← Chapters

မှိုဟင်းရည်ချက်ခြင်း

Vol. 13 Ch. 175

မှိုဟင်းရည်ချက်ခြင်း

Vol. 13 Ch. 175

နှစ်မိနစ်ခန့်အကြာတွင် မှိုဘုရင်သည် စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှု လုံလုံလောက်လောက်ပြုလုပ်ပြီးနောက် မည်သူကမျှ ဖိအားမပေးပါဘဲ သူ့မူလပုံစံသို့ ပြောင်းလဲကာ အနက်ရောင်စွပ်ပြုတ်အိုးကြီးထဲသို့ ခုန်ဆင်းသွားသည်။

"ရှောင်ရှီး၊ လာမြန်မြန်၊ ရေထည့်တော့!" ယဲ့ကျွင်းလင်သည် အရသာရှိသော မှိုဟင်းရည်ကို မြည်းစမ်းလိုစိတ်ဖြင့် သူ့လက်များကို စိတ်မရှည်လက်မရှည်ပွတ်သပ်ကာ စောင့်ဆိုင်းနေလိုက်သည်။

ဆရာတူအစ်မ ပုရှောင်ရှီးမှာ မောင်ငယ်လေးကို သနားသော်လည်း ဆရာသခင်၏ အမိန့်ကို မလွန်ဆန်နိုင်သဖြင့် အနက်ရောင်အိုးကြီးထဲသို့ ရေထည့်ရင်း နှစ်သိမ့်ပြောကြားလိုက်သည်။ "မောင်လေးရေ၊ မကြောက်ပါနဲ့။ ခဏလေးပဲ အထဲမှာ နေရမှာပါ။ ဆရာသခင်က မင်းကို ဘာမှလုပ်မှာ မဟုတ်ဘူး"

မှိုဘုရင်မှာ ဝမ်းနည်းဒေါသများဖြင့် ပြည့်နှက်နေလျက်။ သူသည် ပင်လယ်ဓားပြသင်္ဘောပေါ်သို့ အမှန်တကယ် တက်မိလိုက်ခြင်းပင်!

ယဲ့ကျွင်းလင်က စိတ်လှုပ်ရှားစွာဖြင့် ညွှန်ကြားသည်။ "ရှောင်ဟုန်၊ မီးစထည့်တော့!"

"ဟုတ်ကဲ့!"

ဟုန်ချန်ယဲ့၏ နှုတ်ခမ်းများသည် ဓားသွားကဲ့သို့ ကွေးညွှတ်သွားပြီး တိတ်တိတ်‌လေးစဥ်းစားနေမိသည်။ "ငါ ထင်ထားတဲ့အတိုင်းပဲ၊ ဒီမှိုကို တပည့်အဖြစ် ခေါ်လာတာ ချက်စားဖို့သက်သက် လှည့်ကွက်သုံးတာပဲ!"

ထို့နောက် လက်တစ်ဖက်ဖြင့် သင်္ကေတတစ်ခု ပြုလုပ်လိုက်ရာ အနက်ရောင်စွပ်ပြုတ်အိုးကြီးအောက်သို့ မီးလျှံများ တအိအိ စီးဝင်သွားသည်။ မီးလျှံများတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်နှင့် အပူရှိန်ပြင်းပြင်းပါဝင်သည်။ ကံကောင်းစွာဖြင့် ဤအနက်ရောင်အိုးကြီးသည် စနစ်မှပေးသော ပစ္စည်းဖြစ်သောကြောင့်သာ တောင့်ခံနိုင်ခြင်းဖြစ်၏။ မဟုတ်ပါက ဟုန်ချန်ယဲ့၏မီးတောက်အစွမ်းဖြင့် အရည်ပျော်သွားသည်မှာ ကြာလှရှိလောက်လေပြီ။

"စတုတ္ထဆရာတူမောင်လေး၊ ရေအပူချိန် အဆင်ပြေရဲ့လား" ပုရှောင်ရှီးက စိုးရိမ်တကြီး မေးလိုက်သည်။

"ပူတယ်၊ တအားပူတယ်လို့!" မှိုဘုရင်သည် ပွက်ပွက်ဆူနေသော ရေပူထဲတွင် နစ်မြုပ်နေပြီး ရေများက တပွက်ပွက်ဆူနေသည်။

ရေနွေးဖြင့်ပြုတ်ခံနေရခြင်းကြောင့် တစ်ကိုယ်လုံး မသက်မသာခံစားရပြီး ချက်ချင်းခုန်ထွက်လိုသော်လည်း မမြင်ရသော စွမ်းအားတစ်ခုက သူ့ကို ဖိနှိပ်ထားသဖြင့် ရုန်းထွက်လို့လည်းမရပြန်။

မကြာမီပင် လေထဲတွင် မှိုစွပ်ပြုတ်နံ့သင်းသင်းလေး ပျံ့နှံ့လာသည်။

လူတိုင်း တံတွေးမျိုချမိလိုက်ကြ၏။

၎င်းသည် ထိပ်တန်းဆေးဖက်ဝင်ဘုရင်ဖြင့် ပြုလုပ်ထားသော အရသာရှိသည့် ဟင်းချိုပင်!

လီဝူကျယ်က စိုးရိမ်ပူပန်သောမျက်နှာဖြင့် ဝင်ပြောသည်။ "အနံ့ကတော့ မွှေးလှပါရဲ့၊ ဒါပေမယ့် ဆရာတူညီလေးက တအားမသက်မသာ ဖြစ်နေပုံရတယ်နော်"

ဟုန်ချန်ယဲ့က ပျော်ရွှင်စွာဖြင့် ဆိုသည်။ "မသေမျိုးမှိုဘုရင်ကိုပြုတ်ထားတဲ့ စွပ်ပြုတ်က သောက်သုံးတဲ့လူတိုင်းကို ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အားကောင်းကြံ့ခိုင်စေပြီး မသေမျိုးအဆင့်ကိုတက်လှမ်းဖို့ အလားအလာတိုးမြင့်စေတယ်တဲ့"

လီဝူကျယ်လည်း ဘာမှပြန်မပြောနိုင်တော့ဘဲ အေးစက်စက်လေကိုသာ တစ်ချက်ပြင်းပြင်း ရှူရှိုက်လိုက်ရသည်။

မသေမျိုးအဆင့်ကိုတက်ဖို့ အလားအလာတဲ့လား!

ကျင့်ကြံသူမှန်လျှင် မသေမျိုးအဆင့်ကို မတက်ချင်ကြသူမရှိပေ။ ယခုမူ ဟင်းချိုတစ်ငုံသောက်ရုံဖြင့် အလားအလာပါ ရှိလာနိုင်ဦးမည်တဲ့။ ဒီလောက်ကောင်းတဲ့ အကျိုးအမြတ်မျိုး ဘယ်မှာရှာလို့ရနိုင်ဦးမှာလဲ။

လီဝူကျယ်သည် ချက်ချင်းပင် အလေးအနက်မျက်နှာထားဖြင့် အော်ဟစ်အားပေးလာသည်။ "ဆရာတူညီလေး၊ သည်းခံထား!"

သနားစရာ မှိုဘုရင်ကြီးခမျာ အနက်ရောင်အိုးထဲမှ ပွက်ပွက်ဆူနေသောရေကို အနိုင်နိုင်သည်းခံနေရသည်။ မခံမရပ်နိုင်အောင် ပူလောင်ပြီး မေ့မြောလုနီးပါး ဖြစ်နေလေပြီ။ မီးထည့်နေသူမှာလည်း နှစ်ယောက်မရှိသော မီးလျှံနတ်ဆိုးဂိုဏ်းချုပ်ပင်။

အကယ်၍ အနက်ရောင်အိုးသည်သာ မီးလျှံများကို ကာကွယ်ပေးထားခြင်းမရှိပါက မှိုဘုရင်သည် ချက်ချင်းလက်ငင်း မှိုကင်ဘဝသို့ ကူးပြောင်းသွားရပေမည်။

【တင်၊ ပိုင်ရှင်ကို သတိပေးလိုက်ပါတယ်၊ မှိုတပည့်လေးသာ ဒီအချိန် တစ်ခုခုထိခိုက်သွားမယ်ဆိုရင် စနစ်က ဆုလာဘ်အားလုံးကို ချက်ချင်းပြန်လည်ရုပ်သိမ်းသွားမှာဖြစ်ပါတယ်】

စနစ်သည်ပင် ခပ်တည်တည်လေသံဖြင့် ယဲ့ကျွင်းလင်ကို အလွန်အကျွံ မလုပ်ရန် သတိပေးလာသည်။ သနားစရာ မှိုတပည့်လေး တကယ်သေသွားမည်ကို သူလည်းစိုးရိမ်ဟန်ပင်။

ယဲ့ကျွင်းလင် စွပ်စွဲခံရသဖြင့် အံ့အားသင့်သွားပြီး ဒေါသတကြီးတုံ့ပြန်လာသည်။ "စနစ်၊ မင်း ငါ့ရဲ့ မြင့်မြတ်တဲ့စိတ်ဓာတ်ကို မေးခွန်းထုတ်နေတာလား! ငါ ယဲ့ကျွင်းလင်က ဆရာသခင်ကောင်းတစ်ယောက်ပါ! အခုလုပ်နေသမျှ အရာအားလုံးကလည်း သူ့ကို အားကောင်းစေဖို့အတွက် သံမဏိလိုစိတ်ဓာတ်တစ်ခု တည်ဆောက်ပေးဖို့အတွက်ပဲ!"

ထိုသို့ပြောရင်း ယဲ့ကျွင်းလင်သည် အနက်ရောင်အိုးထဲမှ မှိုဘုရင်ထံ သူ့အသံကို ပို့လွှတ်လိုက်သည်။ "ရှောင်ဟေး၊ ကောင်းကင်ဧကရာဇ်သက်ရှည်ကျင့်စဥ်ကို လည်ပတ်ပါ။ မှတ်ထား၊ သေခြင်းမှ တစ်ဖန်ပြန်မွေးဖွားမယ်!"

အရှုံးပေးတော့လုဆဲဆဲ မှိုဘုရင်သည် ထိုစကားများကို ကြားလိုက်ရသောအခါ သူ့ကိုယ်သူပင် သတိမထားမိလိုက်ဘဲ ကျင့်စဥ်ထံသို့ စိတ်ကိုနှစ်မြှုပ်ထားလိုက်သည်။

ဤထူးခြားသော ပတ်ဝန်းကျင်တွင် မှိုဘုရင်သည် သေခြင်းနှင့် ရှင်ခြင်းကြားတွင် လှည့်လည်သွားလာနေပြီး အချိန်ကိုပင် မေ့လျော့သွားသကဲ့သို့ ဖြစ်နေ၏။

သစ်ပင်တစ်ပင် ကြီးထွားသည်၊ သီးပွင့်သည်၊ အိုဟောင်း၍ရာသီဥတုဒဏ်ကြောင့် သေဆုံးရလျှင်တောင်မှ ကြွေကျခဲ့သောအစေ့မှတစ်ဆင့် သစ်ပင်ပြန်ဖြစ်သည်။ လူတို့သည်လည်း သေဆုံးလွန်မြောက်ပြီး မဆုံးနိုင်သောသံသရာတွင် ပြန်လည်မွေးဖွားကြသည်။ ဆင်းရဲဒုက္ခတို့ကို ကြံ့ကြံ့ခံကာ ရရာနေရာတွင် ရှင်သန်ပေါက်ရောက်ကြသည်။ အချိန်၏စက်ဝန်းကဲ့သို့ စဥ်ဆက်မပြတ်လည်ပတ်ကာ အဆုံးမရှိ၊ ထာဝစဥ် သေဆုံးခြင်းမရှိပေ။

ထိုသဘောတရားကို နားလည်လာသည်နှင့်အမျှ ဆေးပင်မျိုးနွယ်စုဝင်တစ်ဦး၏ သစ်ပင်ကိုအခြေခံသည့်အနှစ်သာရက သက်ဝင်တက်ကြွလာကာ ခန္ဓာကိုယ်မှ အပြာနုရောင်အလင်းတန်းတစ်ခု ထွန်းလင်းလာပြီး ကောင်းကင်ဧကရာဇ် သက်ရှည်ကျင့်စဥ်၏ အဓိကစာသားများအား မီးမောင်းထိုးဖော်ပြလျက်ရှိ၏။

ရေအပူချိန်သည် ရူးသွပ်စွာ ဆူပွက်လာပြီး အရသာရှိသော စွပ်ပြုတ်ရနံ့ထွက်ပေါ်လာသည်။

"ဘာဖြစ်နေတာလဲ!"

ဟုန်ချန်ယဲ့နှင့် အခြားသူများ အံ့အားသင့်ပြီး မသေချာမရေရာစွာ ဝိုင်းကြည့်မိနေကြသည်။

မှိုဘုရင်၏ ခန္ဓာကိုယ်မှ ကြီးမားသော အပြာနုရောင် အလင်းတန်းတစ်ခု ပွင့်ထွက်လာပြီး မမြင်နိုင်သော ခန့်ညားထည်ဝါသည့် စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။

မှိုဘုရင်သည် ကျင့်ကြံဆင့်ချိုးဖျက်၍ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်သို့ တက်ရောက်သွားလေပြီ။

လီဝူကျယ် အံ့သြတကြီးဖြင့် ရေရွတ်လိုက်မိသည်။ "မဖြစ်နိုင်တာ၊ အပြုတ်ခံရင်း ချိုးဖျက်သွားတာလား?"

ဉာဏ်အလင်းလက်ဖက်ရည်သောက်ပြီး ချိုးဖျက်တာထက်တောင် ပိုကြောက်ဖို့ကောင်းတယ်ဟ။

တတိယဆရာတူအစ်ကိုကြီးအနေနှင့် အန္တရာယ်အငွေ့အသက်တစ်ခုကို သူခံစားလိုက်ရသည်။ လူတိုင်းက အပြိုင်အဆိုင်ကို ချိုးဖျက်နေကြတာပါလား?

ယဲ့ကျွင်းလင်က သူ့လက်များကို နောက်ပစ်ကာ နက်နဲ၍ ခန့်မှန်းမရနိုင်သော အမူအရာဖြင့် ကြွားဝါလိုက်သည်။ "စနစ်၊ မင်း မြင်လား။ ဒါငါ့ရဲ့ မြင့်မြတ်တဲ့ရည်ရွယ်ချက်ပဲ!"

စနစ်- "!!!"

အဆင့်ချိုးဖျက်ပြီးနောက် မှိုဘုရင်၏ သည်းခံနိုင်စွမ်းလည်း အများကြီး တိုးတက်လာပြီး အပူချိန်ကို တဖြည်းဖြည်း လိုက်လျောညီထွေဖြစ်လာကာ အရင်ကလို မသက်မသာ မဖြစ်တော့ပေ။

"သေလိုက်လေ!" ဟုန်ချန်ယဲ့မှာ မျက်နှာကိုဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ဒေါသထွက်သွားရ၏။ ချက်ချင်းပင် မီးလျှံစွမ်းအားများကို ဆက်လက် တိုးမြှင့်လိုက်သည်။

မှိုဘုရင်မှာ ပျော်ရွှင်ရန်ပင် အချိန်မရသေးမီ ရေအပူချိန် ဆက်လက်မြင့်တက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး ဇဝေဇဝါ ဖြစ်သွားရသည်။ ဒါ ဘာတွေ ဖြစ်နေတာလဲ?

ဖတ်!

ယဲ့ကျွင်းလင်က ဟုန်ချန်ယဲ့၏ နောက်စေ့ကို ဖတ်ခနဲရိုက်လိုက်ပြီး ဆူပူသည်။ "မင်း ကိုယ့်ညီလေးကို တကယ်ချက်စားလိုက်တော့မလို့လား။"

ဟုန်ချန်ယဲ့မှာ ရွေးချယ်စရာမရှိဘဲ ရပ်လိုက်ရပြီး နောင်တရသော အမူအရာဖြင့် ဆင်ခြေတက်လာသည်။ "ဒီတပည့်က ဟင်းချိုအရသာ ပိုကောင်းအောင် လုပ်ချင်ရုံပါပဲ။"

အနက်ရောင်အိုးကြီး ထပ်မပူတော့သည်ကို တွေ့လိုက်ရသောအခါမှ မှိုဘုရင်သည် သက်ပြင်းချနိုင်သွားရ၏။

နောက်ဆုံးတော့ ကပ်ဘေးက လွတ်မြောက်ခဲ့ပြီ။

All Chapters