← Chapters

အခန်း (၁၈၁)

Vol. 13 Ch. 181

အခန်း (၁၈၁)

Vol. 13 Ch. 181

ဝက်ဝံနက်ကြီး၏ ဦးခေါင်းက ရုတ်တရတ်ထွက်ပေါ်လာသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

ဒါက ဘာကို ဆိုလိုတာလဲ?

ဒီနတ်ဆိုးဝက်ဝံကြီးက လေပေါ်ကျောင်းတော်နဲ့ ပတ်သက်မှုများ ရှိနေတာလား?

ကျောင်းထိုင်ဝိဇ္ဇာလူသူတော်၏ မျက်လုံးတွေက ထိုဦးခေါင်းပြတ်ကို စူးစိုက်ကြည့်နေပြီး နဖူးမှ ချွေးအေးစက်များ စိမ့်ထွက်လာသည်။

ဒါဆို ဒီမကောင်းဆိုးဝါးက ဒီလူနဲ့တွေ့လို့ ငါ့ခေါင်းစည်းပတ်မှာ လျှို့ဝှက်ထားတဲ့ မှော်စွမ်းအင်တွေ ပေါ်လာတာပေါ့။

ဒီလိုဆိုရင် ဒီလူက ငါနဲ့ အဲ့ဒီဝက်ဝံနက် ပက်သက်နေတယ်ဆိုတာ သိထားပြီးပြီလား။

"မင်းရဲ့ အိမ်မွေးတိရစ္ဆာန်လေးကို ငါပြန်ယူလာပေးတာလေ၊ ကျေးဇူးတင်သင့်တယ်ဟုတ်ဘူးလား မြည်းကတုံး" ယဲ့ကျွင်းလင်က ပျော်ရွှင်စွာ ပြုံးပြီး ပြောလိုက်သည်။

ကျောင်းထိုင်ဝိဇ္ဇာလူသူတော် ဒေါသထွက်ပြီး ထဆဲချင်စိတ် ပေါက်သွားရ၏။ ပါးစပ်ကိုထိန်းကာ တစ်ဖက်လူကို ရန်လိုစွာစိုက်ကြည့်ရင်း ပြောလိုက်သည်။"မင်း အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ ဒီလူသူတော်အိုကြီးနဲ့ အဲ့ဒီမကောင်းဆိုးဝါးက ဘာမှမသက်ဆိုင်ဘူး!"

"ဪ?"

"ဒီဝက်ဝံမိုက်က မင်းအနောက်ကနေ ထောက်ပံ့ပေးနေလို့ အနောက်ဖျားဒေသမှာ သူ့နယ်မြေကို ထူထောင်ပြီး သူနေတဲ့တောင်ကိုတောင် လေပေါ်တောင်လို့ နာမည်ပေးထားတာ။ ဒီနှစ်တွေအတွင်းမှာ မကောင်းမှုတွေ အမျိုးမျိုးလုပ်ပြီး အပြစ်မဲ့သူတွေအများကြီးကို အာဏာရှင်ဆန်ဆန် ဒုက္ခပေးနေခဲ့တာပဲ။"

"မင်းက သူ့သခင်တစ်ယောက်အနေနဲ့ ဒီကိစ္စတွေအားလုံးကို ဘာမှမသိဘူးလို့ ပြောရဲသေးတာလား!?"

ယဲ့ကျွင်းလင်က မေးခွန်းထုတ်လိုက်သည်။

နေရာတစ်ခုလုံး ပွက်လောရိုက်သွားပြီး ပတ်ဝန်းကျင်က ရုတ်တရက် ဆူညံသွားသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ။ ကျောင်းထိုင်ဝိဇ္ဇာလူသူတော်က မကောင်းဆိုးဝါးတွေ ဒီလိုလုပ်နေတာကို ခွင့်ပြုပေးမှာတဲ့လား။"

"အခုမှ ငါ မှတ်မိပြီ။ လေပေါ်ကျောင်းတော်မှာ ဝက်ဝံနက်ကြီးတစ်ကောင် မွေးထားတာ။ အရင်တုန်းက ဘုရားကျောင်းမှာ မြင်ဖူးလိုက်တယ်။"

"ဒါ တိုက်ဆိုင်မှုသက်သက် မဖြစ်နိုင်ဘူးလား။ လေပေါ်ကျောင်းတော်က ဒီလောက် ဘက်လိုက်လိမ့်မယ်လို့တော့ မထင်ဘူးနော်!"

"ကရုဏာကြီးမားတဲ့ ကျောင်းထိုင်ဝိဇ္ဇာလူသူတော်ကြီး၊ ကျေးဇူးပြုပြီး ကျိုးကြောင်းဆီလျော်တဲ့ အဖြေတစ်ခုပေးပါ!"

… …

ပရိသတ်ထဲက လူအများအပြားမှာ ကြားသိလိုက်ရသောသတင်းဆိုးကြောင့် စိတ်လှုပ်ရှားစွာဖြင့် လေပေါ်ကျောင်းတော်ကို ဒီကိစ္စအား အမြန်ဆုံး ရှင်းလင်းပေးဖို့ တောင်းဆိုလာကြသည်။ စဥ်းစားဆင်ခြင်နိုင်စွမ်းများ ကုန်ခန်း၍ ခေါင်းတစ်ခုလုံး ချာချာလည်မူးနောက်ကုန်လေပြီ။

လေပေါ်ကျောင်းတော်၏ လူသူတော်တွေမှာလည်း စိတ်မလုံတာကြောင့် ပြန်လည်ချေပဖို့ မဝံ့ရဲကြပေ။

ကျောင်းထိုင်ဝိဇ္ဇာလူသူတော်မှာတော့ မျက်နှာအကြီးအကျယ်ပျက်နေပြီး အံတင်းတင်းကြိတ်ကာ ပြန်ပြောသည်။ "နတ်ဆိုးယဲ့၊ သွေးထိုးစကားတွေ မပြောနဲ့။ ဒီဘုရားကျောင်းမှာ ဝက်ဝံနက်ကြီးတစ်ကောင် မွေးခဲ့တာတော့ မှန်ပါတယ်။ ဒါပေမယ့် ဟိုးလွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက သေဆုံးသွားခဲ့တာ။ မင်းက ဒီဖန်တီးထားတဲ့ သက်သေအထောက်အထားကို ထုတ်ပြပြီး လူပုံအလယ်မှာ လေပေါ်ကျောင်းတော်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးချင်သေးတာလား!"

"ကျောင်းထိုင်ဝိဇ္ဇာလူသူတော်ပြောတာ မှန်ပါတယ်! ဒါသက်သက် ကျောင်းတော်ဂုဏ်သိက္ခာ ထိခိုက်အောင် တမင်ကြံစည်တာ!"

"နတ်ဆိုးယဲ့၊ မင်းတော်တော်ကောက်ကျစ်တာပဲ!"

ကျောင်းထိုင်စရာတော်ထံမှ ပြန်လည်ငြင်းခုန်သံကိုကြားလိုက်ရတော့ လူသူတော်တစ်သိုက်လည်း အားရပါးရဝင်ထောက်ခံလာကြသည်။ မသိလျှင် သူတို့ကပဲအကြီးအကျယ် နစ်နာဆုံးရှုံးသွားသလိုလို။

ဖြောင်း ဖြောင်း ဖြောင်း~

လက်ခုပ်သံ တချို့ ထွက်ပေါ်လာသည်။

ယဲ့ကျွင်းလင်က လက်ခုပ်တီးရင်း သက်ပြင်းချလိုက်သည်။ "ဒီလောက် အရေထူတဲ့ကျောင်းတော်ကို မလေးစားဘဲမနေနိုင်တော့ဘူး"

ကျောင်းထိုင်ဝိဇ္ဇာလူသူတော်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ "ဒီလူသူတော်အိုကြီးက ထိုင်ရင်ကျောကိုမတ်ထားသလို ကိုယ်ကျင့်တရားလည်း ‌ဖြောင့်မတ်မှန်ကန်တယ်။ ကရုဏာကြီးမားတာမှန်ပေမယ့် အခြေအမြစ်မရှိတဲ့ စွပ်စွဲမှုတွေကို ဘယ်တော့မှ လက်မခံဘူး! နတ်ဆိုးယဲ့၊ ဒီလူသူတော်အိုကြီးက မင်းကို အချိန်မီ ရပ်တန့်ဖို့နဲ့ အဓိပ္ပာယ်မရှိတာတွေ ဆက်မလုပ်ဖို့ အကြံပေးချင်တယ်!"

"ဟဲဟဲ။"

ယဲ့ကျွင်းလင်က လှောင်ရယ်ရယ်ပြီး လက်ဖျောက်တစ်ချက်တီးလိုက်သည်။ "ရှောင်လီရေ၊ သူတို့ကိုနောက်တစ်ခု ထုတ်ပြလိုက်ဦး။"

"ဟုတ်ကဲ့၊ ဆရာသခင်"

လီဝူကျဲက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ပုံရိပ်မှတ်တမ်းတင်တဲ့ ဘောလုံးများစွာ တဟူးဟူးနဲ့ ပျံထွက်သွားသည်။

ကောင်းကင်ယံထက်မှာ ပုံရိပ်တွေ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။ ဇာတ်လမ်း၏ အစောဆုံးအပိုင်းဖြစ်သော မြို့စားမူရုန်၏ အစအဆုံးဇာတ်ကြောင်းခင်းခြင်းမှအစ ဝက်ဝံနက်ကြီးကို ဖယ်ရှားသည့်အခါ ခေါင်းစည်းပတ်မှ ထွက်ပေါ်လာသော ကျောင်းထိုင်ဝိဇ္ဇာလူသူတော်၏ ပုံရိပ်ယောင်အထိ အရာအားလုံးကို အစအဆုံး အသေးစိတ် မှတ်တမ်းတင်ထား၏။ အသံ၊ လှုပ်ရှားမှု၊ ပုံပန်းသဏ္ဌာန်တွေ အားလုံးက ရှင်းလင်းပြတ်သားသည်။

ယဲ့ကျွင်းလင်က လက်များကို နောက်ပစ်ပြီး စကားတစ်ခွန်းကြေညာသည်။ "ဘယ်သူမဆို ဒါတွေကို လိမ်ညာမှုလို့ သံသယရှိသေးရင် အနောက်ဖျားဒေသထိ သွားပြီး စစ်ဆေးနိုင်တယ်!"

"ဒီနှစ်တွေအတွင်းမှာ အနောက်ဖျားဒေသက ပြည်သူတွေဟာ တစ်ချိန်လုံး ဆင်းရဲဒုက္ခနဲ့ ယှဥ်တွဲနေထိုင်ခဲ့ကြရတယ်။ ဒီဖြစ်စဉ်တစ်လျှောက်လုံးမှာ လေပေါ်ကျောင်းတော်ကို အကူအညီတောင်းဖို့ ဝေးလံတဲ့နေရာတွေကနေ လာရောက်ခဲ့ကြသူတွေ ရှိခဲ့ပေမယ့် လေပေါ်ကျောင်းတော်ကတော့ လုံးဝလျစ်လျူရှုထားခဲ့တယ်။ ဒါ့အပြင် သူတို့ရဲ့ ဂုဏ်သတင်းကို ထိခိုက်မှာ စိုးရိမ်လို့ လာတဲ့သူတွေကိုတောင် တိတ်တဆိတ် သုတ်သင်ပစ်ခဲ့ကြသေးတယ်တဲ့!"

"သေချာကြည့်ကြစမ်းပါ၊ ဒါက မင်းတို့မျက်လုံးထဲမှာ အလေးအမြတ်ထားရတဲ့ သူတော်စင်ဝိဇ္ဇာကျင့်ကြံသူခေါင်းဆောင်ကြီးပဲ!"

ယဲ့ကျွင်းလင်၏ ရှင်းလင်းပြတ်သားသောအသံသည် အရပ်မျက်နှာအားလုံးသို့ ပဲ့တင်ထပ်သွားပြီး လူအများ၏ဦးနှောက်ထဲသို့ ဖြတ်သန်းသွားကာ စိတ်နှလုံးတို့ကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။

"ထွီ! စက်ဆုပ်စရာပဲ!" လီဝူကျယ်က မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် တံတွေးထွေးချလိုက်ပြီး မထီမဲ့မြင် ရှုံ့ချလိုက်သည်။

ပရိသတ်ထဲက လူတွေမှာလည်း တစ်ယောက်ကိုတစ်ယောက် ကြောင်တက်တက်ကြည့်နေမိကြပြီး မသေချာမရေရာစွာ အံ့အားသင့်နေကြသည်။

ပရိသတ်ထဲမှ ချည်ကြမ်းထည်ဝတ် အဘိုးကြီးတစ်ယောက်က အတော်ကြာအောင် တွန့်ဆုတ်နေပြီးမှ နောက်ဆုံးမှာတော့ အဆုံးအဖြတ်ပေးလိုက်သည်။ "လူကြီးမင်းတို့၊ ကျွန်တော်ကထျန်းကျန်းဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပါ။ ဒီနေရာမှာ ထျန်းကျန်းဂိုဏ်းရဲ့ နာမည်ကိုရင်းပြီး အာမခံပါတယ်။ ဒီပုံရိပ်မှတ်တမ်းတင်ဘောလုံးတွေဟာ ရုပ်ထွက်ကြည်လင်ပြီး မှော်စွမ်းအင်လှုပ်ရှားမှုတွေကလည်း ပုံမှန်ပါပဲ။ ဒါက မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေ အားလုံးက အတုအယောင်ဖန်တီးထားခြင်းမဟုတ်ဘဲ မှန်ကန်တယ်ဆိုတာကို ပြသနေပါတယ်!"

ထိုစကားများသည် မုန်တိုင်းတိုက်၍ ကမ်းစပ်ကိုလှိုင်းထောင်ချီ ပုတ်ခတ်လိုက်သကဲ့သို့ လူတိုင်း၏အသိစိတ်ထဲသို့ ‌ဝင်ရောက်မွှေနှောက်သွားကြသည်။

ထျန်းကျန်းဂိုဏ်းက ကျင့်ကြံသူများ၏ လက်မှုပညာက အလွန်ထူးချွန်ပြီး အမျိုးမျိုးသော ရုပ်သေးရုပ်တွေ၊ သင်္ဘောပျံတွေ၊ မှော်လက်နက်တွေနှင့် ကျင့်ကြံရေးလောကမှာ အသုံးများသော် တခြားပစ္စည်းပေါင်းစုံကို ထုတ်လုပ်ထားနိုင်ခြင်းအား အရှေ့ပိုင်းစီရင်စုတစ်ခုလုံး ကောင်းကောင်းသိထားကြလေသည်။

ပြီးတော့ ပုံရိပ်မှတ်တမ်းတင်ဘောလုံးဆိုတာကလည်း ထျန်းကျန်းဂိုဏ်းရဲ့ လုပ်ငန်းဈေးကွက်အောက်က ပစ္စည်းတစ်ခုပါပဲ။

ထို့ကြောင့် ထျန်းကျန်းဂိုဏ်း၏ အကြီးအကဲကိုယ်တိုင် ဝင်ရောက်အာမခံပေးလာသောအခါ ယုံကြည်မှုက ၁၀၀ရာခိုင်နှုန်းအထိ ထိုးတက်သွားကြတော့၏။

အခုတော့ လုံးဝ အတည်ပြုပြီးပြီ၊ ငြင်းခုံနေလို့လည်း အကျိုးမရှိတော့ဘူး!

All Chapters