← Chapters

သက်သေအပြည့်အစုံ ပါလာပြီးသားနော်

Vol. 13 Ch. 179

သက်သေအပြည့်အစုံ ပါလာပြီးသားနော်

Vol. 13 Ch. 179

လူတိုင်း အံ့သြမှင်သက်စွာဖြင့် လေပေါ်ကျောင်းတော်၏ သင်္ကေတဖြစ်သော ကျောင်းတော်ဆိုင်းဘုတ်ကို အမည်မသိလူငယ်တစ်ဦးက စတိုင်လ်ကျကျ ကန်ချိုးလိုက်သည်အား ကြောင်ကြည့်မိနေကြသည်။ ထူးဆန်းလွန်း၍ အိပ်မက်များမက်နေသည်လားဟု ထင်မှတ်မှားသွားရသည်အထိ။

"ဒီကောင် ဘယ်သူလဲ? လေပေါ်ကျောင်းတော်ကိုတောင် လာပြီး ဒုက္ခပေးရဲတယ်!" ပထမမင်းသားက အံ့အားသင့်နေရာမှ အသိဝင်လာပြီး မကျေမနပ်ဆိုလိုက်သည်။

"နောင်တော် စိတ်မလောနဲ့ဦး။ ခဏလောက်စောင့်ကြည့်တာ ပိုကောင်းမယ်" ဒုတိယမင်းသားက စိုးရိမ်တကြီး ပြောလာသည်။

လေပေါ်ကျောင်းတော်ထဲကို ပြောင်ပြောင်င်းတင်း ဝင်လာရဲသည့်အပြင် ဝိညာဉ်လက်နက်အဆင့်ရှိသော ဆိုင်းဘုတ်ကို ကန်ချိုးပစ်လိုက်သည်အား ကြည့်ခြင်းအားဖြင့် တစ်ဖက်လူ၏ကြောက်စရာခွန်အားကို ခန့်မှန်းလို့ရနေလေပြီ။

ထို့အပြင် ဒီလုပ်ရပ်တစ်ခုလုံးတွင် မည်သည့်မှော်စွမ်းအင်မှ ထည့်သွင်းမထားပေ။ ကိုယ်ခန္ဓာသက်သက်၏ ခွန်အားကိုသာ အားကိုးပြီး ဝိညာဉ်လက်နက်တစ်ခုကို တစ်ချက်တည်းနှင့် တိုက်ရိုက်ချိုးဖျက်ပစ်နိုင်သည်ပင်။ ဒီလောက်ထိအင်အားကြီးတဲ့ ကျင့်ကြံသူဆိုတာ ဘယ်နှစ်ယောက်လောက်များ ရှိလိမ့်မယ်ထင်သလဲ? အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးတောင် ဒါကိုလုပ်နိုင်လောက်မည်မထင်။

"ဒီအရိုင်းအစိုင်းကောင်က ဘယ်ကလာတာလဲ! နေ့ခင်းကြောင်တောင် လေပေါ်ကျောင်းတော်ထဲကို ဘယ်လိုများဝင်လာရဲတာလဲ!"

ဘုရားကျောင်းတော်အတွင်းမှ ဒေါသတကြီး အော်ဟစ်သံများ မရေမတွက်နိုင်အောင် ထွက်ပေါ်လာသည်။ သင်္ကန်းဝတ်ထားသော လူသူတော်အများအပြား အုံလိုက်ကျင်းလိုက် ထွက်လာပြီး အားလုံးက ယဲံကျွင်းလင်ကို ဒေါသတကြီး စိုက်ကြည့်နေကြသည်မှာ မျက်လုံးများမှ မီးပွင့်ထွက်တော့မတတ်။

နေရောင်အောက်တွင် သူတို့၏ ကတုံးပြောင်များက မီးသီးလုံးတွေလို တောက်ပနေပြီး အုပ်လိုက်စုသော် ထူးခြားသည့်အလင်းတစ်လွှာကို ထုတ်လွှတ်နေသည်။

"ရှေ့တိုးလာရဲတဲ့ကောင် သေမယ်!"

လီဝူကျယ်၏ အေးစက်စက် အသံ ထွက်ပေါ်လာသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင်။

ထက်ရှသော ဓားစွမ်းအင်တစ်ချက် ပြက်ခနဲလက်သွားပြီး ရှေ့မြေပြင်တွင် နက်ရှိုင်းသော လျှိုမြောင်ကြီးတစ်ခု ဖြစ်ပါ်ကျန်ရစ်ခဲ့သည်။ ထိုလျှိုမြောင်ထဲတွင် ရက်စက်ကြမ်းကြုတ်လှသော ဓားစိတ်ဆန္ဒအငွေ့အသက်တို့ ကြွင်းကျန်ရစ်ပြီး လူသူတော်တစ်သိုက်အား ချောက်ကမ်းပါးကြီးတစ်ခုကဲ့သို့ တားဆီးလိုက်လေသည်။

ဓားချက်၏ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားလိုက်မိသောအခါ လူသူတော်များလည်း ကြောက်လန့်တုန်လှုပ်သွားကြပြီး မျက်နှာများပင် ဖြူဆုတ်သွားကာ မဆင်မခြင် ရှေ့မတိုးရဲကြတော့ပေ။

"ဟမ့်!" လီဝူကျယ်က လှောင်ပြောင်လိုက်သည်။

"ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ ဓားစိတ်ဆန္ဒလဲ။ ဒီလူက ဓားကျင့်စဥ်လမ်းကြောင်းရဲ့ ထိပ်ဆုံးရောက်နေပြီ။ အရှေ့ပိုင်းစီရင်စုမှာ နှယ်နှယ်ရရလူတော့မဟုတ်လောက်ဘူး။"

"နေပါဦး၊ တခြားသူတွေကရော သူတို့ကို နည်းနည်း ရင်းနှီးကျွမ်းဝင်နေသလို ထူးထူးဆန်းဆန်း မခံစားရဘူးလား။ တစ်နေရာရာမှာ မြင်ဖူးကြားဖူးနေသလိုလို ဖြစ်နေတယ်။"

"ရောင်းရင်းရေ၊ အခုမှ မင်းပြောတော့မှ ငါလည်း အဲ့လိုပဲ ခံစားလာရတယ်!"

လူအုပ်ကြီး အချင်းချင်း တီးတိုးပြောဆိုနေကြသည်။

ပဒုမ္မာပလ္လင်ပေါ်တွင် ထိုင်နေသော ကျောင်းထိုင်ဝိဇ္ဇာလူသူတော်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ချက် လင်းလက်သွား၏။

သူ့ဘဝမှာ ဒီလောက် မောက်မာရိုင်းစိုင်းတဲ့သူမျိုး တစ်ခါမှမမြင်စဖူး! လေပေါ်ကျောင်းတော်မှာပင် ဒီလို ဆိုးရွားတဲ့ လုပ်ရပ်မျိုးကို ကျူးလွန်နေသည်တဲ့!

သို့ပေမဲ့ ဒီနေ့က အထူးနေ့တစ်နေ့ဖြစ်၏။ ကမ္ဘာအနှံ့က ဈာန်ပွားများသူတွေ စုဝေးရောက်ရှိနေကြသောကြောင့် အခြေအနေက ပိုအရေးကြီးလေလေ ကျောင်းထိုင်ဝိဇ္ဇာလူသူတော် တစ်ပါးအနေဖြင့် သူကပိုတည်ငြိမ်ပြရမည်ဖြစ်သည်။

"အော်မီထော်ဖော~"

ကျောင်းထိုင်ဝိဇ္ဇာလူသူတော်သည် စိတ်လှုပ်ရှားခြင်းမရှိ ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။ "လေပေါ်ကျောင်းတော်က ဒကာတို့ကို ဘယ်နေရာမှာမှ စော်ကားခဲ့ဖူးတာမျိုး မရှိခဲ့ပါဘူး။ ဒီ လူသူတော်အိုကြီး စိတ်ကျေနပ်စေမယ့် ဖြေရှင်းချက်တစ်ခုတော့ပေးဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့ ဒီမှာပဲထာဝရပိတ်မိနေပြီး မိမိရဲ့လုပ်ရပ်အတွက် ဝိဇ္ဇာသူတော်စင်ရှေ့မှောက်မှာ နောင်တအလီလီရနေရပါမယ်။"

ဤသို့အခြေအနေတွင် လေပေါ်ကျောင်းတော်၏ ဆရာ‌တော်ကား သူတော်စင်တရားခေါင်းဆောင်တစ်ဦး ပီသစွာဖြင့် တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်ခြင်းအားမြင်သော် လူအများ ပိုလို့လေးစားကြည်ညိုသွားမိကြ၏။

ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဆိုတာ ဒီလိုမျိုးပါလား!

ယဲ့ကျွင်းလင် လှောင်ရယ်တစ်ချက်ရယ်သည်။ "ဆက်ပြီး ဟန်ဆောင်နေလိုက်ပါ၊ ဆက်ပြီး သရုပ်ဆောင်နေလိုက်။ မင်းတို့ လေပေါ်ကျောင်းတော်က မြည်းကတုံးတွေအကုန် ဒီလိုပဲ သရုပ်ဆောင်ကောင်းကြတာလား"

လူသူတော်တွေ မျက်လုံးပြူးကုန်ကြပြီး ထိုသူ၏ မလေးမစား စကားလုံးများနှင့် အပြုအမူတွေအတွက် ဒေါသအမျက် ချောင်းချောင်းထွက်သွားကြသည်။

ကျောင်းထိုင်ဝိဇ္ဇာလူသူတော်က တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်- "ဒီဒကာကြီးက လေပေါ်ကျောင်းတော်အပေါ် နက်နက်ရှိုင်းရှိုင်းကို နားလည်မှုလွဲနေပုံရတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီကမ္ဘာကြီးမှာ အရာအားလုံးက အကြောင်းပြချက်ရှိပါတယ်။ ဒီလူသူတော်အိုကြီးက ဒီနေ့ တရားပွဲတော် ကျင်းပပြီး တရားဘာဝနာဟောကြားနေတာပါ၊ ဒါပေမဲ့ ဒကာကြီးက အကြောင်းမဲ့ ကြားဖြတ်ဝင်လာတယ်၊ ဒီရှားပါးတဲ့ အေးချမ်းငြိမ်သက်မှုကို ဖျက်ဆီးတယ်၊ ပြီးတော့ ဒီလူသူတော်အိုကြီးနဲ့ တပည့်သားတွေကိုလည်း ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုတွေ ပြုလုပ်တယ်။ ဒါဟာ တကယ်ပဲ ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့လှပါတယ်။ ဒီအတွက် ဒကာကြီးအနေနဲ့ ရှင်းပြချက်တစ်ခုတော့ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။"

"ဟဲဟဲ၊ ရှင်းပြချက်လိုချင်ရင် မင်းရဲ့ ခွေးမျက်လုံးကြီးတွေကို ကောင်းကောင်း ဖွင့်ပြီး သေချာကြည့်လိုက်!"

မြည်းကတုံးတို့၏ မျက်နှာပြောင်မှုကို သည်းမခံနိုင်စွာ ယဲ့ကျွင်းလင်တစ်ချက်ရယ်ချလိုက်သည်။

"မှတ်တမ်းတင်ဘောလုံးကို ထုတ်လိုက်တော့!"

"ဟုတ်ကဲ့၊ ဆရာသခင်!"

လီဝူကျယ်က မှတ်တမ်းတင်ဘောလုံးကို ထုတ်ယူလိုက်သည်။ မှော်စွမ်းအင် ထည့်သွင်းပြီးနောက် မှတ်တမ်းတင်ဘောလုံးသည် အလင်းတန်းတစ်ခုကို ကောင်းကင်ထက်သို့ ထုတ်လွှတ်လိုက်၏။

ပုံရိပ်၏နောက်ခံမှာ ဆေးဘုရင်တောင်ကြားဖြစ်ပြီး သင်္ကန်းဝတ်ပုံရိပ်တစ်ခုက လူအများ၏အာရုံကို ဖမ်းစားလိုက်သည်။

"ဒါ၊ ဒါက ဆရာတော်ရန်သမ်ပဲ!" တပည့်တစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ ဆရာတော်ရန်သမ်၏ ကျင့်ကြံဆင့်သည် လေပေါ်ကျောင်းတော်တွင် ကျောင်းထိုင်ဝိဇ္ဇာလူသူတော်အပြီး ဒုတိယအဆင့်တွင်ရှိ၏။

"ရန်သမ်လား...." ကျောင်းထိုင်ဝိဇ္ဇာလူသူတော်၏ မျက်လုံးအစုံ ဖျတ်ခနဲလင်းလက်သွားပြီး နှလုံးသားတစ်ခုလုံး ပြောင်းပြန်လန်သွားသလို ခံစားလိုက်ရသည်။

တလောကမှ ဆရာတော်ရန်သမ်၏ သက်တမ်းပြ‌ကျောက်စိမ်းပြား ကွဲအက်သွားခြင်းကြောင့် အကြီးအကဲဆရာတော်တစ်ချို့ တုန်လှုပ်နေကြရတာဖြစ်၏။ ကျောင်းတော်အပေါ် အကျိုးသက်ရောက်မှုကြီးမားမည်ဖြစ်သောကြောင့် သူသေသည့်သတင်းကို လတ်တလော‌တော့ ဖုံးကွယ်ထားရသေးသည်။ ထို့ကြောင့် ဆရာတော်ရန်သမ် ဆုံးပါးတော်မူသွားသည့်အကြောင်း သိထားသူသိပ်မရှိသေးပေ။

ဘာပဲဖြစ်ဖြစ် ဆရာတော်ရန်သမ်ဆိုတာ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ရဲ့ ထိပ်တန်းပညာရှင်ကြီးတစ်ပါးပေပဲ။ အရှေ့ပိုင်းစီရင်စုတွင် သူ့ကိုခြိမ်းခြောက်စိန်ခေါ်နိုင်သူ ရှားပါး၏။ သို့ပေမဲ့ ဆေးဘုရင်တောင်ကြားသို့ ခရီးထွက်ရင်း အကြောင်းမဲ့သေဆုံးခဲ့ရသည်။ ထိုအကြောင်းပြချက်ကို မည်သူကလက်ခံနိုင်မည်နည်း?

ကျောင်းထိုင်ဝိဇ္ဇာလူသူတော် သာမက အတွင်းရေးကို သိထားသော လေပေါ်ကျောင်းတော်၏ အကြီးအကဲဆရာတော်များပါ ဒီအချိန်မှာ ထိတ်လန့်တုန်လှုပ်သွားကြရသည်။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်ရန်သူဖွင့်ပြလာသော မှတ်တမ်းတင်ဘောလုံးက ဆရာတော်ရန်သမ်မသေဆုံးခင်က အဖြစ်အပျက်များကို ဖော်ထုတ်ပြသနိုင်နေလို့ပင်။

All Chapters