← Chapters

အခန်း (၃၇၇)

Vol. 26 Ch. 377

အခန်း (၃၇၇)

Vol. 26 Ch. 377

သို့သော် သူအင်ပါယာအဆင့်သို့ရောက်ရှိနေသည်မှာ နှစ်ပေါင်း(၂)သောင်းကျော်ပြီဖြစ်၏။

ထိုအဘိုးအို၏ ကျောထက်၌ ငွေရောင်ဆံပင်များ ပြန့်ကျဲနေပြီး လက်ထဲ၌ ဝါးတုတ်တစ်ချောင်းကိုင်ကာ မိုးကြိုး အင်ပါယာရှေ့၌ ရပ်နေခဲ့သည်။

“ ရှေးဟောင်းမဟာမိတ်အဖွဲ့က အစကတည်းက အရမ်းစည်းလွတ်ဝါးလွတ်ဖြစ်နေခဲ့တာ.. လီချင်းယန် မင်းအဲ့တာကို အကြောင်းပြချက်တစ်ခုအနေနဲ့ သုံးလို့မရဘူး…”

စိတ်ဝိညာဉ်အင်ပါယာက ၎င်း၏ အစစ်အမှန်ခန္ဓာကိုယ်ဖြင့်ရောက်လာခြင်းမဟုတ်ပေ။

ထိုအစား အင်ပါယာသင်္ကေတကို အသုံးပြုခဲ့ခြင်းဖြစ်၏။

သို့သော် ၎င်းက အလွန်အံ့ဩစရာကောင်းသော ရတနာတစ်ခုဖြစ်သည်။ ၎င်းအား အင်ပါယာတစ်ယောက်ကိုယ်တိုင် ၎င်း၏ မူလစွမ်းအင်မှ သန့်စင်ထားခြင်းဖြစ်၏။

ထိုကိုယ်ပွားက အစစ်အမှန်ခန္ဓာကိုယ်နီးပါးအစွမ်းထက်ပေသည်။

သို့သော် လီချင်းယန်ကမူ အနည်းငယ်မျှ တုန်လှုပ်သွားဟန်မရချေ။

သူ၏ နှုတ်ခမ်းထောင့်စွန်းက လှောင်ပြောင်လိုဟန်ဖြင့် တွန့်ကွေးသွားပြီး

“ ဒါဆို ငါက ဘယ်လိုအကြောင်းပြချက်မျိုးပေးသင့်လဲ… ဟမ့် ပထမအတိဒုက္ခကိုပဲ ဖြတ်ကျော်ရသေးတဲ့ အင်ပါယာလေးကများ… မင်း ငါ့ကို တားဆီးနိုင်မယ်ထင်နေတာလား…”

ထိုစကားအားကြားလျှင် စိတ်ဝိညာဉ်အင်ပါယာ အမူအရာ အနည်းငယ်ပြောင်းလဲသွား၏။ မိုးကြိုးအင်ပါယာအားကြည့်နေသော မျက်၀န်းများထဲ၌ ထိတ်လန့်ဟန် အနည်းငယ်ဖြစ်ပေါ်လာခဲ့သည်။

“ မင်း…”

“ ဖြစ်နိုင်တာက…”

လီချင်းယန်က လှောင်ပြုံးလိုက်ပြီး မည်သည့်အဖြေမှ ပြန်မပေးခဲ့ချေ။ ထို့နောက် သူ၏ လက်အား ပြောင်းပြန်လှန်လိုက်လျှင် နောက်ကျောဘက်၌ (၃)ရောင်ချယ် နတ်ဘုရားစင်မြင့်ကြီး တစ်ခုထွက်ပေါ်လာ၏။

၎င်းစင်မြင့်ကြီးက စိတ်ဝိညာဉ်အင်ပါယာ၏ ကိုယ်ပွားထံသို့ ဦးတည်ရွေ့လျသွားလေသည်။

စိတ်ဝိညာဉ်အင်ပါယာလည်း လက်နှစ်ဖက်အား ရင်ဘတ်ရှေ့ထားပြီး လက်ဟန်တစ်ခုပြုလုပ်လိုက်၏။ ထိုအခါ ရွှေနဂါးကြီးတစ်ကောင် ထွက်ပေါ်လာလေသည်။

ထို့နောက် (၃)ရောင်ချယ် နတ်ဘုရားစင်မြင့်နှင့် ရွှေနဂါးကြီး ကောင်းကင်ထက်၌ ဆုံတွေ့သွားကြ၏။

အုန်း…

ကောင်းကင်ကြီးပြိုကျကာ မြေပြင်တစ်ခုလုံး ပေါက်ကွဲသွားစေနိုင်သော စွမ်းအင်လှိုင်းလုံးကြီးဖြစ်ပေါ်လာလေသည်။

မူလဒေသအနေဖြင့် ထိုအဆင့် ကျင့်ကြံသူနှစ်ယောက်၏ တိုက်ခိုက်မှု စွမ်းအားကို ခံနိုင်ခြင်းမရှိချေ။

တောင်များပြိုကျကာ မြေပြင်၌ အက်ကြောင်းကြီးများ ဖြစ်သွားခဲ့သည်။

ဒါက အင်ပါယာအဆင့် ကျင့်ကြံသူတွေရဲ့ စွမ်းအားလား…?

ပတ်၀န်းကျင်ဒေသများမှ လာရောက်စပ်စုကြသူများ မျက်လုံးပြူးသွားကြ၏။ အင်ပါယာအဆင့်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားကို ဒေသတစ်ခုက ခံနိုင်ရည်မရှိပေ။

သူတို့အနေဖြင့် ၎င်းကို ကြားဖူးနား၀ရှိကြသော်လည်း တခါမှ မမြင်ဖူးခဲ့ကြချေ။ ယခု အမှန်တကယ်မြင်လိုက်သောအခါ ကြက်သီးများပင်ထသွားခဲ့လေသည်။

တိုက်ပွဲနေရာအား ဗဟိုပြုကာ ပတ်၀န်းကျင်သို့ အလွန်နက်ရှိုင်းသော တွင်းနက်ကြီးများ ပြန့်ကားသွားပြီး လမ်းကြောင်းတစ်လျှောက်မှ မြစ်များ ပြိုကွဲကာ တောင်ကြီးများ ဖုန်မှုန့်များအဖြစ် ပြောင်းသွားခဲ့၏။

“ အား…”

“ ကယ်ကြပါဦး..”

“ ငါ မသေချင်သေးဘူး..”

ထိုလမ်းကြောင်း၌ ရှိနေသူများ တွင်းနက်ကြီးများအတွင်းသို့ ပြုတ်ကျသွားလေသည်။

အင်ပါယာနှစ်ယောက်၏ အရှိန်အဝါက ဒေသတစ်ခုလုံးကို ဖိနှိပ်ထားပြီး ပျံသန်းရန်အသာထား လမ်းလျှောက်ရန်ပင် အလွန်ခက်ခဲနေ၏။

စိတ်ဝိညာဉ်အင်ပါယာ မျက်ခမ်းများ တစ်ဆတ်ဆတ်လှုပ်သွားပြီး တိုးညှင်းစွာဖြင့်

“ ဒီနေရာက ငါတို့ တိုက်ခိုက်သင့်တဲ့နေရာ မဟုတ်ဘူး…”

“ ဟားဟားဟား…”

စိတ်ဝိညာဉ်အင်ပါယာ၏ စကားမဆုံးခင် မိုးကြိုးအင်ပါယာက လှောင်ရယ်လိုက်၏။

ထို့နောက် သူ၏ ပုံရိပ်က စိတ်ဝိညာဉ်အင်ပါယာ အရှေ့သို့ ရုတ်တရက် ရောက်သွားလေသည်။

လျှပ်စီးများဖုံးလွှမ်းနေသည့် လက်တစ်ချောင်း…

စိတ်ဝိညာဉ်အင်ပါယာ၏ ရင်ဘတ်မှ နောက်ကျောသို့ ထိုးဖောက်၀င်ရောက်သွား၏။

ဘန်း…

‌စိတ်ဝိညာဉ်အင်ပါယာ၏ ကိုယ်ပွား တစ်စစီ ပေါက်ကွဲပျက်စီးသွားခဲ့သည်။

“ ဟမ်.. စိတ်ဝိညာဉ်အင်ပါယာ ရှုံးသွားပြီလား…”

တိုက်ပွဲအားကြည့်ရှုနေသော မူလဒေသမှ ကျင့်ကြံသူများနှင့် ကျန်ဒေသများမှလူများ မှင်သက်သွားကြ၏။

အချိန်အတန်ကြာအောင် မှင်သက်နေခဲ့ပြီးမှ တစ်စုံတစ်ယောက်က ရေရွတ်လိုက်ခြင်းဖြစ်သည်။

တောင်ပိုင်းတိုက်ကြီးမှ အင်ပါယာအဆင့် ကျင့်ကြံသူ(၃)ယောက်အား မိုးကြိုးအင်ပါယာကို ခုခံနိုင်မည့် နောက်ဆုံး အကာကွယ်အဖြစ် လူတိုင်းထင်မှတ်ခဲ့ကြသည်။

ထို့ကြောင့် စိတ်ဝိညာဉ်အင်ပါယာ ရောက်လာစဉ် အလွန်၀မ်းသာသွားခဲ့ရ၏။

သို့သော် စိတ်ဝိညာဉ်အင်ပါယာပင် မိုးကြိုးအင်ပါယာ၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ။

၎င်းတို့အကြား ကွာဟချက်က အလွန်ကြီးမားလှသည်။

လူတိုင်း တိတ်ဆိတ်သွားကြ၏။

ကျောင်းကျီလည်း အလွန်စိတ်ဓာတ်ကျစွာဖြင့် သက်ပြင်းချလိုက်မိသည်။

အသတ်ခံလိုက်ရသော စိတ်ဝိညာဉ်အင်ပါယာက ကိုယ်ပွားတစ်ခုသာဖြစ်သော်လည်း မူရင်းခန္ဓာကိုယ်၏ စွမ်းအား(၈၀)ရာခိုင်နှုန်း ပိုင်ဆိုင်ထားပေသည်။

သို့သော် မိုးကြိုးအင်ပါယာ လီချင်းယန်က လက်ဗလာဖြင့် အလွယ်တကူသတ်ဖြတ်ခဲ့၏။ တာအိုလက်နက်ကိုပင် အသုံးမပြုခဲ့ချေ။

စိတ်ဝိညာဉ်အင်ပါယာ ခန္ဓာကိုယ်အစစ်ဖြင့် ရောက်လာပြီး တိုက်ခိုက်လျှင်တောင် ရှုံးနိမ့်သွားရန် သေချာသည်။

အကယ်၍ လီချင်းယန်သာ သူပြောခဲ့သော ဒေသကြီး(၃)ခုအား လက်ဝါးကြီးအုပ်ကာ အုပ်ချုပ်လိုသည်ဆိုပါက သိပ်ပြီးကိစ္စမရှိချေ။ အားလုံး လိုက်လျောပေးနိုင်၏။

သို့သော် လီချင်းယန်က စလာကတည်းက ထိုဒေသ(၃)ခုအား သွေးဖြင့်ဆေးကြောပစ်မည်ဟုသာ တတွင်တွင်ပြောနေခဲ့သည်။

စိတ်ဝိညာဉ်အင်ပါယာ အစောပိုင်းက ပြောခဲ့သော စကားကဲ့သို့ပင်။ ၎င်းက လက်စားချေရန်ဆိုပြီး ပြသနာအား ခုတုံးလုပ်လိုခြင်းသာ။

မိုးကြိုးအင်ပါယာ လီချင်းယန်က တောင်းပိုင်းတိုက်ကြီးအား သွေးလွှမ်းသော အုပ်ချုပ်မှုတည်ထောင်လိုနေပြီး ထိုဒေသ(၃)ခုက သူ၏ ပထမခြေလှမ်းဖြစ်သည်။

သူ၏ ရည်ရွယ်ချက်သာ အောင်မြင်သွားပါက တောင်းပိုင်တိုက်ကြီးတစ်ခုလုံး အေးချမ်းတော့မည်မဟုတ်ပေ။

“ အင်ပါယာ(၂)ယောက်ရောက်လာပြီး သူကိုတားဆီးချင်ရင်တောင် အချိန်မမှီတော့မှာ စိုးမိတယ်…”

ကျောင်းကျီ ခါးသီးစွာ ရေရွတ်လိုက်၏။

သို့သော် စိတ်ထဲအနည်းငယ် ပေါ့သွားသလိုခံစားလိုက်ရသည်။ ဤနေရာ၌ သေရခြင်းကလည်း သိပ်တော့မဆိုးချေ။

အသက်ရှင်ကျန်ခဲ့လျှင် တောင်ပိုင်းတိုက်ကြီး၏ အလွန်ဆိုးရွားသော အခြေအနေများကို မြင်နေရဦးမည်ဖြစ်၏။

ဤသည်မှာ ချဲ့ကားနေခြင်းမဟုတ်ချေ။

တောင်ပိုင်းတိုက်ကြီး၏ သမိုင်း၌ အလွန်သွေးဆာက သတ်ဖြတ်ခြင်း၌ခုံမင်သော နတ်ဆိုး အင်ပါယာတစ်ပါးရှိခဲ့ဖူး၏။

သူက အရက်စက်ဆုံးသော နည်းလမ်းများဖြင့် တောင်ပိုင်းတိုက်ကြီးအား နှစ်ပေါင်း(၁)သိန်းတိုင်တိုင် အုပ်စိုးခဲ့သည်။

သူက တာအိုအရှင်သခင်အဆင့်သို့ ချိုးဖျက်ရန် မျှော်လင့်ချက်ဖြင့် တာအိုလက်နက်များ တီထွက်ရန်အတွင် တောင်ပိုင်းတိုက်ကြီးမှ သန်းနှင့်ချီသော အသက်များကို စတေးခဲ့၏။

ကံကောင်းစွာဖြင့် နောက်ဆုံးတွင် သူက မအောင်မြင်ခဲ့ချေ။ တာအိုအရှင်သခင်အဆင့် အတိဒုက္ခအောက်၌ ပြာဖြစ်သွားခဲ့၏။

သို့သော် ထိုအဖြစ်အပျက်ကြောင့် တောင်ပိုင်းတိုက်ကြီး၏ အခြေအနေက အောက်ဆုံးသို့ ထိုးကျသွားခဲ့ရသည်။

ယခုအချိန်ထိ ထိုကျဆင်းမှုမှ ပြန်လည် နာလန်မထူနိုင်သေးဘဲ တိုက်ကြီးအားလုံး၌ အောက်ဆုံးတွင် ရှိနေ၏။

“ ရွှမ်ယီသာရှိနေခဲ့ရင်… သူ့မှာ နည်းလမ်းတစ်ခုခုရှိ‌နိုင်လောက်မလား…”

ကျောင်းကျီ အလိုလိုရေရွတ်မိလိုက်သည်။

သို့သော် ချက်ချင်း ခါးသီးစွာပြုံးလိုက်ပြီး ထိုအတွေးအား ခေါင်းထဲမှ ထုတ်လိုက်၏။

ရွှမ်ယီ၏ ပါရမီနှင့် ခွန်အားက မည်မျှပင် ကောင်းကင်ကိုလွန်ဆန်နေပါစေ နောက်ဆုံးတွင် သူက ကောင်းကင်ဘုရင်တစ်၀က်အဆင့် ကျင့်ကြံသူမျှသာဖြစ်သေးသည်။

သူ၏ တိုက်ခိုက်နိုင်စွမ်းက အင်ပါယာတစ်၀က်အဆင့်ကို ကျော်လွန်နေသော်လည်း စိတ်ဝိညာဉ် အင်ပါယာကိုပင် မှီမည်မထင်ပေ။

မိုးကြိုးအင်ပါယာအား မည်သို့ တားဆီးနိုင်မည်နည်း။

ရွှမ်ယီ ရှေးဟောင်းစစ်မြေပြင်သို့ ထွက်ခွာသွားခဲ့ပြီးနောက် သတင်းအစအနပင်မကြားရတော့ချေ။ သို့သော် ကျောင်းကျီအနေဖြင့် သစ္စာဖောက်ခံရသလို အနည်းငယ်မျှ မခံစားမိပေ။ ထိုအစား စိတ်သက်သာရာ ရသွားခဲ့၏။

ရွှမ်ယီ၏ ပါရမီဖြင့်ဆိုပါက တစ်နေ့တွင် အင်ပါယာအဆင့်သို့ မုချရောက်သွားပေလိမ့်မည်။ ထိုအချိန်တွင် တောင်ပိုင်းတိုက်ကြီးအတွက် ထူးခြားသော အချိုးအကွေ့တစ်ခုက စောင့်ကြိုနေပေလိမ့်မည်။

ယခင်တစ်ကြိမ်တုန်းကကဲ့သို့ အဖြစ်အပျက်မျိုး ကံကြမ္မာတစ်ပါတ်လည်မလာလောက်တော့ပေ။

ဤသို့ဖြင့် ကျောင်းကျီအတွေးလွန်နေစဉ် အော်သံတစ်ခုကြောင့် ရုတ်တရက် ပြန်လည် အသိ၀င်လာခဲ့၏။

“ အဲ့ဒီ ပုံရိပ်က….?”

All Chapters