အခန်း (၃၈၉)
Vol. 26 Ch. 389
“ ဘုရင်ရွှမ် ရောက်လာပြီပဲ… ဒါနဲ့ အင်ပါယာ ရဲ့ချင်းစုန် ပါလာသေးလားမသိဘူး…”
ရောက်ရှိလာသော ဧည့်သည်များအား ဧည့်ခံရန်အတွက် အင်ပါယာ ကုယွမ် မှ စီစဉ်ပေးထားသည့် ကောင်းကင်ဘုရင်တစ်ယောက်က ရွှမ်ယီအနားသို့ ရောက်လာပြီး အပြုံးနှင့် လေးလေးစားစား မေးလိုက်သည်။
ထို ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူလည်း အဆုံးမဲ့ပင်လယ် တိုက်ပွဲ၌ စွမ်းစွမ်းတမံ ပါဝင်ခဲ့၏။ ထို့ကြောင့် ၎င်းအပေါ်၌ ရွှမ်ယီအနေဖြင့် အမြင်ကောင်းရှိပေသည်။
“ အင်ပါယာ ရဲ့ချင်းစုန်က ကျင့်ကြံရာကနေ လာမှာမဟုတ်ဘူး… ပြီးတော့ သူက ဒီလို ကိစ္စတွေမှာ ပါဝင်လေ့မရှိဘူး… ဒီနေ့ ကျုပ်တစ်ယောက်တည်းပဲ ရောက်လာခဲ့တာ… ပြီးတော့ ဖိတ်ကြားခဲ့တုန်းကလည်း အင်ပါယာ ရဲ့ချင်းစုန်ကို ကျုပ်နဲ့အတူ ခေါ်လာရမယ်လို့လည်း မပြောခဲ့ပါဘူး…”
“ အင်း… ဒါက…”
ရွှမ်ယီ၏ စကားအားကြားလျှင် ဧည့်ခံရန် တာဝန်ကျနေသော ကောင်းကင်ဘုရင် အနည်းငယ် ရှက်ရွံ့ဟန် ဖြစ်သွားခဲ့၏။
မသိစိတ်အရ ခန်းမအတွင်းရှိ ပင်မထိုင်ခုံများ ရှိရာဘက်သို့ လှည့်ကြည့်လိုက်မိသည်။
ထိုနေရာတွင် ထိုင်ခုံ (၃) ခုံ တစ်စုတည်းရှိနေပြီး အင်ပါယာအဆင့် ကျင့်ကြံသူ (၃) ယောက်ဖြစ်သော ကုယွမ် ၊ ကျူးကျန်း (ကောင်းကင်ဓါးအင်ပါယာ) နှင့် ယွမ်ထျန်းဇောင် တို့ ထိုင်နေကြသည်။
အမှန်တကယ်တွင်လည်း အင်ပါယာအမိန့်ပြန်တမ်း၌ ရဲ့ချင်းစုန်အား ရွှမ်ယီနှင့် အတူတစ်ပါတည်း ခေါ်ဆောင်လာရန် အတိအလင်းပြောကြားထားခြင်းမရှိချေ။
သို့သော် ၎င်းက ဖုံးကွယ်ထားသော ရည်ရွယ်ချက်တစ်ခုဖြစ်ပေသည်။
ကောင်းကင်ဘုရင်စုဝေးပွဲ၌ လူသားဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်အား ဖိတ်ခေါ်ခြင်းက အနည်းငယ်တော့ အဆင်မပြလှချေ။
အင်ပါယာ တစ်ဝက်အဆင့်အား သတ်ဖြတ်နိုင်သည့် လူသားဘုရင်အဆင့် ကျင့်ကြံသူ ဘယ်တုန်းကမှ မရှိခဲ့ဖူးသော်ငြား ကောင်းကင်ဘုရင်အဆင့် စုဝေးပွဲ၌ လူသားဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ပါဝင်လာသည်မှာလည်း တစ်ခါမှ မကြုံစဖူးဖြစ်သည်။
ဧည့်ကြိုနေရာ၌ တာဝန်ကျနေသည့် ကောင်းကင်ဘုရင်၏ အမြင်တွင် ရွှမ်ယီအနေဖြင့် အင်ပါယာ အမိန့်ပြန်တမ်းအား ရရှိခဲ့ချိန်တွင် ဤ အရိပ်အမြွတ်အား နားလည်သင့်ပေသည်။ အင်ပါယာ ရဲ့ချင်းစုန်အား သူနှင့်အတူ ခေါ်လာသင့်သည်။
သို့သော် မမျှော်လင့်ပဲ ရွှမ်ယီက အလွန်ပင် စည်းကမ်းရှိသူဖြစ်နေ၏။
နောက်ဆုံးတွင် အင်ပါယာ ရဲ့ချင်းစုန်က ဤနေရာမှ အင်ပါယာအဆင့် (၃) ယောက်နှင့် တူညီသော အဆင့်တွင် ရပ်တည်နေသူတစ်ဦးဖြစ်ပြီး ၎င်းတို့ထက်ပင် ကျင့်ကြံမှုမြင့်မားနေသေး၏။
အင်ပါယာအမိန့်ပြန်တမ်းဖြင့် ၎င်းအားဖိတ်ခေါ်ခြင်းမှာ ရိုင်းစိုင်းသည့်သဘော သက်ရောက်ပေသည်။
အဓိက ပြသနာမှာ လီချင်းယန်အား သတ်ဖြတ်ပြီးချိန်ကတည်းက ရဲ့ချင်းစုန် ပျောက်ကွယ်သွားခြင်းပင်။
အင်ပါယာ (၃) ယောက်က ၎င်းအား လူကိုယ်တိုင်တွေ့ဆုံကာ ဖိတ်ကြားချင်သော်လည်း မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ချေ။
ဤသို့ဖြင့် ဧည့်ကြိုကောင်းကင်ဘုရင် အိုးတိုးအန်းတန်းဖြစ်သွားပြီး မည်သို့ ဆက်ပြောရမည်မှန်းမသိတော့ချေ။
အင်ပါယာ (၃) ယောက်၌ အလွန်မြင့်မားသော ကျင့်ကြံမှုရှိသည်။ ၎င်းတို့က လက်ရှိတွင် ရွှမ်ယီနှင့် ပေထောင်ပေါင်းများစွာ ဝေးကွာသော နေရာတွင်ရှိနေသော်လည်း သူတို့စကားဝိုင်းအား ရှင်းလင်းစွာ ကြားနိုင်သေး၏။
ရွှမ်ယီ၏ စကားအား ကြားလျှင် သူတို့၏ မျက်နှာများ အနည်းငယ်ရှုံ့မဲ့သွားခဲ့သည်။
သို့သော် သူတို့က အင်ပါယာ အဆင့်ကျင့်ကြံသူများဖြစ်ပြီး လောက၏ ပြောင်းလဲမှုများနှင့် အဖြစ်အပျက်မျိုးစုံကို ကြုံတွေ့ ခံစားခဲ့ကြဖူးသူများဖြစ်ကာ သူတို့၏ တာအိုနှလုံးသားက အလွန်အားကောင်းပေသည်။
ထို့ကြောင့် ချက်ချင်း ၎င်းတို့အမူအယာက ပြန်လည်တည်ငြိမ်သွား၏။
အမှန်တွင် ရွှမ်ယီ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်စွမ်းထက်လွန်းလှသည်။ ထို့ကြောင့် ၎င်းအား ကောင်းကင်ဘုရင်စုဝေးပွဲ၌ ဖိတ်ကြားခြင်းမှာ ပြသနာ သိပ်မရှိလှပေ။
သို့သော် အင်ပါယာတစ်ဝက်အဆင့် လူအိုကြီးများက အနည်းငယ်စိတ်မချမ်းမြေ့နိုင် ဖြစ်နေကြ၏။
သူတို့၏ ကျင့်ကြံမှုများက အင်ပါယာတစ်ဝက်အဆင့်၌ ပိတ်မိနေကြပြီး အင်ပါယာအဆင့်သို့ ရောက်ရှိချိုးဖျက်နိုင်ရန် သိပ်ပြီးမျှော်လင့်ချက်မရှိလှချေ။
ထိုအချက်ကြောင့် သူတို့၏ စိတ်ဓာတ်များက ယခင်တုန်းကနှင့် ခြားနားစွာ တစ်ဖြည်းဖြည်းခြားနားမှုများ ဖြစ်လာခဲ့ကြသည်။
အထူးသဖြင့် ခုနှစ်သွယ်ဘုရင်ဖြစ်၏။ သူက ကောင်းကင်ဓါးအင်ပါယာ အင်ပါယာတစ်ဝက်အဆင့်၌ ရှိစဉ် အချင်းချင်းတိုက်ခိုက်ခဲ့ဖူးသည်။
သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် အချင်းချင်းအပြန်အလှန်အကြိမ်များစွာတိုက်ခိုက်ခဲ့ကြပြီး နိုင်လိုက် ရှုံးလိုက်နှင့် လည်ပတ်နေခဲ့သည်။ သို့သော် ကံမကောင်းစွာနှင့် သူတို့၏ နောက်ဆုံးတိုက်ပွဲ၌ သူက ကောင်းကင်ဓါးအား ရှုံးနိမ့်ခဲ့သည်။
ထိုတိုက်ပွဲပြီးနောက် ကောင်းကင်ဓါးက ထိုတိုက်ပွဲမှ ဉာဏ်အလင်းတစ်ချို့ရရှိသွားကာ ၎င်း၏ ဓါး (၉) ချောင်းအား ပြီးပြည့်စုံစေခဲ့ပြီး အင်ပါယာအဆင့်သို့ ချိုးဖျက်ရောက်ရှိသွားခဲ့သည်။
ထိုအခါ ချီယွမ်( ခုနှစ်သွယ်ဘုရင်) အနေဖြင့် ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်ကာ တစ်ယောက်တည်း သီးခြားနေထိုင်ခဲ့၏။ ယနေ့အချိန်တွင် သူ၏အဆင့်က လူသားဘုရင်တစ်ယောက်နှင့် အတူယှဉ်တွဲတည်ရှိရမည့်အနေအထားသို့ ကျဆင်းသွားချေပြီလော။
ရွှမ်ယီက အင်ပါယာတစ်ဝက်အဆင့်အား သတ်ဖြတ်ခဲ့သည့် မှတ်တမ်းများရှိသည်။
သို့သော် ချီယွမ်က ၎င်းအား အနည်းငယ်မျှ ဂရုမစိုက်ချေ။
ထို အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူ (၃) ယောက်က မြေအောက်နန်းတော်မှ ပြန်လည်လွတ်မြောက်လာပြီးနောက်မှ အင်ပါယာတစ်ဝက်အဆင့်သို့ ရောက်ရှိသွားကြောင်းသိထားရန်လိုအပ်သည်။
၎င်းတို့ အင်ပါယာတစ်ဝက်အဆင့်သို့ ရောက်ရှိသည်မှာ ဘယ်လောက်မှ မကြာသေးချေ။
ရွှမ်ယီမဆိုထားနှင့် ၎င်းတို့အား သူလည်း အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိသည်။
သူက မူလကတည်းက အလွန်မာနကြီးသူတစ်ယောက်ဖြစ်ကာ နှစ်ပေါင်း (၁) သောင်းကြာ တစ်ကိုယ်တော်သီးခြားကျင့်ကြံနေခဲ့သည့်တိုင် မာနများက ယခင်အတိုင်းရှိနေဆဲပင်။
ထို့ကြောင့် သူက ချက်ချင်း
“ အင်ပါယာ ရဲ့ချင်းစုန် ပါမလာဘူးဆိုရင် မင်းလို ဂျူနီယာတစ်ယောက်က ဒီကို ဘာလာလုပ်တာလည်း…”
“ ဒါက ကောင်းကင်ဘုရင်စုဝေးပွဲဆိုတာ မမေ့နဲ့… မင်းရဲ့ တိုက်ခိုက်နိုင်စွမ်း ဘယ်လောက်ပဲ ကောင်းကောင်းမကောင်းကောင်း ကျင့်ကြံမှု အဆင့်က မလုံလောက်ဘူးဆိုရင် အဲ့တာ အသုံးမဝင်ဘူး… နှစ်ထောင်ဂဏန်းအနည်းငယ်လောက်ကြာတာနဲ့ မင်းက ဒီတိုင်းခြောက်သွေ့နေတဲ့ အရိုး ဖြစ်သွားမှာပဲ…”
ခုနှစ်သွယ်ဘုရင် ( ချီယွမ်) ၏ စကားများကို ကြားလိုက်လျှင် ရွှမ်ယီမဆိုထားနှင့် တစ်ချို့သော ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူများပင် ၎င်းအား ထူးဆန်းစွာ ကြည့်လိုက်ကြ၏။
ထိုလူ၏ စကားများက လိုအပ်သည်ထက် လွန်နေချေပြီ။
ကောင်းကင်ဓါး အင်ပါယာပင် မျက်နှာပျက်သွားခဲ့၏။
သူ၏ မိတ်ဆွေ ချီယွမ်က နှစ်ပေါင်း (၁) သောင်းကြာပြီးသည့်တိုင်အောင် ယခင်အတိုင်းပင်ဖြစ်နေသေး၏။
အဓိက အနေဖြင့် သူ့တွင် လောကကြီး၌ ဆက်လက်နေထိုင်ရန် အချိန်သိပ်ပြီးမကျန်တော့သည့်တိုင်အောင် ဤနေရာ၌ ရန်သူများ ဖန်တီးနေဆဲ ဖြစ်၏။
၎င်းအား တွေးလိုက်ရင်း ကောင်းကင်ဓါး အင်ပါယာ ချက်ချင်းမတ်တပ်ရပ်ပြီး ချီယွမ်အား တားဆီးလိုစိတ်များဖြစ်ပေါ်လာခဲ့သည်။
သူနှင့် ချီယွမ်တို့က ရန်သူများဖြစ်ခဲ့သလို မိတ်ဆွေများလည်း ဖြစ်ခဲ့ကြပြီး ၎င်းအား အတိုင်းအတာတစ်ခုအထိ လူရင်းတစ်ယောက်အဖြစ်သတ်မှတ်နိုင်သည်။
ထိုလူက စိတ်လွတ်နေချိန်တွင် မည်သည့်အရာမှ ဂရုမစိုက်ချေ။ ရွှမ်ယီ၏ နောက်ကွယ်တွင် အင်ပါယာအဆင့်ကျင့်ကြံသူတစ်ယောက်ရှိနေ၏။
သို့သော် ကောင်းကင်ဓါးအင်ပါယာ ဘာမှမပြောရသေးမီ ပတ်ဝန်းကျင်မှ ကောင်းကင်ဘုရင်များအားလုံး နှုတ်ဆိတ်နေကြသည်အား မြင်လိုက်ရလျှင် ခုနှစ်သွယ်ဘုရင် ပို၍ စိတ်ကြီးဝင်သွားပြီး
“ ဒီတစ်ကြိမ် တောင်ပိုင်းတိုက်ကြီးပြိုင်ပွဲအတွက် ငါတို့ကောင်းကင်ဘုရင်တွေတင်မဟုတ်ဘူး အင်ပါယာအဆင့်ကျင့်ကြံသူတွေတောင် အပြင်ထွက်လာပြီး ပုန်းကွယ်နေတဲ့ လျှို့ဝှက်ဂိုဏ်းတွေကို ဖိတ်ခေါ် ပြီး သူတို့ရဲ့ ထက်မြက်တဲ့ ပါရမီရှင်တွေကို အတူတကွ ပါဝင်စေဖို့စီစဉ်ထားတယ်...”
“ ဒီမှာ လျှို့ဝှက်ဘုရင်(ရွှမ်ယီ)… မင်းအသက် ဘယ်လောက်ရှိပြီလဲ… ပြီးတော့ မင်းမှာ ဘယ်လို ဩဇာအာဏာမျိုးရှိလဲ… ပြီးတော့ မင်းက ဒီကိစ္စမှာ ဘယ်လိုမျိုးအကူအညီ ပေးနိုင်မှာမို့လဲ…”
“ အင်ပါယာ ရဲ့ချင်းစုန် မပါလာမှတော့ မင်းက ဒီမှာ လူပိုသက်သက်ပဲ… ကျေးဇူးပြုပြီး ဒီနေရာက ထွက်သွားလိုက်တော့…”
ရွှမ်ယီက လှောင်ပြုံးလိုက်ပြီး
“ ထွက်သွား ဟုတ်လား… ခင်များက ဘာသဘောလဲ… ကျုပ်ကို အင်ပါယာ ကိုယ်တိုင်ဖိတ်ခေါ်ခဲ့တာ… ခင်များက အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူလေးပဲလေ… ကျုပ်ကို အခုလိုမျိုး နှင်ထုတ်နိုင်စွမ်းရှိလို့လား…”
ခုနှစ်သွယ်ဘုရင် ပါးစပ်ဟလိုက်ပြီး ထပ်မံပြောရန်ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် ရုတ်တရက် ကောင်းကင်ဘုရင်များအကြားသို့ ကောင်းကင်ထက်မှာ မီးတောက်တစ်ခု ကျဆင်းလာခဲ့သည်။
ထို့နောက် လေးလံသော စပ်ပုဆိန်နှင့် မြေပြင်ထိခတ်သံက ပတ်၀န်းကျင်သို့ မိုးခြိမ်းသံအလား ကျယ်လောင်စွာ ပဲ့တင်ထပ်သွားခဲ့သည်။
လူအုပ်ကြားမှ အလွန် ငယ်ရွယ်သော ကောင်းကင်ဘုရင်တစ်ယောက် တွန်းဖယ်ကာ ထွက်ပေါ်လာပြီး ရွှမ်ယီနံဘေးသို့ လျောက်လာခဲ့သည်။ ထို့နောက်လက်ထဲမှ စပ်ပုဆိန်နှင့် ခုနှစ်သွယ်ဘုရင် ( ချီယွမ် ) ရှိရာသို့ ထိုးညွှန်လိုက်ပြီး
“ ဒီနေရာမှာ ဘုရင်ရွှမ်အတွက် အဆက်အသွယ်မရှိဘူးဟုတ်လား… ဒါဆို ကျုပ်ကိုရော ဘုရင်ရွှမ်ရဲ့ အဆက်အသွယ်အဖြစ်ယူဆလို့ရမလား…”
ရွှမ်ယီက အနည်းငယ်ခေါင်းစောင်းလိုက်ပြီး သူ့နံဘေးတွင်ရပ်နေသော လူငယ်အား အံ့ဩစွာ ကြည့်လိုက်သည်။
ယခုအချိန်တွင် ရုတ်တရက် ကျင်းယွဲ့ ထွက်ပေါ်လာပြီး သူ့ဘက်မှ ရပ်တည်ပေးလိမ့်မည်ဟု လုံး၀မမျှော်လင့်ထားခဲ့ချေ။
[ Note - ကောင်းကင်ဓားဘုရင်- ရှေ့အပိုင်းမှာ အဲ့လိုဘာသာပြန်ခဲ့ပေမယ့် ဒီအပိုင်းမှာ နာမည်အရင်း ကျူးကျန်းဆိုပြီး ပါလာပါတယ်။ တရုတ်နာမည် ကျူးကျန်းကို မြန်မာလို ဘာသာပြန်လိုက်ရင် ဓားကိုးချောင်းလို့ အဓိပ္ပါယ်ရပါတယ် ။ ကိုးဓားအင်ပါယာလို့ ဘာသာပြန်ချင်ပေမယ့် ခေါ်ရတာသိပ်မကောင်းလို့ ကောင်းကင်ဓားလို့ပဲ ဆက်သုံးသွားပါမယ် ။ သူ့ကျင့်စဉ် နေတဲ့နေရာ ဘွဲ့နာမည် အကုန် ဓားကိုးချောင်းနဲ့ဆက်စပ်နေပါတယ်။ ဒါပေမယ့် ရှေ့မှာအတိုင်း ကောင်းကင်ဓားပဲဆက်သုံးသွားပါမယ်။ ပြီးတော့ နာမည်တွေ အမျိုးမျိုးရေးနေတာဆိုတာက eng ဘာသာပြန်က အဲ့လိုရေးထားလို့ပါ profound king ကွကို ခေါ်ရကောင်းအောင် ခုနှစ်သွယ်ဘုရင်လို့ ပေးထားတာပါ။ နောက်ပိုင်းမှာ သူ့နာမည်အရင်း ချီယွမ်ပါလာပြီး ထည့်သုံးထားလို့ () နဲ့ ရေးရေးပေးထားတာပါ ]