အခန်း (၃၇၈)
Vol. 26 Ch. 378
“ ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… သူက ဒီကို လာရဲသေးတယ်လား…”
“ ဒေသ (၃) ခုကို ချမ်းသာပေးဖို့ မိုးကြိုးအင်ပါယာ လီချင်းယန်ဆီမှာ သူ့အသက်နဲ့တောင်းပန်လို့ရမယ်များ ထင်နေတာများလား…”
နောက်ဆုံးပြောလိုက်သူက ရှေးဟောင်းမဟာမိတ်အဖွဲ့မှ ရှေးဟောင်းဘုရင်တစ်ဦး၏ အင်အားစုမှ ဆင်းသက်လာသူဖြစ်သည်။ သူ့စကားများက အလွန်အဆိပ်ပြင်းလှ၏။
သို့သော် သူက ကောင်းစွာဖုံးကွယ်နေခဲ့သည်။ လူအုပ်ကြားထဲ၌ ပုန်းလျှိုးကွယ်လျှိုးဖြင့် မသိမသာပြောလိုက်ခြင်းဖြစ်သည်။
ကျောင်းကျီလဲ သူ၏ စိတ်ထဲတွင် မှန်းဆထားပြီးဖြစ်သည့်တိုင် သိပ်ပြီး မယုံနိုင်သေးချေ။ ထို့ကြောင့်လှမ်းကြည့်လိုက်၏။
သူမျှော်လင့်ထားသည့်အတိုင်းပင်။
အနက်ရောင်ဆံပင် ၊ အနက်ရောင်ဝတ်စုံ နှင့် အနီရောင် ဓါးရှည်အား ကျော၌လွယ်ထားသည့် လူငယ်လေးတစ်ယောက်…
သူ၏မျက်နှာက တည်ကြည်ပြတ်သားကာ မျက်လုံးများက ကောင်းကင်ထက်မှ တောက်ပနေသော ကြယ်များအလားပင်။
ကောင်းကင်ပေါ်ရှိ တိမ်တိုက်များကြားမှ ဖြတ်သန်းကာ လာနေ၏။
သူက မူလဒေသသို့ ဆင်းသက်လာခဲ့သည်။
“ ရွှမ်ယီ… မင်းဒီကို ဘာလာလုပ်တာလဲ… မြန်မြန်ထွက်သွားတော့… ပင်းယုကို အားကိုးမယ်ဆိုရင်တောင်မှပဲ မင်းသူ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး…”
ကျောင်းကျီ အလွန်ထိတ်လန့်သွားပြီး ရွှမ်ယီထံသို့ အမြန် အသံပို့လွှတ်လိုက်သည်။
ကျောင်းကျီ၏ စကားဆုံးသည်နှင့် ရှေးဟောင်းစစ်ရထားထက်၌ မတ်တပ်ရပ်နေသည့် အရပ်ရှည်ပြီး သန်မာသော အဘိုးအိုက လှောင်ပြုံး ပြုံးလိုက်သည်။
ထို့နောက် သူ၏ စကားသံက မိုးခြိမ်းသံအလား ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားခဲ့သည်။
“ မင်းက ရွှမ်ယီလား… ကောင်လေး မင်းအပြစ်တွေကို သိရဲ့လား…”
သို့သော် ရွှမ်ယီက လီချင်းယန်၏ မေးခွန်းအား အနည်းငယ်မျှ ဂရုမစိုက်ခဲ့ပေ။
သူက ကျောင်းကျီ အပါအဝင်ယခင် မူလဒေ၌ တွေ့ခဲ့ဖူးသည့် ကောင်းကင်ဘုရင် ချီ ၊ ပိုင်ထန် နှင့် မြူခိုးတို့အား ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး
“ စီနီယာတို့… ကျုပ်အတွက် စိတ်ပူနေစရာမလိုပါဘူး… အင်ပါယာတစ်ယောက်က ကျုပ်ကို ထိတ်လန့်စေဖို့ မလုံလောက်သေးဘူး…”
ထိုစကားအား ကြားလိုက်လျှင် ကျောင်းကျီ နှင့် ကျန်လူများအလွန်အံ့သြသွားကြ၏။
ရွှမ်ယီက သီးသန့်အသံပို့လွှတ်ကာ ပြောခဲ့ခြင်းမဟုတ်ချေ။
ထိုအစား သူ၏စကားအတွင်းသို့ စိတ်ဝိညဉ်စွမ်းအားများကို ထည့်သွင်းခဲ့ပြီး အဇူရာနဂါးမြို့သာမက မူလဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားစေခဲ့သည်။
ကြားလိုက်ရသူတိုင်း အလွန်အံဩသွားခဲ့ကြ၏။
“ ငါကြားလိုက်တာ တကယ်ပဲလား… ရွှမ်ယီ အရမ်းဖိအားတွေများပြီး ရူးသွားပြီထင်တယ်…”
“ ဟား.. ဟား.. ဟား….”
ကျောင်းကျီလည်း မသက်မသာဖြင့် ပြုံးလိုက်၏။
ရွှမ်ယီက အမှန်တကယ် ရူးသွပ်သွားချေပြီလော။
ဓါးတာအိုအပေါ်၌ ထားရှိသည့် ရွှမ်ယီ၏ ယုံကြည်မှုက ပုံမှန်ထက်လွန်ကဲနေပြီဟုပင် ထင်မိသွား၏။
ကျောင်းကျီက ခေါင်းယမ်းလိုက်ပြီး
“ ရွှမ်ယီ… လူသားဘုရင်တစ်ယောက်နဲ့ အင်ပါယာတစ်ယောက်ကြားက ကွာခြားချက် ဘယ်လောက်ကြီးမားတယ်ဆိုတာ မင်းမသိသေးဘူး… အဲ့ဒီ ကွာဟချက်က ဓါးတာအိုတစ်ခုတည်းနဲ့ ဖြတ်ကျော်လို့အရာမဟုတ်ဘူးနော်…”
ကျောင်းကျီက ရွှမ်ယီ၏ ပါရမီက ကမ္ဘာကိုပင် အမှန်တကယ်တုန်လှုပ်စေနိုင်ကြောင်းသိထား၏။
ဓါးရည်ရွယ်ချက် အဆင့် (၅) ထိနားလည်ထားပြီး ကမ္ဘာကြီးနှင့် တစ်သားတည်းပေါင်းစပ်နေပြီဖြစ်သည်။
ထိုဓါးဖြင့် တိုက်ခိုက်လိုက်ပါက အဆင့်ကြီးတစ်ဆင့်ကို ကျော်ဖြတ်တိုက်ခိုက်နိုင်သည်။
ထို့အပြင် ရွှမ်ယီ ပျောက်ဆုံးသွားခဲ့သော အချိန်အတွင်း အကျိုးကျေးဇူးများစွာရရှိခဲ့ကြောင်း ကျောင်းကျီ ရိပ်မိခဲ့၏။
ဥပမာ ဓါးရည်ရွယ်ချက်က အထွတ်အထိပ်အဆင့် (၅) သို့ ရောက်သွားခြင်း…
သို့သော် ထိုမျှလောက်နှင့် မိုးကြိုးအင်ပါယာ လီချင်းယန်နှင့် ရွှမ်ယီကြားမှ အင်အားကွာဟချက်အား အမှီလိုက်ရန် မလုံလောက်သေးချေ။
အကယ်၍ ရွှမ်ယီ ကောင်းကင်ဘုရင်အဆင့်သို့ ရောက်သွားလျှင်ပင် ၎င်းတို့က အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူနှင့် ဘုရင်အဆင့် ကျင့်ကြံသူကြားမှ ကွာဟချက်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။
အခြေခံအားဖြင့် ဘုရင်အဆင့် ကျင့်ကြံသူများနှင့် အင်ပါယာအဆင့်ကျင့်ကြံသူတို့က မတူညီသော စွမ်းအားများကို အသုံးချကြသည်။
အင်ပါယာအဆင့်ကျင့်ကြံသူ အသုံးပြုသည့်စွမ်းအားက စိတ်ဝိညာဉ်ယွမ် စွမ်းအားထက်ကျော်လွန်ပြီး ပိုမိုမြင့်မားသော အဆင့်တစ်ဆင့်သို့ရောက်ရှိနေပြီဖြစ်၏။
နတ်ဘုရားစွမ်းအား…!
ထိုစွမ်းအားက အလွန်ကြီးမားလွန်းကာ အကန့်အသတ်မဲ့လှသည်။
ရွှမ်ယီသာ အင်ပါယာအဆင့်သို့ မရောက်ရှိနိုင်ပါက လီချင်းယန်အား ဆန့်ကျင်နိုင်မည်မဟုတ်ပေ။
ကျောင်းကျီက ရွှမ်ယီအား ဖျောင်းဖျလိုသေးသော်လည်း မိုးကြိုးအင်ပါယာ လီချင်းယန်၏ အသံက ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
သူက ရွှမ်ယီဘက်သို့ မျက်နှာမူကာ အရှိန်အဝါများဖြင့် ပြင်းပြင်းထန်ထန် ဖိနှိပ်လိုက်၏။
“ အစတုန်းကတော့ မင်းရဲ့ မရီဒန် တွေနဲ့ စိတ်ဝိညာဉ်အမြစ်တွေကို ချိုးဖျက်ပြီးတော့ ဒူးထောက်တောင်းပန်စေပြီးရင် မင်းကို အသက်ချမ်းသာပေးဖို့ ငါစိတ်ကူးထားခဲ့တာ… ဒါပေမယ့် မင်းက အရမ်းမောက်မာလွန်းတယ်… ဒီတော့ ငရဲကိုပဲသွားလိုက်တော့…”
အလွန်ကြီးမားသော မိုးကြိုးလျှပ်စီးများဖုံးလွှမ်းနေသည့် လက်ကြီးက ခရမ်းရောင်အလင်းတန်းများနှင့်အတူ တိမ်များကို ဖြတ်သန်းကာ ထွက်ပေါ်လာ၏။
ကျောင်းကျီနှင့် ကျန်သူများ ကူညီရန် အချိန်မရှိတော့ပေ။
ထိုလက်ကြီးအား ဘေးမှ စောင့်ကြည့်နေရုံသာ တတ်နိုင်တော့၏။
ထို လက်ကြီးက ရွှမ်ယီ၏ ပုံရိပ်အား ဖုံးအုပ်သွားလေသည်။
“ ဟင်း…”
ကျောင်းကျီ သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်၏။
သို့သော် ရှေးဟောင်းကျင့်ကြံသူများ၏ အင်အားစုများကမူ အောင်ပွဲခံနေကြသည်။
“ ဟား.. ဟား… ဟားဟား….. ဓါးတာအိုရဲ့ အနှိုင်းမဲ့ ပါရမီရှင် ၊ တောင်ပိုင်းတိုက်ကြီးရဲ့ နံပါတ် (၁) ပါရမီရှင်တဲ့လား… နောက်ဆုံးတော့ ပြာအဖြစ်ပြောင်းလဲသွားတာပါပဲ…”
“ ရွှမ်ယီသေသွားပေမယ့် ကောင်းကင်ဒေသမှာ ရွှမ်မိသားစုနဲ့ သူတော်စင်ဒေသမှာ ဗဟိုသူတော်စင်အကယ်ဒမီ ရှိနေသေးတယ်ဆိုတာကို မမေ့ထားနဲ့ဦး…”
ရှေးဟောင်းကျင့်ကြံသူတစ်ယောက်က အေးစက်သော မျက်လုံးများဖြင့် ပြောလိုက်သည်။
“ ရွှမ်ယီသေသွားပေမယ့် ငါတို့ကြားထဲက ရန်ကြွေးတွေက အခုထိ ပျောက်ကွယ်မသွားသေးဘူး… ရွှမ်မိသားစုနဲ့ ဗဟိုသူတော်စင်အကယ်ဒမီ ကို ချေမှုန်းဖို့သွားကြရအောင်…”
စကားဆုံးသည်နှင့် လူတိုင်းက ခေါင်းညိတ်သဘောတူလိုက်ကြ၏။
“ ဘုရင်ဟွမ်ရီ ပြောတာမှန်တယ်…”
“ ချက်ချင်းရွှမ်မိသားစုကို သွားကြစို့…”
“ ကိုင်မိသားစုကိုလည်း ခွင့်မလွှတ်ဘူး…”
နောက်ဆုံးပြောလိုက်သူ၏ စကားမဆုံးသေးမီ သူ၏စကားက တစ်ဝက်တစ်ပျက်၌ ရပ်တန့်သွားခဲ့သည်။
သူက အစပိုင်းတွင် ရွှမ်ယီသေဆုံးသွားသော နေရာသို့ဝမ်းသာအားရစွာကြည့်နေခဲ့သည်။
သို့သော် ခရမ်းရောင်တောက်ပနေသော လျှပ်စီးပင်လယ်ကြီး၌ အလင်းများဖြင့် ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
သူက ခန္ဓာကိုယ်အား ကုန်းနေရာမှ ဖြည်းညှင်းစွာ မတ်မတ်ရပ်လိုက်၏။
“ အခုမှ အစောကြီးရှိသေးတာကို မင်းတို့ ပုရွတ်ဆိတ်တွေက ပျော်နေကြပြီလား…”
ရွှမ်ယီ၏ ထီမထင်သော အသံက ကောင်းကင်ယံသို့ ဖြတ်သန်းထွက်ပေါ်လာခဲ့သည်။
ရှေးဟောင်းကျင့်ကြံသူများ၏ အင်းအားစုများမှ လူများသာမက အလွန်မောက်မာသော မိုးကြိုးအင်ပါယာ လီချင်းယန်ပင် အံ့ဩသွားခဲ့ရသည်။
သူ၏ မျက်လုံးထဲတွင် ထိတ်လန့်မှုအနည်းငယ် ထွက်ပေါ်လာလေသည်။
လျှပ်စီးပင်လယ်ကြီးထဲတွင် ရွှမ်ယီက ဖန်ဂျီဓါးအား တင်းကြပ်စွာကိုင်ထား၏။
အနီရောင်တောက်ပနေသော ထိုဓါးထံမှ အရှိန်အဟုန်ပြင်းထန်လှသော ဓါးရည်ရွယ်ချက်စွမ်းအားများ ဖြာထွက်နေ၏။
ထို ဓါးရည်ရွယ်ချကက်စွမ်းအား၏ ကာကွယ်မှုအောက်တွင် ရွှမ်ယီက မိုးကြိုးလက်ဝါးတိုက်ခိုက်မှုအောက်မှ လွတ်မြောက်ခဲ့သည်။
“ ဒါက သာမန်အဆင့် (၅) ဓါးရည်ရွယ်ချက်မဟုတ်ဘူး… အထွတ်အထိပ်အဆင့် (၅) ဓါးရည်ရွယ်ချက်ပဲ… အံ့ဩစရာမရှိတော့ပါဘူး…”
ကျန်လူများ အံ့ဩကာ မှင်သက်နေကြစဉ် လီချင်းယန်၏ စကားသံက မိုးခြိမ်းသံအလား ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။