကျောင်းထိုင်ဝိဇ္ဇာလူသူတော်က အရှင့်လို ကျွမ်းကျင်နှံ့စပ်သူတွေနဲ့ တာအိုလမ်းစဥ်အကြောင်းဆွေးနွေးရတာ အလွန်ဝါသနာပါတာပါ။"
ဝက်ဝံနက်ကြီးသည် ယဲ့ကျွင်းလင်ကို အကြီးအကျယ် ရန်စလိုက်မိလေပြီ။ သူ့စကား၏ဆိုလိုရင်းမှာ သူ့တွင် ထိလို့မရသောနောက်ခံရှိကြောင်းပင်။ တကယ်လို့ တစ်ခုခုလွဲချော်ခဲ့လျှင် လေပေါ်ကျောင်းထိုင်ဝိဇ္ဇာလူသူတော်က မင်းတို့ကို ဒီအတိုင်းလွှတ်ထားမည်မဟုတ် ဟူသော ခြိမ်းခြောက်စကားပင်။
အင်အားကြီးသူတိုင်းတွင် သက်ဆိုင်ရာနောက်ခံနှင့် အသိုင်းအဝိုင်းရှိတတ်ကြကြောင်း ဝက်ဝံနက်ကြီးနားလည်ထားသည်။ သူတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် နောက်ခံကို စကားထဲထည့်ပြောလိုက်ပါက နောက်ခံ၏မျက်နှာကို ထောက်ထားသောအားဖြင့် ရပ်သင့်သည့်အချိန်တွင် ရပ်ကြပေလိမ့်မည်။
ယဲ့ကျွင်းလင်က အဓိပ္ပာယ်ပြည့်ပါသောလေသံဖြင့် တုံ့ပြန်သည်။ "ဖြစ်ချင်တော့ ငါလည်း လေပေါ်ကျောင်းတော်ကို ဧည့်သည်အဖြစ် သွားလည်ဦးမလို့၊ မင်းကိုပါ လမ်းကြုံ ခေါ်သွားရမလား။"