← Chapters

ဧည့်သည်ဟာ အိမ်ရှင် ဖြစ်လာခြင်း

Vol. 127 Ch. 1748

ဧည့်သည်ဟာ အိမ်ရှင် ဖြစ်လာခြင်း

Vol. 127 Ch. 1748

ဖန်ရှန်မင်က ဝမ်လင်း၏စကားကို ကြားသည့်အခါ သူမ၏မျက်လုံးသည် တောက်ပသွား၏။ သူမက ပြုံး၏။ သို့သော် သူမက စကား ပြောရန် ဟန်ပြင်လိုက်စဉ် သင်္ဘောသည် အပြင်းအထန် တုန်ခါသွားသည်။

ထိုတုန်ခါမှုမှာ အပြင်ဘက်မှ လေပြင်းအလား ထွက်ပေါ်လာခြင်းပင်။ ထိုအဖြစ်က ဒီသင်္ဘောကို တုန်ယင်စေကာ အတွင်း၌ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်စေသည်။ သင်္ဘောသည် နောက်ဘက် ကီလိုမီတာရာချီသို့ တွန်းထုတ်ခံရသည်။

ထိုရုတ်တရက် ပြောင်းလဲမှုက ဖန်ရှန်မင်၏ အမူအရာကို ပြောင်းလဲသွားစေသည်။ သူမက သင်္ဘောအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ဝမ်လင်းက ခုနန်၍ သင်္ဘောကုန်းပတ်ပေါ် သုံးလက်မတွင် လွင့်မြောသည်။ သူက အပြင်ဘက်သို့ လှမ်းကြည့်ရင်း သူ့မျက်လုံးမှာ အရောင်တောက်လာသည်။

ဒီစိတ်ဝိညာဉ်မိစ္ဆာသင်္ဘော၏ အပြင်ဘက်၌ ခုနစ်ရောင်စုံတာအိုသခင်က သူ့လက်ကို အဆက်မပြတ် ဝေ့ယမ်းနေ၏။ သူ၏ လက်ဝေ့ယမ်းချက်တိုင်းက လေပြင်းများကို ဖန်တီးသည်။ ထိုလေပြင်းက သင်္ဘောပတ်လည်ရှိ အကာအကွယ်အရံအတားနှင့် ဝင်တိုက်၏။ ထိုအခါ အကွာအကွယ် အလွှာများ တစ်လွှာချင်းစီး ပျက်စီးရသည်။ မကြာမီတွင် အကွာအကွယ်အပိုင်းငယ်တစ်ခု ကွယ်ပျောက်သွားလေသည်။

“ကောင်းပြီ။ သူက ဒီစိတ်ဝိညာဉ်မိစ္ဆာသင်္ဘောကို ရက်အတော်အတန်အတွင်း ဖွင့်လှစ်နိုင်မှာ မဟုတ်ဘူး…”  ဖန်ရှန်မင်က အေးစက်စက်နှာခေါင်းရှုံ့ကာ သူမ၏အကြည့်က သင်္ဘောအပြင်ဘက်မှ ပြန်ရုတ်သိမ်းလိုက်၏။ သူကမ ဝမ်လင်းကို ကြည့်ကာ ထပ်မံ၍ စကားဆိုသည်။

“နင်ပြောတဲ့ ပလ္လင်ဟာ ငါ့ညီမ မတော်တဆ ရခဲ့တဲ့ အရာ မလား။ အဲ့အထဲမှာ ရှေးလူရဲ့ စွမ်းအား ပါဝင်တယ်။ ဒါပေမဲ့ သူမက ဒါကို သူမရဲ့ ကျင့်ကြံမှုနဲ့ မဖွင့်လှစ်နိုင်ဘူး။ ဒါပေမဲ့ ဒါက နင့်အတွက်တော့ မတူတော့ဘူး…”

“နင်သာ ဒီပလ္လင်ရဲ့ အကာအကွယ်ကို ဖွင့်လှစ်ပြီး ၎င်းရဲ့ အမွေအနှစ်ကို ရခဲ့ရင် နင့်ရဲ့ ကျင့်ကြံမှုအဆင့်ဟာ အများကြီး တိုးတက်လာလိမ့်မယ်။ ဒီပလ္လင်ဟာ စိတ်ဝိညာဉ်မိစ္ဆာသင်္ဘောရဲ့ အနက်ရှိုင်းဆုံး အပိုင်းမှာ ရှိနေတယ်။ နင် ခု သွားချင်လား။ ဒါပေမဲ့ နင့်မှာ အချိန်သုံးရက်ပဲ ရမှာ။ ဒီသုံးရက်အတွင်း ငါဟာ စိတ်ဝိညာဉ်မိစ္ဆာသင်္ဘောကို ထိန်းချုပ်နိုင်ပြီး ခုနစ်ရောင်စုံတာအိုသခင်ထံကနေ လွတ်မြောက်နိုင်လိမ့်မယ်။ ဒါပေမဲ့ အများဆုံးမှ သုံးရက်ပဲ အချိန်ရမှာ…”

“သုံးရက်…ဒါက မလုံလောက်ဘူးလား…”  ဝမ်လင်းက မျက်မှောင်ကြုတ်၏။ သည်အခိုက်၌ သင်္ဘောသည် ထပ်မံ တုန်ခါပြန်သည်။ ခုနစ်ရောင်စုံတာအိုသခင်က ပိုအစွမ်းထက်သော မန္တာန်များဖြင့် တိုက်ခိုက်မှု စတင်လေပြီ။ သင်္ဘောသည် ပျက်စီးခါနီး ဖြစ်နေပြီဟုပင် ထင်မှတ်ရလေသည်။

ဝမ်လင်းက သူ ဘာတွေးနေသည်ကို မဖော်ပြပေ။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “သွေးကျိန်ဆိုမှုနဲ့ ပတ်သတ်လို့တော့ အလျင်လိုစရာ မလိုပါဘူး။ ငါက သင့်ရဲ့ ဒီစိတ်ဝိညာဉ်မိစ္ဆာ သင်္ဘောကို တကယ်ပဲ စိတ်ဝင်စားတယ်။ ဒီသုံးရက်ဟာ ငါ့အတွက် ဒီသင်္ဘောကို လေ့လာဖို့ လုံလောက်မှာပါ…”

“ဒီသင်္ဘောပေါ်က အတားအဆီးတွေကို နင် လေ့လာကြည့်ချင်တာလား…”  ဖန်ရှန်မင်က မင်သက်သွားမိ၏။ သူမ ဖြစ်စေ၊ သူမ၏ညီမ ဖြစ်စေ သူတို့သည် ဝမ်လင်း၏ အတားအဆီးများအပေါ် အရည်အချင်းကို မသိကြပေ။ သူမက ဝမ်လင်း၏စကားကို ကြားသည့်အခါ ထူးဆန်းသောအမူအရာ ဖြစ်ပေါ်၏။ အချိန်အတန်ကြာပြီးနောက် သူမက ပြောလာသည်။

“ဒီစိတ်ဝိညာဉ်မိစ္ဆာသင်္ဘောဟာ ငါတို့ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ရတနာတစ်ခုပဲ။ ဒါဟာ ထိပ်တန်း မဟုတ်ပေမဲ့ အလယ်အလတ်အဆင့် ရတနာတစ်ခုပဲ။ နင် မပြောနဲ့ ငါတောင် ဒီသင်္ဘောကို အပြည့်အဝ နားမလည်သေးဘူး…”

“ရောင်းရင်းဝမ်…ဒီသုံးရက်တာကို နင့်အနေနဲ့ ပလ္လင်အတွက်ပဲ အချိန်ပေးသင့်တယ်လို့ ငါ ပြောချင်တယ်။ နင်သာ ဒီပလ္လင်အတွင်းက စွမ်းအားကို စုပ်ယူနိုင်ရင် နင့်ရဲ့ ကျင့်ကြံမှုဟာ တိုးတက်လာမှာ သေချာတယ်…”  ဖန်ရှန်မင်၏ စကားလုံးများသည် ညင်သာပါ၏။ သို့သေ် သူမ၏ ဆိုလိုရင်းမှာ ထင်ရှားနေသည်။ သူမက ဝမ်လင်းသည် ဒီသင်္ဘောကို လေ့လာဖို့ အရည်အချင်း မပြည့်မှီဟု ထင်နေ၏။ ဝမ်လင်း၏ စကားလုံးများမှာ ဗရုတ်သုတ်ခဆန်လှသည်ဟုပင် တွေးနေ၏။

“ဒီကောင်လေးဟာ လှိုဏ်ဂူလောကရဲ့ သေးနုပ်တဲ့ကျင့်ကြံသူလေးတစ်ယောက်ပဲ။ ဒါတောင်မှ သူက ငါတို့ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ရတနာကို လေ့လာချင်နေသေးတယ်။ တကယ့်ကို အဆင်အခြင်မဲ့တာပဲ။ သူဟာ သူ့ကိုယ်သူ အထင်ကြီးလွန်းနေပြီ…”

“အို….ရောင်းရင်းကျင့်ကြံသူက ငါ ဒီသင်္ဘောပေါ်က အတားအဆီးတွေကို နားလည်သွားတာနဲ့ ဒီသင်္ဘောကို ယူဆောင်သွားမှာကို ကြောက်နေတာများလား…”

ဝမ်လင်းက ဖန်ရှန်မင်ထံ ပြုံးတုံ့မပြုံးတုံ့ဟန်ဖြင့် ကြည့်လိုက်သည်။

ဝမ်လင်းသည် သူမ၏အတွေးကို ကောင်းကောင်း သိပေသည်။ သူ့ဘဝ၌ သူသည် ရှေ့ဖြစ်ဟောသူထက်ပင် တခြားသူများ၏အတွင်းကို ကောင်းကောင်းကြီး ဖြတ်မြင်နိုင်စွမ်း ရှိခဲ့သည်။

ဖန်ရှန်မင်နှင့် ဖန်ရှန်လုတို့ ညီမနှစ်ယောက်က ခုနစ်ရောင်စုံတာအိုသခင်က သူတို့နောက်သို့ လိုက်လာမည်ကို သိထားကြ၏။ ခုနစ်ရောင်စုံတာအိုသခင် မမှီလာခင် အချိန်အနည်းငယ် ဆွဲပြီးနောက် သူတို့နှစ်ယောက်က ဝမ်လင်းကို အသုံးပြု၍ ခုနစ်ရောင်စုံတာအိုသခင်ကို ဒီသင်္ဘောထံ ရောက်လာစေခဲ့သည်။

သည်သင်္ဘောမှာ ကွယ်ဝှက်ထားသော ချိန်းခြောက်မှု တစ်ခု ဖြစ်၏။ ခုနစ်ရောင်စုံတာအိုသခင်က ထင်သာမြင်သာသော ချိန်းခြောက်မှုတစ်ခု ဖြစ်ပေ၏။ သူတို့က သူ့ကို အပေါ်ယံ၌ ချိန်းခြောက်နေခြင်း မရှိသော်လည်း အမှန်ကမူ မည်သည့်ချိန်းခြောက်မှုထက်မဆို ပို၍ သက်ရောက်မှု ရှိနေသည်။

သည်လိုအခြေအနေ၌ ဝမ်လင်းသည် သူတို့၏ အကြံပေးချက်ကို နားထောင်ရုံသာ တတ်နို်ငမည် မဟုတ်လား။ သွေးကျိန်ဆိုမှုကို ဖလှယ်ဖို့ လက်ခံရုံသာ ရှိသည် မဟုတ်လား။ သည်အခြေအနေ၌ သူ့ထံတွင် တခြားလမ်းတစ်ခု မရှိိတော့သည့်နှယ်။ ထို့အတွက်ကြောင့် ဝမ်လင်းက ခုချိန်၌ ခံဘက်သပ်သပ် ဖြစ်နေ၏။ တခြားသူများက သူ့အပေါ် လက်ဦးမှု ယူထားပေသည်။

တကယ့်အမှန်တရားမှာလည်း ဝမ်လင်း တွေးမိသည့်အတိုင်းပင်။ သည်ညီမနှစ်ယောက်က သည်လိုအစီအစဉ်ကို ချမှတ်ထားခဲ့ခြင်း ဖြစ်၏။ ဝမ်လင်းနေရာ၌ တခြားတစ်ယောက်ယောက်သာ ဖြစ်ပါက သူတို့သည် ခုလက်ရှိ အန္တရာယ်ကို ရှောင်နိုင်ဖို့ စကားနားထောင်ရုံသာ တတ်နိုင်တော့မည်ပင်။

သို့ပေမည့် ဝမ်လင်း၏ဉာဏ်ပညာဖြင့် သူက သူတို့၏စကားများကို လွယ်လွယ် မယုံပေ။ သူက သူ့လက်သူ့ခြေဖြင့် ကိစ္စရပ်များကို ထိန်းချုပ်ရတာ ကြိုက်နှစ်သက်သူ၊ သူ့ဘဝ၌ သူသာ အရှင်သခင် ဖြစ်လိုသူပင်။

သည်အခိုက်တွင် စိတ်ဝိညာဉ်မိစ္ဆာသင်္ဘောက ထိုညီမနှစ်ယောက်၏ ထိန်းချုပ်ခြင်း ခံထားရ၏။ ဝမ်လင်းက ပလ္လင်ထံ သွားခဲ့လျှင်ပင် အရာအားလုံးမှာ သူတို့၏ထိန်းချုပ်မှုအောက်တွင်သာ ရှိလိမ့်မည်။ ပို၍ ဆိုရသော် ဝမ်လင်းသည် တစ်စုံတစ်ယောက်၏ ရတနာထဲ၌ လုံခြုံဘေးကင်းသည်ဟု မခံစားရပေ။

ထို့အပြင် ဝမ်လင်းက လွယ်လွယ်နှင့် မည်သို့ လက်လျှော့ပါ့မည်နည်း။ သူက အလွန်ဉာဏ်များတတ်သူ ဖြစ်ကာ သူ့စကားလုံးများထဲတွင်လည်း ကွယ်ဝှက်ထားသော အဓိပ္ပာယ်များ ပါဝင်နေ၏။

သူသာ ဒီစိတ်ဝိညာဉ်မိစ္ဆာသင်္ဘောကို အမှန်တကယ် ထိန်းချုပ်ယူဆောင်နိုင်ပါက ခုနစ်ရောင်စုံတာအိုသခင်နှင့် ပတ်သတ်သည့် အန္တရာယ်ကို ဖြေရှင်းနိုင်ရုံသာမက သည်ညီမနှစ်ယောက် ခင်းကျင်းထားသော ထောင်ချောက်မှလည်း လွတ်မြောက်နိုင်မည် ဖြစ်သည်။

ဖန်ရှန်မင်၏အမူအရာက ခဏတာ တောင့်တင်းသွားမိ၏။ သို့သော် မကြာမီ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူမက ပြုံးလိုက်ကာ တိုးညင်းစွာ ပြောလိုက်၏။

“ရောင်းရင်းကျင့်ကြံသူဝမ်က ရယ်စရာ‌ ပြောနေပြီ။ သင်က ယုံကြည်မှု ရှိနေမှတော့ ဒီသင်္ဘောကို လေ့လာကြည့်နိုင်ပါတယ်။ ဒီကောင်မလေးက ဘေးမှာ စောင့်နေပါ့မယ်…”

သူမသည် ထိုသို့ ပြောလိုက်သော်လည်း စိတ်ထဲကမူ နှာခေါင်းရှုံ့လိုက်၏။ သူမက ဝမ်လင်းသည် အရည်အချင်း ရှိသည်ဟု မယုံကြည်ပေ။

“ရောင်းရင်းကျင့်ကြံသူ ကြည့်ရတာ အနည်းငယ် မပျော်မရွှင် ဖြစ်နေတဲ့ပုံပဲ။ ဒါပေမဲ့ သင် စိတ်အေးနိုင်ပါတယ်။ ငါသာ ဒီအတားအဆီးအားလုံးကို နားလည်သွားပြီး ထိန်းချုပ်နိုင်ရင်တောင် ငါ ဒီသင်္ဘောကို သိမ်းမထားပါဘူး။ သင့်ကို ပြန်ပေးမှာပါ…”

ဝမ်လင်းသည် ပြုံးတုံ့တုံ့လုပ်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

ဖန်ရှန်မင်က ဝမ်လင်းကို တည်ငြိမ်စွာ ကြည့်၍ ပြုံး၍ ဆိုသည်။ “ရောင်းရင်းကျင့်ကြံသူက ဒီလို ယုံကြည်ချက် ရှိတာလား။ ကောင်းပါတယ်။ သင် ဒီသင်္ဘောပေါ်က အတားအဆီးတွေကို နားလည်နိုင်လိမ့်မယ်လို့ ယုံကြည်ရင် ဒီသင်္ဘောကို သင့်ရှိ လက်ဆောင်ပေးလိုက်ရတာ ဘာပြဿနာမှ မရှိဘူး…”

“ဒါပေမဲ့ သင် မလုပ်နိုင်ခဲ့ရင် အချိန်ထပ်မဖြုန်းနဲ့တော့။ ငါတို့ သွေးကျိန်ဆိုမှု ဖလှယ်ကြရအောင်။ ပြီးရင် ငါ သင့်ကို လုံခြုံတဲ့နေရာ ပို့ပေးမယ်…”

”ပြဿနာမရှိဘူး။ အရင်ဆုံး ငါ တစ်ချက် ကြည့်လိုက်အုံးမယ်။ ငါ မအောင်မြင်ခဲ့ရင် ငါ သင့်ကို အလျှော့ပေးမှာပါ…”  ဝမ်လင်းက ဒီအချက်ကို စောင့်နေခြင်းပင်။ သူက တည်ငြိမ်စွာ ရှိနေပြီး ဖန်ရှန်မင်ကို ကြည့်ပင် မကြည့်တော့ပေ။ သူက ထိုင်ချကာ သူ့နတ်ဘုရားအာရုံကို ဖြည်းဖြည်းချင်း ဆန့်ထွက်စေပြီး ဒီကုန်းပတ်ကို စတင် လေ့လာသည်။

ဖန်ရှန်မင်၏မျက်လုံးထဲ၌ အေးစက်မှုကို ကွယ်ဝှက်ထား၏။ သူမက ဝမ်လင်းထံမှ သွေးကျိန်ဆိုမှုကို ရဖို့ လိုပေသည်။ ထိုမှသာ သူမသည် သူမ၏ဆရာထံမှ အကူအညီရနိုင်ကာ ထူးဆန်းသောမန္တာန်ကို အသုံးပြု၍ ဝမ်လင်းကို သူမ၏ ရုပ်သေးအဖြစ် ပြောင်းလဲနိုင်မည်ဟု ယုံကြည်ထားသည်။ ဝမ်လင်းသည် သူမ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူကို သတ်ဖို့အတွက် အရေးကြီးသောအပိုင်းတစ်ခု ဖြစ်နေသည်။

“သူဟာ တကယ်ပဲ သတိကောင်းပေမယ့် သူ ဒီစိတ်ဝိညာဉ်မိစ္ဆာသင်္ဘောကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ငါ မယုံဘူး။ သူဟာ အတားအဆီးတွေအပေါ် နားလည်မှုအချို့ ရှိတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ တကယ်တော့ သူဟာ လှိုဏ်ဂူလောကထဲက ကျင့်ကြံသူလေးပဲ။ ဒီလိုမျိုး သေးနုပ်တဲ့သူက အင်မောတယ်ကောင်းကင်ဘုံနယ်မြေက အတားအဆီးတွေကို ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ…”

“ဒီကိစ္စဟာ တကယ် အဓိပ္ပာယ်မရှိဘူး။ သူ ဒီအတားအဆီးတွေကို လေ့လာဖို့ ဘယ်လိုများ ကြိုးစားမလဲ ငါ မြင်ချင်သေးတယ်။ သူသာ ကျရှုံးခဲ့ရင် သူက သွေးကျိန်ဆိုမှု မလုပ်သေးရင် ငါ့မှာ သူနဲ့ ရင်ဆိုင်ဖို့ တခြားနည်းလမ်းတွေ ရှိနေသေးတယ်…”

ဖန်ရှန်မင်၏ မျက်လုံးထဲ၌ အေးစက်မှုကို ဖုံးကွယ်ထား၏။ သို့သော် အပြင်ပိုင်းတွင်မူ သူမက ညင်သာစွာ ပြုံး၍ ဝမ်လင်းကို ကြည့်နေသည်။

ဝမ်လင်း၏နတ်ဘုရားအာရုံ ပျံ့နှံ့လာစဉ် သူ၏မျက်ခုံးနှစ်ခုကြားရှိ ရှေးဟောင်းနတ်ဘုရားကြယ်များ ပေါ်လာကာ ဝဲကတော့တစ်ခု ဖွဲ့စည်းသည်။ သူ၏ဘယ်ညာမျက်လုံးတို့ရှိ နတ်ဆိုးနှင့်မိစ္ဆာကြယ်များသည်လည်း ပေါ်လာကြသည်။ ရှေးကလန်သုံးခု၏စွမ်းအားက ရှေးလူစွမ်းအားအဖြစ်သို့ ပေါင်းစပ်သည်။ ရှေးလူအရိပ်တစ်ခု ဝမ်လင်း၏ပတ်လည်၌ ရုတ်တရက် ပေါ်လာ၏။

ထိုရှေးလူက ဝမ်လင်းကို ချက်ခြင်း ခြုံလွှမ်းကာ နေရာတွင် ထိုင်ချသည်။ ထိုမြင်ကွင်းမှာ တုန်လှုပ်ဖွယ်ပင်။

ရှေးလူ၏အရိပ်မှာ အရွယ်အစား ပြောင်းထား၏။  အခု ဝမ်လင်းကို ဝန်းရံပေးထားသော အရိပ်မှာ ပေရာချီသာ မြင့်မားသည်။ သို့သော် မည်သို့ပင်ဖြစ်စေ တောင်ငယ်တစ်လုံးက ဝမ်လင်းကို လုံးဝ ကာကွယ်ပေးထားသည့်အလား။

ထိုမြင်ကွင်းက ဖန်ရှန်မင်ကို မျက်မှောင်ကြုတ်သွားစေသည်။

“ဒီလူက နည်းနည်းတော့ ဂရုစိုက်တာ အကဲပိုလွန်းနေတယ်…”

ရှေးစွမ်းအားက သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားခြင်းဖြင့် ဝမ်လင်းသည် စိတ်အေးရုံသာမက သူ့နတ်ဘုရားအာရုံကိုပါ ကုန်းပတ်ပေါ်သို့ တည်တည်ငြိမ်ငြိမ် ချဲ့ကားထွက်စေသည်။ သူ၏နတ်ဘုရားအာရုံ ဝင်ရောက်လာသည်နှင့် ကုန်းပတ်ပေါ်မှ တွန်းကန်အားတစ်ခု ထွက်ပေါ်လာကာ သူ့နတ်ဘုရားအာရုံကို ဆက်မသွားနိုင်အောင် တားဆီးသည်။

ထိုမမြင်ရသောအားက ကုန်းပေါ်၏ အတားအဆီးကြောင့် ဖြစ်ပေါ်လာခြင်းပင်။ ၎င်းအားက ဝမ်လင်းကို ကုန်းပတ်ကို အပြင်ပိုင်းသာ မြင်တွေ့စေပြီး ၎င်း၏အတွင်းပိုင်းဖွဲ့စည်းပုံကို မမြင်စေနိုင်ရန် ကာဆီးထားသည်။

ဖန်ရှန်မင်က စိတ်ထဲကနေ နှာခေါင်းရုံ့လိုက်၏။ သည်စိတ်ဝိညာဉ်မိစ္ဆာသင်္ဘောမှာ သူမ၏ မဟာစိတ်ဝိညာဉ်ကလန်မှ ရတနာတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူမက ၎င်းအကြောင်း ကောင်းကောင်းသိထားပေသည်။

“အတားအဆီးတွေအကြောင်း နက်နက်နဲနဲ နားမလည်ထားရင် ဒီတွန်းကန်အားနဲ့တင် လုံလောက်နေပြီ…”  သူမက ထိုသို့ စိတ်ထဲကနေ တွေးမိရုံ ရှိသေး မင်သက်သွားကာ ဝမ်လင်းကို စိုက်ကြည့်မိလိုက်သည်။

ဝမ်လင်းက ရှေးလူ၏အရိပ်အတွင်း၌ သူ့ညာလက်ကို ဝေ့ယမ်း၏။ မျက်စိတစ်မှိတ်အတွင်း သူ့ရှေ့၌ တစ်သန်းနီးပါး လက်ဝါးရာများ ပေါ်လာလေ၏။

ထိုအတားအဆီးလက်ဝါးရာများက တစ်ခုနှင့်တစ်ခု ထပ်နေကာ တစ္ဆေအလင်း တောက်ပမှုကို ပေးသည်။ ချက်ခြင်းလိုလို လက်ဝါးရာတစ်သန်းက တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သွားပြီး ဝမ်လင်း၏လက်က ကုန်းပတ်ပေါ်သို့ ထိရိုက်သည်။

ထိုထိရိုက်ချက်က ကုန်းပတ်ကို တုန်ယင်သွားစေ၏။ သင်္ဘောတစ်ခုလုံးသည်ပင် အကြိမ်အနည်းငယ် တုန်ခါသွားသလို ထင်ရသည်။ ဝမ်လင်း၏လက်ထံမှ လှိုင်းဂယက်တစ်ခု ပျံ့လာကာ ဖန်ရှန်မင်ကို ဖြတ်သန်းကျော်ဖြတ်သွားသည်။ ၎င်းက ကုန်းပတ်၏ သုံးဆယ်ရာခိုင်နှုန်းနီးပါးအနှံ့ ပျံ့သွားလေသည်။

ထိုလှိုင်းဂယက် ပျံ့သွားသည့်နောက် ဒီကုန်းပတ်မှာ ဝမ်လင်း၏အမြင်၌ မတူကွဲပြားလာ၏။ သည်သင်္ဘောက ကုန်းပတ်တစ်ခု ရှိနေခြင်း မဟုတ်လေပေ။ တကယ်တော့ အတားအဆီးများ စုစည်းသိပ်သည်း၍ ဖြစ်ပေါ်နေခြင်းသာ။

ထိုအတားအဆီးများက လုံးဝ မတူပေ။ သိပ်သည်းစွာ အတူတကွ ပေါင်းစည်းနေခြင်းတည်း။ ယင်းတို့က တစ္ဆေအလင်းကို ပေးစွမ်း၏။

“သူဟာ ဒီကုန်းပတ်ပေါ်က အတားအဆီးတွေရဲ့ အကာအကွယ်ကို ချိုးဖျက်လိုက်တာပဲ။ သူဟာ တချို့အတားအဆီးတွေကို မသိတာ သိသာတယ်။ သူ့ရဲ့ အတားအဆီးအပေါ် ကျွမ်းကျင်မှုက မြင့်မားလှသားပဲ…”

ဖန်ရှန်မင်က အသက်ဝဝရှိုက်သွင်းလိုက်မိ၏။ ဝမ်လင်းထံ သူမ၏အကြည့်က ချက်ခြင်း ပြောင်းလဲသွားသည်။

“သူ ဒီလောက် ယုံကြည်မှု ရှိနေတာ အံ့ဩစရာ မရှိတော့ဘူး။ ဒါပေမဲ့ သူ့အတားအဆီးအပေါ် နားလည်မှုဟာ သာမန်ထက် ထူးကဲတော့ရော ဘာဖြစ်သေးသလဲ။ ဒီလှိုဏ်ဂူလောကထဲမှ တည်ရှိတဲ့ အတားအဆီးတွေဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှ တည်ရှိတဲ့ အတားအဆီးတွေရဲ့ အစိတ်အပိုင်းလေးတစ်ခုသာသာပဲ ရှိတာ။ ဒီတိုတောင်းတဲ့ သုံးရက်အတွင်း သူ ဒါကို ဘယ်လိုမှ အပြည့်အဝ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး…”

ဖန်ရှန်မင်သည် ငြိမ်သက်စွာ စဉ်းစားနေပြီး နှာခေါင်းရှုံ့လိုက်၏။

ဝမ်လင်း၏အမူအရာသည် တည်ငြိမ်နေလျက်ပင်။ သူက အတားအဆီးများထဲမှ တစ်ခုထံ လက်ညွှန်လိုက်၏။ သူ၏မျက်လုံးထဲ၌ ကောက်ချက်ချဆင်ခြင်မှုများ တဖျတ်ဖျတ် စတင် ပေါ်သည်။

ဒီကုန်းပတ်ဟာ ဒီသင်္ဘောရဲ့ အဝန်းအဝိုင်းတစ်ခုပဲ ရှိသေးတယ်။ ဒါပေမဲ့ ဒီအဝန်းအဝိုင်းမှာတင် အတားအဆီးပေါင်း သိန်းချီ ပါဝင်နေတယ်။ သုံးရက်ပဲအချိန်ရတာဟာ  တကယ်ပဲ နည်းနည်းတော့ ကတိုက်ကရိုက် နိုင်လိမ့်မယ်…”

All Chapters