← Chapters

ဟင်းပွဲ

Vol. 13 Ch. 174

ဟင်းပွဲ

Vol. 13 Ch. 174

ဝက်ဝံနက်ကြီးသည် အပျော်လွန်သွားသည်။ သူ့စကားများ အလုပ်ဖြစ်သွားပုံပင်။

လေပေါ်ကျောင်းတော်ရဲ့ ဂုဏ်သတင်းက တကယ်ကို အသုံးဝင်တာပဲ!

နတ်ဆိုးဘုရင်လေးပါးက ကြိတ်၍ မနာလိုဖြစ်နေကြသည်။ နောက်ခံရှိတာက တော်တော်အသုံးဝင်တာပဲ။ ဒီလောက်အင်အားကြီးတဲ့ အရှင်သခင်ကတောင် မျက်နှာသာပေးတဲ့အပြင် ဟိုဧကရာဇ်ကြီးပေါ်တင်ပြီး လမ်းကြုံပါခေါ်သွားဦးမှာတဲ့။

"ရှောင်လီ၊ ဒီဝက်ဝံမိုက်ရဲ့ ခေါင်းကို ငါ့အတွက် ဖြတ်ပေးစမ်း။ လေပေါ်ကျောင်းတော်ရဲ့ ကျောင်းထိုင်ဝိဇ္ဇာလူသူတော်ဆီ လက်ဆောင်အဖြစ် ယူသွားချင်စမ်းလှတယ်။"

"ဟုတ်ကဲ့၊ ဆရာသခင်!"

ဝက်ဝံနက်ကြီးသည် ရုတ်တရတ် နားကြားမှားလိုက်လေသလားဟု သံသယဝင်သွားသည်။ ထိတ်လန့်တကြား အော်ဟစ်ရန်ပင် အချိန်မရလိုက်ခင် သူ့လည်ပင်းတွင် သွေးတန်းတစ်ခု ပေါ်လာပြီး ခေါင်းတစ်ခုလုံး ပြုတ်ကျသွားကာ ဖြတ်တောက်ခံရသော လည်ပင်းမှ သွေးများ ဖြန်းခနဲပန်းထွက်လာသည်။

ဓားရှည်ကို ကိုင်ထားသော လီဝူကျယ်သည် ဝက်ဝံအလောင်းဘေးတွင် ရပ်လျက် လှောင်ပြုံးပြုံးကာ ဆို၏။ "ဝက်ဝံမိုက်! ဒီအချိုးနဲ့များ အသက်ရှင်လျက်ပြန်သွားနိုင်ဦးမယ် ထင်နေသေးတယ်။"

"တောင်သခင်!!"

နတ်ဆိုးဘုရင်လေးပါးက ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။ အခြေအနေပြောင်းလဲမှုကား လိုက်မမီလောက်အောင် အလွန်မြန်ဆန်လွန်းသည်။

ယဲ့ကျွင်းလင်၏ မျက်လုံးများက ပုံရိပ်လေးခုကို လှည့်ပတ်ကြည့်ရှုကာ ဝမ်းသာအားရပြောလာသည်။ "တော်လိုက်တဲ့ရောင်းရင်းတွေ၊ ကြက်၊ အမဲ၊ သိုး၊ ဝက်တွေကိုပါ အပိုထပ်ဆောင်းပေးသေးတာလား။ ဒါက တအားကို ရက်ရောလွန်းတာပဲ!"

နတ်ဆိုးဘုရင်လေးပါးက တစ်နေရာတည်းတွင် စုဝေးပြီး တုန်ယင်နေကြသည်။

လီဝူကျယ်သည် သူ့ဆရာ၏ပြောချင်သည့်အဓိပ္ပာယ်ကို ချက်ဆိုနားခွက်ကမီးတောက်ဆိုသလို နားလည်လိုက်ပြီး ချက်ချင်းအသားပေါ်တော့၏။

"အား..."

နတ်ဆိုးဘုရင်လေးပါးသည် ထိုနေရာတွင်ပင် အသတ်ခံလိုက်ရပြီး ပုံသဏ္ဍာန်အမှန်များလည်း ထွက်ပေါ်လာကြသည်။ ပုံစံအမှန်များမှာ အလွန်အကောင်ကြီးလှပြီး သာမန်မိသားစုများအတွက် လပေါင်းများစွာ စားသုံးရန်ပင် လုံလောက်သည်။

"ကြက်သားပေါင်း၊ စတိခ်၊ ဆိတ်သားကင်၊ ဝက်သားပေါင်း။" ထိုအချိန်တွင် ယဲ့ကျွင်းလင်ကတော့ မီနူးဆွဲနေပြီ ဖြစ်သည်။ နောက်ဆုံးမှာတော့ ဝက်ဝံနက်ကြီး၏ အလောင်းကို လက်ညှိုးထိုးပြီး ထပ်ပေါင်းထည့်လိုက်သည်။ "ပြီးတော့ ဝက်ဝံခြေထောက်ပေါင်း! ပြီးပြည့်စုံချက်ပဲ!"

သူတို့နှစ်ဦး ခွင်းဖန်းဆီ ပြန်ရောက်လာကြသည်။

ယဲ့ကျွင်းလင်က ဟုန်ချန်ယဲ့၏ ပခုံးကိုပုတ်ကာ ဆိုလိုက်သည်။ "တပည့်လိမ္မာလေး၊ ကျန်တာ မင်းရှင်းလိုက်တော့။"

ဟုန်ချန်ယဲ့၏ မျက်လုံးများတွင် ဖျတ်ခနဲတစ်ချက်လက်သွားပြီး အားတက်သရောပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့!"

သူသည် လက်တစ်ဖက်တည်းဖြင့် ကျင့်စဥ်တစ်ခုကို အသုံးပြုလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အနီရောင်မီးလျှံများ မြေပြင်ထဲသို့ အများအပြား စီးဝင်သွားပြီးနောက် ဒီရေကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံး ပျံ့နှံ့သွားသည်။

"အား!!" နတ်ဆိုး ထောင်ပေါင်းများစွာမှာ အချိန်မီ မလွတ်မြောက်နိုင်လိုက်ဘဲ မျှော်လင့်ချက်မဲ့စွာဖြင့် မီးတောက်များထဲသို့ မြိုချခံလိုက်ရသည်။

မြင်ကွင်းသည် အလွန်ကြောက်စရာကောင်းပြီး ကမ္ဘာပျက်နေသကဲ့သို့။

မီးလျှံများ တဖြည်းဖြည်း ငြိမ်းအေးသွားသော် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းများလည်း အစအနမကျန် ပျောက်ကွယ်သွားပြီး မီးကျွမ်းနေသော မြေကြီးသာ ကျန်ရှိတော့ကာ မီးခိုးတလူလူထွလျက်ရှိသည်။

ထိုအချိန်မှစ၍ အနောက်ဖျားဒေသရှိ နတ်ဆိုးများဆိုသည်မှာ အတိတ်ဒဏ္ဍာရီတစ်ခုအဖြစ်သာ ကျန်ရှိခဲ့ပြီဂ လေပေါ်တောင်ဆိုသည့်နာမည်လည်း လွင့်ပျယ်သွားခဲ့ရ၏။

နောက်ပြီး တိုင်းပြည်အသီးသီးသို့ စေလွှတ်ခံရသော လူသူတော်စစ်သည်အဖွဲ့ သတင်းပို့ရန် လေ‌ပေါ်တောင်သို့ ပြန်ရောက်လာသောအခါ မီးကျွမ်းလောင်ထားသော ပြာဖုံးလွင်ပြင်ကြီးတစ်ခုက စိတ်လှုပ်ရှားစွာ စောင့်ကြိုနေတော့မည်ဖြစ်၏။

လေပေါ်တောင်၏ အကာအကွယ်မရှိတော့သဖြင့် သူတို့၏ဘဝများသည်လည်း လမ်းဘေးခွေးများကဲ့သို့ ဖရိုဖရဲဖြင့် ဆိုးရွားကြမ်းတမ်းသော ကံကြမ္မာလမ်းကို ဆက်လက်လျှောက်လှမ်းရပေတော့မည်။

ထိုအချိန်တွင်။

ခွင်းဖန်းသည် လေဟာနယ်ထဲတွင် ပျော်ပျော်ကြီးကူးခတ်နေပြီး ဝိဇ္ဇာသူတော်စင်ပြည်နယ်၏ ဗဟိုသို့ ဦးတည်နေသည်။

၎င်း၏ ကျောပြင်ပေါ်တွင် စားသောက်ပွဲတော်တစ်ခုလည်း ကျင်းပနေသည်။

လီဝူကျယ်သည် ကင်ထားသော ဆိတ်သားပေါင်ကြီးတစ်ပေါင်ကို ကိုင်ထားပြီး အသားတစ်ဖဲ့ကို ပြင်းပြင်းထန်ထန် ဆွဲဖြဲကာ ပါးစပ်ထဲတွင် အရသာခံကာဝါးနေသည်။ အသားမှာ နူးညံ့ပြီး အရည်ရွှမ်းကာ အ‌အရေခွံက အလွန်ကြွပ်ဆတ်မွှေးပျံ့၏။

သူ လက်မထောင်ပြီး ချီးကျူးလိုက်သည်။ "ဆရာတူအစ်မရဲ့ အချက်အပြုတ်လက်ရာက ပိုကောင်းလာပြီ!"

ပုရှောင်ရှီး ကြားလိုက်ရတော့ လွန်စွာပျော်ရွှင်သွားပြီး ပါးပြင်ကို လက်ချောင်းများဖြင့် ရှက်ကိုးရှက်ကန်းကုတ်ကာ ပြန်ဖြေလာသည်။ "ရှုရှုက ဒီလိုပဲ တတ်နိုင်သမျှလုပ်ပေးရုံပါ။"

ဟုန်ချန်ယဲ့၏ မျက်နှာတွင် အမူအရာထူးထူးခြားခြားမရှိဘဲ ဝက်သားပေါင်းတစ်ဖဲ့ကို ကောက်ယူပြီး ပါးစပ်ထဲသို့ ဖြည်းညှင်းစွာ ထည့်လိုက်သည်။

ရုတ်တရက်၊ အလွန်ထူးခြားကွဲပြားသော အရသာသည် သူ့အရသာခံအာရုံများကို တိုက်ရိုက်ထိမှန်သွားတော့၏။ သေချာလေးအရသာခံကာ ဝါးစားပြီးနောက် မြိုချလိုက်သောအခါ သူ့မျက်လုံးများတွင် တုန်လှုပ်မှုအရိပ်အယောင် ပေါ်လွင်လာသည်။

ဒီကြွက်ငပေါလေး ချက်တဲ့ အစားအစာက ဒီလောက်တောင် အရသာရှိသွားပြီလား။

အလယ်ပိုင်းစီရင်စုက ထိပ်တန်းဝိညာဉ်စားဖိုမှူးတွေတောင် ဒီ့ထက်ပိုကောင်းအောင် မချက်နိုင်လောက်ပေ။

သို့သော် နတ်ဆိုးဂိုဏ်းချုပ်တစ်ဦးက အစားအသောက်အတွက် ပျာယာခတ်စိတ်လှုပ်ရှားနေသည့်ပုံပြရန် မသင့်တော်သဖြင့် ဟုန်ချန်ယဲ့ တိတ်တိတ်လေးသာစားသောက်နေသော်ငြား တူနှစ်ချောင်း၏ အစာကောက်သောအရှိန်မှာ ပိုမိုလျင်မြန်လာခဲ့သည်။

ယဲ့ကျွင်းလင်သည် ဝက်ဝံခြေထောက်ပေါင်း၏ အရသာကို မြည်းစမ်းကြည့်လိုက်သည်။ ပါးစပ်ထဲတွင် နူးညံ့လှစွာ အရည်ပျော်ကျသွားပြီး အရသာမှာ ပြေပြစ်ချောမွေ့လှကာ အဆီလည်းအရမ်းမများပေ။ စားပြီးနောက် လန်းဆန်းတက်ကြွလာသည်ဟု ခံစားလိုက်ရသည်။

"ဒီမှာ အသားဟင်းတွေချည်း အများကြီးပဲ၊ ဟင်းသီးဟင်းရွက်စွပ်ပြုတ်လေး နည်းနည်းသောက်ရအောင်!"

ပုရှောင်ရှီးက ရှက်ရွံ့သော အမူအရာဖြင့် ဆိုလာသည်။ "ဆရာသခင်၊ ရှုရှု ဟင်းသီးဟင်းရွက်ခူးဖို့ မေ့သွားတယ်။"

ယဲ့ကျွင်းလင်က သူမရဲ့ ခေါင်းလေးကို ခပ်ဖွဖွပုတ်ပြီး စိတ်မချမ်းသာဟန်ဖြင် ဆိုလာသည်။ "ဘယ်လိုလုပ် အရာအားလုံးက အဆင်သင့်ရှိနေနိုင်မှာလဲ၊ ရှိတာနဲ့စားတတ်သောက်တတ်ဖို့လည်း သင်ယူရမယ်လေ!"

လူတိုင်း မျက်ခုံးပင့်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြမိသည်။

ချောင်ကပ်ကာ တိတ်တိတ်လေးဖြင့် တောင်တန်းပင်လယ်မှ အစားအစာဆန်းများအား အားပါးတရစားသောက်နေသော လူငယ်လေးတစ်ဦး သူတို့၏ အမြင်ထဲသို့ ဝင်ရောက်လာသည်။

သူတို့နှင့် အတူတူပျော်ရွှင်ဖို့အတွက် ဆွဲခေါ်ခံရတာကြောင့် မှိုဘုရင်ဟာ လူသားပုံစံပြောင်းပြီး စားပွဲတွင် ထိုင်စားနေရလေသည်။ သူအစတုန်းကတော့ နည်းနည်းခံနိုင်ရည်ရှိခဲ့ပေမယ့် ဒီနတ်ဆိုးမျိုးနွယ်စုတွေ၏ အသားတွေဟာ ပုရှောင်ရှီး ချက်ပြုတ်ပြင်ဆင်ပြီးသောအခါ အလွန်မွှေးကြိုင်အရသာရှိလှတာကြောင့် သူ့ကိုယ်သူပင် ဆေးပင်မျိုးနွယ်မှန်းမေ့လျော့ကာ စတင်စားသောက်လေတော့၏။

ထိုစဥ် သူ့အပေါ် စူးစိုက်ဦးတည်နေကြသော အကြည့်များကို သတိထားမိတော့ ရိုးသားဖြောင့်မတ်လှသော ဆေးပင်ကောင်လေးခမျာ ဒယ်အိုးအဖုံးခေါင်းလေးကိုပင့် မျက်ခုံးမွှေးထူထူကြီးတလှုပ်လှုပ်ဖြင့် စိုးရိမ်တကြီး မေးလာသည်။ "ဘ-ဘာလို့ ကျွန်တော့်ကို ကြည့်နေကြတာလဲ။"

ယဲ့ကျွင်းလင်၏ မျက်နှာတွင် ပြုံးရိပ်သန်းနေပြီး ထိုအပြုံးမှာ နွေဦးလေညင်းလေးလို နွေးထွေးပေါ့ပါးလျက်။ "ရှောင်ဟေး၊ မင်းပုံစံကို ပြန်ပြောင်းလိုက်တော့၊ ဆရာသခင်က မှိုဟင်းရည် သောက်ချင်တယ်။"

မှိုဘုရင်: "???"

All Chapters