တည်ရှိသည့်ကံတရား
Vol. 15 Ch. 202
ပျက်စီးနေသည့်ကျောက်စာတိုင်ကိုကြည့်ရင်း ရန်ကျောက်ကဲစိတ်များ ဆူပွက်နေသည့် ပင်လယ်ပမာ ကပြောင်းကပြန် ဖြစ်သွားသည်။
ရန်ကျောက်ကဲသည် သူ ကြုံတွေ့ခဲ့ရသော မဟာကပ်ဘေးကြီးကို အစဉ်အမြဲ သတိရနေခဲ့သည်။ မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ကျွင်းကျန်ရစ်သည့် အမွေအနှစ်များကို ထိတွေ့ခွင့်ရရန်မှာလည်း သူ အလွန်စိတ်ဝင်စားသည့် အခွင့်အရေး ဖြစ်သည်။
သို့သော် သူသိရှိသလောက် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ကောင်းကင်ဘုံနန်းတော်နှင့်ပတ်သက်သည့် အမွေအနှစ်များ ယခုအချိန်ထိ ထွက်ပေါ်လာခြင်း မရှိသေးပေ။
သူ ခြေရာခံမိသည့် တစ်ခုတည်းသောအရာမှာ ဝါဒတောင်တွင်ရှိနေသည့် အမွေအနှစ်များသည် ကောင်းကင်ဘုံနန်းတော်နှင့် ဆက်စပ်မှုရှိသည်ဟု သံသယရှိသည့်တိုင် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထို့ကြောင့် ရန်ကျောက်ကဲ သုတေသနပြုထားသည့် အချက်အလက်များအရ မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် ယခုအချိန်တိုင်အောင် ကောင်းကင်ဘုံနန်းတော်နှင့်ပတ်သက်သည့် အခြားသောအမွေအနှစ်များ ထွက်ပေါ်လာခြင်းမရှိသေးဟု ယူဆနိုင်သည်။
လေနယ်မြေ ၊ သဲကန္တာရကြီးထဲတွင် ပေါ်လာသည့် ပျက်စီးနေသော ထိုကျောက်စာတိုင်သည် တစ်ချိန်က ကောင်းကင်ဘုံနန်းတော်မှ ကျောက်စာတိုင်တစ်ခု ဖြစ်သည်။
ထိုကျောက်စာတိုင် ရန်ကျောက်ကဲစိတ်ကို လောင်ကျွမ်းသွားစေသည်။
သူက မဟာကပ်ဘေးကြီးနှင့် စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များကို အမြဲတမ်း သိချင်နေခဲ့သူဖြစ်ပြီး ကောင်းကင်ဘုံနန်းတော်မှ ကြွင်းကျန်ခဲ့သည့် အမွေအနှစ်များသည် အခြားသောအကြွင်းအကျန်များထက် မဟာကပ်ဘေးနှင့် ပတ်သက်မှုရှိလေရာ ပိုမိုအဖိုးတန်သည် ဆိုရမည်။
ကျောက်စာတိုင်သည် အခြားသောအမွေအနှစ်များနှင့် နှိုင်းယှဉ်ပါက အလွန်ဆိုးရွားစွာ ပျက်စီးနေပြီ ဖြစ်သော်လည်း သဲလွန်စနှင့် အချက်အလက်များစွာကို ထိန်းသိမ်းထားနိုင်သေးဟန် ရှိသည်။
ပုံရိပ်ယောင်မြင်ကွင်းအတွင်းမှ ကျောက်စာတိုင်ကို ခဏမျှ စိုက်ကြည့်နေပြီးနောက် ရန်ကျောက်ကဲက ယွမ်ကျန်းဖုန်းနှင့် အခြားသူများကို စကားဆိုသည်။
“ကျောက်စာတိုင်ပေါ်က စာလုံးတွေနဲ့ ပုံစံတွေက အရမ်းရှုတ်ထွေးပြီး ရှေးကျလွန်းတယ် ၊ အဲဒါတွေကို ပုံဖော်ချင်တယ်ဆိုရင်တော့ တော်တော်ခက်လိမ့်မယ်”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ကျွန်တော် အဲဒါနဲ့ပတ်သက်ပြီး တွေးမိတာတစ်ခုရှိတဘ် ၊ အဲဒီကျောက်စာတိုင်ပေါ်က ပုံစံတွေနဲ့ ပတ်သက်လို့ကတော့ ဘာအဓိပ္ပါယ်လဲဆိုတာ ပြောဖို့အတွက် ယုံကြည်မှု မရှိသေးဘူး ၊ ကျွန်တော် အဲဒီကျောက်စာတိုင်ကို ကိုယ်တိုင်သွားယူလို့ရနိုင်မလား ၊ လက်ထဲမှာရှိနေမယ်ဆိုရင် သေသေချာချာ ခွဲခြမ်းစိတ်ဖြာကြည့်ပြီး အဓိပ္ပါယ်ကိုသိနိုင်ဖို့ အခွင့်အရေးပိုများပါတယ်”
အကြီးအကဲအဘွားအိုက ခေါင်းကိုခါယမ်းရင်း...
“အနောက်ဘက် လေနယ်မြေက သဲကန္တာရကြီးက ဘယ်လောက်အန္တရယ်များလဲဆိုတာ မင်းသိတာပဲ ၊ သိုင်းသူတော်စင်တွေတောင် ကြိုက်သလို လှုပ်ရှားလို့မရလောက်အောင် အခြေအနေတွေက ရှုတ်ထွေးတယ်”
သူမက အနည်းငယ် စိတ်ရှုတ်ထွေးနေဟန်ဖြင့် ဆက်ပြောသည်။
“ဒီကျောက်စာတိုင်က အန္တရယ်များတဲ့ အနောက်ဘက် သဲကန္တာရကြီးရဲ့ သဘာဝစွမ်းအားတွေနဲ့ ရောထွေးနေပြီ ၊ ယူလာလို့မရနိုင်တော့ဘူး ၊ အဲဒီနေရာမှာပဲ ဒီအတိုင်း ရှိနေလိမ့်မယ်”
ထိုစကားကြောင့် ရန်ကျောက်ကဲနှုတ်ခမ်းများ မဲ့သွားသည်။
သူမဆိုလိုသည့်အဓိပ္ပါယ်က “မင်း ကျောက်စာတိုင်းကိုသွားပြီးလေ့လာချင်ရင် သဲကန္တာရထဲခရီးထွက် သဲမုန်တိုင်းဒဏ်ခံပြီး ကိုယ့်ဟာကိုယ်သွားကြည့်” ဆိုသည့် သဘောပင်။
ယွမ်ကျန်းဖုန်းက...
“မင်းမှာ တွေးမိတာရှိတာ ကောင်းပါတယ် ၊ ဒါပေမဲ့ ဒီကိစ္စကို အလျင်စလိုလုပ်ဖို့ မလိုပါဘူး ၊ လက်ရှိအချိန်က အနောက်ကန္တာရကြီးမှာ အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်း အပြင်းထန်ဆုံး တိုက်ခတ်နေတဲ့ အချိန်ပဲ ၊ သိုင်းသူတော်စင်တွေတောင် အဲဒီထဲဝင်မယ်ဆိုရင် အတော်လေး ကြံ့ကြံ့ခံနိုင်မှ ရလိမ့်မယ်”
သူက ခဏမျှ ချင့်ချိန်နေဟန်ဖြင့်...
“နောက်ထပ် လနည်းနည်းလောက်ကြရင်တော့ အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်း တဖြည်းဖြည်း အားပျော့သွားပါြပီ ၊ အဲဒီအချိန်ကျ မင်းဝင်ချင်ရင် ဝင်လို့ရပြီ”
“အဲဒီ အမွေအနှစ်အကြွင်းအကျန်က အနောက်ဘက်ကန္တာရာကြီးထဲမှာ ပိတ်မိနေတာ ၊ တူးထုတ်ပြီးရွှေ့ယူဖို့ဆိုတာ အတော်ခက်တယ် ၊ ငါတို့ မလုပ်နိုင်သလို အခြားသူတွေလည်း လုပ်နိုင်မယ် မထင်ဘူး ၊ ဒါကြောင့် တခြားသူတွေကြောင့် ပျက်ဆီးသွားမှာကို မင်း စိတ်ပူစရာ မလိုဘူး”
ဂိုဏ်းချုပ်အဘိုးအိုက ရန်ကျောက်ကဲကို ကြည့်လိုက်ရင်း...
“ဆိုတော့... မင်း ဒီကိစ္စအတွက် သိပ်အလျင်လိုစရာ မရှိပါဘူး ကျောက်ကဲ ၊ စိတ်ထဲမှာပဲ မှတ်ထားလိုက်ဦး”
ရန်ကျောက်ကဲ ခေါင်းညိတ်ရင်း သလင်းကျောက်အတွင်းထည့်သွင်းထားသည့် သူ၏ ကြယ်တာရာချီစွမ်းအားကို ရုတ်သိမ်းလိုက်သည်။ ထိုအခါ အလင်းရောင်များနှင့်အတူ ပုံရိပ်ယောင်မြင်ကွင်းသည်လည်း ပျောက်ကွယ်သွားသည်။
သူ့မျက်စိရှေ့တွင် တဖြည်းဖြည်းပျောက်ကွယ်သွားသည့် ကျောက်စာတိုင်ကိုကြည့်ရင်း ရန်ကျောက်ကဲမျက်ဝန်းများက လေးနက်နေသည်။
အခြားသူများအတွက်တော့ ထိုကျောက်စာတိုင်က မဟာကပ်ဘေးကြီးမတိုင်ခင်က ကြွင်းကျန်ရစ်သည့် နားလည်ရခက်ခဲသော အမွေအနှစ်တစ်ခု ဖြစ်သည်။
သို့ပေသိ ရန်ကျောက်ကဲအတွက်တော့ ထိုကျောက်စာတိုင်သည် လျှို့ဝှက်နက်နဲမှုများကို ဖွင့်လှစ်ရန် သော့တစ်ချောင်းဖြစ်ပြီး သူ၏ အနာဂတ်အစီအစဉ်များအတွက် အကျိုးရှိစေကာ ကံကောင်းသော အခွင့်အရေးတစ်ခုလည်း ဖြစ်နိုင်သည်။
ရန်ကျောက်ကဲ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
ထိုကျောက်စာတိုင်းကို အနောက်ဘက် သဲကန္တာရကြီးမှ လုံးလုံးလျားလျား တူးယူသယ်ထုတ်ခြင်းရန် နည်းလမ်းမရှိသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။
ယွမ်ကျန်းဖုန်းပြောသလိုပင် အလျင်လိုစရာတော့မရှိပေ။ အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းကဲ့သို့ ဆိုးရွားပြင်းထန်သည့် သဘာဝဘေးအန္တရယ်သည် လူသားများခံနိုင်ရည်ရှိသည့်အရာ မဟုတ်ပေ။
အရင်က အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းကြောင်း သိုင်းဆရာသခင် မည်မျှ အသက်ဆုံးခဲ့သည်ကို မည်သူမှ မသိနိုင်ပေ။
အရင်ကတော့ လေနယ်မြေ၏ ထိပ်သီးသိုင်းဂိုဏ်းကြီးဖြစ်သော အနက်ရောင်အိပ်မက်ဆိုးတောင်သည် အနောက်ဘက်သဲကန္တာရကြီးမှ သဘာဝဘေးအန္တရယ်များကို လုံးလုံးလျားလျား ထိန်းချုပ်နိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။
သို့သော် ထိပ်သီးသိုင်းဂိုဏ်းကြီးသာ ပျက်ဆီးသွားသည် ထိုသို့ပြုလုပ်နိုင်ခဲ့ခြင်း မရှိပေ။
ယခု လေနယ်မြေ၏ ဒေသများကို ခွဲဝေသိမ်းပိုက်ထားသည့် ဝါဒတောင် ၊ နေသူတော်စင်ဂိုဏ်းနှင့် အဆုံးမဲ့တောင်တန်းတို့သည် အနည်းငယ် ဖွံ့ဖြိုးတိုးတက်သော ဒေသများကိုသာ သိမ်းပိုက်နိုင်ခဲ့ပြီး အနောက်ဘက်သဲကန္တာရကိုတော့ အစွန်အဖျားပိုင်းမျှကိုသာ ထိန်းချုပ်နိုင်ခဲ့ကြသည်။
ပွင့်ပွင့်လင်းလင်း ဆိုရသော အနောက်ဘက်ကန္တာရကြီးသည် လူနေထိုင်ရန် လုံးဝမသင့်တော်သည့် နေရာတစ်ခုပင်။
ထိုနေရာသည် သေမင်းတမန်နယ်မြေဖြစ်သော မြေကမ္ဘာနယ်မြေကဲ့သို့ပင် ဆိုးရွားသည့်အန္တရယ်များနှင့် ပြည့်နက်နေသည်။
သို့သော် အနောက်ဘက်သဲကန္တရာကြီးတွင် နှစ်ဝက်တစ်ကြိမ် ပြင်းထန်လိုက် အားနည်းလိုက်ဖြင့် လည်ပတ်နေသည့် အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းကြီးတိုက်ခတ်နေသည်မှာ ကောင်းမွန်သည်ဟု ယူဆရမည်ဖြစ်သည်။
မုန်တိုင်း အားပျော့သွားချိန်တွင် သိုင်းသမားများသည် သဲကန္တာရအတွင်း ဝင်ရောက်ပြီး ရတနာပစ္စည်းနှင့် ရှေးဟောင်းအမွေအနှစ်များကို ရှာဖွေကြသည်။
သို့ပေသိ သဲကန္တာရကြီးထဲတွင် အန္တရယ်ဆို၍ အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းတစ်ခုသာ တည်ရှိသည် မဟုတ်ပေ။
ရန်ကျောက်ကဲက...
“ဒါဖြေင့် မုန်တိုင်းအားနည်းသွားတဲ့အချိန်ကိုစောင့်ရင်း ကျွန်တော် အဲဒီကျောက်စာတိုင်ပေါ်က ပုံစံနဲ့စာလုံးတွေကို လေ့လာထားလိုက်မယ် ၊ အဓိပ္ပါယ်ကိုနားလည်အောင် နည်းနည်းပါးပါး ကြိုးစားထားလိုက်မယ်”
ယွမ်ကျန်းဖုန်းက ခေါင်းညိတ်ရင်း...
“အဲဒါ နည်းလမ်းကျတယ်”
ထို့နောက် ရန်ကျောက်ကဲက တုံ့ဆိုင်းမနေဘဲ မေးခွန်းထုတ်လိုက်၏။
“ဆရာဘိုးဘိုး... အကြီးအကဲ’ဝမ်’ က ဘာလို့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းရဲ့ သူလျိုဖြစ်သွားရတာလဲ”
အကြီးအကဲ’ဝမ်’ ဆိုသည်က ကောင်းကင်မိုးကြိုးခန်းမမှ ထုတ်ဖော်လိုက်သည့် သူလျိုစာရင်းတွင်ပါဝင်သော ဝါဒတောင်မှ အကြီးအကဲဖြစ်သည်။ သူက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းအတွက် သူလျိုအဖြစ် တာဝန်ထမ်းဆောင်နေခြင်းပင်။
ဝါရင့်သိုင်းဆရာသခင်တစ်ယောက်ဖြစ်ပြီး ယွမ်ကျန်းဖုန်းနှင့် အကြီးအကဲ’ဟယ်’ တို့ကဲ့သို့ မျိုးဆက်တူ ကျင့်ကြံသူတစ်ယော်ကဖြစ်သည်။ အရင်ကဆိုလျှင် ရန်ကျောက်ကဲကိုယ်တိုင်သည်ပင် လေးစားအားကျပြီး ခေါင်းမော့ကြည့်ခဲ့ရသူ ဖြစ်၏။
ယွမ်ကျန်းဖုန်းနှင့် အခြားသူများ ခဏမျှ တိတ်ဆိတ်သွားကြပြီး သူတို့မျက်နှာများထက် ဝမ်းနည်းမှုများ ဖုံးမနိုင် ဖိမရ ပေါလွင်နေသည်။
ယွမ်ကျန်းဖုန်းက...
“ဂိုဏ်းတူအစ်ကို’ဝမ်’က အသက်ကြီးသွားပြီလေ...”
ထိုစကားက ရိုးရှင်းပြီး အဓိပ္ပါယ်ဝေဝါးသည့်တိုင် ထိုစကားနောက်ကွယ်မှ အဓိပ္ပါယ်ကို ရန်ကျောက်ကဲ နားလည်နေဆဲပင်။
အသက်အရွယ်ကြောင့် ဆုတ်ယုတ်လာသည်နှင့်အမျှ ကျင့်ကြံခြင်းအဆင့်တက်ရန်လည်း မျှော်လင့်ချက်မရှိတော့လေရာ ဘဝအဆုံးသတ်ရန်အချိန်သို့ ရောက်ရှိလာသည်။
အကြီးအကဲ’ဝမ်’ သည် အလွန်အိုမင်းနေပြီဖြစ်ရာ အသက်ရှည်မှုအဆုံးသတ်လုနီးနေပေပြီ။ ထို့ကြောင့် အနာဂတ်တွင် ကျင့်ကြံခြင်းအဆင့်တက်ရန် မျှော်လင့်ချက် အနည်းငယ်သာ ရှိတော့သည်။
ရန်ကျောက်ကဲ သက်ပြင်းတစ်ချက်ချလိုက်ပြီး အကြီးအကဲ’ဝမ်’ အတွက် စိတ်မကောင်းဖြစ်သွားမိသည်။ ထို့နောက် တစ်စုံတစ်ခုကို နားမလည်နိုင်ခင် သတိလက်လွတ်ခေါင်းကိုမော့ကာ အရှေ့ဆီသို့ လှမ်းကြည့်လိုက်သည်။
သူကြည့်လိုက်သည့်နေရာတွင် ဆရာဘိုးဘိုး ‘ယွမ်ကျန်းဖုန်း’ ငြိမ်သက်စွာ ထိုင်နေလေ၏။
အားလုံးသိကြသည့်အတိုင်း ယွမ်ကျန်းဖုန်းက စိတ်ဓာတ်အလွန်ခိုင်မာသူဖြစ်သလို အသက်အရွယ်ကြီးရင့်သည့်တိုင် ကောင်းမြင်စိတ် ၊ ကောင်းမွန်သည့်ကိုယ်ရည်ကိုယ်သွေးများကို ပိုင်ဆိုင်သည်။ သို့တိုင် ဘာကြောင့်မှန်းမသိ ရန်ကျောက်ကဲစိတ်ထဲ စိုးရိမ်စိတ်အနည်းငယ် ဖြစ်မိသည်။
ကာလရှည်ကြာ ခံစားခဲ့ရသည့် ဒဏ်ရာများကြောင့် ယွမ်ကျန်းဖုန်းသည် သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့်တွင် နှစ်ပေါင်းများစွာ အချိန်ကြာနေခဲ့သည်။ သူသည် ဤကမ္ဘာပေါ်ရှိ သိုင်းဆရာသခင်များတွင် အထွတ်ထိပ်အဆင့် ရှိနေပြီး သိုင်းသူတော်စင်အဆင့်တက်ရောက်ရန် စက္ကူတမျှပါးလွှာသည့် အကွာအဝေးတွင် ရပ်တန့်နေခဲ့သည်။
ယွမ်ကျန်းဖုန်းက ဟွမ်ကွမ်လီနှင့် အန်းချင်လင်တို့ထက်စောပြီး သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်သို့ ရောက်ရှိခဲ့သူ ဖြစ်သည်။
သို့သော် အဆုံးသတ်တွင် သူက နောက်ကျကျန်ရစ်ခဲ့ပြီး တစ်ယောက်ပြီးတစ်ယောက် သူ့ကို ကျော်တက်သွားကြသည်။ သူ့ကတော့ ကျင့်ကြံခြင်းအဆင့်မတက်နိုင်ဘဲ နှစ်ပေါင်းအတန်ကြာ ပိတ်မိနေခဲ့သည်။
သူက အရည်အချင်းမပြည့်မီသောကြောင့်မဟုတ်ဘဲ ဒဏ်ရာပြင်းထန်ခဲ့ခြင်းက သံကြိုးများပမာ သူ့ကို ချည်နှောင်ထားသောကြောင့်ပင်။
ထို့ပြင် နေသူတော်စင်ဂိုဏ်းတွင် ဟွမ်ကွမ်လီ အဆင့်တက်သွားသည့်အခါ ထိုအချက်က ယွမ်ကျန်းဖုန်းကို များစွာ ဖိအားဖြစ်စေခဲ့သည်။
ယွမ်ကျန်းဖုန်း မည်မျှ စိတ်ပျက်ခဲ့သည် ၊ သို့မဟုတ် သူ့အခြေအနေကို လက်မခံနိုင်ဘဲ မည်မျှ ဖိအားများ ရင်ဆိုင်ခဲ့ရသည်ကို မည်သူမှ မသိခဲ့ကြပေ။
ထိုပြင် ဒဏ်ရာအပြင်းအထန်ရရှိထားလေရာ ယွမ်ကျန်းဖုန်းသည် အခြားသော သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်များထက် အသက်တိုမည် ဖြစ်သည်။
ရန်ကျောက်ကဲ တစ်စုံတစ်ခု တွေးမိသည်။
ထိုအတွေးက ဆရာဘိုးဘိုးကို စော်ကားရာရောက်သော်လည်း ခံစားချက်များကို ဘေးဖယ်ထားပြီး ပြဿနာကို စဉ်းစားဆုံးဖြတ်ရမည်သာပင်။
ယွမ်ကျန်းဖုန်းကဲ့သို့ စိတ်ဓာတ်ခိုင်မာသူတစ်ယောက် စိတ်ပိုင်းဆိုင်ရာဟန်ချက်ပျက်သွားပါက သာမန်လူများထက် ခေါင်းမာပြီး အစွန်းရောက်သွားပေလိမ့်မည်။
အမှန်တော့ များပြားလှစွာသော ထိပ်သီးသိုင်းဂိုဏ်းများထဲတွင် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သူလျှိုများ ရှိနေသည်ကို သိရှိပြီးနောက် ဝါဒတောင်ပြင်ပတွင် ယွမ်ကျန်းဖုန်းအတွက် စိုးရိမ်ကြသူများမှာ အနည်းငယ်သာ ရှိသည် မဟုတ်ပေ။
ရန်ကျောက်ကဲ ယွမ်ကျန်းဖုန်းကို ခေါင်းမော့ကြည့်လိုက်စဉ် အဘိုးအိုနှင့် အကြည့်ချင်းဆုံသွားသည်။ ကြည်လင်သက်ဝင်နေသည့် မျက်ဝန်းအစုံသည် ပျော့ပြောင်းခြင်းမရှိသည့်တိုင် ကလေးတစ်ယောက်ပမာ သန့်စင်လို့နေသည်။
ယွမ်ကျန်းဖုန်းက ရန်ကျောက်ကဲအတွေးကို သိရှိနားလည်သည့်အလား ပြုံးလိုက်လေ၏။
“ငါ စိတ်ရှည်သည်းခံနိုင်တယ်လို့ပြောရင် လိမ်ရာရောက်လိမ့်မယ် ၊ ဒီအဘိုးကြီးထမ်းထားရတဲ့ ဖိအားက ကြီးမားလွန်းတယ်ဆိုတာ တစ်ကမ္ဘာလုံးသိပါတယ်”
ခဏနားပြီးမှ သူက ဆက်ပြောသည်။
“ဒါပေမဲ့ အခုချိန်ထိတော့ ဒီအဘိုးကြီး သည်းခံနေနိုင်တုန်းပါပဲ”
***