← Chapters

အခန်း (၃၈၀)

Vol. 26 Ch. 380

အခန်း (၃၈၀)

Vol. 26 Ch. 380

ထိုအချိန်တွင် တောင်ပိုင်းတိုက်ကြီးရှိ မူလဒေသနှင့် အလွန်ဝေးကွာသော ဒေသကြီးတစ်ခု၌…

စကြာ၀ဠာကြီး၏ အခြားတစ်ဖက်ဟုပင် ထင်မှတ်ရလောက်သော ခမ်းနားထည်ဝါသည့် နန်းတော်ကြီးအတွင်း

ရွှေရောင် နတ်စွမ်းအားများအကြား၌ အလွန်အစွမ်းထက်ဟန်ရသော ပုံရိပ်သုံးခု အတူတကွရှိနေခဲ့သည်။

ပတ်၀န်းကျင်တစ်ခုလုံး၌ နတ်တန်ခိုး စွမ်းအားများ ပြန့်ကျဲနေခဲ့ပြီး ၎င်းတို့မျက်နှာများကို ရှင်းလင်းစွာမမြင်ရပေ။

ကောင်းကင်ပေါ်မှ နတ်ဘုရားများအလား ထင်မှတ်ရ၏။

သူတို့ အလယ်တွင် အလင်းဖန်သားပြင်တစ်ခုရှိနေခဲ့ပြီး မူလဒေသမှ အခြေအနေများက ၎င်းအထက်၌ ပေါ်နေပေသည်။

ထို ပုံရိပ်(၃)ခုက တောင်ပိုင်းတိုက်ကြီးမှ အင်ပါယာအဆင့်ကျင့်ကြံသူ (၃)ဦးဖြစ်၏။

“ သူက တတိယအဆင့် အတိဒုက္ခကျော်ဖြတ်ပြီးတဲ့ အင်ပါယာတစ်ယောက်ပဲ…”

စိတ်ဝိညာဉ်အင်ပါယာ၏ နှလုံးသားထဲ၌ စိုးရိမ်ပူပန်မှုများ ဖုံးလွှမ်းလာခဲ့သည်။

ထိုဆန်းကြယ်သော လူက မည်သည့်နေရာက ရောက်လာသနည်း။

စိတ်ဝိညာဉ်အင်ပါယာနှင့် နှိုင်းယှဉ်ပါက ကျန် နှစ်ယောက်က ပို၍ အဆင့်မြင့်ပေသည်။

ထို့ကြောင့် မူလဒေသမှ အခြေအနေအား ပို၍ ရှင်းလင်းစွာမြင်နိုင်၏။

အင်ပါယာပိုင်ယု၏ မျက်၀န်းထဲ၌ တုန်လှုပ်မှုအပြည့်ဖြင့်

“ တတိယအဆင့် အတိဒုက္ခကို ကျော်ဖြတ်ထားရုံပဲမဟုတ်ဘူး…. ထင်းရှူးပင်ကြီးကို သေချာကြည့်လိုက်…”

အလင်းဖန်သားပြင်၌ အစိမ်းရောင်ထင်ရှူးပင်ကြီးက ကောင်ကင်ကြီးအား ပင့်ထောက်ထားသကဲ့သို့ပင်။

ထို့အပြင် ၎င်း၏ ပင်စည်၌ ပြီးပြည့်စုံသော နတ်ဘုရားတံဆိပ်(၃)ခု ရှိနေခဲ့သည်။

ဆိုလိုသည်မှာ ထိုဆန်းကြယ်သော အဘိုးအိုက အင်ပါယာအဆင့်၏ တတိယမြောက်အဆင့်၌ ပြီးပြည့်စုံခြင်းသို့ ရောက်နေပြီဟူသော သဘောပင်။

“ တောင်ပိုင်းတိုက်ကြီးမှာ ဒီလိုမျိုး ကြီးကျယ်ခမ်းနားတဲ့လူတစ်ယောက် ရှိတာ ဘာလို့ ငါမသိခဲ့တာပါလိမ့်…”

ကောင်းကင်ဓား အင်ပါယာက မိမိကိုယ်ကိုယ် နိမ့်ချသော လေသံဖြင့်ပြောလိုက်၏။

စိတ်ဝိညာဉ်အင်ပါယာနှင့် အင်ပါယာပိုင်ယွီတို့ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းလိုက်ကြသည်။

အင်ပါယာအဆင့် ကျင့်ကြံသူများက အလွန်အစွမ်းထက်လွန်း၏။ ကောင်းကင်နှင့် မြေပြင်ကိုပင် ဖျက်ဆီးနိုင်စွမ်းရှိပြီး ဒေသကြီးတစ်ခုအား အလွယ်တကူ ချေမွှနိုင်စွမ်းရှိသည်။

ထိုအဆင့်ကျင့်ကြံသူများက မိမိကိုယ်ကိုယ် ဖုံးကွယ်ထားလိုပါက ၎င်းထက် အဆင့်နိမ့်သူများအားလုံး အနည်းငယ်မှ သတိပြုမိနိုင်မည်မဟုတ်ပေ။

အင်ပါယာ(၃)ယောက်လုံး ကောင်းကင်ကြီးအား ထောက်ကန်ထားသည့်အလားဖြစ်နေသော ထင်းရှူးပင်ကြီးအား ငြိမ်သက်စွာ ငေးကြည့်နေခဲ့ကြသည်။

အစပိုင်းတွင် မိုးကြိုးအင်ပါယာလက်ချက်ဖြင့် တောင်ပိုင်းတိုက်ကြီး သွေးချောင်းစီးတော့မည်ဟု ထင်မှတ်ခဲ့ကြ၏။

သို့သော် မထင်မှတ်ထားသော အလှည့်အပြောင်းတစ်ခုအနေနှင့် တတိယအဆင့် အတိဒုက္ခဖြတ်ကျော်ပြီးရုံမကဘဲ ထိုအဆင့်၌ ပြီးပြည့်စုံခြင်းသို့ ရောက်နေသော အင်ပါယာတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

….

တောင်ပိုင်းတိုက်ကြီး၌ ယခင်ရှိရင်းစွဲ အင်ပါယာအဆင့် ကျင့်ကြံသူ(၃)ယောက်၌ အငယ်ဆုံး‌ဖြစ်သော စိတ်ဝိညာဉ်အင်ပါယာက အင်ပါယာအဆင့်သို့ရောက်ရှိသည်မှာ နှစ်ပေါင်း (၂၀၀၀၀)ကျော်သာရှိသေးပြီး ပထမ အတိဒုက္ခအဆင့်၌သာရှိသေး၏။

အင်ပါယာ ပိုင်ယု နှင့် ကောင်းကင်နတ်ဓား အင်ပါယာတို့ကမူ ဒုတိယ အတိဒုက္ခအဆင့်သို့ ရောက်နေကြချေပြီ။

တစ်ဖက်တွင် လီချင်းယန်ကမူ…

မြေအောက်နန်းတော်ထဲ၌ နှစ်ပေါင်းများစွာ အင်ပါယာတစ်၀က်အဆင့်၌ ကျင့်ကြံနေခဲ့ကာ ၊ ထိုနေရာမှ အမွေအနှစ်များကိုလည်း လက်ခံရရှိခဲ့၏။

ဤသို့ဖြင့် အင်ပါယာအဆင့်သို့ ချိုးဖျက်ရာတွင် ဒုတိယအတိ ဒုက္ခအဆင့်ကိုပါ တစ်ခါတည်း ခံယူ ကျော်ဖြတ်သွားခဲ့ခြင်းဖြစ်သည်။

မြေအောက် နန်းတော်မှ ရရှိခဲ့သော အမွေအနှစ် လက်နက်များ ပညာရပ်များဖြင့်ဆိုပါက တောင်ပိုင်းတိုက်ကြီးမှ အင်ပါယာ(၃)ယောက် ပေါင်းတိုက်လျှင်တောင် အနိုင်ရမည်ဟု အတိအကျ မပြောနိုင်ချေ။

ထိုသို့ စွမ်းအားမျိုးက တောင်ပိုင်းတိုက်ကြီး၏ ထိပ်တကာ့ ထိပ်ဆုံး၌ ရပ်တည်ရန် လုံလောက်သည်။

သို့သော် ရုတ်တရက် ထွက်ပေါ်လာသည့် ဆန်းကျယ်သော အဘိုးအိုက ၎င်းတို့ထက် တစ်ဆင့်မြင့်နေ၏။

၎င်းက အင်ပါယာ(၃)ယောက်အား အလွန်တုန်လှုပ်သွားစေသော အဓိကအချက်ပင်။

အင်ပါယာအဆင့်၌ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေသူ…

၎င်းက ကျဆင်းနေသော တောင်ပိုင်းတိုက်ကြီး မဆိုထားနှင့် ကျန်တိုက်ကြီးများတွင်ပင် ၎င်းအား ယှဉ်နိုင်သူ မရှိသလောက်ပင်။

ထိုကဲ့သို့ အဆင့်ရှိသောလူက တိုက်ကြီးများအကြား အနိမ့်ကျဆုံးဖြစ်သော တောင်ပိုင်းတိုက်ကြီးသို့ရောက်လာပြီး လူငယ်လေးတစ်ယောက်အတွက် တာအိုစောင့်ရှောက်သူ လုပ်ပေးနေသည်လော…?

အင်ပါယာ(၃)ယောက် အလွန်ပဟေဠိဖြစ်နေခဲ့ကြ၏။

တစ်ဖက်တွင်မူ လီချင်းယန် အလွန်စိတ်ဓာတ်ကျနေချေပြီ။

အင်ပါယာအဆင့်သို့ရောက်ပြီးနောက် ယခုကဲ့သို့ အခြေအနေမျိုးနှင့် ရင်ဆိုင်ရမည်ဟု လုံး၀ ထင်မထားခဲ့ပေ။

ထို ဆန်းကျယ်သော ထင်ရှူး အဘိုးအိုက အလွန်အစွမ်းထက်လှ၏။

၎င်းထံမှ ထွက်ပေါ်နေသည့် ဖိအားက သူ့ထက် အဆပေါင်းများစွာ ကျော်လွန်နေသည်။

“ မိတ်ဆွေကြီး.. ကျုပ်တို့ အေးဆေး ဆွေးနွေးကြရအောင်… ကျုပ်တို့က အင်ပါယာအဆင့် ကျင့်ကြံသူတွေလေ.. ဒီလို ပမွှားလေးတွေအတွက်နဲ့ ဘာလို့ အချင်းချင်း တိုက်ခိုက်နေကြမှာလဲ…”

လီချင်းယန် တံတွေးတစ်လုပ် မျိုချလိုက်ပြီး ရဲ့ချင်းစုန်အား ရှက်ရွံ့စွာ ပြုံးပြလျက် ပြောလိုက်သည်။

ထိုစကားကြားလိုက်လျှင် ပတ်၀န်းကျင်မှ လူတိုင်း အံ့ဩသွားကြ၏။

အထူးသဖြင့် ရှေးဟောင်းမဟာမိတ်မှ လူများဖြစ်သည်။ လီချင်းယန်၏ နှိမ့်ချနေဟန်က အလွန်မှင်သက်စရာပင်။

သူ့တို့ မျက်လုံးနှင့် နားများကိုပင် မယုံနိုင်ကြတော့ပေ။

သူတို့ကျင့်ကြံမှုက အင်ပါယာအဆင့်နှင့် ယှဉ်ပါက အလွန်နိမ့်‌ကျနေပြီး ကောင်းကင်ဘုရင်များပင် ၎င်းတို့အကြားမှ ခြားနားချက်ကို မြင်နိုင်စွမ်းမရှိချေ။

သို့သော် သူတို့က ငတုံးများမဟုတ်ပေ။ အခြေအနေမကောင်းမှန်း ရိပ်မိသဖြင့် ဤနေရာမှ တိတ်တဆိတ် ဆုတ်ခွာရန် ပြင်လိုက်ကြ၏။

ရွှစ်…

၎င်းတို့ ခန္ဓာကိုယ်အား အလင်းတန်းများ ဖုံးလွှမ်းသွား‌သည်။

သို့သော် အလင်းတန်းများ ပြန့်ကျဲပျောက်ကွယ်သွားပြီးနောက် ပတ်၀န်းကျင်အား ကြည့်လိုက်လျှင် နဂိုနေရာ၌သာ ရှိနေဆဲဖြစ်ကြောင်း တွေ့လိုက်ရ၏။

“ နေရာခုန်ကူးတာ မအောင်မြင်ဘူး… ဘယ်လိုဖြစ်တာလဲ…”

“ လေဟာနယ်.. လေဟာနယ်ကို တစ်ယောက်ယောက် ဆီးလ်ခတ်ထားတာများလား…”

အစောပိုင်းတွင် မိုးကြိုးအင်ပါယာ လီချင်းယန်က မူလဒေသအား ဆီးလ်ခတ်ထားခဲ့သော်လည်း ၎င်းက ပျက်ပြယ်သွားပြီးဖြစ်၏။

ထိုသို့ဆိုလျှင် ဖြစ်နိုင်ချေ တစ်ခုသာရှိတော့သည်။

“ စီနီယာ…”

ရှေးဟောင်းမဟာမိတ်အဖွဲ့၀င် အင်အားစုမှ လူများ ကောင်းကင်ထက်မှ ရဲ့ချင်းစုန်အား မရဲတရဲဖြင့် မော့ကြည့်လိုက်ကြသည်။

သူတို့ စွန့်စားရမည်လော...?

ထိုအချိန်တွင် ရွှမ်ယီ၏ စကားသံထွက်ပေါ်လာသည်။

“ ဆရာရဲ့… ဟိုခုန် ဒီခုန်နဲ့ စိတ်အနှောက်အယှက် ပေးတဲ့လူတိုင်းကို ရှင်းပစ်လိုက်ပါ…”

ထို့နောက် လက်ထဲမှ ဖန်ဂျီဓားဖြင့် လီချင်းယန်အား ထိုးညွှန်လိုက်ပြီး

“ ပြီးတော့.. ဒီလူကို သေတာထက် ပိုဆိုးအောင် လုပ်ပေးပါ…”

ရဲ့ချင်းစုန့် လှည့်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် လီချင်းယန်ဘက်သို့ လှည့်ကာ သေလူတစ်ယောက်အား ကြည့်သကဲ့သို့ ကြည့်လိုက်သည်။

ထိုအခါ လီချင်းယန်က

“ မိတ်ဆွေ… ခင်ဗျားက ကျုပ်ကို ရန်သူဖြစ်လာဖို့ တွန်းအားပေးနေတာလား… ကျုပ်လက်ထဲမှာ အဆင့်(၇) တာအိုလက်နက်ရှိတယ်နော်.. ခင်ဗျားကိုပါ တစ်ခါတည်း ခေါ်သွားမှာ မကြောက်ဘူးလား….”

ရဲ့ချင်းစုန် တစ်ခဏမျှ စဉ်းစားဟန်ပြုလိုက်၏။

ထို့နောက် လီချင်းယန် တုံ့ပြန်နိုင်ခြင်းမရှိသေးခင် လက်ထဲမှ ထင်းရှူးတုတ်အား ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

ချက်ချင်း ကောင်းကင်ကြီးအား ထောက်ကန်ထားဟန်ရသော ထင်းရှူးပင်ကြီးမှ အကိုင်းအခက်များ တောက်ပသော အလင်းတန်းများဖြင့် လှုပ်ရှားလာ၏။ ထို့နောက် နဂါးကြီးတစ်ကောင်းအဖြစ်သို့ ပေါင်းစပ်သွားလေသည်။

မျက်စိတစ်မှိတ်အတွင်း လီချင်းယန် ရှိရာသို့ ရောက်သွား၏။

ဝုန်း…

အဖြစ်အပျက်များက အလွန်လျင်မြန်လွန်းလှသည်။

ပတ်၀န်းကျင်မှ ကြည့်နေသူများ သတိပြန်လည်လာချိန်တွင်

လီချင်းယန် အလွန်အားကိုးနေသော စစ်ရထားကြီးက ရဲ့ချင်းစုန်၏ အတင်းအကြပ် လုယူခြင်းခံလိုက်ရချေပြီ။

လီချင်းယန်လည်း ထိုစစ်ရထားပေါ်မှ သူ၏ စိတ်ဝိညာဉ်အမှတ်အသား ဖျက်ခံလိုက်ရမှ သတိ၀င်လာခဲ့သည်။

ရဲ့ချင်းစုန်အား ကြည့်နေသော မျက်လုံးများက မီး၀င်း၀င်းတောက်သွား၏။

“ ကောင်းကင်(၉)ပါး မိုးကြိုးသွား…”

လီချင်းယန် ချက်ချင်း အစွမ်းထက်ဆုံးသော တိုက်ခိုက်မှုအား အသုံးပြုလိုက်သည်။ အနည်းငယ်မျှ ထိန်ချန် မထားရဲတော့ချေ။

ထို ဆန်းကျယ်သော အဘိုးအိုက သူပင် သတိမထားမိခင် သူ၏ စိတ်ဝိညာဉ်အမှတ်အသား ရိုက်နှိပ်ထားသော မှော်ရတနာအား လုယုသွားခဲ့သည်။

သူသာ ဆက်လက်ပြီး အသက်ရှင်လိုပါက အစွမ်းကုန်တိုက်ခိုက်မှဖြစ်တော့မည်။

All Chapters