သိုင်းကျမ်းစာကြည့်တိုက် စတုတ္ထထပ်
Vol. 15 Ch. 206
သူ့အရှေ့မှ လူငယ်များ၏ မျက်နှာအမူအရာကိုကြည့်ရင်း ရန်ကျောက်ကဲ စကားဆက်မပြောနိုင် ဖြစ်သွားသည်။
အချို့အရာများက တော်ရုံသာ ကောင်းသည်။ လိုသည်ထက်ပိုပြီး သိရှိသွားပါက လူငယ်များ၏ အားမာန်နှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကိုပင် ထိခိုက်သွားစေနိုင်သည်။
သိုင်းပညာရှင်အဆင့်သို့ ရောက်ရှိသည်နှင့် အတွင်းပိုင်းကြယ်တာရာချီ အလယ်ဆင့်နှင့် အပြင်ပိုင်းကြယ်တာရာချီ ကနဦးအဆင့်မှလွဲပြီး ယင်လုန်ထူ၏ တိုးတက်မှုက အလွန်ရှင်းလင်းသည်။ အားသာချက်မှားက ကောင်းကင်ကိုအံတုနိုင်လောက်သည့်တိုင် အလွန် ရိုးရှင်းလေသည်။
သိုင်းပညာရှင်အဆင့် ရောက်လာပြီးနောက် သူ၏ ချီစွမ်းအားနှင့် သွေးစွမ်းအားများက တကယ့်တိုက်ပွဲများတွင် ပါဝင်နိုင်သည်အထိ သန်မာလာမည် ဖြစ်သည်။ ကျင့်ကြံခြင်းက ပုံမှန်ပင် သွားနေမည်ဖြစ်သော်လည်း ခုနစ်စဉ်ကြယ်ခန္ဓာကိုယ်ကတော့ နဂါး သို့မဟုတ် ဆင်တစ်ကောင်အလားး ချီစွမ်းအားနှင့် သွေးစွမ်းအားများကို သာမန်ထက် မြင့်မားစေပြီး စိတ်သည်လည်းထက်မြက်ကာ အာရုံများလည်း စူးရှနေမည် ဖြစ်သည်။
အပြင်ပိုင်းကြယ်တာရာချီအဆင့်မှ ရှန်ထျန်းအဆင့်ထိ အရေးကြီးသော ကျင့်ကြံခြင်းတစ်ဆို့မှုများတွင် သိုင်းကျင့်ကြံသူတစ်ဘောက်သည် မိုးမြေအကြောင်းနားလည်ပြီး ကြယ်တာရာချီစွမ်းအားများနှင့်အတူ ဝိညာဉ်စွမ်းအား ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။ ဤအဆင့်တွင်လည်း ယင်လုန်ထူအတွက် အခြားသူများထက်ပိုမို ရိုးရှင်းမည် ဖြစ်၏။
တစ်ချိန်တည်းမှာပင် ထိုအားသာချက်က သူ၏ အနာဂတ်ကျင့်စဉ်လမ်းတစ်လျှော်က ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ပိုမိုမြင့်မားသည့် ကျင့်ကြံခြင်းအဆင့်များတွင်ပင် သူ့ကို နက်ရှိုင်းစွာ လွှမ်းမိုးနေမည် ဖြစ်သည်။
ရန်ကျောက်ကဲက ကိုယ်ပိုင်ကံကြမ္မာနှင့် သိမြင်ထားသည့် နည်းလမ်းများအရ သူ၏ကျင့်ကြံခြင်းက မရပ်မနား မြင့်တက်လာခဲ့သည်။
ရှီတိကို ကြည့်မည်ဆိုလျှင် ရွှေခန္ဓာသိုင်းပညာကို ထိပ်ဆုံးရောက်သည်အထိ ကျင့်ကြံခဲ့ပြီး သူ၏ ရုပ်ခန္ဓာက ရွှေခန္ဓာအလား သာမန်သိုင်းသမားများထက် အဆပေါင်းများစွာ သာလွန်သည်။
ထိုသို့သောအခြေအနေများက သိုင်းကျင့်ကြံသူများကြား ရှားပါးအခြေအနေများဟု မခေါ်ဆိုနိုင်ပေ။ ထိုအရာများအားလုံးကို ယင်လုန်ထူက မွေးကတည်းကပင် ရရှိထားပြီး ကျင့်ကြံခြင်းစတင်ပြုလုပ်သည့်အခါ တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာခြင်းသာ ဖြစ်သည်။
ရန်ကျောက်ကဲက တပည့်ငယ်များကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း...
“အရည်အချင်းကောင်းရှိတာက မင်းတို့ရဲ့ စ မှတ်ကို မြင့်မားစေတာ အမှန်ပဲ ၊ ဒါပေမဲ့ အဆုံးသတ် အောင်မြင်မှုကို အဆုံးအဖြတ် မပေးနိုင်ဘူး ၊ နောက်ဆုံးတော့ ကျင့်စဉ်လမ်းလျှောက်လှမ်းတယ်ဆိုတာ ကိုယ့်အပေါ်ပဲ မူတည်ပါတယ်”
“လုန်ထူက ရိုးရှင်းတဲ့စိတ်ထားနဲ့ ကျင့်ကြံခြင်းတစ်ခုအပေါ်ပဲ အာရုံစိုက်တယ် ၊ ဒါကြောင့် သူ့အကြောင်းစိတ်မပူဘဲ လူတိုင်း စိတ်တည်ငြိမ်အောင်ကြိုးစားရင်း ကျင့်ကြံကြရမယ်”
ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့် ဆက်ပြောသည်။
“လူတ်စယောက် အရည်အချင်းရှိတာက ကြောက်စရာ မဟုတ်ပါဘူး ၊ တကယ်ကြောက်စရာကောင်းတာက မ်းထက်တော်တဲ့သူက မင်းထက်ပိုပြီး အလုပ်ကြိုးစားနေတာကိုပဲ ၊ ကိုယ်က အစမှာကတည်းက နောက်ကျနေပြီဆိုရင် ကိုယ့်ထက်သာနေတဲ့သူကို ကျော်တက်ဖို့ မကြိုးစားဘဲ ဘယ်ရနိုင်မလဲ”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် လက်ခုပ်တီးလိုက်ရင်း...
“ကိုယ့်ထက်သာတဲ့သူတွေ တိုက်မိပြီးလဲကျမှ ကိုယ်က ကျော်တက်နိုင်မယ်လို့ မျှော်လင့်နေကြတယ်ဆိုရင်တော့... ဒါက စိတ်ကူးယဉ်တာ သက်သက်ပါပဲ”
ထိုစကားများကိုကြားသည်နှင့် တပည့်များအားလုံး၏ခေါင်းထဲတွင် သတိပေးခေါင်းလောင်းသံများ ထွက်ပေါ်လာကြသည်။
“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ် ၊ ကျွန်တော်တို့ ရှေ့လျှောက်ကြိုးစားကျင့်ကြံပါ့မယ်”
ရန်ကျောက်ကဲ အနည်းငယ်ပြုံးလိုက်ပြီး ဖုန်းယွင်ရှန်းကို လှည့်ကြည့်လိုက်သည်။
ယနေ့အဖြစ်အပျက်က လိုက်လျောညီထွေရှိသူ မည်သူမဆို ဆက်လက်ကြိုးစားရန်အတွက် စံနမူနာတစ်ခုဖြစ်သည်။
ဖန်းယွင်ရှန်းမှာလည်း အရည်အချင်းရှိသူတစ်ယောက်ဖြစ်သည်။
ရှီတိနှင့် ဖူအန်းစုတို့ကဲ့သို့ သိုင်းပညာကို အရူးအမူးစွဲလန်းကြသူများသည်ပင် သူမကို အပြည့်အဝ ချီးကျူးကြသည်။
သူမက ယင်လုန်ထူလောက် မျက်စိကျစရာ ပါရမီရှင်တစ်ယောက် မဟုတ်သော်လည်း ပင်ကိုယ်စွမ်းရည်ထိပ်တန်းအဆင့်ရှိပြီး လုံလဝီရိယလည်း ကြီးမားသူ ဖြစ်သည်။ ထို့ကြောင့် သူမ၏ တိုးတက်မှုက လူတိုင်းကို စိတ်ကျေနပ်စေခဲ့သည်။
ဖန်းယွင်ရှန်းက သာမန်မျက်နှာအမူအရာဖြင့်ပင် တပည့်များကို ကြည့်နေသည်။ သို့သော် ရန်ကျောက်ကဲနှင့် အကြည့်ချင်းဆုံမိသည့်အခါမှာတော့ နှစ်ယောက်လုံး တိတ်တဆိတ် သက်ပြင်းချမိကြသည်။
ရန်ကျောက်ကဲ အားပေးစကားပြောသည်မှာ မမှားသော်လည်း တပည့်ငယ်များအားလုံး ယင်လုန်ထူကို အမီလိုက်ရန် ကြိုးစားလိုပါက အလွန်တရား ခက်ခဲပေလိမ့်မည်။
သိုင်းကျင့်ကြံခြင်းထွန်းကားသည့်ကာလဖြစ်သည့်တိုင် ယင်လုန်ထူကဲ့သို့ အားသာချက်ရှိသူတစ်ယောက် ရရှိရန်မှာ လွယ်ကူသည် မဟုတ်ပေ။
ဝါဒတောင် ၊ နေသူတော်စင်ဂိုဏ်းနှင့် အခြားသော ထိပ်သီးသိုင်းဂိုဏ်းကြီးများသာမက မည်သည့်သိုင်းဂိုဏ်းများမဆို ၎င်းဆို့၏ အထူးချွန်ဆုံးတပည့်များကို ပြုစုပျိုးထောင်ရန် များစွာရင်းနှီးမြှုပ်နှံပြီး ကြိုးစားကြမည်သာပင်။
ရွေးချယ်ခံအနည်းငယ်အတွက် ၎င်းတို့၏ ရင်းမြစ်များကို အမြဲတမ်း ဦးစားပေးအသုံးပြုမည်မှာ ရှောင်လွှဲမရသည့်ကိစ္စ ဖြစ်သည်။
သို့မှသာ သိုင်းဂိုဏ်းစွမ်းအားမြင့်မားသည့် အခြေအနေသို့ အလွယ်တကူ ရောက်ရှိလာမည် ဖြစ်၏။
ရန်ကျောက်ကဲ သိရှိသည့်အချက်များက ဖန်းယွင်ရှန်းထက် သာလွန်သည်။
ရန်ကျောက်ကဲ သိသည့်အတိုင်း ဝါဒတောင်၏ ချီလင်စမ်းချောင်းရေနှစ်ခြင်းအတွက် အခွင့်အရေး (၃)ကြိမ်သာ ကျန်တော့သည်။ ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်း ရေနှစ်ခြင်းခံယူပြီးနောက် လက်ရှိတွင် အခွင့်အရေးတစ်ခုသာ ကျန်တော့သည်။
ထိုကျန်ရှိသည့်အခွင့်အရေးမှာ ယင်လုန်ထူရရှိရန် အနည်းဆုံး (၈၀) ရာနှုန်း အခွင့်အရေး ရှိသည်။
စိတ်မကောင်းစရာမှာ ဝါဒတောင်၏ တိုက်ရိုက်ပင်မတပည့်တစ်ယောက်လည်းဖြစ် ၊ ချီလင်စမ်းချောင်းရေနှစ်ခြင်းကိုလည်း အမြဲတမ်းမျှော်လင့်ထားသော လုဝမ်အတွက်တော့ မျှော်လင့်ချက် လုံးဝပျက်ပြားသွားဖွယ် ရှိသည်။
ဤသည်က လုဝမ်အတွက် တရားမျှတပါရဲ့လား။ သူက ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်းနှင့် လုဝမ်တို့ထက် ပိုမိုစွမ်းအားမြင့်မားသူဖြစ်နေလျှင်တော့ တရားမျှတမှု မရှိသည်မှာ သေချာသည်။
ထို (၃)ယောက်တွင် ဖန်းယွင်ရှန်းက ထူးကဲယင်မိန်းမပျိုဖြစ်လေရာ သေချာပေါက် ချီလင်စမ်းချောင်းရေနှစ်ခြင်းကို ပေးအပ်ခံရမည်ဖြစ်၏။ သို့ဆိုလျှင် ရန်ကျောက်ကဲနှင့် ယင်လုန်ထူထက် သာလွန်မှသာ လုဝမ်အနေဖြင့် ချီလင်စမ်းချောင်း ရေနှစ်ခြင်းကို ရရှိမည် ဖြစ်သည်။
ဖန်ကျွင်း၏ တိုက်ရိုက်တပည့်ဖြစ်သော လုဝမ်သည် ရန်တိ၏ တစ်ဦးတည်းသောသား ရန်ကျောက်ကဲနှင့် ကောင်းကောင်းယှဉ်ပြိုင်နိုင်သည်မှာ အမှန်ပင်။
သို့သော် စိတ်မကောင်းစရာမှာ ရန်ကျောက်ကဲနှင့်ယှဉ်လျှင် လုဝမ်သည် နိမ့်ကျသည်ဟု မဆိုသာသည့်တိုင် အားသာချက်လုံးဝမ မရှိသည်မှာ သေချာလေ၏။
ယခု ယင်လုန်ထူ ထွက်ပေါ်လာသည်ဖြစ်ရာ ချီလင်စမ်းချောင်းရေနှစ်ခြင်းကို မျှော်လင့်နေသည့် လုဝမ်အတွက် အလွန်ပြင်းထန်သော ထိုးနှက်ချက် ဖြစ်ခဲ့သည်။
သို့ပေသိ ယင်လုန်ထူ ရောက်မလာလျှင်ပင် လုဝမ်အနေဖြင့် စစ်ခုန်ချင်းနှင့် ယှဉ်ပြိုင်ရဦးမည် ဖြစ်သည်။
သိုင်းပညာရှင်အဆင့်သို့ ရောက်လာပြီးနောက် စစ်ခုန်ချင်း၏ တိုးတက်မှုမှာ အံ့မခန်း ဖြစ်ခဲ့ပြီး သူမသည် လုဝမ်ကို မသိမသာ လွှမ်းမိုးစ ပြုလာသည်။
ယင်လုန်ထူပေါ်မလာလျှင်လည်း အဆုံးသတ်တွင် ချီလင်စမ်းချောင်းရေနှစ်ခြင်းအတွက် စစ်ခုန်ချင်းက လုဝမ်ထက် အခွင့်အရေး ပိုမိုများပြားသည်။
စစ်ခုန်ချင်းကတော့ ထိုအချက်ကို သိပ်ပြီး စိတ်မဝင်စားလှပေ။
တစ်ခါတစ်ရံတွေးကြည့်မိတော့ ထိုကိစ္စနှင့်ပတ်သက်ပြီး ရန်ကျောက်ကဲ အတော်လေး စိတ်မကောင်းဖြစ်မိသည်။
သူ့ကို ရှုံးနိမ့်သွားသည်တိုင် လုဝမ်သည် လုံ့လဝီရိယမရှိသူမဟုတ်သလို ထူးချွန်သူတစ်ယောက်လည်း ဖြစ်သည်။
စိတ်မကောင်းစရာမှာ လှိုင်းလုံးအသစ်များမြင့်တက်လာပြီး ရှေ့မှလှိုင်းလုံးအဟောင်းများကို ကျော်တက်ကာ လုဝမ်၏ ကြိးမားသည်စားပွဲကြီးထက်မှ ခွက်ဖလားများကို ပြည့်လျှံသွားစေခဲ့ခြင်းပင် ဖြစ်သည်။
ထိပ်သီးသိုင်းဂိုဏ်းကြီးများသို့ ဝင်ရောက်ခွင့်ရသည့် သိုင်းသမားတိုင်းသည် သာမန်သိုင်းသမားများထက် အဆပေါင်းများစွာ အရည်အချင်းရှိကြသော်လည်း ရင်းမြစ်ပစ္စည်းများက အကန့်အသတ်ရှိသည်။ ထူးချွန်သူများကြားမျ အထူးချွန်ဆုံးသူများကိုသာ ရွေးချယ်မည်မှာ သဘာဝပင် ဖြစ်၏။
ထိပ်သီးသိုင်းဂိုဏ်းများအနေဖြင့် ရေရှည်အစီအစဉ်တွင် လူငယ်မျိုးဆက်များအတွက် မျှတမှုရှိရန် ဆုံးဖြတ်ထားသော်လည်း တကယ်တမ်းတွင် တန်းတူညီမျှမှုအတွက် မလုပ်ဆောင်နိုင်သေးပေ။
ကောင်းမွန်သည့်သံမဏိကိုသာ ဓားအဖြစ်ပုံသွင်းမည်ဖြစ်ပြီး ဤသဘောတရားက ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြောင်းလဲမည် မဟုတ်ပေ။
“ဒီရေလှိုင်းကို ဆန့်ကျင်တွန်းလှန်ဖို့ လူတစ်ယောက်က အမြဲတမ်းရှေ့ရောက်နေမှ ရလိမ့်မယ်”
ခေါင်းခါယမ်းရင်း ရန်ကျောက်ကဲ တွေးလိုက်သည်။
ထို့နောက် ဖန်းယွင်ရှန်း ၊ ယင်လုန်ထူနှင့် အခြားတပည့်များကို နှုတ်ဆက်ကာ အပေါ်ထပ်သို့ ထက်ခဲ့သည်။
လက်ရှိတွင် ရန်ကျောက်ကဲသည် သိုင်းကျမ်းစာကြည့်တိုက် တတိယထပ်သို့ သူသဘောအတိုင်း လွတ်လွတ်လပ်လပ် ဝင်ထွက်ခွင့်ရနေပြီ ဖြစ်သည်။
ဝါဒတောင်ဂိုဏ်း တည်ထောင်ပြီးနောက်ပိုင်း ဟန်ထျန်းပုဂ္ဂိုလ်မြတ် ကျန်းဒေါင်ဂီနှင့် သူ၏ဖခင် ရန်တိတို့သာ ထိုအခွင့်ထူးကို သိုင်းပညာရှင်အဆင့်တွင် ရရှိခဲ့ဖူးကြသည်။
ထိုအခွင့်အရေးက လူငယ်မျိုးဆက်တပည့်တစ်ယောက်၏ သိုင်းစွမ်းရည်အပြင် အခြားစွမ်းရည်များကိုပါ ဂိုဏ်၏ယုံကြည်ချက်နှင့် မျှော်လင့်ချက်များကို ကိုယ်စားပြုသော အကြီးမားဆုံး ကတိဝန်ခံချက် ဖြစ်သည်။
သေချာသည့်ရှုထောင့်တစ်ခုမှ ကြည့်မည်ဆိုလျှင် အရာအားလုံးကို ဘေးဖယ်ထားပြီး ဤအခွင့်အရေးကပင် အခြားသောသော ဝါဒတောင်၏လူငယ်မျိုးဆက် ပင်မတိုက်ရိုက်တပည့်များနှင့် ရန်ကျောက်ကဲကို ခွဲခြားသိမြင်စေမည် ဖြစ်သည်။
ပြောသင့်သည့်အချက်တစ်ချက်မှာ ရန်ကျောက်ကဲ ချီလင်စမ်းချောင်းရေနှစ်ခြင်း ဆုလာဘ်ကို ရရှိစဉ်က စစ်ခုန်ချင်းသည် အလွန်တရာ အားကျခဲ့ခြင်း ဖြစ်သည်။
အေးစက်ပြီး သီးသန့်နေထိုင်တတ်သော မိန်းကလေးသည် ထိုစဉ်က ရှားရှားပါးပါးပင် အားကျလေးစားသည့် စိတ်ခံစားချက်များကို ပြသခဲ့သည်။
ရန်ကျောက်ကဲ စတုတ္ထုထပ်ရှိရာသို့ ခေါင်းမော့ကြည့်လိုက်သည်။
သူ့အတွက် ပထမထပ် ၊ ဒုတိယထပ်နှင့် တတိယထပ်မှ သိုင်းကျမ်းများစွာကို နောက်မှ အေးအေးဆေးဆေး လေ့လာနိုင်သည်။ လက်ရှိ သူ့အာရုံကို ဆွဲဆောင်နေသည်က စတုတ္ထထပ်ပင် ဖြစ်သည်။
ပင့်သက်တစ်ချက်ရှိုက်ရင်း ရန်ကျောက်ကဲ လှေကားထစ်ကို လှမ်းတက်လိုက်သည်။
တတိယထပ်မှ စတုတ္ထထပ်သို့ တက်လိုက်သည်နှင့် အတားအဆီးအစီအရင်တစ်ခုကို ဖြတ်ကျော်သွားကြောင်း ရန်ကျောက်ကဲ ခံစားလိုက်ရ၏။
သိုင်းကျမ်းစာကြည့်တိုက် စတုတ္ထထပ်တွင် အရံအတားအစီအရင်များပြလုပ်ထားသည်။ ထိုအစီအရင်များကို ဦးဆောင်ပြုလုပ်သူကတော့ ယခု ရန်ကျောက်ကဲမျက်စိရှေ့ ကြမ်းပြင်ထက်တွင် မျက်လုံးများ မှေးမှိတ်ထားသော အဘိုးအိုသာ ဖြစ်သည်။
သူက ဝါဒတောင် ၊ သိုင်းကျမ်းစာကြည့်တိုက်၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲလည်း ဖြစ်သည်။
အစောပိုင်းကပင် ရန်ကျောက်ကဲကို သိုင်းကျမ်းစာကြည့်တိုက် စတုတ္ထထပ်သို့ တက်ရောက်ခွင့်ပြုကြောင်း ယွမ်ကျန်းဖုန်းထံမှ အကြောင်းကြားစာရရှိထားခဲ့သည်။ မဟုတ်ပါက စတုတ္ထထပ်သို့ တက်လာသူတိုင်းကို သူက ပြန်လည်မောင်းထုတ်မည် ဖြစ်၏။
ရန်ကျောက်ကဲ စတုတ္ထထပ်သို့ ခြေချလိုက်သည်နှင့် အဘိုးအိုက မျက်လုံးများကိုဖွင့်ကာ တည်ငြိမ်စွာကြည့်သည်။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း အဘိုးအိုအား ဦးညွှတ်ဂါရဝ ပြုလိုက်၏။
“ဆရာဘိုးဘိုး...”
အခြားသော လူငယ်မျိုးဆက်တပည့်များအနေဖြင့် အဘိုးအို မည်သူဖြစ်ကြောင်း မသိကြသော်လည်း ရန်ကျောက်ကဲကတော့ သူ့အရှေ့မှအဘိုးအို မည်သူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိထားသည်။
ထိုအဘိုးအိုမှာ တစ်ချိန်က ဝါဒတောင်၏ ဂိုဏ်းချုပ်ရာထူးအတွက် ဆရာဘိုးဘိုးယွမ်ကျန်းဖုန်းနှင့် ယှဉ်ပြိုင်ခဲ့သော ရှင်းတုန်းဖင်းဆိုသည့် အကြီးအကဲအဘိုးအိုပင် ဖြစ်သည် မဟုတ်ပါလား။
***