အခန်း (၃၈၃)
Vol. 26 Ch. 383
သို့သော် လက်ရှိထက် အနည်းငယ်ကြိုးစားသည်နှင့် လွတ်မြောက်တော့မည့်ပုံ ဖြစ်နေခဲ့၏။
သို့သော် ၎င်းက ရဲ့ချင်းစုန် တမင်တကာ ဖန်တီးထားသည့် မျှော်လင့်ချက်အမှားတစ်ခုသာ ဖြစ်ပေသည်။
“ ဒါက…”
တောင်ပိုင်းတိုက်ကြီးမှ ထိပ်တန်းဒေသ တစ်နေရာတွင်
အင်ပါယာ (၃) ယောက်တို့က လီချင်းယန် အကြိမ်ကြိမ်အသတ်ခံနေရသော မြင်ကွင်းအား မှင်သက်စွာ ငေးကြည့်နေခဲ့ကြသည်။
အချိန်အတန်ကြာပြီးနောက် သက်ပြင်းရှည်ကြီးတစ်ခု ထွက်ပေါ်လာ၏။
စိတ်ဝိညာဉ် အင်ပါယာ၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့တုန်လှုပ်ဟန်များ ရှိနေခဲ့ပြီး အချိန်တော်တော်ကြာပြီးနောက်မှ ရေရွတ်မိလိုက်သည်။
ရက်စက်စွာသတ်ဖြတ်ခြင်း…
မှန်ပေသည်။ ၎င်းက နှိပ်စက်နေခြင်းပင်။
ရဲ့ချင်းစုန် ခွန်အားဖြင့်ဆိုပါက လီချင်းယန်၏ နတ်ဘုရားစင်မြင့်ကို တစ်ချက်တည်းဖြင့် ဖျက်ဆီးရန်လုံလောက်သည်။
ထိုအခါ လီချင်းယန် ချက်ချင်း အသတ်ခံရပေလိမ့်မည်။
သို့သော် ရဲ့ချင်းစုန်က ထိုကဲ့သို့ မလုပ်ခဲ့ပေ။
သူက လီချင်းယန်အား ထင်ယောင်ထင်မှားမျှော်လင့်ချက်အမှားများကို ပေးထားခဲ့ပြီး အသက်ပြန်ရှင်လာတိုင်း ဆက်တိုက် သတ်ဖြတ်နေခဲ့သည်။
လီချင်းယန် ဘက်တွင်မူ ရဲ့ချင်းစုန် တမင်တကာ ဖန်တီးပေးထားသော အခြေအနေများကို အမှန်တကယ်ဟု ထင်မှတ်နေခဲ့ပြီး မကြာခင် လွတ်မြောက်နိုင်မည်ဟု ယုံကြည်နေခဲ့၏။
သို့သော် လက်တွေ့တွင် လုံးဝ မျှော်လင့်ချက်မရှိချေ။
ရဲ့ချင်းစုန်၏ ကျင့်ကြံမှုက လီချင်းယန်ထက်များစွာ မြင့်မားပေသည်။
ရဲ့ချင်းစုန်က ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာဖန်တီးထားသော အရာအား လီချင်းယန် အနေဖြင့် မြင်နိုင်စွမ်းမရှိချေ။
ပွဲ့ကြည့်ပရိတ်သတ်များအတွက်မူ…
အင်ပါယာအဆင့် ကျင့်ကြံသူများဖြစ်စေ ၊ ရှေးဟောင်းမဟာမိတ်မှလူများဖြစ်စေ ၊ ကျောင်းကျီတို့ ဟွမ်ဖူမိသားစုဘက်မှ ကောင်းကင်ဘုရင်များဖြစ်စေ အားလုံး မျက်ဝန်းထဲ၌ ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့သည်။
သူတို့က ယဲ့ချင်းဆုန် နှင့် ရန်သူများမဟုတ်သော်လည်း ယခုအချိန်၌ အသွေးအသားထဲမှ အလွန်ကြောက်ရွံ့နေမိ၏။
အင်ပါယာအဆင့်ကျင့်ကြံသူ ဆိုသည်မှာ မည်သည့်နေရာတွင်မဆို အမြင့်ဆုံးသော တည်ရှိမှုများဖြစ်သည်။
သို့သော် ယခုတွင် မိုးကြိုးအင်ပါယာမှာမူ ကလေးတစ်ယောက်ကဲ့သို့ ကစားခံနေရသည်။
ဘုန်း…..
တိုက်ပွဲမြေပြင်နေရာမှ အလွန်ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။
မိုးကြိုးအင်ပါယာ (၉၂) ကြိမ်မြောက် သေဆုံးခဲ့ပြီးချေပြီ။
နောက်ဆုံးတွင် သူ၏ နတ်ဘုရားစင်မြင့်က အလွန်စွမ်းအင်ကုန်ခမ်းနေပြီဖြစ်ကာ ခံနိုင်ရည်မရှိတော့ပေ။
၎င်း၏ မျက်နှာပြင်၌ မရေမတွက်နိုင်သော အက်ကြောင်းများ ဖြစ်ပေါ်နေခဲ့ပြီး တောက်ပသော နတ်အလင်းများ ထွက်ပေါ်နေခြင်းလည်း မရှိတော့ချေ။
၎င်းက လီချင်းယန်၏ ပြန်လည်မွေးဖွားခြင်းအား ဆက်လက်ထောက်ပံ့နိုင်ခြင်းမရှိတော့ချေ။
လီချင်းယန် အလွန်တုန်လှုပ်နေပြီဖြစ်၏။
“ သူ့ကို သတ်လိုက်တော့…”
ရွှမ်ယီ၏ စကားသံ ထွက်ပေါ်လာလေသည်။
တစ်ချိန်တည်းတွင် အလွန်တုန်လှုပ်ခြောက်ခြားနေပြီဖြစ်သော ရှေးဟောင်းမဟာမိတ်အဖွဲ့မှ လူများရှိရာသို့ ဖန်ဂျီဓါးကလည်း ဂရုဏာ ကင်းမဲ့စွာ ကျဆင်းသွားလေသည်။
မူလဒေသ၌ အလင်းတန်းကြီးနှစ်ခု တောက်ပသွားခဲ့သည်။
လီချင်းယန်၏ ထဝရနတ်ဘုရားစင်မြင့် ပျက်စီးသွားပြီဖြစ်၏။
ရှေးဟောင်းမဟာမိတ်မှ ကျင့်ကြံသူများအားလုံးလည်း ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားချေပြီ။
မူလဒေသတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
…..
ရွှမ်ယီ၏ ပုံရိပ် ရှေးဟောင်းစစ်မြေပြင်၌ ထွက်ပေါ်လာခဲ့သည်။
သူ့နောက်တွင်မူ ကျန်းချန် ၊ ယုလင်းလုံ နှင့် ကျန်တပည့်များအနီးကပ်လိုက်ပါလာကြ၏။
“ ဆရာက ငါတို့ကို ဘယ်ခေါ်သွားနေတာလဲ…”
ကိုင်လင်းအာက ကျန်းချန် အနားသို့ကပ်ပြီး တီးတိုးမေးလိုက်သည်။
ကျမ်းချန်က ခေါင်းယမ်းလိုက်ပြီး
“ အဲ့တာတော့ ငါလည်းမသိဘူး… ဒါပေမယ့် ဆရာဘယ်သွားသွား ငါကတော့ လိုက်သွားမှာပဲ…”
သူတို့ ဆွေးနွေးနေကြစဉ် ရှေ့ဆုံးမှ သွားနေသော ရွှမ်ယီက ရုတ်တရက်ရပ်တန့်လိုက်၏။
တောင်ပိုင်းတိုက်ကြီးတစ်ခွင်အား တုန်လှုပ်သွားစေသော မူလဒေသမှ တိုက်ပွဲကြီး ဖြစ်ပေါ်ခဲ့သည်မှာ (၃) ကြာသွားခဲ့ချေပြီ။
ဤ (၃) ရက်အတွင်း ထိုကြောက်မက်ဖွယ် တိုက်ပွဲသတင်းနှင့် ရွှမ်ယီ၏ နာမည်အား တောင်ပိုင်းတိုက်ကြီးမှ လူတိုင်းနီးပါးကြားခဲ့ရသည်။ သို့သော် ရွှမ်ယီကမူ ထိုကဲ့သို့ ကျော်ကြားခြင်းများအား အနည်းငယ်မျှ စိတ်၀င်စားခြင်းမရှိချေ။
ရှေးဟောင်းမဟာမိတ်အဖွဲ့မှ အကြွင်းအကျန်များအားလုံး အသတ်ခံရပြီးကြောင်း အတည်ပြုပြီးသောအခါတွင် ရွှမ်ယီက သူ၏ တပည့်များအား ရှေးဟောင်းစစ်မြေပြင်သို့ ခေါ်ဆောင်လာခဲ့၏။
ရွှမ်ယီအနေဖြင့် တောင်ပိုင်းတိုက်ကြီးအပေါ်၌ ထူးခြားသော ခံစားချက် တစ်စုံတစ်ရာ မရှိခဲ့ပေ။ ထို့ကြောင့် ရှေးဟောင်းစစ်မြေပြင်မှ မြေအောက်နန်းတော်၏ အကူအညီဖြင့် ကျင့်ကြံရန်သာ အာရုံစိုက်ထားခဲ့သည်။
တပည့်များအား အနည်းငယ်လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကာ သူ၏ ကျင့်ကြံမှုကိုလည်း မြှင့်တင်မည်ဖြစ်၏။
နောက်ဆုံးတွင် သူ့ထံ၌ စနစ်၏ အဓိက တာဝန်ကို ပြီးမြောက်စေရန်အတွက် ပါရမီအမှတ် (၅၀၀) ကျော်သော တပည့်တစ်ဦး ထပ်မံရှာဖွေရန် လိုအပ်နေသေးသည်။
သို့သော် တောင်ပိုင်းတိုက်ကြီးတွင် မျှော်လင့်ချက်လုံးဝ မရှိပေ။ သူ၏မျှော်လင့်ချက်များအား ကျန်တိုက်ကြီးများသို့ ပုံအပ်ထားရန်သာ တတ်နိုင်၏။
“ ဒီနေရာပဲ…”
ရွှမ်ယီ၏ ရှေ့တွင် မှောင်မဲနေသော လျှိုမြောင်ကြီးတစ်ခုရှိနေခဲ့ပြီး ထိုနေရာတွင် ရွှေရောင်တာအိုတာအိုအမှတ်အသားများဖြင့် တစ်ဖျတ်ဖျတ်တောက်ပနေသော မြေအောက်နန်းတော်ကြီးတစ်ခုရှိနေပေသည်။
ထိုမြေအောက်နန်းတော်ကြီးက ကီလိုမီတာပေါင်းများစွာ ရှည်လျားကျယ်ဝန်းပြီး အကန့်အသတ်မရှိဟုပင် ထင်မှတ်ရသည်။
ဤနေရာက မူလဒေသမှ တိုက်ပွဲကြီးမတိုင်မီ ရှေးဟောင်းစစ်မြေပြင်သို့ ရွှမ်ယီ လေ့ကျင့်ရန်လာခဲ့စဉ်က ရှာဖွေတွေ့ရှိခဲ့သော နေရာဖြစ်၏။
ရှေးဟောင်းစစ်မြေပြင်မှ သဘာဝဥပဒေသ စွမ်းအားများ အများဆုံး စုစည်းနေသည့်နေရာဟု ယူဆနိုင်သည်။ တပည့်များအား မြေအောက်နန်းတော်အတွင်းသို့ စေလွှတ်ခဲ့ပြီးနောက် ရွှမ်ယီက မြေအောက်နန်းတော်၏ ပတ်ဝန်းကျင်၌ အစီအရင်တစ်ခု တည်ဆောက်လိုက်၏။
တစ်ခြားလူများ စိတ်အနှောက်အယှက်လာပေးခြင်းမှ ကာကွယ်ရန်အတွက် မြေအောက်နန်းတော်အား ဖုံးကွယ်ထားရန်လိုအပ်သည်။
ထိုမှသာလျှင် မြေအောက်နန်းတော်၌ သူတို့အဖွဲ့ အေးအေးချမ်းချမ်းကျင့်ကြံနိုင်မည်ဖြစ်၏။ ဤသို့ဖြင့် ရွှမ်ယီတို့ အဖွဲ့ တံခါးပိတ်ကျင့်ကြံမှုက (၃) လကြာသွားခဲ့သည်။
ထို (၃) လအတွင်း ရှေးဟောင်းစစ်မြေပြင်မှ ရှေးဟောင်းကျင့်ကြံသူများစွာ ဆက်လက်ထွက်ပေါ်လာခဲ့၏။
ထိုအထဲမှ တစ်ယောက်ချင်းစီတိုင်းက အဆင့်ကျော်တိုက်ခိုက်နိုင်စွမ်းရှိကြသည်။ အင်ပါယာ တစ်ဝက်အဆင့် ကျင့်ကြံသူများပင်ရှိနေ၏။
သူတို့သာ စွမ်းအား လုံလုံလောက်လောက်စုဆောင်းပြီးပါက အင်ပါယာအဆင့်သို့ ဖြတ်ကျော်နိုင်ပေလိမ့်မည်။
သို့သော် ကျန်ရှေးဟောင်းကျင့်ကြံသူများဖြစ်စေ ၊ အင်ပါယာတစ်ဝက်အဆင့် ရှေးဟောင်းကျင့်ကြံသူများဖြစ်စေ…
သူတို့၏ စိတ်များ ပုံမှန်အခြေအနေဟုတ်မနေလျှင်ပင်…
ယခင်တုန်းကကဲ့သို့ ရက်စက်ကြမ်းကြုတ်ကာ အထိန်းအကွပ်မဲ့သော အပြုအမူမျိုးမည်သူမှ မလုပ်ရဲကြချေ။
အလွန်မောက်မာကာ ကြီးစိုးလိုသော ရှေးဟောင်းကျင့်ကြံသူများရှိနေလျှင်ပင် သူတို့ မျိုးဆက်များက ချက်ချင်းသတိပေးကြပေလိမ့်မည်။
မိသားစု သို့မဟုတ် ဂိုဏ်းဂဏ မရှိသော ရှေးဟောင်းကျင့်ကြံသူများလည်း အလွန်ရက်စက်သော အပြုအမူများ ပြုလုပ်ခဲ့ကြခြင်းမရှိကြချေ။
၎င်းတို့လုပ်လာပါက လက်ရှိ မျက်မှောက်ခေတ်မှ ကျင့်ကြံသူများပင်မလိုအပ်ဘဲ ကျန်ရှေးဟောင်းကျင့်ကြံသူများကိုယ်တိုင် တာဝန်ယူ ဖြေရှင်းပေးကြပေလိမ့်မည်။
တောင်ပိုင်းတိုက်ကြီး၏ သွေးလွှမ်းသော ကိစ္စရပ်များက တောင်ပိုင်းတိုက်ကြီးမှ အငြင်းပွားဖွယ်မရှိသော နံပါတ် (၁) ပါရမီရှင်ကြောင့် အရာအားလုံး ပြောင်းလဲသွားခဲ့ရသည်။
ရွှမ်ယီ…..!
သို့သော် မူလဒေသမှ မဟာတိုက်ပွဲကြီးအပြီးတွင် ရွှမ်ယီက လူတိုင်း၏ မျက်စိအောက်မှ တစ်ဖန်ပြန်လည် ပျောက်ကွယ်သွားခဲ့၏။ တစ်ချို့စကားများအရဆိုလျှင် ၎င်းက ကျင့်ကြံရန် ရှေးဟောင်းစစ်မြေပြင်သို့ ဝင်သွားသည်ဟု ဆိုကြသည်။
လက်ရှိအချိန်၌ သူ့ကို မည်သူမှ တွေ့နိုင်ခြင်းမရှိချေ။
ရှေးဟောင်းကျင့်ကြံသူများလည်း သက်ပြင်းချလိုက်မိကြ၏။