အခန်း (၃၈၈)
Vol. 26 Ch. 388
ရွှမ်ယီ လက်ထဲတွင်ကိုင်ထားသော ရွှမ်ယွမ် ကြယ် (၃) ပွင့်မြက်ပင်က ပြင်ပကမ္ဘာ၌ ဆိုပါက တိုက်ပွဲများဖြစ်ပေါ်လာမည်မှာ မလွဲဧကန်ပင်။
သို့သော် ရွှမ်ယီက အသာအယာပြုံးလိုက်ပြီး ကျန်းချန်ရှိရာသို့ ကမ်းပေးလိုက်၏။
လက်ရှိတွင်ရွှမ်ယီ၏ အနေအထားဖြင့် ဤဆေးပင်မျိုးအား အနည်းငယ်မျှ ဂရုမစိုက်တော့ချေ။
လူသားဘုရင်အဆင့်အတွက် အသုံးဝင်သောဤ ဆေးပင်များက ယခင် အဆုံးမဲ့ပင်လယ်တိုက်ပွဲတွင် ရရှိခဲ့သော ဆုလဒ်များဖြစ်၏။
ထို့အပြင် ယခင်တိုက်ပွဲများမှ သူသိမ်းယူရရှိခဲ့သော ရတနာများဖြင့်ဆိုပါက ရွှမ်ယွမ် ကြယ် (၃) ပွင့်မြက်ပင်က သူ့အတွက် တန်ဖိုးသိပ်မရှိလှချေ။
တစ်ဖက်တွင်မူ ရွှမ်ယီ၏ ကြင်နာမှုကြောင့် ကျန်းချန် အလွန် ဝမ်းသာသွား၏။
ရွှမ်ယီက ကျန်းခန်အား ရွှမ်ယွမ် ကြယ် (၃) ပွင့်မြက်ပင်အားပေးပြီးနောက် လက်ဝှေ့ယမ်းလိုက်ကာ သွားခွင့်ပြုလိုက်သည်။
ကျန်းချန်က မျက်ရည်စို့နေသော မျက်ဝန်းများနှင့်အတူ ရွှမ်ယီအား လေးလေးစားစား ဦးညွှတ်ကာ နောက်သို့တဖြည်းဖြည်းဆုတ်လျက် ထွက်ခွာသွားတော့သည်။
သူ၏ ဦးတည်ရာက အဇူရာဒေသသို့ဖြစ်၏။
ယခင် ရွှေနန်းတော်အပြင်၌ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်၌ တားတီးရန်အတွက် ရွှမ်ယီက ကျန်းချန်အား စေလွှတ်ခဲ့စဉ်က ၎င်းအား သူ၏ ဓါးရည်ရွယ်ချက် ထည့်သွင်းထားသော ဓါးငယ် (၃) ချောင်းပေးအပ်ခဲ့သည်။
ထိုအချိန်က ကျန်းချန် တစ်ခုသာ အသုံးပြုခဲ့သေး၏။ ကျန်းချန်လက်ထဲတွင် နောက်ထပ်နှစ်ခုကျန်နေသေးသည်။
ထိုရတနာတစ်ခုချင်းစီက အထွတ်အထိပ်ကောင်းကင်ဘုရင်အား သတ်ဖြတ်ရန် လုံလောက်သည်။ ထို့ကြောင့် ရွှမ်ယီအနေဖြင့် တစ်ယောက်တည်းထွက်ခွာသွားသော ကျန်းချန်၏ လုံခြုံရေးအတွက် စိတ်မပူခဲ့ချေ။
ကျန်းချန်နှင့်ပတ်သက်သော ကိစ္စများအား ဖြေရှင်းပြီးနောက် ရွှမ်ယီက အင်ပါယာအမိန့်ပြန်တမ်းပေါ် အာရုံစိုက်လိုက်သည်။
“ နဂါးဒေသ…”
ထိုအမည်အား ရွှမ်ယီ ယခင်ကတည်းက ကြားဖူးထား၏။
၎င်းက နန်ကျိုးမှ အကြီးမားဆုံးသော ဒေသတစ်ခုဖြစ်ပေသည်။
ထိုဒေသက အလွန်ကျယ်ဝန်းကာ အရင်းအမြစ်များ ၊ သဘာဝထွက်ကုန်များပေါများကြွယ်ဝသော်လည်း ဘေးချင်းကပ်တည်ရှိနေသော ဂိုဏ်းနှစ်ခုသာ ရှိ၏။
အဘယ်ကြောင့်ဆိုသော် ထိုဂိုဏ်းနှစ်ခုက အင်ပါယာ ကုယွမ်နှင့် အင်ပါယာယွမ်ထျန်းဇောင်တို့တည်ထောင်ထားသောကြောင့်ဖြစ်ပေသည်။
ဤတစ်ကြိမ်တွင် ဖိတ်ကြားခံရသည်မှာ အင်ပါယာအမိန့်ဖြင့် တကူးတကဖိတ်ကြားခံရသော ရွှမ်ယီသာမက နန်ကျိုးတစ်ခွင်မှ ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူ အားလုံးနီးပါးပါဝင်သည်။
“ ကောင်းပြီလေ… သွားကြည့်ကြတာပေါ့… တောင်ပိုင်းတိုက်ကြီးက ကောင်းကင်ဘုရင်တွေနဲ့ အင်ပါယာအဆင့် (၃)ယောက်တို့ရဲ့ အနေအထားကို ကြည့်ရအောင်…”
ရွှမ်ယီက အနည်းငယ်ပြုံးလိုက်ပြီးနောက် ကုယီယီအား ခေါ်ကာ သူ အပြင်သို့ခနသွားမည်ဖြစ်၍ ဂျူနီယာ မောင်ငယ် ညီမငယ်များအား ဂရုစိုက်ရန် ပြောကြားလိုက်၏။
ထို့နောက် အလင်းတန်းလေးတစ်ခုအဖြစ်ပြောင်းလျက် နေရာမှ ပျောက်ကွယ်သွားတော့သည်။
နဂါးဒေသ ၊ ဓါး (၉) ချောင်းတောင်
နဂါးဒေသကြီးက မိုင်သန်းပေါင်းရာနှင့်ချီ၍ ကြီးမားကျယ်ဝန်းပေသည်။ ၎င်းအား ဓါး (၉) ချောင်းတောင်တန်းကြီးက အလယ်မှ ဟိုဖက်ဒီဖက် ပိုင်းဖြတ်ထား၏။
ထို့အပြင် ဓါး (၉) ချောင်းတောင်တန်း၌ နှစ်ပေါင်းထောင်နှင့်ချီ သက်တမ်းရှိသော မရေမတွက်နိုင်သော ဆေးပင်များ တည်ရှိနေပေသည်။
သို့သော် သတ္တိကောင်းစွာဖြင့် ထိုတောင်ထက်သို့ ဆေးပင်များ ရှာဖွေရန်လာရောက်သူ အလွန့်အလွန်နည်းပါး၏။
အဘယ်ကြောင့်ဆိုသော် ထိုနေရာက နန်ကျိုးမှ အင်ပါယာအဆင့် ကျင့်ကြံသူ (၃) ယောက်အနက် တစ်ယောက်ဖြစ်သော ကောင်းကင်ဓါး အင်ပါယာ နေထိုင်သည့်နေရာဖြစ်သောကြောင့်ပင်။
သို့သော် ယနေ့တွင် ဓါး (၉) ချောင်းတောင်တန်းပေါ်ရှိ ပတ်ဝန်းကျင်က ပုံမှန်ထက်ပို၍ လှုပ်လှုပ်ရှားရှားဖြစ်နေခဲ့၏။
ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူများနှင့် ကျန်အစွမ်းထက်ကျင့်ကြံသူများ တစ်သုတ်ပြီးတစ်သုတ်ရောက်ရှိလာနေကြသည်။
ဤနေရာသို့ ပထမဦးဆုံးရောက်ရှိနေကြသော နဂါးဒေသမှ ကောင်းကင်ဘုရင်များအနေဖြင့် ကောင်းကင်ထက်မှ အဆက်မပြတ်ထွက်ပေါ်လာနေသော အရှိန်အဝါများကိုကြည့်ကာ စကားမပြောပဲမနေနိုင်ကြတော့ချေ။
ဤတစ်ကြိမ် အသုံးပြုခဲ့သော အင်ပါယာအမိန့်က တောင်ပိုင်းတိုက်ကြီးအား ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့သည်။
ဇာတ်မြုပ်ကျင့်ကြံနေကြသော ကျင့်ကြံသူကြီးများလည်း ပြန်လည် ထွက်ပေါ်လာကြ၏။
“ ဒါက ခုနှစ်သွယ် ဘုရင်ပဲ… လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းနှစ်ထောင်တုန်းက ကောင်းကင်ဓါးအင်ပါယာနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်လေ…”
အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော ကျင့်ကြံသူတစ်ယောက်က ကောင်းကင်အား မော့ကြည့်ကာ ပြောလိုက်သည်။
သူကြည့်နေသော နေရာ၌ စိမ်းစိုသော အလင်းတန်းများဖြင့် တောက်ပနေသည့် ကြာပန်း (၇) ပွင့်ရှိနေခဲ့သည်။ ထိုကြာပန်းများအထက်တွင် ခါးကုန်းကုန်းနှင့် ဆံဖြူ အဘိုးကြီးတစ်ဦး ထိုင်နေ၏။
သူ၏ စွမ်းအားကို တကူးတက ထုတ်ဖော်ထားခြင်းမရှိသော်လည်း ၎င်းထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါတစ်စွန်းတစ်စလေးကပင် ပတ်ဝန်းကျင်မှ လေဟာနယ်အား ကွဲအက်လုနီးပါးဖြစ်နေခဲ့သည်။
“ မြေအောက်ဘုရင်လည်း ရောက်လာပြီ… သူက မြေအောက်ကမ္ဘာရဲ့ ပထမဆုံး ကောင်းကင်ဘုရင်ပဲ… ပြီးတော့ ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်ခုလည်း တည်ဆောက်ထားသေးတယ်… သူက နှစ်ပေါင်း (၈) ထောင်ကြာအောင် မြေအောက်ကမ္ဘာမှ တိတ်တဆိတ်ကျင့်ကြံနေခဲ့ပြီး အခုတော့အပြင်ကို ထွက်လာခဲ့ပြီ… သု့ရဲ့ အရှိန်အဝါကို ကြည့်ရတာ ကောင်းကင်နဲ့ မြေကြီးနဲ့ ပေါင်းစပ်လုနီးပါးဖြစ်နေပြီပဲ…”
မြေအောက်ဘုရင်ဟု ရည်ညွှန်းခံရသော လူ၏ ပတ်ဝန်းကျင်တွင် အနက်ရောင်မြူခိုးများဝဲပျံနေခဲ့ပြီး ၎င်းအတွင်းမှ ငိုသံလိုလို သရဲအော်သံလိုလို အသံများ မကြာခဏ ထွက်ပေါ်နေကာ ကြားရသူတိုင်းအား ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
ဤသို့ဖြင့် ကျန် ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူများ သူ့အနားသို့ မကပ်ရဲကြချေ။
သူနှင့် အတန်အသင့် ရင်းနှီးသော ကျင့်ကြံသူတစ်ချို့သာ ရောက်လာပြီး နှုတ်ဆက်စကား ပြောလိုက်ကြ၏။
“ ဟမ့်…. ဒီကောင် ကောင်းကင်ဓါး… အရင်ထက် အများကြီးပိုပြီး မဆင်မခြင်လုပ်နေပြီပဲ…”
ခုနှစ်သွယ်ဘုရင် ရောက်လာသည်နှင့် ချက်ချင်းကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ကောင်းကင်ဘုရင် အဆင့် စုဝေးပွဲမှာ ဘယ်လိုလုပ်ပြီး လူသားဘုရင်တစ်ယောက်ကို ဖိတ်ခေါ်ခဲ့တာလဲ… သူက ဘယ်လောက်ပဲ အဆင့် (၅) ဓါးရည်ရွယ်ချက်ကို နားလည်ထားပါစေ လူသားဘုရင်အဆင့်က လူသားဘုရင်တစ်ယောက်ပဲလေ… ကောင်းကင်ဘုရင်အဆင့်ကိုတောင် မချိုးဖျက်နိုင်သေးဘူး… သူ့မှာ ဘယ်လိုအရည်အချင်းတွေ ရှိနေလို့လဲ…”
“ ရွှမ်ယီက ဂျူနီယာလေးပါပဲ… ဒါပေမယ့် သူ့နောက်မှာ ကျောထောက်နောက်ခံအနေနဲ့ အင်ပါယာ အဆင့်ကျင့်ကြံသူ တစ်ယောက်ရှိတယ်…”
ခုနှစ်သွယ်ဘုရင်၏ မိတ်ဆွေတစ်ယောက်က အနားကပ်ကာ တီးတိုးစကားဆိုလျှက် သတိပေးလိုက်သည်။
ထိုအခါ ခုနှစ်သွယ်ဘုရင်အနေဖြင့် ဆက်ပြောလိုသော စကားများအား ပြန်လည်မြိုချလိုက်ရတော့သည်။
သူ၏ စွမ်းအားက ထူးခြားကာ တော်တော်လေးအစွမ်းထက်သော်လည်း အင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက်အား အနည်းငယ်မျှ အထီမဲ့မြင်မပြုရဲချေ။
ထို့ကြောင့်မည်သူမှ ပေါ်တင်လှောင်ပြောင်ရဲခြင်းမရှိကြချေ။
ပတ်ဝန်းကျင် တစ်ခွင်လုံး တစ်ခဏမျှ ငြိမ်သက်သွားချိန်တွင် မိုးကုတ်စက်ဝိုင်းအစွန်းတစ်ဖက်မှ မီးတောက်များဖြင့် နီရဲသော ဓါးတစ်ချောင်းထွက်ပေါ်လာခဲ့သည်။
၎င်းနှင့်အတူ နဂါးဟိန်းသံကဲ့သို့ ဓါးအော်သံလည်း တစ်ပြိုင်တည်း ထွက်ပေါ်လာ၏။
၎င်းက မျက်စိတစ်မှိတ်အတွင်း ဓါး (၉) ချောင်းတောင်သို့ ရောက်လာခဲ့သည်။