← Chapters

ဒီတစ်ခေါက်တကယ်မရည်ရွယ်ပါဘူး

Vol. 15 Ch. 204

ဒီတစ်ခေါက်တကယ်မရည်ရွယ်ပါဘူး

Vol. 15 Ch. 204

အားဟူ လက်ရှိကျင့်ကြံနေသည့် သိုင်းပညာက သိုင်းကျမ်းစာကြည့်တိုက် ပထမထပ်နှင့် ဒုတိယထပ်ကို ကျော်လွန်နေသည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သို့သော် အားဟူက ဝါဒတောင်မှ တပည့်မဟုတ်လေရာ ရန်ကျောက်ကဲ ၊ ရန်တိတို့နှင့် နီးစပ်သည့်တိုင် စည်းမျဉ်းစည်းကမ်းများအရ သိုင်းကျမ်းစာကြည့်တိုက်သို့ ဝင်ရောက်ခွင့် မရှိပေ။

အားဟူကလည်း ထိုအချက်ကို လက်ခံထားသည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သူက ရန်ကျောက်ကဲကို မေးလိုက်သည်။

“သခင်လေး ၊ သိုင်းကျမ်းစာကြည့်တိုက်မှာ ဘယ်လောက်ကြာမှာလဲ”

ရန်ကျောက်ကဲက အနည်းငယ်စဉ်းစားရင်း...

“ဒီတစ်ခေါက် နည်းနည်းထူးခြားတော့ အရင်အခေါက်တွေထက် ပိုကြာလိမ့်မယ် ၊ နေမဝင်မချင်း ငါ ထွက်လာနိုင်မယ် မထင်ဘူး”

အားဟူက ခေါင်းညိတ်လိုက်ရင်း ရန်ကျောက်ကဲကို လက်ဝှေ့ယမ်းနှုတ်ဆက်သည်။

“သခင်လေး... ဒါဆို တစ်နေကုန်အလုပ်ရှုတ်နေမှာပေါ့ ၊ ကျွန်တော်လည်း နေရာကောင်းကောင်းလေးတစ်ခုရှာပြီး ကစားနေလိုက်မယ် ၊ နေဝင်တော့မှ သခင်လေးကို လာရှာတော့မယ်”

ရန်ကျောက်ကဲကလည်း အလေ့အထမရှိစွာပင် အားဟူကို လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်ရင်း...

“ခပ်လန်းလန်းနေရာတစ်ခုမှာ ကြောင်တစ်ကောင်လို ခုန်နေပေါ့ကွာ...”

သူက အားဟူကို အနည်းငယ် စ နောက် လိုက်သည်။ သို့သော် ထို လူထွားကြီးသည် နေရာတစ်ခုရှာကာ ကျင့်ကြံတော့မည်ဖြစ်ကြောင်း သိရှိလိုက်၏။

အားဟူသည် ရန်ကျောက်ကဲနောက် တောက်လျှောက်လိုက်နေရသည့် အစေခံတစ်ယောက်ဖြစ်ရာ လူတိုင်းက သူ့ကို သတိမထားမိဘဲ လျစ်လျူရှုခဲ့ကြသည်။

တကယ်တမ်းတွင်တော့ အားဟူက ရွှီဖေးထက်ပင် အသက်ငယ်ရွယ်ပြီး အသက် (၃၀)ပင် မပြည့်သေးပေ။ လျိုရှန်းဖုန်း ၊ ရှဲ့ယိုချန်တို့နှင့် ရွယ်တူဖြစ်သည်။

ထိုသို့သောအသက်အရွယ်တွင် ထိုမျှ ကျင့်ကြံခြင်းအဆင့် ရောက်ရှိနေခြင်းသည် အံ့သြဖွယ်ရာ အရည်အချင်းကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည့်အပြင် ဤလူထွားကြီးသည် အခြားသူများထက်ပိုပြီး သိုင်းပညာကို လုံ့လဝီရိယရှိရှိ ကြိုးစားသူ ဖြစ်၏။

***

ရန်ကျောက်ကဲ သိုင်းကျမ်းစာကြည့်တိုက် ပထမထပ်သို့ ရောက်လာခဲ့သည်။ ထိုနေရာတွင် တပည့်အချို့ ရှိနေပြီး အားလုံးက ဝါဒတောင်သို့ ရောက်သည်မှာ အတန်ကြာပြီဖြစ်သော တပည့်ငယ်များ ဖြစ်ကြသည်။

ရန်ကျောက်ကဲကိုမြင်တော့ အားလုံး အံ့အားသင့်သွားကြပြီး တစ်ညီတစ်ညွတ်တည်း ဦးညွှတ်လိုက်ကြသည်။

“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ကို နှုတ်ဆက်ပါတယ်”

ထိုလူငယ်များက ရန်ကျောက်ကဲနှင့် မျိုးဆက်တူတပည့်များဖြစ်သည့်တိုင် ရန်ကျောက်ကဲသည် သူတို့အတွက် ဒဏ္ဍာရီဆန်ဆန်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေခဲ့သည်။

ထို့ကြောင့် ရန်ကျောက်ကဲကို တွေ့သည့်အခါ ဂိုဏ်းတွင်းမှ အကြီးအကဲများကို တွေ့ရသည်ထက်ပင် ပိုမိုထိတ်လန့်သွားကြသည်။

ရန်ကျောက်ကဲက ပြုံးပြီးခေါင်းညိတ်ပြရင်း သူနှင့်ရင်းနှီးသောမျက်နှာများကို ရုတ်တရက် သတိပြုလိုက်မိ၏။

အဖြူရောင်အဝတ်အစားများထက်တွင် အနက်ရောင်အားသပ်များပါသည့် အပြာရောင်ဝတ်ရုံထပ်ခြုံထားသည့် ဖန်းယွင်ရှန်းသည် ယခုအခါ ဝါဒတောင်မှ တိုက်ရိုက်ပင်မတပည့်တစ်ယောက် ဖြစ်နေပေပြီ။

သူမဘေးနားတွင် ကလေးငယ်တစ်ယောက်ရှိနေပြီး သူက ရန်ကျောက်ကဲကို စူးစူးစိုက်စိုက် ကြည့်နေသည်။ ထိုကလေးငယ်က ဟန်လုန်အာတစ်ဖြစ်လဲ ယင်လုန်ထူပင် ဖြစ်သည်။

ယင်လုန်ထူသည် အတော်လေး ဉာဏ်ရည်နှေးကွေးပုံရသည့်တိုင် ရန်ကျောက်ကဲကိုတော့ မှတ်မိနေဟန်ပင်။

ဖန်းယွင်ရှန်းက ပြုံးလိုက်ရင်း...

“လုန်ထူ... ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ဘယ်ရောက်နေလဲ အမြဲမေးနေတာ ၊ ဟိုမှာ... အခု မင်းရှေ့ရောက်နေပြီ”

ယင်လုန်ထူက ရိုးရှင်းစွာပင် ပြုံးလိုက်ရင်း...

“ဂိုဏ်းတူ... အစ်ကိုကြီး... ‘ရန်’”

ဟု နှုတ်ဆက်လိုက်သည်။

ရန်ကျောက်ကဲကလည်း သူ့ကို ပြုံးပြကာ ခေါင်းညိတ်ရင်း...

“မင်းနဲ့မတွေ့တာတောင် နှစ်ဝက်လောက်ရှိနေပြီ ၊ လုန်ထူက အတော်ထွားလာတာပဲ”

ထို့နောက် သူက ဖန်းယွင်ရှန်းကို ပြုံးကာ လှည့်ကြည့်ရင်း...

“မင်းတို့နှစ်ယောက်ကြည့်ရတာ အတော်လေး ရင်းနှီးတဲ့ပုံပဲ”

ဖန်းယွင်ရှန်းက ယင်လုန်ထူကို ထူးဆန်းစွာ တစ်ချက်ကြည့်လိုက်ရင်း...

“ဘာလို့လဲဆိုတော့ ကျွန်မတို့နှစ်ယောက် အတူတူမျှဝေတဲ့ တူညီတဲ့ အကျိုးစီးပွားတွေ ရှိတယ်လေ”

ရန်ကျောက်ကဲ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး...

“အစားအသောက် မဟုတ်လား”

ဖန်းယွင်ရှန်းက ခေါင်းညိတ်ရင်း ယင်လုန်ထူပခုံးကို ပုတ်လိုက်သည်။

“အစားအသောက် အရမ်းကောင်းတယ်လေ ၊ ကျွန်မဆို ဝါဒတောင်မှာ ငါးကင်ဖို့ မီးမမွှေးရဲသလောက်ပဲ ၊ ပြီးတော့ ကျွန်မတို့ နှစ်ယောက်ပေါင်းရင် တောင်ပေါ်ကအရာအတော်များများကို စားပစ်မိလောက်တယ်”

ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“အခု ငါလည်းပြန်ရောက်ပြီဆိုတော့ နောက်တစ်ခါဆို ငါ့ကိုပါထည့်တွက်ရမယ်”

ဖန်းယွင်ရှန်းက သူ့ကို စူးစိုက်ကြည့်ရင်း...

“ရှင့်လို တစ်မိုးအောက်မှာ တစ်ယော်ကဆိုသလောက်ကျော်ကြားတဲ့ မိုးကောင်းကင်ရဲ့သားတော် ဝါဒတောင်သခင်လေးက အားနွဲ့တဲ့ မိန်းကလေးနဲ့ ကလေးငယ်တစ်ယောက်ဆီက အစားအသောက်တွေကို စားမလို့လား ၊ ရှင့်ရဲ့ဂုဏ်သိက္ခာထိခိုက်မှာ မကြောက်ဘူးလား”

“မင်းတို့ (၂)ယောက်ကို အားနွဲ့တဲ့မိန်းကလေးနဲ့ ကလေးငယ်လို့ သတ်မှတ်ရမယ်... ဟုတ်လား”

ရန်ကျောက်ကဲက သူမနှင့် ယင်လုန်ထူကို တစ်ချက်လှမ်းကြည့်ကာ လှောင်ပြောင်ရင်း ခေါင်းခါယမ်းလိုက်သည်။

ခဏမျှ အကဲခတ်ပြီးနောက် ရန်ကျောက်ကဲက ရုတ်တရက် မေးလိုက်သည်။

“မင်း ယင်လုန်ထူကို တစ်ချိန်လုံး လိုက်ထိန်းနေတာ မင်းကိုယ်မင်း အမေတစ်ယောက်လို့ ထင်နေတာလား”

ထို့နောက် သူက ဖန်းယွင်ရှန်း အဖြေစကားကို မစောင့်ဘဲ ယင်လုန်ထူကို မေးလိုက်သည်။

“လုန်ထူ... မင်း သူ့ကို ဘယ်လိုခေါ်လဲ”

ယင်လုန်ထူက ဖန်းယွင်ရှန်းကို အနည်းငယ်မှင်တက်စွာ လှမ်းကြည့်လိုက်ရင်း...

“ဂိုဏ်းတူအစ်မ ‘ဖန်း’...”

ဟု ရိုးသားစွာပင် ပြန်ဖြေသည်။

ရန်ကျောက်ကဲက ရယ်မောရင်း ခေါင်းကို သွင်သွင်ခါယမ်းလိုက်သည်။

“မှားတယ် မှားတယ် ၊ မင်း သူ့ကို အမေ’ယွင်’ လို့ ခေါ်သင့်တာ...”

ယင်လုန်ထူမှာ မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခ်လုပ်ရင်း ဖန်းယွင်ရှန်းကို လှည့်ကြည့်လိုက်သည်။ သူ့အစ်ကိုကြီးပြောသလို အမှန်တကယ်ပင် အခေါ်အဝေါ် ပြောင်းလဲသင့်သလားဟု စဉ်းစားနေဟန်ပင်။

အရာရာကို ပေါ့ပေါ့ပါးပါးရှိတတ်သည့် ဖန်းယွင်ရှန်းမှာ ကလေးငယ်အကြည့်ကို ရင်ဆိုင်ရသည့်အခါ ဆံပင်များ ထောင်သွားဟန်ရှိသည်။

သူမက ရန်‌ကျောက်ကဲကို ခဏမျှ မကျေမနပ်စိုက်ကြည့်ရင်း နှာခေါင်းတစ်ချက်ရှုံ့ကာ အသံပို့လွှတ်စနစ်ဖြင့် စကားဆိုလိုက်သည်။

“ဒီ အမွှေးထူထူနဲ့ကောင်လေးက ဘယ်သူ့ကလေးမို့လို့လဲ ၊ သူက ကလေးဆန်ပေမယ့် အသက်ငယ်တော့တာမဟုတ်ဘူး ၊ သူ့ရဲ့ ဂိုဏ်းတူညီအစ်ကိုတွေဆီက မုန့်ဘယ်လိုခိုးစားရမလဲဆိုတာ သိနေပြီ”

“မုန့်ခိုးစားတာ ဘာဖြစ်လဲ ၊ နို့ခိုးစို့တာမှ မဟုတ်တာ... အဲ...”

ရန်ကျောက်ကဲက မစဉ်းစားဘဲ စကားကို ပေါ့ပေါ့ပါးပါး ပြောလိုက်မိပြီးမှ မသင့်လျော်သည့်စကားဖြစ်ကြောင်း ချက်ချင်း သတိရသွားသည်။

“အဲ... တောင်းပန်ပါတယ်”

ဖန်းယွင်ရှန်းမှာ မှင်တက်သွားပြီး အချိန်အတန်ကြာအောင် ဘာပြန်ပြောရမှန်းမသိဖြစ်နေသည်။ သူမက ရယ်လည်းရယ်ချင် ဒေါသလည်းထွက်အကြည့်ဖြင့် ရန်ကျောက်ကဲကို စိုက်ကြည့်နေတော့၏။

အတန်ကြာမှ သူမက စိတ်ထဲဘာမှမရှိသလို ရယ်မောလိုက်ရင်း...

“ဟုတ်ပါပြီ... တောင်းပန်လိုက်ပါ သခင်လေး ၊ ကျွန်မကို ရှင်က စိတ်ပျက်အောင်လပ်တယ် ၊ ရာသီဥတုက မကောင်းတော့ ထမင်းဆိုင်မှာ ဟင်းလည်းမရှိ ၊ ဆန်းမရှိတော့ လိမ္မာတဲ့မိန်းမကောင်းလေး ထမင်းချက်ချင်ရင်တောင် ချက်လို့မရဘူး”

ရန်ကျောက်ကဲက ချောင်းတစ်ချက်ဟန့်လိုက်ရင်း...

“ကောင်းပြီ ကောင်းပြီ ၊ စိတ်ထဲ မထားနဲ့...”

ကံကောင်းသည်မှာ သူတို့ပြောနေကြသည့် နောက်ဆုံးစကားများကို ကြယ်တာရာချီစွမ်းအား အသုံးပြုကာ အသံပို့လွှတ်စနစ်ဖြင့် ပြောဆိုနေကြလေရာ အခြားသူများ မကြားနိုင်ပေ။ မဟုတ်ပါက ဂိုဏ်းတူမောင်နှမများကြားတွင် မသင့်တော်သည့်စကားများ ကြားမိလျှင် မကောင်းနိုင်ပေ။

နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နားလည်မှုဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်ကြသည်။

ဖန်းယွင်ရှန်းက ရယ်မောလိုက်ရင်း...

“လူတွေပြောကြတ‌ာတော့ ကျွန်မတို့မျိုးဆက် ထူးကဲယင်မိန်းမပျိုတွေက သိုင်းပညာရှင်အဆင့်ရောက်ရင် တစ်ကမ္ဘာလုံးကို တုန်လှုပ်စေနိုင်တယ်တဲ့ ၊ ဒါပေမဲ့ အဲဒါက အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုဖြစ်တဲ့ ထူးကဲယင်သရဖူကြောင့်ပဲ မဟုတ်လား”

သူမက ဆက်ပြောသည်။

“တကယ်တော့... အဲဒါက ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ကို ယှဉ်လို့မရနိုင်ပါဘူး ၊ရှင်က ကိုယ်ပိုင်စွမ်းအားနဲ့ ကြီးမားတဲ့အပြောင်းအလဲကြီးတစ်ခုကို လုပ်လိုက်နိုင်တယ် ၊ ကြီးမားတဲ့ ဒီရေလှိုင်းကို ရပ်တန့်လိုက်နိုင်တာပါပဲ”

ရန်ကျောက်ကဲက လက်ကာပြလိုက်ရင်း...

“အဲဒါ အရမ်းလျှောက်ပြီး ချီးကျူးနေကြတာ ၊ ငါက ကံကောင်းလို့...”

ရန်ကျောက်ကဲက သက်ပြင်းတစ်ချက်ချလိုက်ရင်း...

“ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ ပြန်သုံးသပ်ဖို့လိုတယ် ၊ အခြေအနေတွေကို ပြန်တွေးကြည့်ရင် အတော်လေး အန္တရယ်များခဲ့တယ် ၊ အရင်က စာတွေဖတ်ခဲ့တာက ဘာမှမဟုတ်ဘူး ၊ အခုတစ်ခါတော့ အလေးအနက် လေ့လာရမယ် ၊ အရင်က အစီအရင်ပညာနဲ့ပတ်သက်ရင် သုတေသန နည်းနည်းပါးပါး လုပ်ခဲ့ဖူးတယ် ၊ ဒါပေမဲ့ ဒါပေမဲ့ အဲဒါတွေက အပေါ်ယံတွေပါ ၊ ဒီတစ်ခေါက် မိစ္ဆာချီနယ်မြေ အစီအရင်ကို တွေ့ရတော့ အဲဒီအစီအရင်ရဲ့  လည်ပတ်မှုအသေးစိတ်တွေကို ငါ မမြင်နိုင်ခဲ့ဘူး ၊ မဟုတ်ရင် အရေးကြီးတဲ့အခိုက်အတန့်မှာ အဲဒီလောက် စွန့်စားလိုက်ရမှာ မဟုတ်ဘူး”

ပြောရင်း ရန်ကျောက်ကဲက ခေါင်းခါယမ်းသည်။

“ဒီတစ်ခေါက် တောင်ပေါ်ပြန်လာတာ... ကျင့်ကြံတာအပြင် အားတဲ့အချိန်တွေမှာ အစီအရင်ပညာလေ့လာဖို့ ဆုံးဖြတ်ထားတယ် ၊ ဒါမှ ငါ့ရဲ့ အားနည်းချက်တွေကို ပြုပြင်နိုင်မှာ”

သူ ထိုစကားများကို ပြောနေချိန် ဖန်းယွင်ရှန်းက သူ့ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

ရန်ကျောက်ကဲက သူ့အဝတ်အစားများကို ခေါင်းငုံ့ကြည့်လိုက်သည်။ သူ အဝတ်အစားဝတ်လာတာလည်း လွဲမနေပါဘူး၊

ရန်ကျောက်ကဲက...

“မင်း... မင်းရဲ့အကြည့်က ဘာအဓိပ္ပါယ်လဲ”

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်ပြီး ထူးဆန်းသည့်လေသံဖြင့်...

“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ... ရှင်က ဒီကိစ္စကို အလေးအနက်ထားပြီး ပြောနေတာဆိုရင်တော့ အတော်လေး မာန်တက်နေတဲ့သူပဲ”

“ဟမ်...”

သူမစကားကြောင့် ရန်ကျောက်ကဲ အံ့အားသင့်သွားသည်။

ဖန်းယွင်ရှန်းက...

“ဂိုဏ်းတူအစ်ကိုကြီး’ရန်’... ကျွန်မ သတင်းကြားတာတော့ အဲဒီကြီးမားတဲ့အစီအရင်ကို ဖျက်ဆီးဖို့အတွက် ရှင်က အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို ကိုယ်ပိုင်စွမ်းအားနဲ့ ထိန်းချုပ်အသုံးပြုနိုင်ခဲ့တယ်တဲ့ ၊ ဒီလို အတိအကျ လှုပ်ရှားနိုင်ဖို့ဆိုတာ အစီအရင်ပညာမှာ မြင့်မားတဲ့အောင်မြင်မှုရှိနေမှ ဖြစ်မှာလေ ၊ တကယ်ဆိုရင် သိုင်းဆရာသခင်တွေတောင် အဲဒီလိုမလုပ်နိုင်တဲ့သူတွေမှ အများကြီးပဲ”

သူမက ဆက်ပြောသည်။

“အခု ရှင်က ရှင့်ကိုယ်ရှင် အစီအရင်ပညာ မတော်ဘူးလို့ ပြောနေတာ... ၊ ထပ်ပြီး ကြိုးစားရဦးမယ်လို့ ပြောနေတာ... ၊ ဒါက... တကယ်တော့...ဟွန်း...”

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲကို ခပ်ချဉ်ချဉ် အမူအရာဖြင့် ကြည့်လိုက်သည်။ သူမ အဘယ့်ကြောင့် ထိုသိုသောအမူအရာ ပြုလုပ်လိုက်မိသည်ကို မသိသည့်တိုင် သူမက တကယ်ပင် ရန်ကျောက်ကဲကို အထင်သေးမိသည်။

ရန်ကျောက်ကဲမှာ ခဏမျှ အံ့အားသင့်သွားပြီးနောက် ငိုရမလို ရယ်ရမလို ဖြစ်သွားသည်။

သူက ခပ်လန်းလန်း သခင်လေးတစ်ပါးဖြစ်ပြီး သူ တော်ကြောင်း တတ်ကြောင်း ကြွားဝါရသည်ကို သဘောကျသည်။ အခြားသူများရှေ့တွင် နတ်ဘုရားဆန်ဆတ် ဝင့်ကြွားရသည်ကို အတော်လေး နှစ်သက်သည်။

သို့ပေသိ...

အား...

ယခု သူက ထိုသို့ပြုလုပ်ရန်ပင် မစဉ်းစားရသေးပေ။

ဒီတစ်‌ခေါက် သူက အစီအရင်ပညာကို အားစိုက်လေ့လာမည်ဟု ပြောဆိုမိသည်မှာ အမှန်တကယ်ပင် နှိမ့်နှိမ့်ချချဖြင့် စိတ်အားထက်သန်စွာ ပြောမိခြင်းရယ်ပါ။

သူက တကယ်ပဲ အစီအရင်ပညာနဲ့ပတ်သက်ပြီး ထပ်မံသုတေသနလုပ်ရင်း ဒီနယ်ပယ်တွင် အမှန်တကယ် စွမ်းရည်တိုးတက်ချင်မိသည်မှာ အမှန်ပင် ဖြစ်သည်။

သို့သော်

ဖန်းယွင်ရှန်းကတော့.... ။

***

All Chapters