အခန်း (၃၉၀)
Vol. 26 Ch. 390
ကျင်းယွဲ့က ရယ်မောလိုက်ရင်း
“ ညီအစ်ကို.. အဲ့ဒီ အသက်ရှင်ဖို့သိပ်မကျန်တော့တဲ့ ခွေးအိုကြီးကို ဂရုစိုက်မနေနဲ့… သူက မဲမဲမြင် လိုက်ကိုက်နေတာ… မင်းနဲ့ငါက ငယ်သေးတယ်လေ… ဒါကြောင့် ငါတို့ကို မနာလိုဖြစ်နေတာ….”
ထိုစကားအားကြားလျှင် ခုနှစ်သွယ်ဘုရင် နှလုံးသားထဲမှ အမည်မသိလှုံ့ဆော်မှုတစ်ခုအား ခံစားလိုက်ရပြီး
“ ကျင်းယွဲ့.. အရမ်း မောက်မာမနေစမ်းနဲ့.. မင်းအဖေ ဒီမှာရှိနေရင်တောင် ငါ့ကိုအဲ့လို မဆက်ဆံရဲဘူးကွ…”
“ ကျုပ်ဒီမှာ ရှိနေရင်တောင် ခင်ဗျားကို ဘာမှမလုပ်ရဲပါဘူး.. ချီယွမ်…”
ဘုန်း…
ကောင်းကင်ထက်၌ ပြိုးပြိုးပြက်ပြက်တောက်ပနေသော ရေခဲပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။
ရေခဲပြာရောင် ကျားခေါင်း နဂါးကိုယ်နှင့် သားရဲတစ်ကောင် ဆင်းသက်လာခဲ့သည်။ ၎င်းထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါများက ကောင်းကင်ဘုရင်အဆင့်နှင့် အလွန်နီးကပ်နေချေပြီ။
ထိုကျားနဂါးအထက်၌ ထိုင်နေသည့် နဂါးစပ်ပုဆိန်ကိုင်ထားသော သက်လတ်ပိုင်းလူက ချီယွမ်၏ စကားများကို ကြားဖြတ်ပြောလိုက်ခြင်းပင်။
“ ကောင်းကင်ဘုရင် ထန်ကျင်း… သူ တံခါးပိတ်ကျင့်ကြံနေတာ နှစ်(၁)သောင်းကြာပြီမဟုတ်လား… ကျင့်ကြံနေရာကနေ ဖိတ်ခေါ်ခံရတာလား…?”
“ အဲ့လိုမဟုတ်ဘူး… သူ အဆင့်ချိုးဖျက်ပြီးသွားပြီ… သူက အင်ပါယာတစ်၀က်အဆင့်ကိုရောက်သွားပြီ….”
ကောင်းကင်ဘုရင်များ အံ့အားသင့်သွားကြသည်။
ထန်ကျင်းအင်ပါယာက တောင်ပိုင်းတိုက်ကြီး၌ မဆိုးလှပေ။ ထိပ်တန်း၌ ရပ်တည်နေ၏။
ယခုမျိုးဆက်တွင် ၎င်းတို့ထံ၌ ကျင်းယွဲ့အား ပိုင်ဆိုင်ထားသေးသည်။
ထို့အပြင် ထန်ကျင်းအင်ပါယာအား ယခင်က တာ၀န်ယူထားသော ကောင်းကင်ဘုရင် ထန်ကျင်းက အင်ပါယာတစ်၀က်အဆင့်သို့ ရောက်သွားပြီဖြစ်၏။
ထို့ကြောင့် ထန်ကျင်းအင်ပါယာ၏ အင်အားက နောက်တစ်ဆင့် တိုးသွားတော့မည်။
ကောင်းကင်ဘုရင်များအနေဖြင့် ကျင်းယွဲ့နှင့် ထန်ကျင်းတို့နှစ်ယောက် အဘယ်ကြောင့် ရွှမ်ယီဘက်မှ ရပ်တည်နေကြောင်း နားလည်ရန် ကြိုးစားနေကြ၏။
လက်ရှိတွင် ရွှမ်မိသားစုဩဇာက လျင်မြန်စွာကျယ်ပြန်လာခဲ့ပြီး ၎င်းတို့က ထန်ကျင်းအင်ပါယာနှင့် နယ်နိမိတ်ချင်းထိစပ်နေပေသည်။
ရွှမ်ယီသားစု၌ ကျောရိုးဖြစ်သော ရွှမ်ယီ ၊ အင်ပါယာချင်းစုန် ၊ အထွတ်အထိပ်ကောင်းကင်ဘုရင် ပင်းယု ၊ ကောင်းကင်ဘုရင်အဆင့်သို့ ရောက်သွားသော ရွှမ်ဘိုးဘေး(၁၁)နှင့် ပုဟုန် တို့ရှိကြ၏။
အင်အားစုတစ်ခု၌ ကောင်းကင်ဘုရင်(၃)ယောက်နှင့် အင်ပါတစ်ယောက်…!
၎င်းက အလွန်ကြောက်မက်ဖွယ် စွမ်းအားဖြစ်ပေသည်။
အကယ်၍ ၎င်းတို့က ထန်ကျင်းအင်ပါယာသို့ ချဲ့ထွင်လာခြင်း သို့မဟုတ် ထန်ကျင်းအင်ပါယာမှ ကျန်အင်အားစုများနှင့် ပူးပေါင်းသွားလျှင် ပြသနာများပေလိမ့်မည်။
မှန်ပေသည်။ ထို့ကြောင့် ကျင်းယွဲ့တို့သားအဖ ရွှမ်ယီအား ကူညီနိုင်မည့် အခွင့်အရေးအား အမိအရဖမ်းဆုပ်ခဲ့ခြင်းပင်။
ရွှမ်ယီလည်း ၎င်းတို့ရည်ရွယ်ချက်အား အလျင်အမြန်တွေးမိလိုက်ပြီး ပေါ့ပေါ့ပါးပါးရယ်ကာ ခေါင်းယမ်းလိုက်၏။
အဘယ်ကြောင့်ဆိုသော် ထိုကိစ္စများက ၎င်းတို့အတွေးလွန်နေခြင်းသာ။
မကြာမီ သူက နန်ကျိုးမှ ထွက်ခွာတော့မည်ဖြစ်ကာ ရွှမ်မိသားစုအတွက်လည်း အနားဂါတ်အစီအစဉ်များအား ရှင်းပြခဲ့မည်ဖြစ်၏။
သူထွက်သွားချိန်တွင် ရွှမ်မိသားစုအား နေရာတစ်ခု၌ အတည်တကျ အခိုင်အမာဖွဲ့စည်းထားပေးခဲ့ရန်သာ စိတ်ကူးရှိသည်။
ထို့ပြင် ကျန်ခဲ့သော ရွှန်ဘိုးဘေး(၁၁)နှင့် ပုဟုန်တို့က ရွှမ်မိသားစု မျိုးဆက်များအား ထိန်းသိမ်းကာကွယ်ထားရန်သာ လုံလောက်၏။
၎င်းတို့အနေဖြင့် မည်သို့နယ်မြေချဲ့ထွင်နိုင်စွမ်းရှိမည်နည်း။
ထိုနှစ်ယောက် ပူပန်နေသည့်ကိစ္စများက ဘယ်တော့မှ ဖြစ်လာနိုင်မည်မဟုတ်ပေ။
ကောင်းကင်ဘုရင် ထန်ကျင်း၏ အပြောအဆိုနှင့် ပုံစံက ခုနှစ်သွယ်ဘုရင်အား အံ့ကြိတ်လိုက်မိစေပြီး ကြမ်းတမ်းစွာ ပြန်လည်ပြောဆိုချင်လာစေခဲ့သည်။
ခွန်အားအရဆိုလျှင် သူက ထန်ကျင်းထက် နှစ်ပေါင်း(၁)သောင်းကျော် စောပြီး အင်ပါယာတစ်၀က်အဆင့်သို့ရောက်နေသည်ဖြစ်ရာ သဘာ၀အားဖြင့် ပို၍ သန်မာ၏။
သို့သော် ခွန်အားတစ်ခုတည်းဖြင့် အရာအားလုံး ဆုံးဖြတ်၍မရချေ။
ထန်ကျင်းလက်ထဲတွင် ကိုင်ထားသည့် နဂါးစပ်ပုဆိန်က ထန်ကျင်းအင်ပါယာကိုတည်ထောင်ခဲ့သော ထန်ကျင်းအင်ပါယာ ပြုလုပ်ခဲ့သည့်ပစ္စည်းဖြစ်သည်။
အကယ်၍ တိုက်ပွဲဖြစ်လာခဲ့ပြီး သူက ထန်ကျင်းအား အနိုင်ယူနိုင်ခဲ့သည် ဆိုစေဦးတော့ တိုက်ပွဲကြောင့် သူ၏ လက်ကျန်သက်တမ်းများ လျော့ကျသွားပေလိမ့်မည်။
ထိုတိုက်ပွဲက သူ့အတွက် မည်သည့်အကျိုးအမြတ်မှမရှိချေ။
သို့သော် ကျားနဂါးစီးလာသော ထန်ကျင်းက ချီယွမ်အား အကြီးအကျယ် မျက်နှာပျက်စေခဲ့သည်။
ကံကောင်းစွာနှင့် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော ကောင်းကင်ဓားအင်ပါယာက နောက်ဆုံးတွင် စကားပြောလာခဲ့၏။
“ ရွှမ်ယီက ကောင်းကင်ဘုရင်မဟုတ်လည်း ကောင်းကင်ဘုရင်တွေထက် အစွမ်းထက်တယ်… သူက ဒီစုဝေးပွဲမှာ ပါ၀င်တာ အကျိူးအကြောင်းသင့်တယ်… ဒီကိစ္စကို ထပ်မပြောနဲ့တော့… အားလုံးပဲ ကျေးဇူးပြုပြီး ဆွေးနွေးပွဲခန်းမထဲ လာထိုင်ကြပါ….”
“ဟမ့်…”
ပြသနာများ ပြီးဆုံးသွားပြီဖြစ်ပြီး ခုနှစ်သွယ်ဘုရင် ချီယွမ်လည်း စိတ်လျှော့လိုက်ပြီးဖြစ်သည့်တိုင် ၎င်း၏ ပါးစပ်ကိုမူ ချုပ်တည်းမထားနိုင်သေးဘဲ
“ လာမယ့် အဆုံးမဲ့ပင်လယ် ရှင်းလင်းရေး စစ်ပွဲမှာ မင်း ဘယ်လိုမျိုးစွမ်းဆောင်နိုင်မလဲ ကြည့်ကြတာပေါ့…”
“ အဆုံးမဲ့ပင်လယ် ရှင်းလင်းရေးစစ်ပွဲလား…”
ရွှမ်ယီ အနည်းငယ်စိတ်ရှုပ်ထွေးသွားပြီး ကျင်းယွဲ့တို့ဘက်အား လှည့်ကြည့်လိုက်လျှင် ထိုနှစ်ယောက်လည်း သူ့နည်းတူ အံ့ဩကာ ရှုပ်ထွေးနေကြောင်း မြင်လိုက်ရ၏။
၎င်းက နန်ကျိုးမဟာပြိုင်ပွဲကြီးနှင့် မဆိုင်ဘဲ ဤစုဝေးပွဲ၏ နောက်ထပ် ရည်ရွယ်ချက်တစ်ခုဖြစ်ကြောင်း နားလည်လိုက်သည်။
လက်ရှိတွင် ထိုကိစ္စအား အင်ပါယာ(၃)ယောက်နှင့် အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူများသာ သိထားကြပြီး ထန်ကျင်းက ယခုမှ အင်ပါယာတစ်၀က်အဆင့်သို့ ရောက်ရှိခဲ့သူဖြစ်သောကြောင့် မသိသေးခြင်းဖြစ်၏။
ကောင်းကင်ဘုရင်များအားလုံး ခန်းမအတွင်းမှ စားပွဲများထံသို့ အသီးသီးရောက်လာခဲ့ကြသည်။
အားလုံးစုံသွားလျှင် အင်ပါယာ ကုယွမ်က ကောင်းကင်ဓားအင်ပါယာအား လှမ်းကြည့်လိုက်၏။ ကောင်းကင်ဓားအင်ပါယာက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ချောင်းဟန့်လိုက်ပြီး
“ ဒီတစ်ခေါက် မင်းတို့အားလုံးကို ဓားကိုးချောင်းတောင်မှာ စုစည်းစေခဲ့တာ အဓိကအကြောင်းအရင်းနှစ်ခုကြောင့်ပဲ… အဲ့ထဲက ပထမကိစ္စကို မင်းတို့ထဲက တော်တော်များများသိပြီးသားဖြစ်မှာပါ…”
ကောင်းကင်ဘုရင်များ စိတ်ထဲ၌ ပျော်သည်ဖြစ်စေ ၀မ်းနည်းသည်ဖြစ်စေ မျက်နှာများကမူ ညိုးကျသွားကြ၏။
အမောက်မာဆုံးသော ခုနှစ်သွယ်ဘုရင်ပင် ချွင်းချက်မဟုတ်ချေ။
သူက အလွန်မောက်မာသော်လည်း ကောင်းကင်ဓားအင်ပါယာကိုမူ အမှန်တကယ်လေးစားဟန်ရ၏။ ၎င်း၏ အမူအရာက ဟန်ဆောင်နေခြင်းမဟုတ်မှန်း ရွှမ်ယီ မြင်နိုင်သည်။
ထို့ကြောင့် အနည်းငယ်အံ့ဩသွား၏။ ထိုအခါ ကျင်းယွဲ့က အနားကပ်လာပြီး တီးတိုးရှင်းပြလိုက်သည်။
“ အဆုံးမဲ့ပင်လယ် စစ်ပွဲမစခင် ကာရာကန်(ပင်လယ်သားရဲ) မျိုးနွယ်က ကောင်းကင်ဓားအင်ပါယာကို လုပ်ကြံတိုက်ခိုက်ခဲ့ကြတယ်… အဲ့အချိန်မှာ ရုတ်တရက် ခုနှစ်သွယ်ဘုရင်ပေါ်လာပြီး ကောင်းကင်ဓားအင်ပါယာအတွက် အချိန်ဆွဲပေးခဲ့တယ်… နောက်ဆုံး အင်ပါယာ ယွမ်ထျန်းဇောင် ရောက်လာပြီး ကယ်တင်နိုင်ခဲ့တယ်…”
ရွှမ်ယီ နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်၏။
ထိုအချိန်တွင် ကောင်းကင်ဓားအင်ပါယာက ပြိုင်ပွဲအကြောင်း ရှင်းပြနေချေပြီ။
ရွှမ်ယီအနေဖြင့် ထိုအမွေကိစ္စများအား သိပ်ပြီး စိတ်မ၀င်စားချေ။
သို့သော် ကောင်းကင်ဓားအင်ပါယာက သူ၏ အမွေအား ဆက်ခံရန်အတွက် မျိုးရိုးနာမည် (သို့မဟုတ်) ဂိုဏ်းအား ပြောင်းရန် မလိုအပ်ဟု ပြောချိန်တွင် ရွှမ်ယီ မျက်ခုံးပင့်လိုက်မိ၏။
ကောင်းကင်ဓားအင်ပါယာ၌ ဤမျှ လေးစားဖွယ် သူရဲကောင်းစိတ်ဓာတ်ရှိမည်ဟု ထင်မှတ်မထားခဲ့ချေ။
ထိုသတင်းအားကြားလျှင် ကောင်းကင်ဘုရင်များ အလွန်တုန်လှုပ်ပြီး မှင်သက်သွားကြ၏။
မျိုးရိုးနာမည် သို့ ဂိုဏ်းအား မပြောင်းဘဲ ကောင်းကင်ဓားအင်ပါယာ၏ အမွေအား လက်ခံနိုင်သည်တဲ့လား…?
ထိုအမွေဆက်ခံခြင်းကိစ္စက ဓားကိုးစင်းကျင့်စဉ်မျှလောက် မရိုးရှင်းပေ။ ကောင်းကင်ဓားအင်ပါယာက နန်ကျိုးအား နှစ်ပေါင်း(၁)သိန်းကျော် စောင့်ရှောက်ပေးနေခဲ့သူဖြစ်၏။
သူက မည်သည့်ဂိုဏ်းမှ တည်ထောင်ခဲ့ခြင်းမရှိသလို မျိုးဆက်လည်းမရှိပေ။ ၎င်း စုဆောင်းထားသော ပိုင်ဆိုင်မှုများက အလွန့်အလွန်ကြီးမားပေလိမ့်မည်။
ကျန်ရတနာများ မပါဘဲ ဤ ဓားကိုစင်းတောင်တစ်ခုတည်းဖြင့်ပင် ထိပ်တန်းဒေသ(၂၀)မှ စုပေါင်းအရင်းအမြစ်များနှင့် ညီမျှသည်။
ထိုအပြင် မျိုးရိုး သို့ ဂိုဏ်း ပြောင်းရန် မလိုဟူသော အချက်ကြောင့် နဂိုက တည်ငြိမ်နေသော အင်ပါယာတစ်၀က်အဆင့်များပင် စိတ်လှုပ်ရှားလာခဲ့ကြ၏။
သို့သော် သေချာစဉ်းစားကြည့်လိုက်သောအခါ နားလည်သွားခဲ့ကြသည်။
ကောင်းကင်ဓားအင်ပါယာထိုသို့လုပ်ရခြင်းမှာ မတတ်သာသောကြောင့်ဖြစ်၏။
သူ၏ ဓားကိုးစင်းကျင့်စဉ်က အစွမ်းထက်သည်မှန်သော်လည်း အဆင့်နိမ့် အင်ပါယာကျင့်စဉ်ဖြစ်ပေသည်။
အများဆုံးအနေဖြင့် ပထမအဆင့်သို့သာရောက်ရှိနိုင်ပြီး အမွေဆက်ခံသူသာ အရည်အချင်းမပြည့်၀ပါက အင်ပါယာတစ်၀က်အဆင့်သို့သာ ရောက်ပေလိမ့်မည်။
ထို့ကြောင့် ဖုံးကွယ်နေထိုင်သော တစ္ဆေအိုကြီးများအတွက် ၎င်းက ဆွဲဆောင်မှုရှိသည်တိုင် မိမိတို့ ကိုယ်ပိုင်တပည့်များအား လွှတ်ကာ ယှဉ်ပြိုင်စေရလောက်အောင်အထိ ဆွဲဆောင်မှုမရှိချေ။
ဤသို့ဖြင့် ကောင်းကင်ဓားအင်ပါယာက မတတ်သာစွာနှင့် အကောင်းဆုံး အမွေဆက်ခံသူရွေးချယ်နိုင်ရန် ထိုအချက်အား ထည့်သွင်းခဲ့ခြင်းဖြစ်ပေသည်။