← Chapters

အသက်အငယ်ဆုံးသိုင်းပညာရှင်

Vol. 15 Ch. 205

အသက်အငယ်ဆုံးသိုင်းပညာရှင်

Vol. 15 Ch. 205

ရန်ကျောက်ကဲ အံ့အားသင့်စွာဖြင့် ဖန်းယွင်ရှန်းကိုကြည့်ရင်း နှုတ်ခမ်းများမဲ့သွားသည်။

“ဂိုဏ်းတူညီလေး’ဖန်း’ ၊ ငါက အတည်ပြောနေတာလေဟာ ၊ အစီအရင်ပညာ မြင့်မားအောင် ဆက်လေ့လာဖို့ အရမ်းကို အလေးအနက်နဲ့ ပြောနေတာ ၊ အဲဒီပညာကို ပိုပြီး ကြိုးစားချင်မိလို့ပါ”

ဖန်းယွင်ရှန်းလည်း အံ့အားသင့်သွားပြီး ရန်ကျောက်ကဲကို သေသေချာချာ အကဲခတ်နေသည်.

အတန်ကြာမှ မည်သို့မှ မတတ်နိုင်စွာဖြင့်...

“ဒါဆိုရင်လည်း... ဂိုဏ်းတူအစ်ကိုကြီး’ရန်’က တခြားသူတွေ မျက်နှာဘယ်လိုထားရမှန်းမသိအောင် လုပ်တာပဲ မဟုတ်ဘူးလား ၊ အနည်းဆုံးတော့ ကျွန်မ အရူးတစ်ယောက်လို ခံစားရတယ်”

ရန်ကျောက်ကဲ ခဏမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးမှ ရယ်မောလိုက်ရင်း...

“ဟုတ်ပါပြီ ဟုတ်ပါပြီ ၊ အချိန်အများစုမှာ မင်း ဒီလိုတွေးမယ်ဆိုရင် တကယ်တော့ မမှားပါဘူး ၊ မင်း အခု ငါ့ကို အထင်လွဲသွာတာက အရင်က ငါ့ရဲ့ အပြုအမူတွေကြောင့်ပါ ၊ အင်း... မင်း ငါ့ကို အထင်လွဲတယ်လို့လည်း ယူဆလို့ မရပါဘူးလေ”

ရန်ကျောက်ကဲစကားကိုကြားတော့ ဖန်းယွင်ရှန်းက နောက်တစ်ကြိမ်ထပ်မံအကဲခတ်လိုက်ပြီး မျက်ဝန်းများ နူးညံ့ပျော့ပြောင်းသွားသည်။

ရန်ကျောက်ကဲက ယင်လုန်ထူ‌ ဘေးနားသို့ရောက်လာပြီး လက်ကောက်ဝတ်သွေးကြော စမ်းသပ်လိုက်သည်။

ထို့နောက် ရယ်မောလိုက်ရင်း...

“အား... လုန်ထူရဲ့ တိုးတက်မှုက အရမ်းမြန်တာပဲ”

ဉာဏ်နှေးပုံရသည့် ယင်လုန်ထူသည် ရန်ကျောက်ကဲ၏ ချီးကျူးစကားကိုကြားရသည့်အခါ အလွန်ပျော်ရွှင်သွားဟန်ဖြင့် တခစ်ခစ်ရယ်မောလိုက်သည်။

ဖန်းယွင်ရှန်းက ပြုံးလိုက်ရင်း...

“ခုနစ်စဉ်ကြယ်ခန္ဓာကိုယ်က တကယ့်ကို အံ့မခန်းပါပဲ ၊ ပထမဆရာဦးလေး ၊ ဆရာနဲ့ တခြားသူတွေတောင် လုန်ထူရဲ့ တိုးတက်မှုကို အံ့အားသင့်ကြတယ်”

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့က ယင်လုန်ထူအကြောင်း ပြောကြသည့်အခါ အသံပို့လွှတ်စနစ်ဖြင့် ဆက်မပြောဘဲ ပုံမှန်အတိုင်း ပြောဆိုခဲ့ကြသည်။

ထို့ကြောင့် သူတို့စကားများကို ကြားသည့်အခါ အခြားတပည့်ငယ်များက လုန်ထူကို အာရုံစိုက်ကာ လှမ်းကြည့်ကြသည်။

အချိန်ခဏအတွင်း ယင်လုန်ထူသည် လူတိုင်း၏ အာရုံစိုက်ရာ အကြည့်ဆုံမှတ် ဖြစ်လာခဲ့သည်။

ရွေးချယ်စရာမရှိခဲ့ပေ။ ဝါဒတောင်သို့ ရောက်ရှိသည်မှာ နှစ်ဝက်ခန့်သာ ရှိသေးသည့်တိုင် ယင်လုန်ထူ၏ သိုင်းစွမ်းနှင့် အနာဂတ်အလားအလာက အမှန်ပင် ထိတ်လန့်စရာကောင်းလှသည်။

ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းတွင် တစ်ဂိုဏ်းအပါအဝင်ဖြစ်သော ဝါဒတောင်ဂိုဏ်းသို့ ဝင်ရောက်ခွင့်ရသည့် တပည့်များအားလုံးသည် လူတစ်သောင်းတွင်တစ်ယောက် အရည်အချင်းရှိသူများ ဖြစ်ကြသည်ပင်။

ဝါဒတောင်မှ တပည့်များအားလုံးက အလွန်ထူးချွန်သူများ ဖြစ်ကြသည်။ ရွှီဖေး ၊ လုဝမ်၊ ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်းတို့ကဲ့သို့ အရည်အချင်းများကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်နိုင်သည့် ပါရမီရှင်များကြားတွင် မထင်မရှားဖြစ်နေသည့်တိုင် ၊ ထိုသူများရှေ့တွင် သာမန်လူများပမာ ဖြစ်နေကြသည့်တိုင် ဝါဒတောင်ပြင်ပတွင်တော့ သူတို့အားလုံးက တကယ့်အံ့ဖွယ် ပါရမီရှင်များ ဖြစ်ကြ၏။

သို့ပေသိ ယင်လုန်ထူ၏ တိုးတက်မှုနှုန်းကတော့ တပည့်ငယ်များအားလုံးကို အံ့အားသင့်စေသည့် အခြေနေဖြစ်သည်။

ပုံမှန်ဘဝတွင် အနည်းငယ်ပင် ဉာဏ်ရည်မီဟန်မရှိသော ထိုကလေးငယ်သည် ကျင့်ကြံခြင်းတွင်တော့ တစ်နေ့ကို လီပေါင်းတစ်ထောင်ဆို၍မရ ၊ တစ်နေ့ကို လီ‌ပေါင်းတစ်သောင်းနှုန်းဖြင့် တိုးတက်နေသည်ဟုဆိုရလျှင် မှန်ကန်ပေမည်။

ဤကောင်လေး၏ ကျင့်ကြံခြင်းက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်မှာပင် ရန်တိထက် ပိုမိုလျှင်မြန်နေလေရာ ယွမ်ကျန်းဖုန်းကိုတိုင်ပင် သြချရသည်အထိပင်။

ရုတ်တရက် ဘယ်ကရောက်လာမှန်းမသိသူတစ်ယောက်က အားလုံးကို ကျော်တက်သွားခြင်းမှာ အခြားတပည့်များအတွက် အတော်လေးကြီးမားသည့် ဖိအားတစ်ခု ဖြစ်ခဲ့သည်။

ဖန်းယွင်ရှန်းက ယင်လုန်ထူကို စောင့်ရှောက်ပေးရင်း သူ၏နေ့စဉ်ဘဝတွင် ကူညီပေးရုံသာမက အခြားသူများ အနိုင်မကျင့်စေရန်နှင့် ခွဲခြားဆက်ဆံခြင်းမပြုလုပ်စေရန် ကာကွယ်ပေးထားသည်။ ဉာဏ်ရည်မမီသည့် ဦးနှောက်ကြောင့် အခြားသူများ သူ့ကို လမ်းမှားရောက်အောင် သွေးမဆောင်နိုင်ရန်လည်း သူမက စောင့်ကြည့်ပေးသည်။

ယင်လုန်ထူက နာခံမှုရှိပြီး သင်ယူရသည်ကို သဘောကျသော်လည်း ဉာဏ်ရည်က နှေးကွေးလေသည်။ ထို့ကြောင့် အခြားသူများလျှို့ဝှက်လှည့်ဖြားခြင်းကို ခံရပြီး အမှားကျူးလွန်မိလျှင်တောင်မှ သူ့ကိုယ်သူ အမှားကျူးလွန်မိမှန်း သတိထားမိမည် မဟုတ်ပေ။

ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ရင်း...

“ယင်လုန်ထူ ပိုင်ဆိုင်ထားတဲ့ခန္ဓာကိုယ်ကို ခုနစ်စဉ်ကြယ်ခန္ဓာကိုယ် ၊ သွေကြောဆုံချက်သုံးဆယ်ခြောက်နဂါးစစ်မှန်ခန္ဓာကိုယ် ၊ ပြီးတော့ ခုနစ်စဉ်ကြယ်နဂါးခန္ဓာလို့လည်း ခေါ်တယ် ၊ မွေးဖွားလာကတည်းက ချီစွမ်းအားတွေနဲ့ သွေးစွမ်းအားတွေက နဂါးတစ်ကောင်လို ၊ ဒါမှမဟုတ် ဆင်တစ်ကောင်လို သန်မာတယ် ၊ စိတ်က ရေလိုမှန်လို ကြည်လင်တယ်”

သူက ဆက်ပြောသည်။

“ချီစွမ်းအားနဲ့ သွေးစွမ်းအားတွေက သူ့ခန္ဓာကိုယ် အသွေးအသားနဲ့ ဆက်နွယ်နေသရွေ့  လုန်ထူက တစ်ချက်တည်းပြီးမြောက်အောင်မြင်နိုင်မှာပါ ၊ သူ့ မိခင်ဝမ်းတွင်းကတည်းက ကျင့်ကြံခြင်းအောင်မြင်လာတာနဲ့ ညီမျှတယ်လေ ၊ သူ့ရဲ့ ရုပ်ခန္ဓာက အလားအလာကောင်းသလို အရမ်းလည်းသန်မာတယ် ၊ သူ့အထက်မှာ ဘယ်သူမှ မရှိနိုင်ဘူး”

“အခြားနယ်ပယ်တွေဖြစ်တဲ့ ချီစွမ်းအားချိန်ညှိခြင်း ၊ အတွင်းပိုင်းချီစွမ်ားအား ကျင့်ကြံခြင်း စတဲ့နယ်ပယ်တွေမှာလည်း သူက အားသာချက် အများကြီးရှိတယ် ၊ သူက မွေးရာပါ ပါရမီရှင်ဖြစ်တာကြောင့် ဒီကမ္ဘာပေါ်မှာ အကောင်းဆုံးတွေထဲက တစ်ခုပါပဲ”

ရန်ကျောက်ကဲက မေးကိုတစ်ချက်ပွတ်လိုက်ရင်း...

“ဒါကြောင့် ယင်လုန်ထူအနေနဲ့ ကျင့်ကြံခြင်း အစောပိုင်းကာလဖြစ်တဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှာ အရှိန်အဟုန်နဲ့ တိုးတက်လာတာဟာ သဘာဝအတိုင်းပါပဲ”

ဖန်းယွင်ရှန်းက ခေါင်းညိတ်လိုက်သည်။

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တွင် အဆင့် (၁၀)ဆင့် ရှိသည်။ အသွေးအသားသန့်စင်ခြင်းအဆင့် (ကနဦး ၊ အလယ် ၊ နှောင်းပိုင်း) အကြောများဖွင့်ခြင်းအဆင့် (ကနဦး ၊ အလယ် ၊ နှောင်းပိုင်း) ၊ ချီလည်ပတ်ခြင်းအဆင့် (ကနဦး ၊ အလယ် ၊ နှောင်းပိုင်း) တို့ဖြစ်သည်။ ထိုအဆင့်များအားလုံးက ချီစွမ်းအား ၊ သွေးစွမ်းအားများနှင့် ဆက်စပ်နေသလို ကြွက်သားများ အရိုးများနှင့်လည်း ဆက်စပ်နေသည်။

အသွေးအသားသန့်စင်ခြင်း ကနဦးအဆင့်မှ စတင်ပြီး ယင်လုန်ထူသည် သာမန်လူများထက် ပိုမိုအားကောင်းထက်မြက်သည့်တိုင် သူ့ခန္ဓာကိုယ်တစ်ခုလုံး၏ ကြွက်သားများကို ပျော့ပြောင်းစေပြီး အသွေးအသားများသန်မာစေရန် ပထမဆုံး ကြိုစားအားထုတ်ရမည် ဖြစ်သည်။

ထို့နောက် အလယ်ဆင့်တွင် ခန္ဓာကိုယ်တစ်ခုလုံးမှာ ပေါက်ကွဲစွမ်းအားများ အားကောင်းလာသည်ဖြစ်ရာ ကြွက်သားများ တောင့်တင်းသန်မာလာမည် ဖြစ်သည်။

နှောင်းပိုင်းအဆင့်တွင် အရိုးများနှင့် သွေးစွမ်းအားများ ခံနိုင်ရည်စွမ်း အလွန်မြင့်မားလာပြီး ပထမဆုံးအကြိမ် အရိုးများသန်မာလာစေရန် ကျင့်ကြံရသည်ဖြစ်ရာ လူတစ်ယောက်၏ ခွန်အားနှင့်သွက်လက်မှုက အဆများစွာ တိုးတက်လာမည် ဖြစ်သည်။

ထို့နောက် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၏ ပထမဆုံး ကျင့်ကြံခြင်းတစ်ဆို့မှုကို ထိုးဖောက်ကာ အကြောများဖွင့်ခြင်းအဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

ခန္ဓာကိုယ်၏ သွေးကြောဆုံချက်များ အောင်မြင်စွာ ချိတ်ဆက်နိုင်ပြီဆိုလျှင် အကြောများဖွင့်ခြင်း ကနဦးအဆင့်သို့ ရောက်ရှိပြီဟု ယူဆနိုင်သည်။ ထို့နောက် သွေးကြောများက ယခင်ထက် (၃)ဆခန့် ပိုမိုကြီးမားကျယ်ပြန့်လာပြီး သွေးကြောဆုံချက်များကို ခိုင်မာစေမည် ဖြစ်၏။

ထို့နောက် ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောဆုံချက်များ ချိတ်ဆက်နိုင်ပြီဆိုလျှင် အနာဂတ်ကျင့်ကြံခြင်းအတွက် အခြေခံအုတ်မြစ်ကောင်းတစ်ခု ချမှတ်နိုင်ပြီဖြစ်ကာ အကြောများဖွင့်ခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

အကြောများဖွင့်ခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိပြီးနောက် သိုင်းကျင့်ကြံသူတစ်ယောက် ချီစွမ်းအားကို စတင် ကျင့်ကြံနိုင်ပြီ ဖြစ်သည်။ ပျောက်ကွယ်မသွားနိုင်သော ကိုယ်တွင်းချီစွမ်းအား ဝင်သက်ထွက်သက်ကို အောင်မြင်စွာ ကျင့်ကြံနိုင်သည့်အခါ ချီလည်ပတ်ခြင်းအဆင့်သို့ ရောက်ရှိပြီဟု ဆိုနိုင်သည်။

ချီလည်ပတ်ခြင်း ကနဦးအဆင့်တွင် သွေးစွမ်းအားများ စွမ်းအားမြင့်မားလာပြီး အသက်ရှူသွင်း ရှူထုတ်ခြင်းဖြင့် ချီလည်ပတ်မှုကို အရှိန်မြှင့်ကာ ထိန်းညှိပေးသည်။ ထိုသို့ဖြင့် ကျင့်ကြံသူတစ်ယောက်၏ ခွန်အား အလွန်တိုးတက်လာမည် ဖြစ်၏။

ချီလည်ပတ်ခြင်း အလယ်ဆင့်တွင် စွမ်းအင်ဗဟိုချက် ချီပင်လယ်ကိုဖွင့်ပေးသည့် အရေးကြီးသောအဆင့်တစ်ခု ဖြစ်၏။ ထိုအဆင့်တွင် ကျင့်ကြံသူတစ်ယောက်၏ ကိုယ်တွင်းချီစွမ်းအား အလွန်မြင့်မားလာမည် ဖြစ်သည်။

ချီလည်ပတ်ခြင်း နှောင်းပိုင်းအဆင့်ကိုတော့ ခြင်ဆီဆေးကြောခြင်းအဆင့်ဟုလည်း ခေါ်ဆိုကြသည်။ ထိုအဆင့်တွင် သိုင်းသမားများသည် သူတို့၏ ရိုးတွင်းခြင်ဆီများကို ပထမဆုံးအကြိမ် ဆေးကြောပြီး ချီစွမ်းအားနှင့် သွေးစွမ်းအားများ အတွင်းနှင့်အပြင် ပေါင်းစပ်သွားစေသည်။ ခန္ဓာကိုယ်တွင်းချီစွမ်းအားများ ရိုးတွင်းခြင်ဆီအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားပြီး အရိုးများကို အသစ်ပြန်လည် ဖြစ်တည်လာစေသည်။ ဤအဆင့်၏ ထူးခြားချက်မှာ ရိုးတွင်းခြင်ဆီအတွင်းသို့ ချီစွမ်းအားများ ဝင်ရောက်ပြီး မိုးကြိုးသံဖြင့် ခြင်ဆီဆေးကြောခြင်း ဖြစ်သည်။

နောက်ဆုံးတွင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၏ အထွတ်ထပ်အဆင့်ဖြစ်သော “အနုစိတ်အဆင့်” သို့ ရောက်ရှိမည် ဖြစ်သည်။ ထိုအဆင့်ကို “အတွင်းပိုင်းပိုင်းခြားသိမြင်မှုအဆင့်” ဟုလည်း ခေါ်သည်။ ထိုအဆင့်သို့ ရောက်ရှိသည်နှင့် ခန္ဓာကိုယ်အတွင်းပိုင်းကို ကြည့်မြင့်ပြီး အခြေအနေများကို ဆုပ်ကိုင်နိုင်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို အာရုံခံနိုင်မည် ဖြစ်၏။

ထိုအချိန်ရောက်လျှင့် သိုင်းကျင့်ကြံသူတစ်ယောက်သည် ခန္ဓာကိုယ်တွင်းသန့်စင်ခြင်း အထွတ်ထိပ်အဆင့်သို့ ရောက်ရှိပြီး ချီစွမ်းအားကို ကြယ်တာရာချီစွမ်းအားအဖြစ် ပြောင်းလဲနိုင်ရန် စတင်ပြီ ဖြစ်သည်။ ကြယ်တာရာချီစွမ်းအားကို အောင်မြင်စွာ ကျင့်ကြံထုတ်ဖော်နိုင်သည်နှင့် သိုင်းပညာရှင်အဆင့်သို့ ဝင်ရောက်မည် ဖြစ်သည်။

ရန်ကျောက်ကဲက ယင်လုန်ထူ၏ ပခုံးကို ပုတ်လိုက်ရင်း...

“လုန်ထူအတွက် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် (၁၀)ဆင့်မှာ အဆင့် (၇)နဲ့ အဆင့် (၈) ၊ စွမ်းအင်ဗဟိုချက်ချီပင်လယ်ဖွင့်ပေးတဲ့အဆင့်ရယ် ၊ အဆင့် (၉)နဲ့ အဆင့် (၁၀) အနုစိတ်အဆင့်တွေမှာ ကျင့်ကြံခြင်းတစ်ဆို့တာကိုကျော်ဖြတ်ဖို့ အချိန်ပေးပြီး ပြင်းပြင်းထန်ထန် ကျင့်ကြံရလိမ့်မယ် ၊ တခြားအဆင့်တွေကိုတော့ သူက ပေါ့ပေါ့ပါးပါးပဲ ကျော်ဖြတ်သွားလိမ့်မယ်”

ထို့နောက် ရန်ကျောက်ကဲက ယင်လုန်ထူကို ကြည့်ရင်း...

“အခုဆိုရင် တရားဝင်စတင်ကျင့်ကြံတာ နှစ်ဝက်လောက်ပဲ ရှိသေးတယ် အနုစိတ်အဆင့်ကို ရောက်နေပြီ ၊ ဒါဟာ မဟာကပ်ဘေးကြီးပြီးတဲ့နောက်ပိုင်းကာလမှ မကြုံဘူးတဲ့ စံချိန်သစ်တစ်ခုပါပဲ”

သူက ပြုံးလိုက်ရင်း...

“ငါ့အဖေရဲ့ တခြားစံချိန်တွေကို မင်းက ချိုးဖျက်နိုင်မလားဆိုတာ ပြောဖို့စောသေးပေမယ့် အငယ်ဆုံး သိုင်းပညာရှင်အဆင့် ဆိုတဲ့စံချိန်ကိုတော့ မင်းက ချိုးဖျက်သွားမှာ သေချာတယ်”

သူ့စကားကြားတော့ တပည့်များအားလုံး ပင့်သက်ကိုယ်စီရှိုက်လိုက်ကြပြီး ယင်လုန်ထူကို ငြိမ်သက်စွာဖြင့် ကြည့်နေကြသည်။

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ငါ ပြောလို့မပြီးသေးဘူး ၊ သိုင်းပညာရှင်အဆင့်ကိုရောက်ဖို့ ခန္ဓာကိုယ်တွင်းချီစွမ်းအားကို ကြယ်တာရာချီစွမ်းအားအဖြစ် ပြောင်းလဲတဲ့အဆင့်မှ လုန်ထူလည်း အတော်လေး ကြိုးစားကျင့်ကြံရလိမ့်မယ် ၊ ဒါပေမဲ့ ကိုယ်တွင်းအင်္ဂါတွေ ဆေးကြောသန့်စင်တဲ့ အတွင်းပိုင်းကြယ်တာရာချီ အလယ်ဆင့်နဲ့ ရိုးတွင်းခြင်ဆီ ဒုတိယအကြိမ်ဆေးကြောသန့်စင်တဲ့ အပြင်ပိုင်းကြယ်တာရာချီ ကနဦးအဆင့်ကတော့ သူ့အတွက် အရမ်းလွယ်ကူလိမ့်မယ်”

တပည့်များအားလုံး မချိပြုံး ပြုံးလိုက်ကြသည်။

ယင်လုန်ထူ၏ အားသာချက်က ကြီးမားလွန်းသဖြင့် မနာလိုစိတ်ပင် မဖြစ်နိုင်ကြတော့ပေ။

မည်သို့ပင်ဖြစ်စေ ဉာဏ်ရည်နှေးကွေးပြီး ဘာကိုမှ မသိနားမလည်သည့် ပါရမီရှင်လေး ယင်လုန်ထူနှင့် ကောင်းကောင်းမွန်မွန် အပေါင်းအသင်းလုပ်ရသည်ကတော့ အားလုံးအတွက် အမှန်တကယ်ပင် မခက်ခဲလှပေ။

***

All Chapters