← Chapters

ကောင်းကင်ထက်မှကျလာသည့်အပိုင်းအစ

Vol. 15 Ch. 208

ကောင်းကင်ထက်မှကျလာသည့်အပိုင်းအစ

Vol. 15 Ch. 208

ရန်ကျောက်ကဲစိတ်ထဲသို့ အတွေးများစွာဝင်ရောက်လာပြီး တစ်ခဏအတွင်း ပျောက်ကွယ်သွားသည်။

သူက မှေးမှိတ်ထားသည့် မျက်လုံးများကို အသာဖွင့်လိုက်ပြီး သူ့အကြည့်များက အတက်အကျမရှိ ငြိမ်သက်နေသည်။ သူ့ပုံစံက ဂိုဏ်း၏အမြင့်ဆုံးသော သိုင်းပညာကို တောင့်တနေသည့် လူငယ်မျိုးဆက်တပည့်ငယ်တစ်ဘောက်ပမာ ဖြစ်သည်။

ရှင်းတုန်းဖင်းကို လှမ်းကြည့်လိုက်တော့ အဘိုးအိုက သူ့ကို ခေါင်းညိတ်ပြသည်။ ထို့ကြောင့် ရန်ကျောက်ကဲက ချက်ချင်းပင် ပုံရိပ်များရှိရာ မျက်နှာကျက်အောက်သို့ လမ်းလျှောက်သွားလိုက်သည်။

ထိုနေရာသို့ရောက်သည်နှင့် သူ့ခန္ဓာကိုယ်အတွင်းသို့ စွမ်းအားတစ်ခု တိုးဝင်လာသည်ကို ခံစားရသည်။ နက်ရှိုင်းချီစွမ်းအားကျင့်စဉ် စာလိပ်မှ မရေမတွက်နိုင်သော အလင်းတန်းများ ဆင်းသက်လာပြီး ရန်ကျောက်ကဲကို ဖုံးလွှမ်းသွားသည်။

ရန်ကျောက်ကဲစိတ်ထဲတွင် မရေမတွက်နိုင်သော စာလုံးများစွာ ပေါ်လာသည်။ ထိုစာလုံးများသည် နက်ရှိုင်းချီစွမ်းအားကျင့်စဉ် နောက်ပိုင်းတစ်ဝက်၏ အကြောင်းအရာများပင် ဖြစ်၏။

မဟာကပ်ဘေးကြီးမတိုင်ခင် နက်ရှိုင်းချီအဆက်အနွယ်၏ အမွေအနှစ်အရိပ်အယောင်များ ပါဝင်နေသည့်တိုင် တည်ထောင်သူဆရာဘိုးဘိုးချိုးယွမ် တီထွင်ခဲ့သော အနှီသိုင်းပညာသည် ဝါဒတောင်အတွက် အမှန်တကယ်ပင် နက်ရှိင်းသည့် ကိုယ်ပိုင်သိုင်းပညာတစ်ခု ဖြစ်သည်။

ယခင်က ကောင်းကင်ဘုံစာကြည့်တိုက်တွင် သိမ်းဆည်းထားသော ကျမ်းစာများကို ဖတ်ရှုဖူးသည့် ရန်ကျောက်ကဲအတွက် ထိုသိုင်းပညာက များစွာအကျိုးကျေးဇူး ရှိခဲ့သည်။

သို့သော် ဤအရာများအားလုံးကို နောက်ပိုင်းတွင် ဖြည်းဖြည်းချင်း ခွဲခြမ်းစိတ်ဖြာ ကြည့်နိုင်သည်။ လက်ရှိ ရန်ကျောက်ကဲ အလေးအနက်အထားဆုံးအရာမှာ နက်ရှိုင်းချီစွမ်းအားကျင့်စဉ်နှင့် ထိတွေ့လိုက်သည်နှင့် သူ့စိတ်အစဉ်သည် အချိန်နှင့်နေရာကို ဖြတ်သန်းသွားပြီး ဟိုးရှေးယခင် အတိတ်ကာလ မြင်ကွင်းတစ်ခု သူ့မျက်စိရှေ့တွင် ပေါ်လာသည်။

ကောင်းကင်ထက်မျ အဆုံးမဲ့ဘေးအန္တရယ်များဆင်းသက်လာပြီး မြေပြင်တစ်ခုလုံး မှောင်လှန်သွားတော့မည့်အလား တဆတ်ဆတ်တုန်လျှက် ရှိသည်။ ကမ္ဘာ့အဆုံးသတ် အချိန်ကာလနှင့် ဆင်တူသည်။

ထိုအချိန် ကောင်းကင်ထက်မှ အလင်းရောင်အလွှာတစ်လွှာ ဆင်းသက်လာပြီး မိုးကုတ်စက်ဝိုင်းကို ဖြတ်သန်းကာ အဆုံးမရှိသည့် ဗလာနယ်ကို ဖြိုခွင်းပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ တောင်တန်းများအလယ်သို့ ကျရောက်လာသည်။

ထိုအလင်းရောင်အလွှာက တောင်ထိပ်တစ်ခုနှင့်ထိတွေ့သွားပြီး တောင်ထိပ်ပေါ်တွင် ရှည်လျားပါးလွှာသော်လည်း နက်ရှိုင်းသည့် အမှတ်အသားသင်္ကေတတစ်ခု ချန်ထားရစ်ခဲ့သည်။

ထိုအဖြစ်အပျက် ဖြစ်ပျက်ပြီးနောက် နှစ်ပေါင်းမည်မျှ ကုန်ဆုံးသွားသည် မသိရပေ။

တစ်နေ့တွင်တော့ လူတစ်ယောက် ထိုတောင်ထိပ်တည်ရှိရာနေရာသို့ ဖြတ်သန်းခရီးနှင်လာခဲ့သည်။ ထိုသူက အကြွင်းအကျန် အမှတ်အသားသင်္ကေတကို ကြည့်လိုက်ပြီး တောင်ထိပ််တွင် ရက်ပေါင်းများစွာ ငြိမ်သက်စွာထိုင်ရင်း လေ့လာနေခဲ့သည်။ ထိုသကင်္ကေတအတွင်းမှ အယူအဆသဘောတရားကို နားလည်သဘောပေါက်သွားသည့်အခါ သူ့စိတ်ထဲသို့ နက်နဲသောအတွေးများ ဝင်ရောက်လာသည်။

ထိုသူ၏အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် ဝါဒတောင်၏ တည်ထောင်သူဆရာဘိုးဘိုး ချိုးယွမ်ဖြစ်ကြောင်း သိရှိလိုက်သည်။

နတ်ဘုရားအလင်းတန်း ဆင်းသက်လာပြီး ချန်ထားခဲ့သည့် သင်္ကေတအတွင်းမှ တာအိုတရားကို တိတ်တဆိတ်နားလည်သွားပြီးနောက် တည်ထောင်သူဆရာဘိုးဘိုးက နက်ရှိုင်းချီစွမ်းအားကျင့်စဉ်ကို ဖြည်းဖြည်းချင်း တီထွင်ဖန်တီးခဲ့သည်။

ကောင်းကင်မှကျရောက်လာသည့် အလင်းတန်းသည် ကောင်းကင်ဘုံနန်းတော်မှ နတ်ဘုရားတစ်ပါး အရှိန်အဟုန်ဖြင့် ဖန်ဆင်းထားခြင်းဖြစ်နိုင်သလို ကောင်းကင်ဘုံနန်းတော်မှ အပျက်အစီးများ ကျရောက်လာခြင်းလည်း ဖြစ်နိုင်သည်။

ထို့နောက် ရန်ကျောက်ကဲက လက်ဝါးပုံစံရေးထိုးထားသည့် ကျမ်းစာလိပ်ကို ကြည့်လိုက်သည်။ မိုးမြေတစ်ခုလုံး ပြိုကျသွားသည့်အလား သူ့မျက်လုံးရှေ့မှ မြင်ကွင်းများအားလုံး မှောင်မိုက်သွားသည်ကို ခံစားလိုက်ရ၏။

အမှောင်ထုအတွင်းမှ ခပ်မှိန်မှိန်သင်္ကေတကိုကြည့်ရင်း ရန်ကျောက်ကဲ ရုတ်တရက် မှင်တက်သွားသည်။ ထို့နောက် သူ့စိတ်အာရုံထဲမှမြင်ကွင်းက ပြောင်းလဲသွားပြီး ဗလာနယ်အလွှာများကို ဖြတ်ကျော်ကာ အရာဝတ္ထုအပိုင်းအစတစ်ခု ကောင်းကင်ကိုဖြတ်ကျော်ကာ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ကျရောက်လာသည်ကို တွေ့လိုက်ရသည်။

ထိုပစ္စည်းအပိုင်းအစကို ရရှိပြီးနောက် အခြေခံအုတ်မြစ်အဖြစ်အသုံးပြုကာ ဆရာဘိုးဘိုး ချိုးယွမ်က ကောင်းကင်ဝါဒလက်ဝါးသိုင်းကို တီထွင်ခဲ့သည်။

ပုံသဏ္ဌန်က ရိုးရှင်းသည့်တိုင် ထိုပစ္စည်းအပိုင်းအစသည် အလွန်အရေးပါသည်ဟု ခံစားရသည့်အတွက် ရန်ကျောက်ကဲ စိတ်ဝိညာဉ် တုန်လှုပ်သွားသည်။

သေသေချာချာ ကြည့်သည့်အခါ ကောင်းကင်ထက်မှပြုတ်ကျလာသည့် ထိုအပိုင်းအစကို ယောင်ဝါးဝါးသာ တွေ့မြင်နိုင်သည်။

ထိုအပိုင်းအစက မတော်တဆ ပြုတ်ကျခြင်းလည်း မဟုတ်သလို ရည်ရွယ်ချက်ရှိရှိ ပစ်ချခံရခြင်းလည်း မဟုတ်ပေ။

နှမျောစရာမှာ တည်ထောင်သူဆရာဘိုးဘိုး ချိုးယွမ်က ကောင်းကင်ဝါဒလက်ဝါးသိုင်းကို တီထွင်သွားပြီးသည်နှင့် ထိုအပိုင်းအစသည်လည်း ဘယ်ဆီရောက်သွားမှန်း မသိရခြင်းပင်။

ရန်ကျောက်ကဲ အနည်းငယ် စိတ်ကသိအောက် ဖြစ်သွားသည်။

ထို့နောက် စိတ်များကို အသာဖြေလျော့ရင်း စဉ်းစားလိုက်သည်။

“အရင်က ဒီအပိုင်းအစအကြောင်းကို ဘယ်သူမှပြောတာ မကြားဖူးဘူး ၊ ဟိုးအရှင်ကတည်းပဲ ပျောက်ဆုံးသွားတာလား ၊ ဒါမှမဟုတ် အရေးကြီးလွန်းလို့ ဂိုဏ်းကအကြီးအကဲတွေက လျှို့ဝှက်ထားပြီး လူငယ်မျိုးဆက်တွေကို လက်ဆင့်ကမ်းမပေးခဲ့တာလား”

ရန်ကျောက်ကဲက သက်ပြင်းရှည်တစ်ချက်ချရင်း စိတ်ကို တည်ငြိမ်စေလိုက်သည်။

“ဒီလျှို့ဝှက်ဆန်းကျယ်မှုတွေကို ဖော်ထုတ်လို့ မရသေးဘူး ၊ သဲလွန်စတစ်ခု ၊ လမ်းညွှန်ချက်တစ်ခု ရမှပဲ အစဆွဲထုတ်နိုင်မယ်ထင်တယ်”

အဖြေရှာမရနိုင်သည့် သံသယများကို သူ့စိတ်ထဲ ယာယီသိမ်းဆည်းထားပြီး ကောင်းကင်ဝါဒလက်ဝါးသိုင်း၏ နက်နဲမှုများကိုသာ ဂရုတစိုက် အာရုံစူးစိုက်လိုက်သည်။

ဘာကြောင့်မှန်းမသိ ရန်ကျောက်ကဲက ကောင်းကင်ဝါဒလက်ဝါးသိုင်းကို နက်ရှိုင်းချီစွမ်းအားကျင့်စဉ်ထက် ပိုမိုချောမွေ့စွာ နားလည်ခဲ့သည်။

သိုင်းပညာများအားလုံး သင်ယူပြီးသွားသည့်နောက် ရန်ကျောက်ကဲက မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လိုက်ပြီး ရှင်းတုန်းဖင်းအား ဦးညွှတ်လိုက်သည်။

“ဆရာဘိုးဘိုးကို ဒုက္ခပေးမိပါပြီ”

ရှင်းတုန်းဖင်းက ရန်ကျောက်ကဲကို လေးလေးနက်နက်တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါယမ်းသည်။

“ကိစ္စမရှိဘူး ၊ အိမ်ပြန်ရောက်ရင် ကောင်းကောင်းကျင့်ကြံပါ”

သိုင်းကျမ်းစာကြည့်တိုက်မှ ရန်ကျောက်ကဲ ထွက်ခွာလာသည့်အခါ အားဟူနှင့်ပန်ပန် အပြင်ဘက်တွင် စောင့်နေသည်ကို တွေ့ရသည်။

အားဟူက သူ့ကိုတွေ့တော့ ရိုးရှင်းစွာ ပြုံးရယ်နှုတ်ဆက်ရင်း...

“သခင်လေး... ကိစ္စတွေ ပြီးပြီလား”

“ငါ အကုန်လေ့လာပြီးပြီ ၊ အိမ်ပြန်ရောက်မှ ဖြည်းဖြည်းချင်း ခွဲခြမ်းစိတ်ဖြာပြီး ကျင့်ကြံရမယ်”

ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းရင်း...

“ကဲ... အခုတော့ အိမ်ပြန်ကြရအောင်”

ပန်ပန်က ရန်ကျောက်ကဲထံသို့ ပြေးလွှားလာပြန်သည်။ ယခုတစ်ကြိမ်တော့ ရန်ကျောက်ကဲက သူ့ကို မတွန်းထုတ်တော့ဘဲ ကြီးမားသည့် သားမွေးဘောလုံးကြီးကို ပွေ့ဖက်သည့်ပမာ ဆီးကြိုပွေ့ဖက်လိုက်သည်။

ပန်ပန်သည် ရန်ကျောက်ကဲမှတ်ဉာဏ်များထဲမှ ပန်ဒါကြီးတစ်ကောင်နှင့် အလွန်ဆင်တူသည်။ ခန္ဓာကိုယ်က ဆင်တစ်ကောင်ပမာကြီးမားသော်လည်း အရွယ်အစားအနည်းငယ်သေးထားသောကြောင့် ရန်ကျောက်ကဲထံပြေးလာသည့်အခါ အရင်ကလောက် အရှိန်အဟုန် မပြင်းထန်တော့ပေ။

သူနေထိုင်သည့်အိမ်သို့ပြန်ရောက်သည့်အခါ ရန်ကျောက်ကဲက တိတ်တဆိတ်စတင်ကျင့်ကြံခဲ့သည်။

***

နောက်တစ်နေ့ နံနက်မိုးသောက် နေရောင်ခြည်ထွက်ပေါ်လာသည့်အခါ ရန်ကျောက်ကဲစိတ်ထဲ တစ်ချက်လှုပ်ရှားသွားသည်။ သူက ရက်စွဲကို စိတ်ပါလက်ပါတွက်ချက်ကြည့်ပြီးနောက် အပြင်သို့ ထွက်လာခဲ့သည်။

သူ့နောက်မှလိုက်လာသည့်အားဟူက...

“သခင်လေး... ဘယ်သွားမလို့လဲ”

ဟု စပ်စုလိုက်၏။

ရန်ကျောက်ကဲက သက်ပြင်းချရင်း...

“ပထမဆရာဦးလေးကို သွားရှာရမယ် ၊ ဒီနေ့က ဂိုဏ်းတူအစ်ကိုကြီး’ရှီ’ ကွယ်လွန်တဲ့ နှစ်ပတ်လည်နေ့မဟုတ်လား ၊ အမွှေးနံ့သာတိုင်ထွန်း ဂါရဝပြုရမယ်လေ”

အခြေအနေကိုနားလည်သွားသည့်အားဟူက မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး မည်သည့်စကားမှမဆိုဘဲ ရန်ကျောက်ကဲနောက်မှ ရိုးရှင်းစွာပင် လိုက်ပါသွားသည်။

တောင်ပေါ်လမ်းအတိုင်း လမ်းလျှောက်လာရင်း တေင်ကုန်းငယ်တစ်ခုဆီရောက်သည့်အခါ မျှော်လင့်ထားသည့်အတိုင်း လူ (၂)ယောက် မတ်တတ်ရပ်နေသည်ကို တွေ့ရသည်။

အရပ်မြင့်မြင့်နှင့် သြဇာလွှမ်းမိုးနိုင်စွမ်းရှိသူတစ်ယောက်ကတော့ သေချာပေါက် ပထမဆရာဦးလေး ‘ရှီတိ’ပင်။

သူ့နောက်တွင် ရပ်နေသူကတော့ ရွှီဖေး ဖြစ်၏။

ခါတိုင်း သင်သောင့်သက်သာ အပြုံးမျိုးဆင်မြန်းထားတတ်သည့် ရွှီဖေးက ရန်ကျောက်ကဲနှင့် အားဟူတို့ရောက်လာသည်ကိုတွေ့သည့်အခါ အရင်နှင့်မတူဘဲ တည်ကြည်လေးနက်စွာပင် ခေါင်းတစ်ချက် ညိတ်ပြသည်။

ရှီတိက လှည့်ကြည့်လာရင်း...

“ကျောက်ကဲ ရောက်လာတာလား ၊ မင်းက စေတနာကောင်းလွန်းတယ်”

ရန်ကျောက်ကဲက ရှီတိကို ဦးညွှတ်ရင်း...

“ပထမဆရာဦးလေးအတွက် စိတ်မကောင်းဖြစ်မိပါတယ်”

ရှီတိက ခါတိုင်းလိုပင် တည်ငြိမ်အေးဆေးသည့် အမူအရာဖြင့်...

“ငါ ဘာမှ မဖြစ်ပါဘူး”

ထို့နာက် သူက အရှေ့သို့ ပြန်လှည့်သွားပြီး အုတ်ဂူတစ်ခုထက်သို့ စူးစိုက်ကြည့်နေသည်။ အုတ်ဂူပတ်ဝန်းကျင်တစ်ဝိုက် သိသိသာသာ ရှင်းလင်းနေပြီး မြက်ပင်ပေါင်းပင်နှင့် အမှိုက်များ လုံးဝ မရှိပေ။

အုတ်ဂူရှေ့တွင်ထောင်ထားသည့် ကမ္ဗျည်းစာတိုင်တွင် “ချစ်လှစွာသောသား’ရှီစုန်းထောင်း’၏ အုတ်ဂူ” ဟု ရေထိုးထားသည်။

‌ဘေးဘက်တွင် အခြားသော အုတ်ဂူ (၂)ခုလည်း ရှိနေသည်။ ထိုအုတ်ဂူ (၂)ခုရှေ့ရှိ ကမ္ဗျည်းစာတိုင်များက ရှီတိ၏ ချွေးမနှင့် မြေး၏ အုတ်ဂူများဖြစ်ကြောင်း သက်သေပြနေသည်။

ရန်ကျောက်ကဲရော အားဟူပါ တိတ်ဆိတ်ငြိမ်သက်နေကြသည်။

ထို အုတ်ဂူ (၃)ခုလုံးသည် အမှန်တကယ်တွင် အရိုးပြာအိုး ထည့်သွင်းမြှုပ်နှံထားခြင်း မရှိပေ။ အဝတ်အစားများကိုသာ ထည့်သွင်းမြှုပ်နှံထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံး ပိုပြီး စိတ်မသက်မသာ ခံစားကြရသည်။ ရှီစုန်းထောင်းတို့မိသားစု (၃)ယောက် အန္တရယ်ရင်ဆိုင်ရစဉ်က အရိုးများကိုပင် ရှာမတွေ့ခဲ့ကြပေ။

ရွှီဖေး ၊ ရန်ကျောက်ကဲနှင့် အားဟူတို့ ရှီတိနောက်တွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေကြသည်။ သားမြေးများ‌ လူ့လောကမှ စောလျှင်စွာထွက်ခွာသွားခြင်းသည် ကြီးသူများအတွက် ပိုမိုကြီးမားသော ကြေကွဲစရာ ဖြစ်သည်ပင်။

“ရှီစုန်းထောင်း” ဟု ရေးသားထားသော ကမ္ဗျည်းကျောက်စာတိုင်ကို ကြည့်ရင်း ရန်ကျောက်ကဲ စိတ်အာရုံထဲတွင် ချောမောခန့်ညားသည့် လူရွယ်တစ်ယောက် ရုပ်သွင်ပေါ်လာသည်။ ထိုလူရွယ်၏အသွင်အပြင်က ရှီတိနှင့် ချွတ်စွပ်ဆင်တူသည်ဟု ဆိုနိုင်သည်။

ဘဝကူးပြောင်းလာပြီးမှ ရန်ကျောက်ကဲသည် ရှီစုန်းထောင်းနှင့် တွေ့ဆုံခွင့် မရရှိခဲ့ပေ။ သူ သိရှိသမျှမှာ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များမှတစ်ဆင့် သိရှိရခြင်း ဖြစ်သည်။

ရှီစုန်းထောင်းသည် ရွှီဖေးထက်ပင် အသက်ကြီးသည်။ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ဝါဒတောင်၏ မျိုးဆက်သစ် ၊ မိုးကောင်းကင်မျက်နှာသာပေးသော သားတော်တစ်ယောက်ပမာ သူ့ဂုဏ်သတင်းက ပျံ့နှံ့ကျော်ကြားသည်။ ထိုအချိန်က ရန်ကျောက်ကဲက စတင်ကျင့်ကြံကာစ ကလေးတစ်ယောက်မျှသာ ရှိသေး၏။

ရှီတိက တည်ကြည်ပြီး မျက်နှာထားတင်းသူဖြစ်သော်လည်း ရှီစုန်းထောင်းကတော့ ဖခင်ဖြစ်သူလောက် မျက်နှာထားတင်းခြင်းမရှိဘဲ အနည်းငယ်ဖော်ရွေသူ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုသားအဖ (၂)ယော်ကလုံးသည် အခြားသူများအပေါ် နွေးထွေးစွာ ဂရုစိုက်တတ်သူများ ဖြစ်ကြသည်။

ရွှီဖေးနှင့် ရန်ကျောက်ကဲတို့ ငယ်စဉ်ကပင် ဂိုဏ်းတူအစ်ကိုကြီး’ရှီ’ ထံမှ ဂရုစိုက်မှုနှင့် လမ်းညွှန်မှုများကို ရရှိခဲံသည်ပင်။

ထိုစဉ်အချိန်က ရှီစုန်းထောင်းသည် စိတ်ဓာတ်တက်ကြွသည့် လူငယ်တစ်ယောက်ဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်ဖြင့်ပင် ချစ်ရသူနှင့်လက်ထပ်ကာ သားတစ်ယောက်ထွန်းကားခဲ့သည်။ သူတို့၏ မိသားစုဘဝလေးက အလွန်တရာ ပျော်ရွှင်ကြည်နူးစရာ ကောင်းလှသည်။

ထိုနှစ်များစွာက ရှီတိသည် ပျော်ရွှင်မှုကို ခံစားခဲ့ရပြီး သူ့မျက်နှာထက်တွင် အစဉ်အမြဲ အပြုံးများ ဝေဆာလျှက် ရှိသည်။

သို့သော် ယခုတော့ ထိုအရာများအားလုံးသည် အတိတ်၏တစ်စိတ်တစ်ပိုင်းအဖြစ် ကျန်ရစ်ခဲ့သည်မှာ စိတ်မကောင်းစရာပင်။

သားဖြစ်သူ၏ အုတ်ဂူရှေ့တွင် ရပ်နေသော ရှီတိသည် ရုပ်တုတစ်ခုအလားဖြစ်ပြီး ထိုနေရာတွင် နှစ်ထောင်ပေါင်းများစွာကြာအောင် ရပ်တန့်နေသူတစ်ယောက်အလား ထင်မှတ်ရလေတော့၏။

***

All Chapters