မည်သူမှ တက်၍မရ
Vol. 016 Ch. 1530
ရီဖူရှင်းက လောယို့မင်အား တစ်ချက်ကြည့်လိုက်သည်။ ရှီလင်နတ်မြို့မှ မင်းသားသည် သူ့အား မှတ်မိဟန်ရ၏။
သို့သော်လည်း စမ်းသပ်ခြင်းခရီးကြမ်း၌ ဒဏ်ရာရသေဆုံးခြင်းများရှိနိုင်သော်လည်း လူအများရှေ့တွင် ရှီလင်နတ်မြို့မှ မင်းသားတစ်ပါးကို သတ်ရန်ကတော့ အတော်ခက်ခဲပေလိမ့်မည်။ ထိပ်သီးဘိုးတော်တစ်ဦးဖြစ်သော မိစ္ဆာအိုကြီး၏အာရုံကို ဖမ်းစားမိစေခြင်းက ကောင်းသောကိစ္စမဟုတ်ပေ။
လောယို့မင်က တစ်စုံတစ်ခုကို ခံစားမိဟန်တူကာ သူ၏အကြည့်က ရီဖူရှင်းထံသို့ ရောက်လာသည်။ ထိုက်ရွှမ်တောင်မှ ထိုဂီတသမားသည် သူ့အား အဖက်မတန်သော မျက်လုံးများဖြင့် ကြည့်နေသည်ကို မြင်၏။
သူ့မျက်လုံးများထဲတွင် အလွန်အမင်း အေးစက်သော အငွေ့အသက်များ ယှက်သန်းလာခဲ့သည်။ မိစ္ဆာအိုကြီးလော၏မျိုးဆက်များအားလုံးသည် သူ၏ရုန့်ရမ်းကြမ်းတမ်းခြင်းကို ဆက်ခံကြ၏။
သို့သော်လည်း အများအပြားသည် တောင်ပေါ်သို့ တက်လာနေဆဲဖြစ်သော်လည်း သိမြင်နားလည်ခြင်းသစ်ပင်အောက်တွင် ထိုင်နေသူများသည်ကား ကိုယ်စီငြိမ်သက်စွာ ကျင့်ကြံနေကြဆဲဖြစ်သည်။ သို့တစေ အားလုံး သိကြသည်ကား တစ်စုံတစ်ယောက်သာ အတားအဆီးစည်းကို ဖြတ်ကျော်မိပါက ထိုလူသည် တိုက်ခိုက်မှုကို ကြုံတွေ့ရမည်ကိုပင်။
ဤမတိုင်ခင်က ကျင့်ကြံသူအချို့သည်ပင် ထိုတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ကြပြီးဖြစ်သည်။
“တက်ရအောင်…” အသံတသံကို ကြားရသည်။ ရီဖူရှင်းတို့နှင့် မဝေးသောနေရာမှ ကျွင်းမူသည် လီကျစ်ရင်၊ ချန်းယွီနှင့် တခြားလူအချို့တို့ကို ဦးဆောင်ကာ အပေါ်သို့ တက်ရန် ပြင်သည်။ မာယိနှင့်လူအချို့တို့လည်း ပါဝင်သည်။ သူတို့က ကျွင်းမူဖြင့် ပူးပေါင်းခြင်းဖြင့် အောင်မြင်ရန် ရာနှုန်းများပေသည်။
မှန်ပေသည်၊ ရီဖူရှင်းနှင့် ဝမ်ရှိုးရီတို့သည် ကျွင်းမူထက်သန်မာသော စွမ်းရည်များအား ပြသခဲ့ပြီးဖြစ်ပေသည်။ သို့သော်လည်း ရီဖူရှင်းက သူတို့အား သစ်သီးပေးမည်မဟုတ်သည်ကို ရှင်းလင်းစွာ သိနားလည်ကြပြီးဖြစ်ရာ သူတို့အနေဖြင့် ကျွင်းမူနှင့်လက်တွဲရန်သာ ရှိတော့သည်။
လောယို့မင်နှင့် တခြားကျင့်ကြံသူများသည် ကျွင်းမူတို့အုပ်စု အပေါ်သို့ တက်ရန်ပြင်နေသည်ကို မြင်သည်နှင့် သူတို့ကလည်း ရှေ့ကို တက်လာကာ ပြောလိုက်သည် “ရှီလင်နတ်မြို့က လောယို့မင် တစ်နေရာ လိုချင်ပါတယ်”
နေရာတစ်နေရာရယူနိုင်သူများမှာကား သာမန်များမဟုတ်ကြချေ။ သူက သူ၏နာမည်ကို ပြောဆိုခြင်းမှာ သူ၏အဆင့်အတန်းအရ တစ်နေရာ ရနိုင်ခြင်းကြောင့်ဖြစ်သည်။
တခြားလူအများအပြားကလည်း လက်ဦးမှုရယူကာ ရှေ့တက်ရန် ကြံနေကြ၏။ ဤနည်းဖြင့် သူတို့အနေဖြင့် အောင်မြင်ရန် အခွင့်အလမ်းများပေသည်။
ချက်ချင်းပင် လူတိုင်းက ရှေ့ကို တက်လာကြလျှင် ကြီးများသော ဖိအားများ ပေါက်ကွဲထွက်လာသည်။
အပေါ်တွင်ကား ထိုအဖြစ်အပျက်များကို ကြည့်နေသူများ ရှိပေသည်။ အုပ်စုတစ်ခုစီတိုင်းတွင် ထူးခြားထက်မြက်သူ ပါဝင်၏။ ထိုအထဲတွင် ရွှေရောင်နတ်နိုင်ငံမှ ကိုက်ရှီ၊ လီနတ်ဓားမိသားစုမှ လီစွမ်း၊ ချန်းဖုန်းမိသားစုမှ ချန်းဖုန်းလဲ့နှင့် ကောင်းကင်နှစ်မြှုတ်ခြင်းကလန်မှ ချင်ကျန်းတို့မှာ အထင်ကရ ပါရမီရှင်များဖြစ်ကြ၏။
သူတို့အထဲတွင် နတ်နန်းတော်မှ တိုက်ရိုက်တပည့်များလည်း ပါဝင်ပေသည်။ ထိုနေရာတွင် ရပ်နေသူများမှာ အမှန်တကယ်အားဖြင့် ကြီးမားသောတိုက်ပွဲများကို ဆင်နွဲပြီးသူများဖြစ်ကြကာ အပေါ်သို့ ရောက်နေခြင်းက သူတို့၏ထူးခြားသာလွန်သော စွမ်းရည်ကို သက်သေပြနေခြင်းပင် ဖြစ်ပေသည်။
သိမြင်နားလည်ခြင်းသစ်ပင်ရှေ့တွင် များစွာသော မျက်လုံးအစုံတို့သည် အောက်ကို ကြည့်နေကြ၏။ သူတို့၏စိတ်အသိများသည် နေရာတစ်ခုလုံးကို ဖြန့်ကျက်ထားပုံရကာ ပြင်းထန်သော အားလှိုင်းများ စီးဆင်းနေကြ၏။ ဖုံးကွယ်ထားသော စွမ်းအားများသည် အချိန်မရွေး ပေါက်ကွဲထွက်နိုင်ကြောင်း ရီဖူရှင်း ကောင်းကောင်း ခံစားမိပေသည်။
“သူတို့တတွေက သဘောတူညီချက်တချို့ရထားကြပြီးဖြစ်မယ်” ရီဖူရှင်းက တီးတိုးရေရွက်သည်။ သူပြောနေတုန်းမှာပင် လူအများအပြားက တချိန်တည်း လှုပ်ရှားသွားသည်ကို မြင်လိုက်ရ၏။ ကောင်းကင်ထက်တွင် လီစွမ်းသည် မရေမတွက်နိုင်သော ဓားများကို ဖန်တီးလိုက်ရာ ကောင်းကင်နှင့်မြေပြင်အကြား ဓားမြစ်တစ်စင်းဖြစ်ပေါ်လာပြီး အပေါ်သို့ တက်သွားသည်။ ချက်ချင်းပင် လူတိုင်းမှာ ဓားမြစ်စီးကြောင်း၏တိုက်ခိုက်မှုကို ခံရသည်။
ဘန်း...
လောယို့မင်ကား အလွန်အမင်း ရဲတင်း၏။ သူက မိစ္ဆာလက်ဝါးကို ကောင်းကင်ထက်သို့ပစ်လွှတ်ကာ ဓားများကို တိုက်ရိုက်ဖျက်ဆီးလိုက်၏။ တခြားသော ကျင့်ကြံသူများသည်လည်း ကိုယ်စီအားဖြင့် ပြန်လည်ခုခံကြပေသည်။
သို့သော်လည်း သည်အရာများက ကနဦးအစပျိုးခြင်းသာ။ လီစွမ်း၏ဓားများထွက်ပေါ်လာပြီးလျှင် ကောင်းကင်နှစ်မြှတ်ကလန်မှ ချင်ကျန်းထံမှ ကြယ်တာရာ၏အရောင်အဝါများ ထွက်ပေါ်လာခဲ့၏။ သူက ခြေတစ်လှမ်းတက်လိုက်လျှင် ကျောက်ဆောင်ကြီးများသည် ကောင်းကင်မှ ဆင်းသက်လာကာ လူအုပ်ကြီးများပေါ်သို့ ကျဆင်းလာခဲ့သည်။
ချက်ချင်းပင် အမျိုးမျိုးသော စွမ်းအားများ ပေါက်ကွဲဖြစ်ပေါ်လာခဲ့သည်။
ချန်းဖုန်းလဲ့က တိုက်ခိုက်သလို ကိုက်ရှီကလည်း သူ၏ရွှေလှံကို အသုံးပြုလျှက် အပေါ်မှစီးကာ တိုက်ခိုက်သည်။ ပြင်းထန်စွာ ပေါက်ကွဲသံများကို ကြားရကာ အများစုမှာ ထိုတိုက်ခိုက်မှုများကို မခံနိုင်ဘဲ နောက်သို့ ပြန်ဆုတ်ခွာကြရသည်။
“မင်းတို့အတွက် ဒီမှာနေရာမရှိဘူး” ရင့်သီးသော အသံတစ်သံအား ကြားကြရကာ နတ်သစ်ပင်အောက်မှ နောက်တစ်ယောက် လှုပ်ရှားလိုက်သည်။ သူ့ထံမှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာ၏။ သူ့နောက်တွင် တစေကဲ့သို့ ပုံရိပ်တစ်ခုကိုလည်း တွေ့ရ၏။ ထိုပုံရိပ်သည် ကောင်းကင်နှင့်မြေကြီးတို့၏လမ်းစဉ်ဖြင့် ပေါင်းစည်းကာ တစ်ချိန်တည်းမှာပင် ထိုလူ၏လက်ဝါးမှ အရိပ်သဏ္ဌာန်လှုပ်ရှားမှုများဖြစ်ပေါ်လာသည်။
ရုတ်တရက် တိုက်ခိုက်နေသူများအားလုံးသည် သူတို့၏စိတ်ဝိညာဉ်များ ပြင်းထန်စွာ တုန်ခါမှုကို ခံစားကြရ၏။
အလွန်အားကောင်းသော အန္တရာယ်အငွေ့အသက်များကို ခံစားကြရကာ အားလုံး၏အမူအရာများ ပြောင်းလဲသွားကြသည်။ ဤက ရုပ်ဝတ္ထုအရံအတားများကို လုံးဝလျစ်လျူရှုကာ တစ်ဘက်လူ၏စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်စွမ်းလား...။
ပုံရိပ်သည် လေထဲတွင် တဖန် လှုပ်ရှားသွားပြန်သည်။
ဟူး...
လူအချို့ သွေးအန်ကျ၏။ သူတို့၏မျက်နှာများ ပြာနှမ်းသွားကာ မြေပြင်ပေါ်ကို ပြိုလဲကျသည်။ အချို့မှာ သွေးလည်ပတ်မှု ရပ်တန့်ခြင်းကို ခံစားကြရ၏
“ဒီလူက သူ့တပည့်ပဲ...” လူအများအပြားက နတ်နန်းတော်မှ လူတစ်ယောက်ကို ချက်ချင်း သတိရကြသည်။ သူ့တွင် တပည့်များများစားစား မရှိပေ။ သူ၏ကျင့်ကြံစနစ်သည် အလွန်ရှားပါးကာ ထူးဆန်းသော ပါရမီအခြေခံလိုအပ်၏။
ယခုတိုက်ခိုက်လိုက်သူကား အလွန်ငယ်ရွယ်ပုံပေါ်သည်။ သူ၏အသားအရေမှာ မိန်းကလေးများလို ချောမွန်၏။ ဟန်ပန်က သိမ်မွေ့ကာ နက်မှောင်သော ဆံကေသာများအား ပိုင်ဆိုင်သည်။ သို့သော် သူ၏မျက်လုံးများသည် သိမ်မွေ့သော အငွေ့အသက်များအား ပေးသည်။
သူကား နတ်နန်းတော်၏တိုက်ရိုက်တပည့်တစ်ဦးဖြစ်သော ပိုင်ရှုဖြစ်သည်။
သူသည်လည်း နတ်နန်းတော်၏အတော်ဆုံးတပည့်များထဲတွင် ပါဝင်ပြီး နတ်နန်းတော်အတွင်းတိုက်ပွဲတွင် သူ့ထက်သန်မာသောသူတစ်ဦးထံတွင် ရှုံးနိမ့်ခဲ့ရာ ဤနေရာသို့ လာရောက်ကာ အခွင့်အလမ်းအတွက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။
သို့သော်လည်း သူ၏စွမ်းရည်ကား အလွန်အမင်း သန်မာအားကောင်းလွန်းပေသည်။
“သူက မြေအောက်သခင်ရဲ့ တိုက်ရိုက်တပည့်ပဲ။ မြေအောက်သခင်က စိတ်ဝိညာဉ်ကို တိုက်ခိုက်ရာမှာ ဆရာတစ်ဆူပဲ။ သူက မြေအောက်သခင်ရဲ့ တပည့်အငယ်ဆုံး ပိုင်ရှုပဲ။ သူက နန်းတော်အတွင်း တစ်နေရာ မရခဲ့ပေမယ့် နောက်ပိုင်းမှာ သူက ပိုပြီး ကြောက်ဖို့ကောင်းလာမယ့်သဘောရှိတယ်။ ဒီခရီးကြမ်းက သူ့အဆင့်ကို ပိုပြီး ခိုင်မာစေလိမ့်မယ်” လော့ယွဲ့က ရှင်းပြသည်။ သူမ၏အဖေကား ထိုက်ရွှမ်မြို့တော်ဝန်ဖြစ်ရာ လော့ယွဲ့သည် ပြင်ပဗဟုသုတကြွယ်ဝသူဖြစ်သည်။
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ လေထဲတွင် ထူးဆန်းသော စွမ်းအားအရိပ်သဏ္ဌာန်တစ်ခု လွင့်မြောနေပြီး ကောင်းကင်နှင့်မြေပြင်အကြား၌ ပေါင်းစည်းနေသည်။ ဤအရာကပင် သူ၏ထူးခြားသော သက်စောင့်ဝိညာဉ်ဖြစ်ရပေမည်။
သူသည်လည်း ဤပညာနှင့်ဆင်တူသော ကောင်းကင်နတ်တံခါး၏ နတ်ဝိညာဉ်လွင့်မြောခြင်းကျင့်စဉ်ကို ကျင့်ကြံပေသည်။ သို့သော်လည်း နတ်ဝိညာဉ်လွင့်မြောြခင်းကျင့်စဉ်သည်ပင် ဤနည်းစနစ်နှင့် အတော်လေး ကွဲပြားပေသည်။
အထက်ကောင်းကင်ဘုံ၏ထိပ်သီးအင်အားစုဖြစ်ကာ တစ်လောကလုံးကို သင်ကြားပေးသည့် ကျင့်ကြံခြင်းဗိမ္ဘာန်ဘုံဖြစ်သည့် နတ်နန်းတော်တွင် အထူးထူးသော ပညာရပ်များ ရှိနေသည်မှာ ထူးဆန်းသည်တော့ မဟုတ်ပေ။
ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် ကျင့်ကြံသူများအားလုံးမှာ ဖိနှိပ်ခံရပြီး အများစုမှာ ဒဏ်ရာရကြသည်။
ရှီလင်နတ်မြို့မှ လောယို့မင်နှင့် ကျွင်းမူတို့အဖွဲ့မှာလည်း ဒဏ်ရာရကြ၏။ အများအပြားမှာ ပြင်းထန်စွာ ထိခိုက်လျှင် မျက်နှာများ ပြာနှမ်းနေကြသည်။ ဥပမာအားဖြင့် လီကျစ်ရင်နှင့် ချန်းယွီတို့မှာ မှော်ဂီတပညာရှင်များဖြစ်ကြရာ ပိုင်ရှု၏တိုက်ခိုက်မှုအောက်တွင် သူတို့မှာ ပိုမိုထိခိုက်၏။
ကျွင်းမူသည်လည်း ဒဏ်ရာအနည်းငယ်ရသည်။ သူကား တိုက်ခိုက်မှုများကြောင့် နောက်ကို ဆုတ်ခွာခဲ့ရ၏။ သူ့မျက်နှာကား သိပ်မကောင်းပေ။
သည်လူများက လူအများ အပေါ်သို့ တက်မည်ကို တားဆီးနေကြသည်လား။
“ကြည့်ရတာ သူတို့က ဝေစုခွဲထားပြီးတဲ့သဘော။ နောက်မှ ရောက်လာတဲ့လူတွေက ဝေစုရဖို့ရာ မရှိတော့ဘူး” ဝမ်ရှိုးရီက ထိုမြင်ကွင်းကို ကြည့်ကာ ပြောသည်။ ထိုလူများ၏ပူးပေါင်းမှုက သိသာနေပေသည်။
ဤမတိုင်မှီက တိုက်ပွဲကား နေရာဦးထားသူများ၏ခိုင်ခံ့မှုကို သိသာစေသည်။
ထိုစဉ်မှာပင် နောက်ထပ်လူတစ်စု ရောက်လာသည်။ သူတို့မှာ အမျိုးသမီးများဖြစ်ကြကာ ဦးဆောင်လာသူကား အလွန်ချောမောလှပသော မိန်းကလေးတစ်ဦးဖြစ်သည်။ သူမကား လောချင်းယောင်ဖြစ်ကာ ရီဖူရှင်း၏အနိုင်ကျင့်လုယက်မှုကို ခံရသူလေးလည်းဖြစ်သည်။ သူမက အပေါ်ကို ကြည့်ကာ ပြောသည် “အစ်ကို... ညီမအတွက် တစ်နေရာ ရမလား”
“ဂျူနီယာညီမက အသက်ဓာတ်ရင်းမြစ်နေရာမှာ ကျင့်ကြံနေတာ မဟုတ်ဘူးလား” လူငယ်တစ်ဦးက မေးသည်။ သူသည်လည်း နတ်နန်းတော်တပည့်တစ်ဦးဖြစ်သည်။
လုချင်းယောင်၏မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူမက ရီဖူရှင်းရှိနေရာသို့ လှမ်းကြည့်၏။
“အဲဒါ တစ်စုံတစ်ယောက်ရဲ့ လုယက်မှုကို ခံခဲ့ရတယ်” လုချင်းယောက်က ပြန်ပြောသည်။
အပေါ်မှ လူများသည် တိတ်ဆိတ်သွားခဲ့ကာ တစ်နေရာသို့ လှမ်းကြည့်လိုက်ကြသည်။ သိမြင်နားလည်ခြင်းသစ်ပင်၏ထိပ်ပိုင်းတစ်နေရာတွင် လူငယ်တစ်ဦးရှိကာ သူက လုချင်းယောင်အား လှမ်းကြည့်လျှက်ပြောသည် “ညီမချင်းယောင် … အပေါ်ကို တက်ခဲ့ပါ”
“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို...” လုချင်းယောင်က အပေါ်ကို တက်သွားကာ ဆိုသည်။ ကိုက်ရှီနှင့်တခြားလူများက အနည်းငယ် အံ့အားသင့်သွားကြ၏။ သူတို့က ခွင့်ပေးလိုက်သောလူငယ်အား လှမ်းကြည့်လိုက်ကြသည်။ သို့သော်လည်း နောက်ဆုံးတွင် သူတို့ ဘာမှ မပြောတော့။ တိတ်ဆိတ်နေခြင်းက ကြောက်ရွံ့ခြင်းကြောင့်တော့ မဟုတ်ဘဲ ထိုလူငယ်သည် နတ်နန်းတော်မှ အတော်ဆုံးသောတစ်ဦးဖြစ်ရာ သူနှင့် ကတောက်ကဆဖြစ်ခြင်းက မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်သောကြောင့်သာဖြစ်သည်။
မည်သို့ဆိုစေ သိမြင်နားလည်ခြင်းသစ်ပင်ရှေ့တွင် နေရာလပ်အနည်းငယ် ရှိနေသေးသည်မဟုတ်ပါလား။
“ဒီလမ်းစဉ်သစ်သီးက ညီမအတွက်ပဲ” လူငယ်က သစ်သီးတစ်လုံးကို ညွန်ပြကာ ဆိုသည်။ လုချင်းယောင်ကလည်း ခေါင်းညိတ်သည် “ကျေးဇူးပါ စီနီယာအစ်ကို”
အောက်မှလူများ၏အမူအရာများက သိပ်မကောင်းတော့ပေ။ ဤမျှ တန်ဖိုးကြီးမားသော သစ်သီးအား တစ်စုံတစ်ယောက်ကို သည်အတိုင်းပေးလိုက်၏။
နတ်နန်းတော်၏တပည့်ဖြစ်ခြင်းက မည်မျှကောင်းမွန်လိုက်သနည်း။
“ကျွန်မတို့ ဘာလုပ်ကြမလဲ” ဖီးနစ်လေးက ရီဖူရှင်းကို မေးသည်။
“ငါ လူတစ်ယောက်ကို စောင့်နေတာ” ရီဖူရှင်းက ဘေးကို ကြည့်ကာ ပြောသည်။ အတန်ကြာလျှင် သူတို့ထံသို့ ဓားတစ်လက်စီးနင်းကာ လူတစ်ယောက် ရောက်လာသည်။ သူ့အား မြင်လျှင် ရီဖူရှင်းသည် ပြုံး၏။
ရာရာ ရောက်လာလေပြီ။
ရာရာက ရောက်သည်နှင့် ရီဖူရှင်းကို မြင်ကာ သူ့ဘေးနားကို လှမ်းလာ၏။
“မင်း ရောက်လာပြီ” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။ သူက သစ်သီးနှစ်လုံးအား ထုတ်လိုက်သည်။ တစ်လုံးကား ပြင်းထန်သော ဓားအသိများ ပြည့်လျှံနေပြီး တခြားတစ်လုံးကား အသက်ဓာတ်များအားကောင်းစွာ ဖြာထွက်နေသည်။ သူက ပြောသည် “ဒါတွေကို အရင်စားလိုက်”
ရာရာက ရီဖူရှင်းအား ကြည့်သည်။ သည်လူကြီး...။ သို့သော်လည်း သူမက ညင်သာစွာ ခေါင်းညိတ်ကာ သစ်သီးများအား ယူလျှက် စားလိုက်၏။
ရီဖူရှင်းက သူမအား စားရန်ပေးမှတော့ တုံ့ဆိုင်းနေစရာမရှိပေ။
အနီးမှ လူများသည် လမ်းစဉ်သစ်သီး၏အငွေ့အသက်များအား ခံစားမိကာ ရီဖူရှင်းထံသို့ လှမ်းကြည့်ကြ၏။ သူတို့အားလုံးထံတွင် ထူးဆန်းသော အမူအရာများဖြစ်လာကြသည်။ သူတို့ရှေ့တွင် တစ်စုံတစ်ယောက်က မည်သို့ လမ်းစဉ်သစ်သီးများကို စားသုံးရဲရသနည်း။
ကျွင်းမူ မျက်လုံးပြူးကျယ်သွား၏။ သူက လီမိသားစုထံမှ ဓားသဏ္ဌာန်သစ်သီးအပြင် အသက်ဓာတ်သစ်သီးကိုပင် ယူသွားခဲ့သည်လား။
***