← Chapters

ကောင်းကင်ပြောင်းပြန်ဆေးလုံး

Vol. 15 Ch. 203

ကောင်းကင်ပြောင်းပြန်ဆေးလုံး

Vol. 15 Ch. 203

ရန်ကျောက်ကဲက ယွမ်ကျန်းဖုန်းကိုကြည့်ကာ ပြုံးလိုက်ရင်း...

“ကျွန်တော် စကားအလျင်စလို မပြောမိလို့တော်သေးတယ် ၊ မဟုတ်ရင် ဆရာဘိုးဘိုး အပြစ်ပေးတာခံရပြီ”

ယွမ်ကျန်းဖုန်းက ရယ်မောရင်း လက်တစ်ဖက်ဝှေ့ယမ်းလိုက်၏။

“ကိစ္စမရှိဘူး ၊ ဒီတစ်ခေါက် ကြည်လင်လျှို့ဝှက်ရေကန်ပြဿနာက တကယ့်ကို ထိတ်လန့်စရာပဲ မဟုတ်လား”

ထို့နောက် အဘိုးအိုက ကောင်းကင်ထက်သို့မော့ကြည့်ရင်း သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။

“ငရဲကိုးထပ်ရဲ့ ကျူးကျော်မှုက အခု နယ်ပယ်အသီးသီးကို ထိုးဖောက်ဝင်ရောက်နိုင်နေပြီ ၊ အဲဒါကို ခုခံဖို့ ခဲယဉ်းလွန်းတယ် ၊ ငါ အရင်က သူလျိုအချို့ ဖမ်းမိပေမယ့် သူတို့က ကျင့်ကြံခြင်းအဆင့် နိမ့်ပါးကျကြတယ် ၊ ဒီတစ်ခါ ဂိုဏ်းတူအစ်ကို’ဝမ်’ လို ကျင့်ကြံခြင်းအဆင့်မြင့်မားတဲ့လူတစ်ယောက် သူလျိုဖြစ်နေတာကတော့ စိုးရိမ်စရာပါပဲ”

ရန်ကျောက်ကဲ ပြုံးလိုက်သော်လည်း မည်သည့်စကားမှ မဆိုပေ။ ယခုလိုအချိန်တွင် သူ စကားဝင်ပြော၍လည်း သင့်တော်မည် မထင်ပေ။

ဝါရင့်အကြီးအကဲလည်းဖြစ် ၊ ယွမ်ကျန်းဖုန်းနှင့် မျိုးဆက်တူညီသူလည်းဖြစ်သော အကြီးအကဲ ‘ဝမ်’ သည် ဝါဒတောင်၏ အမှောင်ဆုံးအချိန်များကို တွေ့မြင်ခဲ့ရသလို သိုသိုသိပ်သိပ်နေခဲ့ရသည့် အချိန်ကာလများကိုလည်း ဖြတ်ကျော်ခဲ့ရသည်။ ထို့အတူ ဝါဒတောင် ပြန်လည်ရှင်သန်လာသည်ကိုလည်း ကြုံဆုံခဲ့သည်ပင်။

ယွမ်ကျန်းဖုန်း ဘေးဘက်တွင်ထိုင်နေသည့် အကြီးအကဲ (၂)ယောက်သည်လည်း နှုတ်ဆိတ်လျက် ရှိကြသည်။ သူတို့သည်လည်း အကြီးအကဲ’ဝမ်’နှင့် မျိုးဆက်တစ်ခုတည်းဖြစ်ပြီး နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့ကြသူများ ဖြစ်သည်။

ယခု အကြီးအကဲ’ဝမ်’ အခြေအနေ မည်သို့ရှိကြောင်း ရန်ကျောက်ကဲ မမေးမြန်းပေ။

ဝါဒတောင်မှ မထွက်ခွာနိုင်မီ ထိန်းချုပ်ခံလိုက်ရသည့်အတွက် မြေကမ္ဘာနယ်မြေမှ မိစ္ဆာချီစွမ်းအားများဖြင့် ထိတွေ့ခြင်း မရှိသဖြင့် နတ်ဆိုးလက်သို့ ကျရောက်ခြင်း မရှိနိုင်သေးပေ။

သို့သော် သူ့စိတ်ထဲ မကောင်းစိတ် အလွန်တရာ ကြီးမားနေပါက ရိုးရှင်းသောစကားလုံးအချို့ဖြင့် နောင်တရနိုင်မည်မဟုတ်ဘဲ နောက်ပြန်လှည့်ရန် ခက်ခဲပေလိမ့်မည်။

ထိုသူများအနေဖြင့် နတ်ဆိုးလက်ထဲမကျရောက်သေးသဖြင့် ပြင်ပလောကတွင် သာမန်လူများနှင့်မခြား ရှိနေနိုင်သည့်တိုင် တကယ်တမ်းတွင် သူတို့အတွက် ပြန်လှည့်ရန် ခက်ခဲလှ၏။

သူတို့သည် အချိန်မရွေးပေါက်ကွဲနိုင်သော ယမ်းမှုန့်စည်ပိုင်းများကဲ့သို့ အချိန်တိုအတွင်း ပေါက်ကွဲထွက်နိုင်သည်။

အကြီးအကဲများ၏ မျက်နှာအမူအရာများနှင့် အကြီးအကဲ’ဝမ်’ကို မည်သို့ ဖြေရှင်းလိုက်သည်ကို မပြောကြပုံကိုထောက်လျှင် အခြေအနေက မကောင်းနိုင်သည်ကို ရန်ကျောက်ကဲ ရိပ်မိလိုက်သည်။ ကြည့်ရသည်မှာ အကြီးအကဲ’ဝမ်’ သည် နောက်ပြန်မလှည့်နိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ဟန် တူ၏။

ထိုသို့သောအခြေအနေတွင် သူ့အတွက် အကောင်းဆုံး အဆုံးသတ်အပြစ်ဒဏ်မှာ ‌ကောင်းကင်ချုပ်လှောင်ချောက်နက်တွင် အကျဉ်းချခံရမည်သာပင်။

အခြားရှုထောင့်မှကြည့်မည်ဆိုလျှင် ထိုအပြစ်ဒဏ်က  အမှန်တကယ်ပင် ပျော့ပြောင်းသည့် အပြစ်ဒဏ်တစ်ခု ဖြစ်ပေမည်။ ထိုသို့သောအပြစ်ဒဏ်က အဆုံးသတ်တွင် အကြီးအကဲ’ဝမ်’ အနေဖြင့် နောင်တရကာ နောက်ကြောင်းပြန်လှည့်နိုင်ဦးမည်လားဟု မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားနိုင်သေးသည်။

လက်ရှိတွင် ရန်ကျောက်ကဲ၏ အနေအထားက လူငယ်မျိုးဆက်တပည့်တစ်ယောက်မျှသာ မဟုတ်ပေ။ ယွမ်ကျန်းဖုန်းနှင့် အခြားအကြီးအကဲများက သူ့အမြင်ကို အလေးထားကြသည်ဖြစ်ရာ ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမှမပြောရန် ရွေးချယ်လိုက်သည်။

ဝါဒတောင် ၊ အဓိကခန်းမဆောင်မှ ထွက်လာပြီးသည့်နောက် ရန်ကျောက်ကဲက ဖခင်ဖြစ်သူနောက် လိုက်လာပြီး အသံပို့လွှတ်စနစ်ဖြင့် စကားဆိုသည်။

“အဖေ... ဆေးညွှန်းဖော်စပ်တဲ့အခြေအနေ ဘယ်လိုရှိလဲ”

ရန်တိက...

“မင်းပေးတဲ့ဆေးညွှန်းကို ငါ ခွဲခြမ်းစိတ်ဖြာပြီးပြီ ၊ အခု ရှစ်ဆယ်ကနေ ကိုးဆယ်ရာနှုန်းထိ အောင်မြင်နိုင်မှာ သေချာတယ်”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။ ကောင်းကင်ပြောင်းပြန်ဆေးလုံး တီထွင်ရန် လွယ်ကူသည် မဟုတ်ပေ။ သူ၏ လက်ရှိအဂ္ဂိရတ်ပညာ ၊ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ရာနှုန်းပြည့် အောင်မြင်ရန်မှာ မသေချာပေ။

သို့သော် အချိန်သည် လူကိုမစောင့်ပေ။ နေသူတော်စင်ဂိုဏ်း ၊ ငရဲကိုးထပ်နှင့်‌ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနှင့် မီးတောက်မိစ္ဆာကမ္ဘာ ၊ ထိုကိစ္စရပ်များအားလုံးသည် ယွမ်ကျန်းဖုန်းနှင့် ဝါဒတောင်အပေါ် ကြီးမားသည့် ဖိအားများသက်ရောက်သည်သာပင်။

လက်ရှိတွင် ရန်ကျောက်ကဲက ကောင်းကင်ပြောင်းပြန်ဆေးလုံးအပေါ် များစွာအလေးထားသော်လည်း ဖခင်ဖြစ်သူက ဖော်ဆပ်နိုင်မည်ဆိုလျှင် ဆေးလုံး၏ထိရောက်မှု ပိုမိုများပြားနိုင်သည်။ ထို့ကြောင့်ရရှိမည့်ဆုလာဘ်ထက် ဆေးလုံးထိရောက်မှုကို သူက ပိုပြီးအာရုံစိုက်ခဲ့သည်။

ကျိုးပဲ့နေသည့်အသိုက်ထဲတွင် မအက်ကွဲသေးသည့်ဥကို ရှာဖွေရန်မှာ ခက်ခဲလိမ့်မည်။ ဆရာဘိုးဘိုး ယွမ်ကျန်းဖုန်းအနေဖြင့် အတိတ်မှအတားအဆီးကို ဖြတ်ကျော်ပြီး သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့်ကို ကျော်ဖြတ်ကာ သိုင်းသူတော်စင်တစ်ယောက် ဖြစ်လာမည်ဆိုလျှင် ဝါဒတောင်အတွက် အလွန်အရေးကြီးသည့် အဓိပ္ပါယ်တစ်ခု ရှိလာမည်ပင်။

ထိုသို့ဆိုလျှင် အခြားသော အကျိုးအမြတ်များလည်း ထပ်လောင်းဖြစ်ပေါ်လာပေလိမ့်မည်။

ထို့ကြောင့် ဆေးလုံးဖော်စပ်ရာတွင် အချိန်စောလေကောင်းလေ ဖြစ်သည်။ ကောင်းကင်ပြောင်းပြန်ဆေးလုံးဖော်ဆပ်သည့်နည်းလမ်းက အလွန်အမင်း ထူးခြားပြီး ကိုးကြိမ်ကိုးခါတိတိ မီးပြင်းဖိုထဲတွင် အဖန်ဖန်အထပ်ထပ် ဖိုထိုးရန်လိုအပ်လေ၏။

တစ်ကြိမ် ဖိုထိုးတိုင်း အချိန်များစွာလိုအပ်မည်ဖြစ်ပြီး လမ်းတစ်ဝက်တွင် မအောင်မြင်ခဲ့ပါက ဖိုထိုးသည့်လုပ်ငန်းစဉ်တစ်ခုလုံး အသစ်ပြန်လည်စတင်ရမည် ဖြစ်သည်။

ကောင်းကင်ပြောင်းပြန်ဆေးလုံး ဖော်ဆပ်ခြင်းသည် အလွန်လက်ဝင်ပြီး အချိန်ကုန်ပေသည်။

ကံမကောင်းသဖြင့် ဆေးနည်းမှားယွင်းပါက ပါဝင်ပစ္စည်းများ အလုံအလောက်ရှိသည့်တိုင် (၁၀)နှစ်ကျော်ကြာအောင် မအောင်မြင်ဘဲ ဖြစ်ရပေမည်။

ပြီးတော့ လက်ရှိကမ္ဘာ၏ အနေအထားအရ ယွမ်ကျန်းဖုန်းနှင့် ဝါဒတောင်အတွက် အချိန်များများစားစား မကျန်တော့ပေ။

ရန်တိက ရန်‌ကျောက်ကဲကို ကြည့်ရင်း...

“ဒီရက်တွေမှာ ငါက ဆေးဖော်စပ်ဖို့ အဓိကအာရုံစိုက်ထားမယ် ၊ မင်းက လုံ့လဝီရိယရှိရှိ ကျင့်ကြံပါ”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အဖေ စိတ်ချပါ ၊ ကျွန်‌တော် ကြိုးစားမှာပါ”

ရန်တိက ခေါင်းမော့လိုက်ရင်း...

“အခု သိုင်းကျမ်းစာကြည့်တိုက် ပထမထပ်ကနေ တတိယထပ်အထိ လွတ်လွတ်လပ်လပ် လေ့လာခွင့် ဂိုဏ်းက မင်းကို ပေးထားတယ် မဟုတ်လား ၊ ပြီးတော့ စတုတ္ထထပ်ကိုတစ်ကြိမ်ဝင်ရောက်ခွင့်လည်း ပေးထားသေးတယ်လေ”

သူက ဆက်ပြောသည်။

“အဲဒါက မင်းအတွက် နက်ရှိုင်းချီစွမ်းအားကျင့်စဥ် နောက်တစ်ဝက်ကို ကြိုပြီးလေ့လာနိုင်ဖို့ အခွင့်အရေးပဲ ၊ ပြီးတော့ ငါတို့ဂိုဏ်းရဲ့ ထိပ်တန်းသိုင်းပညာ (၃)ရပ်မှာ ဘာကိုကျင့်ကြံမလဲ ဆုံးဖြတ်ပြီးပြီလား”

နက်ရှိုင်းချီစွမ်းအားကျင့်စဥ်က ဝါဒတောင်၏ အခြေခံအုတ်မြစ် ကျင့်စဉ်တစ်ခု ဖြစ်သည်။ သိုင်းပညာရှင်အဆင့် ပင်မတိုက်ရိုက်တပည့်များ ထိုကျင့်စဉ်ပထမတစ်ဝက်ကို လေ့လာခွင့်ရရှိသည်။ ကျန်တစ်ဝက်ကိုတော့ သိုင်းဆရာသခင်အဆင့် ရောက်မှသာ လေ့လာနိုင်သည်။

နက်ရှိုင်းချီစွမ်းအားကျင့်စဉ် ကျန်ရှိသည့်တစ်ဝက်က အလွန်အရေးကြီးလှသဖြင့် တင်းတင်းကျပ်ကျပ် ကန့်သတ်ထားခြင်း ဖြစ်၏။

သိုင်းပညာရှင်အဆင့်ဖြင့် နောက်ပိုင်းသိုင်းပညာတစ်ဝက်ကို ကျင့်ကြံခွင့်ရသူဆို၍ ကျန်းဒေါင်ဂီ ၊ ရန်တိ ၊ ယခု ရန်ကျောက်ကဲတို့သာလျှင် ရှိ၏။

ဝါဒတောင်၏ ထိပ်တန်းသိုင်းပညာ (၃)ရပ်ကတော့ ဝါဒတောင်မှ ဆင်းသက်လာသည့် အမြင့်ဆုံးသော သိုင်းပညာများဖြစ်ပြီး အစွန်းရောက်ရှစ်ပါး သိုင်းပညာ (၈)ရပ်၏ အထက်တွင်ရှိသည်။ ယခုအချိန်ထိ ဝါဒတောင်၏ အောင်မြင်မှုကို ကိုယ်စားပြုသော အမြင့်မားဆုံး သိုင်းပညာရပ်များ ဖြစ်သည်။

မဟာကပ်ဘေးကြီးနောက်ပိုင်း လက်ရှိ သိုင်းကျင့်ကြံသူလောကတွင် အမြင့်မားဆုံး အောင်မြင်မှုရရှိထားသည့် သိုင်းပညာရပ်များဖြစ်သည်။

ရန်‌ကျောက်ကဲက ရယ်မောလိုက်ရင်း...

“အဖေ စိတ်မရှိဖို့တော့ မျှော်လင့်ပါတယ် ၊ ကျွန်တော်က ရွေးချယ်ရမယ်ဆိုရင် ကောင်းကင်ဝါဒလက်ဝါးသိုင်းကိုပဲ လေ့ကျင့်ချင်တယ်”

ဝါဒတောင်၏အမြင့်ဆုံးအဆင့် ထိပ်တန်းသိုင်းပညာ (၃)ရပ်မှာ ကောင်းကင်ဝါဒလက်ဝါးသိုင်း ၊  အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်းနှင့် အဆုံးမဲ့‌ကောင်းကင်ဓားသိုင်းတို့ ဖြစ်သည်။

ထို ထိပ်တန်းသိုင်းပညာ (၃)ရပ်သည်ကား နက်ရှိုင်းပြီး ခန့်မှန်းရခက်သလို သိုင်းစွမ်းလည်း မြင့်မားသည်။ ဝါဒတောင်မျ အတော်ဆုံး သိုင်းကျင့်ကြံသူများသာလျှင် ထိုသိုင်းပညာများကို ကျင့်ကြံနိုင်စွမ်း ရှိသည်။

ထိုသိုင်းပညာများကို ကျင့်ကြံရန် နက်ရှိုင်းချီစွမ်းအားကျင့်စဉ် နောက်ပိုင်းတစ်ဝက်ထက်ပင် တင်းကျပ်စွာ တားဆီးထားသည်။ ယွမ်ကျန်းဖုန်းကိုယ်တိုင် သမီးလေးတစ်ယောက်ပမာ ကျွေးမွေးစောင့်ရှောက်ထားသည့် ဖူအန်းစုသည်ပင် သိုင်းဆရာသခင်အဆင့် ရောက်ရှိပြီးနောက် မရေမတွက်နိုင်သည့် စမ်းသပ်မှုများခံရပြီး ယွမ်ကျန်းဖုန်း စိတ်ကျေနပ်တော့မှသာ သိုင်းပညာတစ်မျိုးကို ကျင့်ကြံခွင့်ပြုခဲ့သည်။

ရှီတိကတော့ ချွင်းချက်ဖြစ်သည်။ သူက ထို ထိပ်တန်းသိုင်းပညာ (၃)ရပ်ကို မကျင့်ကြံခဲ့ဘဲ ရွှေခန္ဓာကျင့်စဉ်စတ်ခုတည်းကိုသာ ဘဝတစ်ခုလုံးမြှုပ်နှံကာ အပြည့်အဝ အာရုံစိုက်ခဲ့သူ ဖြစ်သည်။

ဤသည်က သူ၏ ပင်ကိုယ်စရိုက်ကြောင့် ဖြစ်လေရာ အထူးတလည် စဉ်းစားနေစရာ မလိုပေ။

ရန်တိနှင့် ဖန်ကျွင်းတွင် ရန်တိက အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်းကို လေ့ကျင့်ခဲ့ပြီး ဖန်ကျွင်းကတော့ အဆုံးမဲ့ကောင်းကင်ဓားသိုင်းကို လေ့ကျင့်ခဲ့သည်။

ရန်ကျောက်ကဲ ရွေးချယ်မှုကို သိရတော့ ရန်တိက ပြုံးလိုက်သည်။

“သိုင်းပညာလေ့ကျင့်ဖို့ ရွေးချယ်တော့မယ်ဆိုရင် ကိုယ့်အတွက် အသင့်တော်ဆုံးကို ရွေးချယ်သင့်တယ် ၊ အဖေက ဓားသိုင်းလေ့ကျင့်လို့ သားက ဓားသိုင်းလေ့ကျင့်ရမယ်ဆိုတာ မဟုတ်ပါဘူး ၊ ဒါပေမဲ့ မင်းက အဆုံးမဲ့ကောင်းကင်ဓားသိုင်းကို ရွေးချယ်မယ်လို့ အဖေ ထင်ခဲ့တာ”

ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“တကယ်တော့ ကျွန်တော်က သိုင်းပညာ (၃)ရပ်လုံးကို စိတ်ဝင်စားပါတယ် ၊ ဒါပေမဲ့ ကောင်းကင်ဝါဒလက်ဝါးသိုင်းကိုတော့ စိတ်အဝင်စားဆုံးပဲ”

ရန်တိက...

“စတုတ္ထအဆင့်ကို ကိုယ်တိုင်သွားပြီး ရွေးချယ်ခွင့်ရမှာဆိုတော့ မင်းကိုယ်ဆုံးဖြတ်ချက်ချသင့်ပါတယ်”

သူတို့ (၂)ယောက် ရန်တိ၏အိမ်တော်သို့ ပြန်လာကြပြီး သားအဖနှစ်ယောက် ကောင်းကင်ပြောင်းပြန်ဆေးလုံးနှင့်ပတ်သက်ပြီး ခွဲခြမ်းစိတ်ဖြာ ဆွေးနွေးကြသည်။ အချိန်အတန်ကြာမှ ရန်ကျောက်ကဲ ပြန်လာခဲ့၏။

ရန်တိအိမ်တော်မှ ပြန်လာပြီးနောက် ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ အနောက်ဘက်သဲကန္တာရထဲရှိ ကောင်းကင်ဘုံနန်းတော်နှင့်ပတ်သက်နေသည့် ပျက်စီးနေသောကျောက်စာတိုင်အကြောင်း ထည့်သွင်းသိမ်းဆည်းထားသည့် သလင်းကျောက်လေးကို ရန်ကျောက်ကဲ ထုတ်ယူလိုက်သည်။

ထိုအချိန် အိမ်တော်အပြင်ဘက်တွင်စောင့်နေသည့်အားဟူက ရန်‌ကျောက်ကဲ ထွက်လာသည်ကို မြင်တော့ ထိုင်ရာမှ အမြန်ထလိုက်သည်။ သူသာမက ပန်ပန်ကလည်း သူ့ကို တွန်းတိုက်ချတော့မည့်အလား စိတ်အားထက်သန်စွာဖြင့် ပြေးလာသည်။

ပန်ပန်မှာ ဆင်တစ်ကောင်ထက်ပင် ပိုမိုကြီးထွားနေပြီ ဖြစ်သည်။

ရန်ကျောက်ကဲက ခါတိုင်းလိုပင် ပန်ပန်၏ ကြီးမားသည့်ဦးခေါင်းကြီးကိုအသာပွတ်ရင်း သူ့ကို အသာတားဆီးလိုက်ရ၏။

“မင်းက အခု အရွယ်အစားကို ထိန်းချုပ်နိုင်နေပြီ မဟုတ်လား ၊ ဘာလို့ ဒီလိုခန္ဓာကိုယ်ကြီးနဲ့ လျှောက်သွားနေရတာလဲ ၊ မင်းက အရမ်းကြီးတော့ နေရာလည်းအရမ်းယူတယ် ၊ တော်ကြာ မင်းခန္ဓာကိုယ်ကြီးနဲ့ သတိမထားမိဘဲ ဂိုဏ်းထဲကပစ္စည်းတွေ လျှောက်ဖျက်စီးပစ်ရင် ဘယ်လိုလုပ်မလဲ”

ပန်ပန်က မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ချီစွမ်းအားများ စီးဆင်းထွက်ပေါ်လာပြီး အဖြူရောင်မီးတောက်နှင့် အနက်ရောင်ရေများအဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဝန်းရံဖုံးလွှမ်းသွားသည်။

မကြာမီ ရေနှင့်မီးများပျောက်ကွယ်သွားပြီး သူ၏ အရွယ်အစားက အမှန်တကယ်ပင် သေးငယ်သွားသည်။

ရန်ကျောက်ကဲက ကျေနပ်စွာခေါင်းညိတ်လိုက်ပြီးနောက် သိုင်းကျမ်းစာကြည့်တိုက်ဘက်သို့ ထွက်လာခဲ့၏။

သူ အစဉ်အမြဲ စိတ်ဝင်စားခဲ့ပါသော သိုင်းကျမ်းစာကြည့်တိုက် စတုတ္ထထပ်သို့ နောက်ဆုံးတော့ သွားရောက်လေ့လာခွင့် ရရှိခဲ့ပြီ မဟုတ်ပါလား။

***

All Chapters