အခန်း (၁၈၀)
Vol. 13 Ch. 180
ပုံရိပ်ထဲတွင် သူတော်စင်ရန်သမ်မှာ ဆံပင်ဖြူအဘိုးအိုကြီးတစ်ဦးနှင့် ရင်ဆိုင်နေရသည်။ သူတို့နှစ်ဦးကြားမှ စကားပြောအနည်းငယ်ကို နားထောင်ကြည့်ရုံမျှဖြင့် အဖြစ်အပျက်အကြမ်းဖျင်းအား မှန်းဆနိုင်၏။
"အဲဒါက ဆံဖြူနတ်ဆိုးကြီး ယဲ့ကျွင်းလင်ပဲ!"
"သူက ဆေးဘုရင်တောင်ကြားကနေ ထွက်လာတဲ့ ကျင့်ကြံသူတွေကို လုယက်ဖို့စီစဥ်ထားခဲ့ပုံရတယ်။ ဂုဏ်သိက္ခာရှိ ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ဒီလိုလုပ်ရပ်မျိုးကိုလုပ်နေတယ်။ သူ့ရဲ့ စိတ်ဓာတ်က တကယ်ကိုပဲ ယိုယွင်းနေပြီ!"
"ကံကောင်းလို့ လေပေါ်ကျောင်းတော်က သူတော်စင်တစ်ပါး ဝင်တားပေးလိုက်ပုံပဲ၊ မေတ္တာတရားကြီးမားလိုက်တာ"
လူတိုင်း ယဲ့ကျွင်းလင်ကို အပြင်းအထန် မုန်းတီးပြစ်တင်နေကြပြီး လေပေါ်ကျောင်းတော်၏ သူတော်စင်ရန်သမ်ကိုတော့ လွန်စွာလေးစားကြည်ညိုလျက်ရှိကြ၏။
ဟွမ်ကျိုးပြည်နယ်တိုက်ပွဲကြီး ပြီးဆုံးချိန်တွင် ဝိဇ္ဇာသူတော်စင်ပြည်နယ်မှ ဈာန်ကျင့်ကြံသူအမြောက်အများမှာ ယဲ့ကျွင်းလင်အား သေသည်အထိ မုန်းတီးသွားကြသည်ပင်။ သေချာပေါက် နောက်ကွယ်မှ လေပေါ်ကျောင်းတော်က မီးလောင်ရာလေပင့်နေခြင်း ဖြစ်သည်ပေါ့။
"နတ်ဆိုးယဲ့က မွေးရာပါ ရက်စက်ကြမ်းကြုတ်တဲ့ အကျင့်စရိုက်ရှိတယ်။ လေပေါ်ကျောင်းတော် က သူတော်စင်ကြီးကိုယ်တိုင် လာတားပေးပေမဲ့ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုတော့ ဖြစ်လာလိမ့်ဦးမယ်ထင်တယ်။" ပထမမင်းသားနှင့် ဒုတိယမင်းသားတို့က တွေးရင်း လက်သီးတင်းတင်းဆုပ်လိုက်ကြသည်။
ထိုအမူအရာကိုမြင်သော်။
ကျောင်းထိုင်ဝိဇ္ဇာလူသူတော်က မေတ္တာကရုဏာပြည့်ဝသော မျက်နှာဖြင့် သက်ပြင်းချလိုက်သည်။ "ကောင်းလေစွ ကောင်းလေစွ။ သူတော်စင်တို့က မေတ္တာနဲ့ခင်းသောလမ်းကို ဦးစားပေးရွေးချယ်တယ်။ သူတော်စင်ရန်သမ်ရဲ့ ကြားဝင်ဖျန်ဖြေပေးတဲ့ လုပ်ရပ်က ဒီလူသူတော်အိုကြီးရဲ့ လေပေါ်ကျောင်းတော်မှာ အစဉ်အမြဲ လိုက်နာကျင့်သုံးခဲ့တဲ့ အတွေးအခေါ်နဲ့ အလွန်ကို ကိုက်ညီလှပါတယ်။"
ထိုသို့ ဖျန်ဖြေပေးရင်း ယဲ့ကျွင်းလင်လက်ချက်ဖြင့် အသက်ဆုံးခဲ့လေသလားဟု သူစဥ်းစားမိလိုက်သည်။
ဒီကောင်ရန်သမ်ကတော့ အတော်လေးမိုက်မဲတာပဲ။
ဘာလို့ ထွက်မပြေးတာလဲ။ ဘာလို့ အဲဒီ ပုရွက်ဆိတ်အုပ်စုကို ကာကွယ်ပေးနေရတာလဲ။
ပုံရိပ်ကား ဆက်လက်ပြသလျက်။
တစ်ဖက်လူဟာ ယဲ့ကျွင်းလင်မှန်း သိသွားပြီးနောက် သူတော်စင်ရန်သမ်၏စိတ်သဘောထားမှာ ၁၈၀ဒီဂရီအထိ ပြောင်းလဲသွားကြောင်း လူအများမြင်လိုက်ရသည်။
ရုတ်တရက် သူဟာ သူ့လူတွေကို တစ်ပြန်တိုက်ခိုက်လာသည်။ ရူးသွပ်နေသောမျက်နှာဖြင့် မှော်ပညာကို အသုံးပြုပြီး ကျင့်ကြံသူအားလုံးကို ထိန်းချုပ်ထားကာ လူတိုင်းကိုသတ်ပစ်ပြီး နှုတ်ပိတ်ပစ်မည်ဟုလည်း ဆိုလာသည်။ ထို့အပြင် နောက်ပိုင်းမှာ သူ့အပြစ်လွတ်ကင်းဖို့အတွက် လေပေါ်ကျောင်းတော်၏ရန်သူတော် ယဲ့ကျွင်းလင်နှင့် ပူးပေါင်းဖို့ပင်ကြံစည်ခဲ့၏။
နေရာတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။
"ဘာတွေဖြစ်နေတာလဲ။ သူတော်စင်ရန်သမ်က ဆံဖြူနတ်ဆိုးကောင်နဲ့ ပူးပေါင်းခဲ့တာလား။"
"သူတို့ပြောတဲ့ မေတ္တာကရုဏာတွေရော ဘယ်ရောက်သွားပြီလဲ!"
အစောကမှ သူတော်စင်ရန်သမ်ကိုဝိုင်းထောက်ခံပြီး လေပေါ်ကျောင်းတော်ကို ကြည်ညိုလေးစားခဲ့သူများလည်း ပါးစပ်အဟောင်းသားဖြင့် ဆွံ့အလျက်။
အပြောင်းအလဲက အရမ်းမြန်လွန်းလို့ မျက်စိတောင်ကန်းတော့မတတ်ပဲ!
"ဒါက..." ကျောင်းထိုင်ဝိဇ္ဇာလူသူတော် လည်ချောင်းတွင်း တစ်ခုခုတစ်ဆို့သွားသလိုခံစားလိုက်ရပြီး အိုမင်းနေသောမျက်နှာမှာ မီးဖြင့်အဟပ်ခံလိုက်ရသလို ပူလောင်သွားရ၏။
မင်းသမီးမင်ယွဲ့လည်း မင်သက်မိသွားသည်။
အပြစ်မဲ့သူတွေကို ပေါ့ပေါ့ဆဆ သတ်ဖြတ်ခြင်း၊ လျှို့ဝှက်ပြီး ကောက်ကျစ်စွာ ကြံစည်ခြင်း၊ ဒါက သူမသိထားသော သူတော်ကောင်းသူတော်စင်ကြီးမှ ဟုတ်ပါရဲ့လား။ လေပေါ်ကျောင်းတော်၏ အကြီးအကဲသူတော်စင်တစ်ပါးက ဒီလောက်အထိ ဆိုးယုတ်နေတာလား?!
ဤမျှဖြင့် အဆုံးမသတ်သေးပေ။
အထူးခြားဆုံး မြင်ကွင်းက အခုမှ ရောက်ရှိလာတာဖြစ်သည်။
ပုံထဲမှာ တကယ့် ယဲ့ကျွင်းလင် ထွက်ပေါ်လာပြီး သူတော်စင်ရန်သမ်ကို ဧကရာဇ်တစ်ပါးက အပြစ်သားကိုကွပ်မျက်သလို ထိုးနှက်သတ်ဖြတ်လိုက်ကာ လူအများအား ကယ်တင်ပေးလိုက်နိုင်သည်။ ပြိုင်ဘက်ကင်းခမ်းနားထည်ဝါလှသည့် ပုံရိပ်မှာ ကြည့်ရှုနေကြသော ကျင့်ကြံသူတို့၏ စိတ်အစဥ်တွင် စွဲမြဲစွာထင်ဟပ်သွားတော့၏?
"ဟူး--!!!"
ပတ်ဝန်းကျင်တစ်ခုလုံး ပင့်သက်ရှိုက်သံများ တစ်ခုပြီးတစ်ခုပေါ်ထွက်လာသည်။
ဆိုတော့ ဒီပုံရိပ်ထဲက ကယ်တင်ရှင်လူစွမ်းကောင်းက သူတို့ကြားဖူးထားတဲ့ ဆံဖြူနတ်ဆိုးကြီးပေါ့လေ။
နေစမ်းပါဦး…
မရေမတွက်နိုင်သော အကြည့်များက ငွေရောင်ဆံပင်ရှိသော လူငယ်ဆီသို့ ထပ်မံ စုရုံးလာပြီး ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ကြောက်လန့်ခြင်း အပြည့်ဖြင့် စိုက်ကြည့်လာကြတော့သည်။
မသေမျိုးအရိပ် ယဲ့ကျွင်းလင်က ဒီနေ့ဒီအချိန်မှာ တကယ်ကြီး ဖန်ထို့တောင်ပေါ်ကို တက်လာခဲ့ပြီလား!
အစောက ရိုင်းစိုင်းသောလုပ်ရပ်များဖြင့် ဆက်စပ်တွေးတောကြည့်လိုက်လျှင် ထိုသူသည် လေပေါ်ကျောင်းတော်ကို ဖြေရှင်းချက်တောင်းဖို့ ရောက်လာတာဖြစ်ရမည်။
"ဒါဆို သူက ယဲ့ကျွင်းလင်ပဲ" မှတ်တမ်းတင်ဘောလုံးအား ကြည့်ရှုပြီးနောက်မှာတော့ မင်းသမီးမင်ယွဲ့ ထိုသူကိုမကြောက်တော့ရုံသာမက အနည်းငယ်စူးစမ်းချင်စိတ်ပါဝင်လာသည်။
"ညီမလေး၊ မြန်မြန် အကိုကြီးနောက်မှာ ပုန်းနေ" ပထမမင်းသားက မင်းသမီးမင်ယွဲ့ ကို သူ့နောက်သို့ ဆွဲခေါ်လိုက်သည်။ သူ့နဖူးမှ ချွေးအေးများ စို့လာပြီး မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
"ဘာလုပ်ရမလဲ။ ခမည်းတော်ကို အကြောင်းကြားသင့်လား" ဒုတိယမင်းသားခမျာ ကြောက်လန့်လွန်းလို့ ဦးရေပြားပင် ထုံကျဉ်လို့လာသည်။
နာမည်ကျော် ဆံဖြူလူသတ်နတ်ဘုရား ယဲ့ကျွင်းလင်က ကျင့်ထူပြည်ထောင်မှာ ပေါ်ထွက်လာခဲ့ပြီလား။
ကျင့်ထူတစ်ပြည်လုံး အင်အားကုန်ထုတ်သုံးရင်တောင် ဒီလူရဲ့ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည်မထင်။
"အဲ့ဒါ မင်းလား..." ကျောင်းထိုင်ဝိဇ္ဇာလူသူတော် ၏ မျက်နှာအမူအရာသည် ထိတ်လန့်မှုကို ဖုံးကွယ်မထားနိုင်တော့ဘဲ နောက်ပိုင်းတွင် ဝမ်းသွားပြီးနောက် မျက်နှာထက် ပိုမိုဆိုးရွားနေသည်။
သူတော်စင်ရန်သမ်၏ သေဆုံးမှုမှာ ယဲ့ကျွင်းလင်နှင့် တစ်နည်းမဟုတ်တစ်နည်းတော့ ပက်သက်နေလောက်မည်ဟု သူထင်မိသော်ငြား ဤမျှလွယ်လွယ်လေး အဆုံးသတ်သွားလိမ့်မည်ဟုတော့ မထင်မိခဲ့ပါ။
အထူးသဖြင့် ယဲ့ကျွင်းလင်က သူတော်စင်ရန်သမ်ကို လက်သီးတစ်ချက်တည်းဖြင့် ထိုးသတ်လိုက်ခြင်းအားမြင်သော် ယဲ့ကျွင်းလင်အပေါ် ကျောင်းထိုင်ဝိဇ္ဇာလူသူတော်၏ အန္တရာယ်အကဲဖြတ်မှုက သိသိသာသာမြင့်တက်လာခဲ့သည်။
ဒါပေမဲ့ ဒီကိစ္စထက် လေပေါ်ကျောင်းတော်ရဲ့ ဂုဏ်သတင်း ပျက်စီးသွားမှာက ကြောက်စရာ အကောင်းဆုံးပဲ!
"ဟမ့်!"
ကောင်းကင်မှာ မိုးခြိမ်းသံလို အေးစက်စက် အသံတစ်သံ ပဲ့တင်ထပ်သွားသည်။
ကျောင်းထိုင်ဝိဇ္ဇာလူသူတော်က ပဒုမ္မာပလ္လင်ပေါ်ကနေ ထရပ်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။ "နတ်ဆိုးကောင်ယဲ့၊ မင်း တကယ်ပဲ ယုတ်မာလှချည်လား။ မင်းက မှတ်တမ်းတင်ဘောလုံးကို တမင်ပြုပြင်ပြီး သူတော်စင်တို့ကျောင်းရဲ့ သူတော်စင်ကို နာမည်ဖျက်ဖို့ကြိုးစားနေတာပဲ! ဒီလို ယုတ်မာတဲ့ နည်းလမ်းတွေနဲ့ မင်းက ကမ္ဘာကြီးကို လှည့်စားချင်တာလား။ အရမ်းရယ်စရာ ကောင်းတယ်!"
လူတိုင်း မင်သက်သွားကြသည်။
ဒီပုံရိပ်ရဲ့နောက်ကွယ်မှာ တကယ်ပဲ ပရိယာယ်ရှိနေတာလား။
မှတ်တမ်းတင်ဘောလုံးတွေကို အတုလုပ်ဖို့ရာက အလွန်ခက်ခဲလှသည်ဆိုပေမင့် မဖြစ်နိုင်တာတော့မဟုတ်။
"ဒီမြည်းကတုံးအိုကြီးကတော့ ခုထိ လိမ်ညာနေတုန်းပဲလား!" လီဝူကျယ်က ဒေါသတကြီး ပြောသည်။
"မင်းတို့ ဝိဇ္ဇာသူတော်စင်ကျင့်ကြံသူတွေအကုန်လုံးက ငါထင်ထားတဲ့အတိုင်းပဲ" ဟုန်ချန်ယဲ့က လက်ပိုက်ကာ ရွံရှာစွာ ရှုံ့ချသည်။
ယဲ့ကျွင်းလင်က သူ့လက်ကို ဝှေ့ယမ်းပြီး လှောင်ပြောင်လိုက်သည်။ "ဒါဆို ဒီတစ်ခုကရော ဘယ်လိုလဲ"
ဒုန်း!
ဝက်ဝံနက်ခေါင်းတစ်လုံး မြေပေါ်သို့ လိမ့်ကျလာပြီး သွေးနံ့များ လှိုင်ထွက်လာသည်။ သူ့မျက်လုံးများ ပြူးကျယ်နေဆဲပြီး ငြိမ်းချမ်းစွာ သေဆုံးခဲ့ရပုံမပေါ်ပေ။
"ဘာ!?"
ကျောင်းထိုင်ဝိဇ္ဇာလူသူတော်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တောင့်ခနဲဖြစ်သွားပြီး သူ့နှလုံးသားထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။