အခန်း (၃၈၂)
Vol. 26 Ch. 382
“ အရမ်းစိတ်ပူမနေနဲ့… ဒီစွမ်းအားက သူ့ကို မထိခိုက်စေရင်တောင်မှပဲ အနည်းဆုံးတော့ သူလည်းငါတို့ကို ဘာမှ လုပ်လို့မရဘူး….”
ရှေးဟောင်းကျင့်ကြံသူတစ်ယောက်က လူတိုင်းအား နှစ်သိမ့်စကားဆိုလိုက်သည်။ အားလုံး ခေါင်းညိတ်ပြလိုက်ကြ၏။
မှန်ပေသည်။ ထိုစကားကြောင့် သူတို့စိတ်များ အနည်းငယ် ငြိမ်သက်သွားခဲ့ကြ၏။
သူတို့ အနေဖြင့် ဤမတိုင်မီ ဤမျှ စွမ်းအားကြီးမားသော သတ်ဖြတ်ခြင်းအစီအရင်အကြောင်းမြင်ဖူးရန် နေနေသာသာ ကြားပင်မကြားဖူးကြချေ။
ဤ အလွန်ကြီးမားသော အစီအရင်ကြီးက သူတို့ အင်အားစု (၃၇) ခုအား အလွန်အကူအညီပေးခဲ့သည်။
သို့သော် ၎င်းက အမွှေးတိုင်တစ်တိုင် ကုန်စာလောက်သာ စိတ်ချ၍ ရနိုင်၏။
ထိုအချိန်တွင် တစ်လှမ်းချင်းလမ်းလျောက်နေသော ရွှမ်ယီ ရုတ်တရက်ရပ်တန့်လိုက်ပြီး နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုအပြုံးက မနက်ခင်းနေရောင်ချည်အလား နွေးထွေးနေသော်လည်း အင်အားစု (၃၇) ခုမှ လူများအတွက်မူ ရေခဲတုံးပမာ အေးစက်လွန်းလှ၏။
“ မဖြစ်နိုင်ဘူး… သူဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် အစီအရင်မျက်လုံးကို ရှာတွေ့နိုင်မှာလည်း…”
ရှေးဟောင်းကျင့်ကြံသူတစ်ယောက်က မယုံကြည်နိုင်စွာအော်ဟစ်လိုက်သည်။
“ စိတ်ပူမနေနဲ့… သူက ငါတို့ကို စိတ်ရှုပ်စေချင်လို့ လှည့်ကွက်တွေ လုပ်ပြီး ကစားနေတာ…”
အသက်အရွယ်ကြီးရင့်သော ကောင်းကင်ဘုရင်တစ်ယောက်က လူတိုင်း၏ စိတ်ဓာတ်များတည်ငြိမ်စေရန်အတွက် လေးနက်သော လေသံဖြင့်ပြောလိုက်သည်။
သို့သော် သူ၏ စကားပင်မဆုံးသေးချေ ၊ ရွှမ်ယီ ဓါးတစ်ချက် ဝှေ့ယမ်းသည်ကို တွေ့လိုက်ရသည်။
ဘမ်း….
ဓါးချီ အလင်းတန်းကျရောက်သွားသည့် လေဟာနယ် နေရာလွတ်က ကွဲအက်သွားကာ ၎င်းအတွင်းမှ သွေးအန်သံတစ်ခု ကြားလိုက်ရ၏။
ဖူး……
ပုံရိပ်တစ်ခု နောက်သို့ လွင့်စင်သွားလေသည်။
အတိအကျပြောရလျှင် ဤ သတ်ဖြတ်မှုအစီအရင်အား စတင်ပြုလုပ်ခဲ့သော ကောင်းကင်ဘုရင်ဖြစ်၏။
ယခုအချိန်တွင် သူ၏ နှုတ်ခမ်းထောင့်၌ သွေးများစွန်းထင်းနေကာ မျက်နှာက အလွန်အမင်းဖြူဖျော့နေ၏။
သူ၏ အရှိန်အဝါများလည်း အလွန်ကျဆင်းသွားလေသည်။
လက်ထဲ၌ ကိုင်ထားသော အစီအရင်ပြားလည်း အက်ကွဲသွားခဲ့၏။
တစ်ခဏအကြာတွင် ၎င်းက ပေါက်ကွဲသွားတော့၏။
ထို့နောက် ပြာအဖြစ် ပြောင်းလဲသွားလေသည်။
သတ်ဖြတ်ခြင်းအစီအရင် ပျက်စီးသွားချေပြီ။
ထို ပျက်စီးမှုမှနေပြီး အစီအရင်၌ ပါဝင်ခဲ့သူတိုင်းပြင်းထန်သော ဒဏ်ရာ ရရှိခဲ့ကြသည်။
သို့သော် သူတို့ အလွန်ထိတ်လန့်နေကြသည်ဖြစ်ရာ ဒဏ်ရာများကိုပင် ဂရုစိုက်နိုင်ခြင်းမရှိကြချေ။
သူတို့ ခေါင်းမော့ကြည့်လိုက်လျှင် နောက်ထပ် မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ခုအား တွေ့လိုက်ရ၏။
ကောင်းကင်ထက်ရှိ မူလဒေသနှင့် ကျန်ဒေသများ ထိစပ်ရာ လေဟာနယ်အတွင်း၌ အင်ပါယာများအကြား တိုက်ပွဲပြီးဆုံးသွားဟန်ရသည်။
ထင်းရှူးအဘိုးအိုက တိုးညှင်းစွာ ဟစ်ကြွေးလိုက်ပြီး သူ၏ လက်တွင်းမှ ထင်းရှူးတုတ်အား ဝှေ့ယမ်းလိုက်လျှင် ၎င်းက ချက်ချင်း မီတာ (၃) ထောင် ဝန်းကျင် ရှည်ထွက်သွား၏။
နဂါးကြီးတစ်ကောင်အလားပင်။
အစိမ်းရောင်နဂါးကြီးက ပြင်းထန်သော အရှိန်အဟုန်ဖြင့် တိုးဝင်သွားပြီး မိုးကြိုးအင်ပါယာ၏ လျှို့ဝှက်ပညာရပ်များအားလုံးကို ဖြိုခွဲပစ်လိုက်သည်။
ထို့နောက် သူ၏ ရင်ဘတ်တည့်တည့်သို့ ထိုးဖောက်ဝင်ရောက်သွား၏။
ဝေါ့…
လီချင်းယန်၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေပြီး မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ရင်ဘတ်သို့ ငုံ့ကြည့်လိုက်သည်။
ဘန်း….
မိုးကြိုးအင်ပါယာ လီချင်းယန်၏ ခန္ဓာကိုယ် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။
“ မိုးကြိုးအင်ပါယာ သေသွားပြီလား…”
ရှေးဟောင်းမဟာမိတ်အဖွဲ့၀င် အင်အားစုများမှ လူတိုင်း အလွန်အံ့ဩသွားကြ၏။ သူတို့ မျက်လုံး၌ မြင်နေရသောအရာအား မယုံနိုင်ကြပေ။
တစ်ခဏအကြာတွင် လေထဲ၌ လျှပ်စီးများလက်ပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာ၏။
၎င်းက စိတ်ဝိညာဉ်အင်ပါနှင့် တိုက်ခိုက်ခဲ့စဉ်က မိုးကြိုးအင်ပါယာ လီချင်းယန် ဆင့်ခေါ်ခဲ့သော (၃) ရောင်ခြယ် နတ်ဘုရားစင်မြင့် ဖြစ်ပေသည်။
၎င်းမှ နတ်စွမ်းအင်များ အပြင်းအထန် တွန်းကန်ထွက်ပေါ်လာပြီး လူပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။
ထို ပုံရိပ်က အလွန်အံ့ဩစရာကောင်းလောက်အောင်ပင် မိုးကြိုးအင်ပါယာ လီချင်းယန် ဖြစ်နေ၏။
“ မိုးကြိုးအင်ပါယာ မသေသေးဘူးကွ…”
ရှေးဟောင်းမဟာမိတ်အဖွဲ့၀င် အင်အားစုများမှ လူများ မျက်ဝန်းထဲ၌ မျှော်လင့်ချက်ရောင်ခြည်များ ပြန်လည်ထွက်ပေါ်လာလေသည်။
အလွန် ဝမ်းသာအားရ ဖြစ်သွားကြ၏။
သူတို့အနေဖြင့် နှစ်ပေါင်းများစွာ နေထိုင်ကျင့်ကြံခဲ့ကြပြီး အလွန်ခိုင်မာသော တာအိုနှလုံးသား ရှိနေပြီဖြစ်သည့်တိုင် လက်ရှိအချိန်၌ အချိန်ခဏလေးအတွင်းတွင် အပြောင်းအလဲများစွာ ဖြစ်ပျက်သွားခဲ့၏။
၎င်းက သူတို့ခံနိုင်ရည်ထက်ကျော်လွန်နေချေပြီ။
“ ဟား.. ဟား.. ဟား…. ရွှမ်ယီ… မင်းသိပ်ပြီး မောက်မာမနေနဲ့… မိုးကြိုးအင်ပါယာကို သတ်လို့မရဘူးကွ…”
ရှေးဟောင်းမဟာမိတ်အဖွဲ့ဝင် အင်အားစုမှ ကောင်းကင်ဘုရင်တစ်ယောက်က ကျယ်လောင်စွာ ရယ်မောလိုက်၏။
သူ၏ မျက်ဝန်းများထဲ၌ ရူးသွပ်မှုများ ပြည့်နှက်နေပေသည်။
အင်ပါယာအဆင့်သို့ရောက်လျှင် ခန္ဓာကိုယ်အတွင်းမှ နာမ်ဝိညာဉ်များအားလုံး တစ်ခုတည်းအဖြစ်ပေါင်းစည်းသွားပြီး နတ်စွမ်းအင်များစွာ စုဆောင်းထားသော ထာ၀ရနတ်ဘုရားစင်မြင့်အဖြစ် ပြောင်းလဲသွားသည်။
ထာ၀ရနတ်ဘုရားစင်မြင့် ရှိနေသေးသ၍ သူ၏ ခန္ဓာကိုယ် ပျက်ဆီးသွားလျှင်ပင် နတ်ဘုရားစင်မြင့်အတွင်းမှ နတ်တန်ခိုးစွမ်းအားများဖြင့် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နိုင်ပေသည်။
ဤသို့ဖြင့် မိုးကြိုးအင်ပါယာ ပြန်လည်ရှင်သန်လာခဲ့ခြင်းဖြစ်၏။
ရှေးဟောင်းမဟာမိတ်အဖွဲ့ဘက်မှ ကောင်းကင်ဘုရင်က ရွှမ်ယီအား လက်ညိုးထိုးကာ လှောင်ရယ်လိုက်ရင်း
“ မင်းက ရှေးဟောင်းမဟာမိတ်အဖွဲ့ဝင်တွေကို သတ်ခဲ့တဲ့အပြင် သူတို့အင်အားစုတွေကိုလည်း သတ်ဖြတ်ခဲ့တယ်… မိုးကြိုးအင်ပါယာ ဒီနေရာက လွတ်မြောက်သွားတာနဲ့ မင်းရဲ့မိသားစုနဲ့ဂိုဏ်း ရှိရှိသမျှအရာအားလုံး သွေးချောင်းစီး လက်စားချေခံရလိမ့်မယ်…”
“ အင်ပါယာတစ်ယောက်ရဲ့ လက်စားချေမှုက ဘယ်လောက်ထိကြောက်စရာကောင်းလိုက်သလဲ… ဟမ့်… အဲ့ခါကျမှ ငရဲမှာ နောင်တရနေလိုက်ပေါ့…”
“ မင်းတစ်သက်လုံး မိုးကြိုးအင်ပါယာရဲ့ အရိပ်အောက်က လွတ်မြောက်နိုင်မှာ မဟုတ်ဘူး……”
ထို ကောင်းကင်ဘုရင်၏ စကားများ လမ်းခုလတ်၌ ရပ်တန့်သွားလေသည်။
တိုက်ပွဲမြေပြင်နေရာတွင် မိုးကြိုးအင်ပါယာ ပြန်လည်ရှင်သန်လာသော်လည်း သူနောက်ထပ်မလှုပ်ရှားနိုင်သေးခင်မှာပင် အစိမ်းရောင်ထင်းရှူးပင်၏ သစ်ကိုင်းများ နောက်တစ်ကြိမ် လှည့်ပတ်နေပြီဖြစ်၏။
အစိမ်းရောင် နတ်စွမ်းအားများ မြင့်တက်လာခဲ့ပြီး အကန့်အသတ်မဲ့သော အသက်စွမ်းအားများက အစိမ်းရောင် ထင်းရှူးတုတ်ထံသို့ စီးဝင်သွား၏။
၎င်းက မိုးကြိုးအင်ပါယာ လီချင်းယန်အတွက် အလွန်ကြောက်မက်ဖွယ်စွမ်းအားတစ်ခုဖြစ်သည်။
သူက အံကြိတ်လိုက်ပြီး လက်နှစ်ဖက်အား အဆက်မပြတ်လှုပ်ရှားကာ ဆန်းကျယ်သော လက်ဟန်များပြုလုပ်လိုက်သည်။
ထိုအခါ ခရမ်းရောင် နတ်စွမ်းအားများ ထွက်ပေါ်လာပြီး ရဲ့ချင်းဆုန်၏ တိုက်ခိုက်မှုအား တားဆီးလိုဟန်ဖြင့် အစိမ်းရောင်ထင်းရှူးကိုင်းများထံသို့ ရွေ့လျားသွားခဲ့သည်။ သို့သော် အချည်းနှီးသာဖြစ်၏။
ရဲ့ချင်းဆုန်၏ ထိန်းချုပ်မှုအောက်တွင် အစိမ်းရောင် ထင်းရှူးကိုင်းများက ကမ္ဘာကြီးနှင့် တစ်သားတည်းဖြစ်နေဟန်ရပြီး ၎င်း၏ သွားရာလမ်းကြောင်းများက မှန်းဆ၍မရအောင်လေးနက်လွန်းလှသည်။
ထင်းရှူးကိုင်းများက မိုးကြိုးအင်ပါယာ ပြုလုပ်ထားသော အတားအဆီးများကို အလွယ်တကူ ရှောင်တိမ်းသွားခဲ့၏။
ထို့နောက် နောက်တစ်ကြိမ် မိုးကြိုးအင်ပါယာ လီချင်းယန်၏ ရင်ဘတ်သို့ ထိုးဖောက်ဝင်ရောက်သွားပြန်၏။
ဘန်း…
လီချင်းယန်၏ ခန္ဓာကိုယ် အပိုင်းအပိုင်းကွဲသွားပြီး ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။
ရှေးဟောင်းမဟာမိတ်အဖွဲ့ဘက်မှ လူများစကားပင်မပြောနိုင်ကြတော့ချေ။
တိုက်ပွဲမြေပြင်နေရာ၌ ထာ၀ရနတ်ဘုရားစင်မြင့်အတွင်းမှ ဟိန်းဟောက်ကာ ပြေးထွက်လာသည့် လီချင်းယန်ကိုသာ ငေးကြည့်နေကြတော့သည်။
လီချင်းယန် တတိယတစ်ကြိမ် အသတ်ခံလိုက်ရပြန်သည်။
(၄) ကြိမ်မြောက်… (၅) ကြိမ်မြောက်… (၆) ကြိမ်မြေက်…
လီချင်ယန်၏ မျက်ဝန်းများထဲ၌ မျှော်လင့်ချက်အရိပ်အယောင်ရှိနေဆဲဖြစ်ကာ အဆက်မပြတ်ကြိုးစားနေ၏။
သို့သော် နံဘေးမှ စောင့်ကြည့်နေကြသော ရှေးဟောင်းမဟာမိတ်အဖွဲ့မှ လူများအတွက်မူ အလွန်စိတ်ဓာတ်ကျနေကြပြီဖြစ်၏။
တိုက်ပွဲမြေပြင် နေရာ၌ လီချင်းယန်ကမူ အကြိမ်ကြိမ်ပြန်လည် မွေးဖွားနေခဲ့ပြီး ထိုနေရာမှ လွတ်မြောက်ရန် ကြိုးစားနေခဲ့သည်။
သို့သော် ထိုနေရာမှ လေဟာနယ်အား ရဲ့ချင်းဆုန်က ဆီးခတ်ထားပြီးဖြစ်၏။
လက်ရှိ လီချင်းယန်၏ စွမ်းအားဖြင့် ထိုနေရာမှ လုံးဝ ကျော်ဖြတ်နိုင်မည်မဟုတ်ပေ။
သူ ပြန်လည်မွေးဖွားလာပြီး တစ်ခဏကြာတိုင်း အစိမ်းရောင် ထင်းရှူးကိုင်းများထံ၌ အသတ်ခံနေရစမြဲဖြစ်သည်။