အတင့်ရဲလိုက်တဲ့ ဆံဖြူကောင်
Vol. 13 Ch. 177
ယခုအချိန်တွင် ဖန်ထို့တောင်ထက်မှာ အထူးပင် စည်ကားလျက်ရှိသည်။ လူအများအပြားသည် စိတ်အားထက်သန်တက်ကြွသော မျက်နှာအမူအရာများဖြင့် တောင်ထိပ်ပေါ်တွင် တည်ရှိနေသော ဘုရားကျောင်းတော်ကို ကြည်ညိုစိတ်အပြည့်ဖြင့် မော်ဖူးနေကြ၏။
"လေပေါ်ကျောင်းတော်က တရားပွဲတော် ထပ်လုပ်ပြန်ပြီ။ ဒီတစ်ခါတော့ ကျောင်းထိုင်ဝိဇ္ဇာလူသူတော် ရဲ့ သူတော်စင်တရားစွမ်းအင်နက်နဲမှုကို သေသေချာချာ နားလည်အောင် ကြိုးစားရမယ်။"
"ကျောင်းထိုင်ဝိဇ္ဇာလူသူတော်က တကယ့်ကို ကြီးမြတ်သူပါပဲ။ ဒီလို သဘောထားကြီးမှုပြီး စိတ်ဓာတ်ပွင့်လင်းရိုးသားတဲ့သူမျိုးက ဒီကမ္ဘာပေါ်က ဈာန်ကျင့်ကြံရေးပွားများသူတွေအတွက် ဝိညာဥ်ရေးရာခေါင်းဆောင် ဖြစ်ထိုက်ပါတယ်။"
"နောက်ဆုံးတော့လည်း ဆရာတော်က တကယ့်ဘုရားစစ်စစ်နဲ့ အနီးစပ်ဆုံး တည်ရှိမှုပဲလေ!"
ဆွေးနွေးပြောဆိုသံများ ဆက်တိုက်ထွက်ပေါ်လာပြီး လူအများလည်း စိတ်ခံစားမှုအပြည့်ဖြင့် သက်ပြင်းချလာကြသည်။
ထိုလူအများထဲမှ အမျိုးသားတစ်ဦးက တစ်နေရာကို လက်ညှိုးထိုးပြပြီး အံ့အားသင့်စွာ ပြောလိုက်သည်။ "ဟေး၊ ဟိုလူတွေက ကျင့်ထူပြည်ထောင်ရဲ့ တော်ဝင်မင်းမျိုးမင်းနွယ်တွေ မဟုတ်လား။ သူတို့လည်း ကျောင်းထိုင်ဝိဇ္ဇာလူသူတော်ရဲ့ တရားနာဖို့ လာကြတာလား"
လူတိုင်းက သူညွှန်ပြရာဘက်ကို လှမ်းကြည့်လိုက်ကြသည်။
လှမ်းကြည့်ရာတွင် ကျောက်လှေကားများအတိုင်း တောင်ထိပ်သို့ လျှောက်တက်လာသော အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရ၏။ ၎င်းတို့သည် ခမ်းနားတောက်ပသော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ခါးထက်တွင် တော်ဝင်တံဆိပ်များလည်း ချိတ်ဆွဲထားကြသည်။ ဟန်ပန်အရှိန်အဝါကအစ သာမန်လူများနှင့် မတူခြားနားနေသည်ပင်။
အထူးတပ်ဖွဲ့ဝင် အစောင့်အရှောက်အဖွဲ့တစ်ဖွဲ့က ၎င်းတို့နောက်တွင် အနီးကပ် လိုက်ပါလာပြီး တစ်ဦးစီတိုင်းသည် နဂါးသွေးစပ်သကဲ့သို့ သတ္တိဗျတ္တိနှင့် စွမ်းအင်အပြည့်ရှိရုံမက မြင့်မားသောကျင့်ကြံဆင့်များကိုလည်း ပိုင်ဆိုင်ထားသည်။
"ဒီရောင်းရင်းက မြို့ပြင်ကလာတာလား။ လေပေါ်ကျောင်းတော်ရဲ့ ကျောင်းထိုင်ဝိဇ္ဇာလူသူတော် တရားပွဲတော် ကျင်းပတဲ့အခါတိုင်း ကျင့်ထူပြည်ထောင်ရဲ့ ဘုရင်က သူ့သားတော်သမီးတော်တွေကို လာရောက် သင်ယူကြားနာခိုင်းတယ်လေ။ ဒီနှစ်တစ်လျှောက်လုံးမှာ တရားပွဲတက်ရောက်တာက တော်ဝင်မိသားစုဝင်တွေအတွက် မဖြစ်မနေ လုပ်ဆောင်ရမယ့် ဓလေ့ထုံးထမ်းတစ်ခု ဖြစ်လာခဲ့ပြီ!"
"ဪ ဒီလိုကိုး!"
လူအုပ်ကြီး စကားပြောဆိုခြင်းကို ရပ်တန့်ကာ လှေကားထစ်များကို စိတ်အားထက်သန်စွာ ဆက်လက်တက်လှမ်းသွားကြတော့၏။
ဒါဟာလည်း လေပေါ်ကျောင်းတော်၏ စည်းမျဉ်းတစ်ခု ဖြစ်သည်။ ဘုရားကျောင်းတော်ကို သွားပြီး အမွှေးတိုင်ထွန်းကာ မေတ္တာတရားပွားများလိုပါက၊ ဒါမှမဟုတ် တရားဘာဝနာတော် နာကြားလိုပါက ဖန်ထို့တောင်၏ ထောင်ပေါင်းများစွာသော လှေကားထစ်များကို တစ်ထစ်မကျန် လမ်းလျှောက်တက်ရမည်ဖြစ်သည်။
စိတ်ရှည်မှုမရှိဘဲ ပေါ့ပေါ့ဆဆ ဟိုကျော်ဒီလွှား ခုန်တက်ခဲ့ပါက ရိုးသားမှုမရှိဟု မှတ်ယူခံရကာ လေပေါ်ကျောင်းတော်မှ လူသူတော်များက ဝင်ခွင့်ပြုမည်မဟုတ်ပေ!
"ပြီးခဲ့တဲ့တစ်ခေါက်က ကျောင်းထိုင်ဝိဇ္ဇာလူသူတော်ရဲ့ တရားကို နာကြားပြီးနောက်ပိုင်း ငါမင်းသားရဲ့ သူတော်စင်ရုပ်ပွားရွှေကိုယ်တော်ကျင့်စဥ်ကို နားလည်မှုက တော်တော်လေး ပြည့်စုံလာပြီ။ နတ်ဆိုးဧကရာဇ်ရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရရင်တောင် ဒီခန္ဓာနဲ့ဆို တန်ပြန်တိုက်ခိုက်နိုင်မယ့်ပုံပဲ။"
စကားပြောသူမှာ ကျင့်ထူပြည်ထောင်၏ ပထမမင်းသားဖြစ်ပြီး ခန္ဓာကိုယ် တောင့်တင်းခိုင်မာကာ လေသံကအစ သြဇာအာဏာပြည့်ဝနေသည်။ ဆံပင်များက သံမဏိအပ်များကဲ့သို့ သန်စွမ်းတောက်ပြောင်ပြီး မျက်လုံးများက တောက်ပစူးရှ၏။
"နောင်တော်က တော်တော်လေး သင်ယူတတ်မြောက်လွယ်တာပဲ" ဒုတိယမင်းသားက လက်ထဲရှိ ခေါက်ချိုးယပ်တောင်ကို ညင်သာစွာ ဝှေ့ယမ်းရင်း အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ ဒုတိယမင်းသားမှာ လူချမ်းသာအိမ်မှ ချောမောပြေပြစ်သော သခင်လေးတစ်ဦးကဲ့သို့ အသွင်အပြင်ရှိ၏။
"ဒုတိယအစ်ကိုတော် ခုနကပဲ ညီမလေးကို အစ်ကိုတော်ရဲ့ ခြောက်လုံးဂါထာကျွမ်းကျင်မှု ပိုတိုးတက်လာပြီလို့ မပြောခဲ့ဘူးလား။ ပြီးတော့ နတ်ဆိုးဧကရာဇ်ကို နှိမ်နင်းနိုင်မယ်လို့ ယုံကြည်တယ်ဆိုပြီး ကျွန်မကိုပြောခဲ့သေးတယ်လေ" မင်းသမီးမင်ယွဲ့ က တောက်ပသော မျက်လုံးများနှင့် သွားဖြူဖြူလေးများပေါ်အောင်ပြုံးကာ ခပ်နောက်နောက်ပြောလာသည်။
သူမသည် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ချောမွေ့နူးညံ့သော ဆံပင်များကို ကျောထက်ဖြန့်ကျနေသည်။ ခန္ဓာကိုယ်ကလည်း အချိုးအစားကျနပြီး အထူးသဖြင့် သူမ၏ ခန္ဓာကိုယ်အပေါ်ပိုင်း၏ တောင်ထိပ်များကဲ့သို့ ဖောင်းကြွနေပုံမှာ လူအများကို အကြည့်မရပ်နိုင်အောင် ဆွဲဆောင်မှုရှိလှ၏။
ဒုတိယမင်းသား၏ နဖူးမှ ချွေးစို့လာပြီး ခြောက်ကပ်ကပ် ရယ်မောရင်း ပြန်ကာသည်။ "ညီမလေး၊ မင်း နားကြားမှားတာပါ"
နောင်တော်ကြီးက နတ်ဆိုးဧကရာဇ်နှင့် တန်ပြန်တိုက်ခိုက်နိုင်လောက်တယ်ဟု ပြောနေစဥ်မှာ သူက နတ်ဆိုးဧကရာဇ်ကိုတောင် အနိုင်ယူနိုင်တယ်ဆိုပြီး လေလုံးထွားလိုက်ရင် ဒါ နောင်တော်ကြီးကို အနိုင်ယူနိုင်တယ်လို့ပြောတာနှင့် တူမနေပေဘူးလား?
ပထမမင်းသား မျက်မှောင်ကြုတ်လိုက်ပြီး "ဒုတိယညီလေး၊ ကြည့်ရတာ မင်းရဲ့ ခွန်အား တိုးလာပုံရတယ်။ ငါတို့ ပြန်ရောက်ရင် လက်သီးပြိုင်ထိုးကြတာပေါ့!"
"နောင်တော်ကလည်း၊ ညီမလေးရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်ပါနဲ့! ကျွန်တော် ဘယ်လိုလုပ် နောင်တော်နဲ့ ယှဉ်နိုင်မှာလဲ" ဒုတိယမင်းသားက ကြောက်လန့်တကြား အမြန်ပြန်ဖာထေးလာသည်။
နောင်တော်ကြီးနှင့် လက်သီးတစ်ပွဲပြိုင်ထိုးလိုက်လျှင် အိပ်ရာထဲတွင်တစ်ပတ်လောက်လဲနေရပေလိမ့်မည်။
"မင်း ဘယ်လောက်တောင် ပျာယာခတ်သွားလဲ ကြည့်ပါဦး။ ငါက ညီအစ်ကိုတွေကြားက ဆက်ဆံရေးကို ပိုရင်းနှီးလာစေချင်ရုံပါပဲ။ ဒါ့အပြင် ငါတို့ နောက်ဆုံး လေ့ကျင့်ခဲ့တာ ဘယ်လောက်တောင်ကြာပြီလဲ။ မင်း နောက်တစ်ခါ ငြင်းဆန်ရင် ဒီနောင်တော်ကို အထင်သေးနေတယ်လို့ ယူဆလိုက်ရမှာပဲ!"
ပထမမင်းသားက ဒုတိယမင်းသား၏ ပခုံးထက် လက်ဖြင့်ဝိုက်ဖက်လိုက်ပြီး လက်သီးဆုပ်ကာ လက်ဆစ်များကို တဖျောက်ဖျောက်ချိုးပြနေပုံမှာ 'အကျိုးဆက်တွေကို ကောင်းကောင်းစဥ်းစားထားရင်ကောင်းမယ်'ဟု ခြိမ်းခြောက်စကားဆိုနေပုံပင်။
ဒုတိယမင်းသားမှာ မျက်နှာငယ်ဖြင့် 'အရိုက်ခံရမည့်အတူတူတော့ သူ့စကားနားထောင်လိုက်ရင် နည်းနည်းပါးပါးလျှော့ပေါ့ရိုက်လောက်ပါတယ်' ဟု တွေးမိသည်။
"ဟုတ်ကဲ့..."
"ဒါပဲလေ! လိမ္မာလိုက်တဲ့ညီလေး"
"ဒုတိယအစ်ကို၊ စိတ်မပူပါနဲ့၊ ညီမလေး ဘေးကနေ အားပေးနေမယ်" မင်းသမီးမင်ယွဲ့က ပါးစပ်ကိုလက်ဖြင့်အုပ်ကာ မျက်ခုံးများကွေးညွှတ်သည်အထိ ရယ်မောလိုက်သည်။
"ဟော? ကြည့်ရတာ မင်းတော့ အရည်အချင်းတွေ တကယ်တက်လာပုံရတယ်၊ ညီမလေးတောင် အားပေးချင်နေပြီဆိုမှတော့ ငါ အစွမ်းကုန် ကြိုးစားရတော့မှာပေါ့!" ပထမမင်းသားက မကျေမနပ် ထပ်ပြောလာပြန်သည်။
ဒုတိယမင်းသားမှာ ဝမ်းနည်းပူဆွေးနေသော မျက်နှာဖြင့်။ "ညီမလေး၊ မီးလောင်ရာ လေပင့်မလုပ်ပါနဲ့၊ ဒုတိယအစ်ကိုက ပုံမှန်ဆိုလည်း ညီမလေးကို ကောင်းကောင်းမွန်မွန် ဆက်ဆံတာပဲကို"
ထိုစကားကို ကြားလိုက်ပြီးနောက် မင်းသမီးမင်ယွဲ့သည် ဟက်ဟက်ပက်ပက်ရယ်မောလိုက်ရာ ရင်သားများ တလှုပ်လှုပ်တုန်ခါသွားသောကြောင့် လူအများ မျက်လုံးပြူးမျက်ဆံပြူးဖြင့် ဝိုင်းကြည့်လာကြတော့၏။
"အရှင်မင်းသားမင်းသမီးတို့၊ ဒါက ဖန်ထို့တောင်ပါ၊ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ဂရုစိုက်ပေးပါ" အစောင့်ခေါင်းဆောင်က တိုးတိုးလေး သတိပေးသည်။
ချက်ချင်းပင်။
သုံးယောက်သား နောက်ပြောင်ခြင်း ရပ်တန့်ကာ သင့်တော်သော အမူအရာသို့ ပြောင်းလဲလိုက်ကြသည်။
"နောက်နှစ်လဆိုရင် ဖခမည်းတော်ရဲ့ မွေးနေ့ပွဲရောက်ပြီ။ ဒီတရားပွဲတော်ကို အခွင့်ကောင်းယူပြီး သူတော်စင်ကျင့်စဥ်အသစ်တွေ များများရအောင်သင်ရမယ်။ ဒီလိုဆို ခမည်းတော်ကျေနပ်အောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" မင်းသမီးမင်ယွဲ့ က တိတ်တိတ်လေး တွေးမိလိုက်သည်။
လူအများအပြား ဆက်တိုက်ဆိုသလို တောင်ထိပ်ပေါ်သို့ ရောက်ရှိလာကြကာ ဘုရားကျောင်းတော်တွင် တရားနာကြားကြသည်။
လူသူတော်များက လက်အုပ်ချီကာ တည်ကြည်သော မျက်နှာအမူအရာများဖြင့် စံပယ်နေကြသည်။
ပဒုမ္မာပလ္လင်ပေါ်တွင် လေပေါ်ကျောင်းတော်၏ ကျောင်းထိုင်ဝိဇ္ဇာလူသူတော်သည် တင်ပျဥ်ခွေထိုင်လျက် လက်မနှင့် လက်ခလယ်ကို ပူးကာ ဒကာဒကာမအပေါင်းတို့ကို တရားဟောကြားလျက်ရှိ၏။