အခန်း (၃၈၁)
Vol. 26 Ch. 381
ရှေးဟောင်းမဟာမိတ်အဖွဲ့၀င် အင်အားစုများမှ လူများ အလွန်ထိတ်လန့်နေကြသည်။
လွန်ခဲ့သော အချိန်အနည်းငယ်ခန့်က ပြိုင်ဘက်ကင်းဖြစ်နေခဲ့သော လီချင်းယန်၏ အနေအထား ပြောင်းလဲသွားချေပြီ။
၀မ်းနည်းစရာ အကောင်းဆုံးကိစ္စက သူတို့ မူလဒေသမှ မလွတ်မြောက်နိုင်တော့ကြောင်း သိလိုက်ရသောကြောင့်ပင်။
သူတို့သာ အင်ပါယာအဆင့်သို့ မရောက်ရှိပါက ဤနေရာမှ ထွက်ခွာနိုင်မည်မဟုတ်ပေ။
ထင်းရှူး အဘိုးအိုနှင့် မိုးကြိုးအင်ပါယာတို့ တိုက်ပွဲစတင်ချိန်တွင်…
လေဟာနယ် အားဖြတ်ကျော်ရန် အဆက်မပြတ်ကြိုးစားနေသည့် ရှေးဟောင်းမဟာမိတ်ရှိ အင်အားစုများမှ လူများအား ရွှမ်ယီ လှည့်ကြည့်လိုက်သည်။
“ စောနကမှ ခင်ဗျားတို့ အရမ်းမောက်မာနေခဲ့ကြတာ မဟုတ်လား…”
ရွှမ်ယီ၏ အသံက မည်သည့် ခံစားချက်မှ မပါဘဲ အေးစက်နေခဲ့သည်။ စကားဆုံးသည်နှင့် ဖန်ဂျီဓားထံမှ အလွန်ကျယ်လောင်သော ဓားအော်သံတစ်ခု မြည်ဟည်း ထွက်ပေါ်လာ၏။
ထို့နောက် အင်ပါယာတစ်၀က် အဆင့်ကိုပင် သတ်နိုင်စွမ်းရှိသော မီးတောက်ဓားချီတစ်ခု ထွက်ပေါ်လာလေသည်။
ရှေးဟောင်းမဟာမိတ် အဖွဲ့၀င် အင်အား၏စုများမှ ဒါဇင်နှင့်ချီသော လူများ ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။
“ ရွှမ်ယီ.. ဒါတွေအားလုံး နားလည်မှုလွဲနေတာပါ… ငါတို့ ရှင်းပြပါရစေ…”
“ ငါတို့ ပိုင်ဆိုင်တဲ့ အရင်းအမြစ်တွေအားလုံး မင်းကိုပေးပါ့မယ်… ပြီးတော့ ရွှမ်မိသားစု လက်အောက်ကို၀င်ပါမယ်… ကျေးဇူးပြုပြီး သက်ညှာပေးပါ…”
၀မ်ယီ မိသားစုမှ ခေါင်းဆောင်ဖြစ်သူက ရွှမ်ယီအား ညှိနှိုင်းစကားဆိုလိုက်သည်။
သို့သော် မိစ္ဆာမီးလျှံနယ်မြေက ပတ်၀န်းကျင်သို့ ဖုံးအုပ်သွားခဲ့သည်။
ထိုနယ်မြေအတွင်း ရှိနေသူတိုင်း ကျောထက်မှ ချွေးများ စီးကျလာခဲ့၏။
“ နားလည်မှု လွဲနေတာတဲ့လား….”
ရွှမ်ယီ လှောင်ပြုံးလိုက်သည်။
“ ဟမ့်..ခင်ဗျားတို့က ရွှမ်မိသားစု လက်အောက်ခံဖြစ်ဖို့ ထိုက်တန်လို့လား…”
ရွှမ်ယီ၏ ပြောစကားကို ကြားလျှင် ရှေးဟောင်းမဟာမိတ်အဖွဲ့၀င် အင်အားစုများမှ လူများ အမူအယာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
သူတို့ အင်အားစုကြီးများ အားလုံး လူသားဘုရင် သို့မဟုတ် ကောင်းကင်ဘုရင်အဆင့် အင်အားစုများဖြစ်ကြကာ ၎င်းတို့ သက်ဆိုင်ရာ ဒေသများ၌ အဆင့်အတန်းရှိသော အင်အားစုများဖြစ်သည်။
ပြန်လည်ရောက်ရှိလာသော ရှေးဟောင်းကျင့်ကြံသူများအား မေ့ထားလိုက်လျှင်ပင် လက်ရှိမျက်မှောက်ကမ္ဘာ၌ ကောင်းကင်ဘုရင်အဆင့်များပင်ရှိခဲ့၏။
ယခုတွင် သူတို့အကြီးအကျယ် အရှက်ခွဲခံလိုက်ရလေသည်။
“ ရွှမ်ယီ… အရမ်းတရားလွန်မလာနဲ့… ငါတို့ အင်အားစုကြီး (၃၇) ခုက ရှေးဟောင်းကျင့်ကြံသူတွေ ပြန်ရောက်လာကြပြီ… မင်း အခုဒီနေရာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးတစ်ခု စတင်ချင်တယ်ဆိုရင်တောင်မှပဲ ငါတို့က မင်းကို မကြောက်ဘူးကွ…”
ကောင်းကင်ဘုရင်တစ်ယောက်က အေးစက်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ နောက်ကျောတွင် စိတ်ဝိညာဉ်ဒြပ်စင် (၁၇) လုံးထွက်ပေါ်လာ၏။
၎င်း၏ စွမ်းအားက ရွှမ်ယီထက်နိမ့်ကျနေသော်လည်း ရှေးဟောင်းမဟာမိတ်အဖွဲ့၀င် အင်အားစုမှလူများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ဆဲဖြစ်သည်။
ချက်ချင်း ရှေးဟောင်းမဟာမိတ်အဖွဲ့၀င် အင်အားစုများမှ ကောင်းကင်ဘုရင်များစွာ ရှေ့ထွက်လာခဲ့ကြသည်။
ထိုအထဲမှ ကောင်းကင်ဘုရင် တစ်ယောက်က
“ ရွှမ်ယီ… ဘုရင်ဟွမ် ပြောတဲ့စကားက အကျို့အကြောင်းသင့်တင့်တယ်… မင်းက အရမ်းသန်မာတာ မှန်တယ်… ဒါပေမယ့် တစ်ယောက်တည်းပဲရှိတာ… မင်းကိုယ်မင်း အရမ်းအများကြီး အလွန်အကျွံ တွက်မထားသင့်ဘူး…”
“ ဟုတ်တယ်… ငါတို့ အားလုံးပေါင်းရင် သူ့ကို အနိုင်ယူနိုင်တယ်…”
မျက်လုံး ပိတ်ထားသော ကောင်းကင်ဘုရင်တစ်ယောက်က မျက်လုံးဖွင့်ပြီးပြောလိုက်သည်။ သူ၏ စိမ်းပြာရောင်သန်းနေသော မျက်ဝန်းများအတွင်းမှ တောက်ပသော အလင်းရောင်များထွက်ပေါ်နေသည်။
သူက ရွှမ်ယီအား ရက်စက်လိုသော အကြည့်များဖြင့် ကြည့်နေခဲ့သည်။
“ အိုး… ခင်များ ဘာကိုပြောချင်တာလဲ…”
ရွှမ်ယီက အနည်းငယ်မျှ ကြောက်ရွံ့ဟန်မရပဲ အေးဆေးတည်ငြိမ်စွာပြောလိုက်၏။
ရှေးဟောင်းကျင့်ကြံသူ အင်အားစုမှ လူများ၏ နှလုံးသားများ တုန်ခါသွားကြသည်။
ရွှမ်ယီ ဘာကိုဆိုလိုချင်မှန်း သူတို့ နားမလည်ခဲ့ကြချေ။
သို့သော် မကြာမီ အဖြေကို သိလိုက်ရ၏။
ဖန်ဂျီဓါးအား အထွတ်အထိပ်အဆင့် (၅) ဓါးရည်ရွယ်ချက်က ဖုံးလွှမ်းသွားပြီး ကြက်သွေးရောင်အကြေးခွံများ တလက်လက်ထကာ တောက်ပနေသည့် နဂါးကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားခဲ့သည်။
ထို့နောက် ၎င်းက ရှေးဟောင်းကျင့်ကြံသူ အင်အားစုများထံသို့ ဆင်းသက်သွား၏။
“ ဒီကောင်လေး… သူက ငါတို့ရန်သူဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားလိုက်ပြီ… အားလုံးပဲ ကြောက်မနေကြနဲ့ အစွမ်းကုန်သုံးပြီး သူ့ကို သတ်ပစ်ကြ…”
ထို စိမ်းပြာရောင် မျက်ဝန်းဖြင့် ကောင်းကင်ဘုရင်က အော်ပြောလိုက်သည်။
ထို့နောက် သူက မပြည့်စုံသော တာအိုပုံစံများဖြင့် ကြီးမားသော အစီအရင်ကြီးတစ်ခုအား ဖန်တီးလိုက်သည်။
ထို အစီအရင်က မျက်စိတစ်မှိတ်အတွင်း မီတာ ထောင်ပေါင်းများစွာသို့တိုင်အောင် ဖြန့်ကျက်သွားပြီး ရှေးဟောင်းမဟာမိတ်အဖွဲ့မှ အင်အားစု (၃၇) ခုကို ဖုံးအုပ်သွားလေသည်။
ပထမဆုံးတစ်ယောက် လှုပ်ရှားခဲ့သည်နှင့် ကျန်ကောင်းကင်ဘုရင်များလည်း တုန့်ပြန်လိုက်ကြပြီး ၎င်းတို့၏ အကောင်းဆုံးသော ရတနာများအား ထုတ်ယူလိုက်ကြသည်။
ထို့နောက် အစီအရင်နှင့် ပေါင်းစပ်လိုက်ကြ၏။
အဆုံးမရှိသော စိတ်ဝိညဉ်ယွမ်စွမ်းအားများက နတ်အလင်းများနှင့်အတူ အစီအရင်ကြီးအတွင်းသို့ ပင်လယ်ကြီးတစ်စင်းအလား စီးဝင်သွားသည်။
ထို့နောက် ကျယ်လောင်သော ခေါင်းလောင်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။
ဒေါင်….
ထို ခေါင်းလောင်းသံက ကောင်းကင်ကြီးကိုပင် တုန်ခါသွားစေပြီး ပတ်ဝန်းကျင်တစ်ခွင်သို့ ပဲ့တင်ထပ်သွားစေခဲ့သည်။
ထို ဆက်တိုက်ပဲ့တင်ထပ်ကာ ထွက်ပေါ်လာနေသော အသံလှိုင်းများကြောင့် မူလဒေသမှ မြေကြီးပင် အက်ကွဲသွားခဲ့သည်။
“ ဒါကရှေးဟောင်းစစ်မြေပြင်က ငါရခဲ့တဲ့ အကောင်းဆုံး သတ်ဖြတ်ခြင်းအစီအရင်ပဲ… ငါတို့ အားလုံး စွမ်းအားတွေပေါင်းလိုက်လို့ရှိရင် အင်ပါယာတစ်ဝက်အဆင့်ကိုတောင်သတ်ဖြတ်နိုင်တယ်…”
ထိုစကားအားကြားလျှင် ရှေးဟောင်းမဟာမိတ်အဖွဲ့မှ အင်အားစုများအားလုံး စိတ်လှုပ်ရှားသွားကြ၏။
ကျောင်းကျီတို့ဘက်မှ ကောင်းကင်ဘုရင်များကမူ အားလုံး မျက်မှောင်ကြုတ်လိုက်မိကြ၏။
ထို ရှေးဟောင်းကျင့်ကြံသူများထံတွင် မြေအောက်နန်းတော်မှ ရရှိခဲ့သော အမွေအနှစ်များ ရှိနိုင်သေး၏။
ထို အမွေအနှစ်များက ဤနေရာမှ သတ်ဖြတ်ခြင်းအစီအရင်ကဲ့သို့ အဆင့်ရှိလျှင် ပြင်ပကမ္ဘာ၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေနိုင်၏။
အင်ပါယာတစ်ဝက်အဆင့်အား သတ်ဖြတ်နိုင်စွမ်းရှိသော သတ်ဖြတ်ခြင်းအစီအရင်…
ကောင်းကင်ဘုရင် မြူခိုး၏ မျက်ဝန်းများ၌ ထိတ်လန့်တုန်လှုပ်သော အကြည့်များ ထွက်ပေါ်လာသည်။
ထိုစကားက ထိုရှေးဟောင်းကောင်းကင်ဘုရင် ချဲ့ကားပြောခဲ့ခြင်းမဟုတ်ကြောင်း သူမ ပြောနိုင်သည်။
ပတ်ဝန်းကျင်တစ်ခွင်လုံးသို့ ပဲ့တင်ထပ်ကာ တဟုန်ထိုးထွက်ပေါ်လာနေသော အသံလှိုင်းများ၏ စွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။ သူမက အထွတ်အထိပ်ကောင်းကင်ဘုရင်အဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း ထိုအသံလှိုင်းများကြောင့် ကြောက်ရွံ့သွားမိဆဲပင်။
သူမပင် ဆက်လက်ရပ်တည်နိုင်ရန် အနည်းငယ်ရုန်းကန်နေရ၏။
ရွှမ်ယီက သန်မာသော်လည်း အနိုင်ရနိုင်မည်လော။
ကောင်းကင်ဘုရင် ချီ နှင့် ပိုင်ထန်တို့ကလည်း ရွှမ်ယီအား အချိန်မရွေးစစ်ကူပေးနိုင်ရန် ပြင်ထားပြီး ရွှမ်ယီ ရှိရာသို့ ပူပန်စွာ ကြည့်နေခဲ့ကြသည်။
သို့သော် ရွှမ်ယီက သတ်ဖြတ်ခြင်းအစီအရင်၏ အလယ်တည့်တည့်တွင်ရှိနေသည့် တိုင်အောင် အနည်းငယ်မျှ ယိမ်းယိုင်မသွားပဲ တည်ငြိမ်စွာရပ်နေခဲ့သည်။
သူက ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်၏။
ထို အစီအရင်မှ ထွက်ပေါ်လာနေသည့် အသံလှိုင်းတစ်ခုချင်းစီက ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူများအား သတ်ဖြတ်ရန် လုံလောက်သည်။
သို့သော် ထိုစွမ်းအားများက သူ၏ (၃) ပေအကွာသို့ပင် ဝင်လာနိုင်ခြင်းမရှိပေ။
ထို အသံလှိုင်းတိုက်ခိုက်မှုများက ရွှမ်ယီ၏ ပတ်ဝန်းကျင် (၃) ပေအကွာသို့ ရောက်လာလျှင် ဓါးရည်ရွယ်ချက်စွမ်းအားများကြောင့် ဘာမှမရှိခြင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
“ ဟမ်… သူဘာလုပ်နေတာလဲ…”
“ ငါလည်းမသိဘူး… ငါတို့ဘာဆက်လုပ်ကြမလည်း…”
ရှေးဟောင်းမဟာမိတ်အဖွဲ့မှ ရှေးဟောင်းကျင့်ကြံသူများ၏ အင်အားစုမှ လူများအားလုံး အလွန်စိတ်ဓာတ်ကျသွားခဲ့ကြသည်။
သူတို့၏ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုက ရွှမ်ယီအား အနည်းငယ်မျှ မထိခိုက်စေခဲ့ပေ။ ထိုအစားသူတို့၏ ရန်သူ တစ်လှမ်းခြင်းစိတ်တိုင်းကျ လမ်းလျှောက်နေသည်ကိုသာ ငေးကြည့်နေရန် တတ်နိုင်၏။