ဖုံးကွယ်ထားသော ရေစီးကြောင်းများ
Vol. 119 Ch. 1771
ရန်ကျင်း ၊ အထွေထွေ ဝန်ထမ်း ဌာန ရပ်ကွက်အတွင်း၌။
လုပေချိန်သည် ခြံဝန်းထဲတွင် ထိုင်နေရင်း ရေနွေးကြမ်း တစ်ခွက်ကို သောက်နေသည်။ အလှမ်း သိပ်မဝေးသည့် နေရာတွင်တော့ ထရိန်နင်ဆင်း ၊ လေ့ကျင့်သံများက လေနှင့်အတူ ပျံ့လွင့်နေလျက် ရှိသည်။
လျန်ရှန့်ဟော်က ၎င်းနှင့် ဆန့်ကျင်ဘက်နေရာတွင် ထိုင်နေပြီး ရေနွေးကြမ်းသောက်ရင်းဖြင့် စစ်တုရင် ထိုးနေလျက် ရှိ၏။
“ ခေါင်းဆောင် .. ငါတို့ လင်းရီကို ဒီတိုင်း တစ်ယောက်တည်း လွှတ်ထားတော့မှာလား …” လျန်ရှန့်ဟော် ပြောလိုက်သည်။
“ ငါ့လက်ထဲမှာ လုပ်စရာ အလုပ်တွေမှ အများကြီးပဲ … ဒီကောင့်ကို အရေးလုပ်နေဖို့ ငါ့မှာ အချိန်မရှိဘူး …” လုပေချိန် ပြောလိုက်ပြီး “ ဟိုမှာက ဘာတွေ ဖြစ်နေတာလဲတဲ့ … ငါကြားတာ သူတို့ စီးပွားရေး ကိစ္စနဲ့ ပြဿနာတက်နေတယ်လို့တော့ ပြောသံကြားတာပဲ …”
ကျားကွက်ကစားရင်းဖြင့် လျန်ရှန့်ဟော်သည် လုပေချိန်အား ပနားမားတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများအား အကြမ်းဖျင်း ရှင်းပြပေးလိုက်သည်။
“ အဲ့လိုဆိုရင်တော့ နည်းနည်း ထူးဆန်းသွားပြီ … အဲ့ဒီ စီမံခန့်ခွဲရေး ဗျူရိုကကောင်တွေ လင်းရီကို တမင်သပ်သပ် ပစ်မှတ်ထားနေကြတာပဲ ….”
“ အဲ့တာပြောတာပေါ့ … ငါလည်း တစ်ခုခုတော့ မူမမှန်တဲ့ အနံ့တွေရနေတယ်… ဒါပေမယ့် လင်းယွင်အုပ်စုက နိုင်ငံတကာမှာ ကြီးကြီးမားမား လှုပ်ရှားသေးတာ မဟုတ်ဘူး … သူတို့နဲ့ အတိတ်က ရန်ငြိုးရန်စ ရှိထားတဲ့ လူတွေနဲ့လည်း ဖြေရှင်းပြီးပြီ … ပြီးတော့ ဘယ်လို အင်အားစုမျိုးက ပနားမား အာဏာပိုင်တွေကို ဒီလို လုပ်ရပ်မျိုး လုပ်ရလောက်အောင် တွန်းအားပေးနိုင်လဲဆိုတာ စဉ်းစားကြည့်ရင် တကယ် အတွေးများဖို့ကောင်းတယ်…”
“ တကယ်လည်း ထူးဆန်းနေတာတော့ အမှန်ပဲ …” လုပေချိန် အတွေးနက်သွားခဲ့၏။
“ ဒီမှာ ဖြစ်နိုင်ချေ နှစ်ခု ရှိတယ်…” လျန်ရှန့်ဟော် တည်ငြိမ်စွာဖြင့် ဝေဖန်ပိုင်းခြားပြလိုက်ပြီး “ ပထမ တစ်ချက် … ပနားမား အာဏာပိုင်တွေက စည်းမျဉ်းစည်းကမ်းတွေ အတိုင်း လုပ်နေတာ .. ဒါကြောင့်မို့ ကုန်ပစ္စည်းတွေကို ဒီတိုင်း ထိန်းသိမ်းထားတာ …”
“ တကယ်လို့ အဲ့လိုမျိုးသာ ဖြစ်မယ်ဆိုရင် လင်းရီရဲ့ လုပ်နိုင်စွမ်းနဲ့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး …” လုပေချိန် ပြောလိုက်သည်။ “ ဘယ်နေရာပဲ ရောက်ရောက် ပိုက်ဆံပေးလိုက်ရင် အကုန်အဆင်ပြေတယ်… ပိုက်ဆံကို အဓိကဦးတည်ထားတဲ့ ပြဿနာ မှန်သမျှ မဖြေရှင်းနိုင်ဘူးဆိုတာ မရှိဘူး … အရေးကြီးဆုံးက ဒီလောက် အချိန်အကြာကြီး ဆွဲလာပြီးမှ သူတို့မှာ အကြောင်းပြချက်နဲ့ သက်သေတွေ ရှိနေတာတောင် ဒီကိစ္စကို သံသယ ရှိတဲ့ အနေအထားအတိုင်း ထားထားတာကတော့ နည်းနည်း သုံးသပ်ကြည့်ချင်စရာပဲ …”
“ ဒါဆိုရင်တော့ ဒုတိယ ဖြစ်နိုင်ချေပဲ ကျန်တော့တာ .. ဒီကိစ္စကို နောက်ကွယ်ကနေ တစ်ယောက်ယောက်က ထိန်းချုပ်နေတာပဲ ဖြစ်ရမယ်….” လျန်ရှန့်ဟော် ပြောလိုက်ပြီး “ လင်းရီရဲ့ စီးပွားရေး လုပ်ငန်းတွေ အကုန်လုံးက ဟွာရှတွင်းမှာပဲ …. လီတိုဂရပ်ဖီစက်နဲ့ ချစ်ပ် ပရောဂျက်တွေအတွက် နိုင်ငံတကာ ဈေးကွက်ကို တစ်စိတ်တစ်ပိုင်းလေး ဖွင့်ပေးထားတယ် ဆိုရင်တောင်မှ တကယ်လို့ ဒီကိစ္စ နောက်ကွယ်မှာပဲ တကယ်ပဲ တစ်ယောက်ယောက် ရှိနေခဲ့မယ်ဆိုရင် အဲ့လူကလည်း ဟွာရှထဲကပဲ ဖြစ်ဖို့များမယ်…”
သူ၏ စစ်တုရင်အား ချတော့မည့်စဲစဲ လုပေချိန်သည် လေထဲတွင် ရုတ်ချည်း လက်တန့်သွားခဲ့ပြီး “ မင်းက ဝမ်မိသားစုကို သံသယ ရှိနေတာလား …”
“ ငါလည်း မဝင်ချင်ပါဘူး … ဒါပေမယ့် သူတို့ကလွဲလို့ ဘယ်သူ ရှိနိုင်သေးလို့ …”
“ လင်းရီလက်ချက်နဲ့ ဝမ်မြန်ရဲ့ ခြေထောက်က ဒုက္ခိတ ဖြစ်သွားတယ် .. သူတို့မှာ ဒီလိုတွေ လုပ်ဖို့ လုံလောက်တဲ့ အကြောင်းပြချက်တွေ ရှိတယ်…” လုပေချိန် ပြောလိုက်ပြီး “ ဒါပေမယ့် ဒီကိစ္စ ဖြစ်ပြီးတာက မနှစ်ကတည်းက .. ဝမ်မိသားစုရဲ့ ခွန်အားက အရင်ကလောက် ကောင်းတော့တာ မဟုတ်ဘူး … သူတို့မှာ ဒီလို လုပ်ရဲတဲ့ သတ္တိ မရှိနိုင်ဘူး ….”
“ ငါလည်း အဲ့ဒါကို သံသယ ဖြစ်နေတာ … အတော်လေး ဝိရောဓိ ဖြစ်ဖို့ကောင်းတယ်.. “ လျန်ရှန့်ဟော် ပြောလိုက်ပြီး “ ဝမ်မြန်ရဲ့ ခြေထောက်တွေ ဒုက္ခိတ ဖြစ်သွားပြီး တခြား မိသားစုကြီးတွေရဲ့ လူလှောင်ရယ်စရာ ဖြစ်သွားခဲ့တာတောင် သူတို့ဘက်က ဘာတုံ့ပြန်မှုမှ မလုပ်လာဘဲ သူတို့ကံကြမ္မာ သူတို့ လက်ခံသွားတယ်… ဒီပုံစံက ဝမ်ထင်ရှန်းရဲ့ စရိုက်နဲ့ ကိုက်ညီမနေဘူး …”
“ မင်းပြောချင်တာကို ငါ သဘောပေါက်တယ်… အဲ့တာကြောင့်ပဲ နှစ်သစ်ကူး ပြီးကတည်းက ဝမ်မိသားစုရဲ့ လှုပ်ရှားမှုတွေကို ငါ သတိထား စောင့်ကြည့်နေတာပေါ့ … ဒါပေမယ့် သူတို့ဘက်က စည်းမျဉ်းတွေ လိုက်နာပြီး ဘောင်ကျော်လာတဲ့ ဘာကိစ္စမှလည်း လုပ်မလာဘူး … အချိန် ဒီလောက် ကြာနေပြီကို အခြေအနေတွေက တည်တည်ငြိမ်ငြိမ်ပဲ … ဒါက တော်တော်လေးတော့ စိတ်ဝင်စားစရာ ကောင်းတယ်….”
လျန်ရှန့်ဟော် ဘာမျှ ပြောမလာချေ။ အမှန်လည်း စိတ်ဝင်စားစရာ ကောင်းနေခဲ့၏။
နှစ်ယောက်စလုံးက ဤကိစ္စ၏ အမှန်တရားကို မဖော်ထုတ်နိုင်ဘဲ ရှိနေတော့သည်။
“ ခေါင်းဆောင် ….”
လေထု အခြေအနေက မတိုးသာ မဆုတ်သာ အခြေအနေသို့ ကျရောက်နေစဉ်မှာပဲ လုပေချိန်၏ အစောင့်က လက်ထဲတွင် ဖုန်းတစ်လုံးနှင့် ခြံထဲသို့ ပြေးလာသည်။
“ ခေါင်းဆောင် … ဖုန်းလာပါတယ်…”
နာမည်ကို ကြည့်လိုက်တော့ လျိုဟုန်ဖြစ်သည်ကို သိရှိလိုက်သည်။ လုပေချိန် ဖုန်းအား အလျင်အမြန် ကိုင်လိုက်၏။
“ ခေါင်းဆောင် .. ခင်များ ခြံဝန်းထဲမှာလား … ကျုပ် အရေးတကြီး တင်ပြစရာ ရှိလို့ ခဏနေ အဲ့ကို ရောက်မယ်….”
“ ငါ ဒီမှာပဲ .. လာခဲ့လိုက် …”
“ ဟုတ်ကဲ့ ….”
ဖုန်းချပြီး မိနစ် အနည်းငယ်ခန့်ကြာသော် လျိုဟုန်သည် ကားအား လုပေချိန်၏ ခြံရှေ့၌ ထိုးရပ်လိုက်၏။
“ ဘာကိစ္စလဲ … အရေးတကြီး လေသံနဲ့ ….”
“ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေအတိုင်းဆိုရင် နိုင်ငံခြားက အင်အားစုတစ်ချို့ ပနားမားဘက်ကို ဦးတည်လာနေပြီ … သူတို့တွေ ဘက်စ် သတ္တုရိုင်းတွေရဲ့ ခြေရာတစ်ချို့ တွေ့ထားတယ်နဲ့ တူတယ်.. မဟုတ်ရင် ဒီလောက်ထိ အုတ်အောသောင်းနင်း ဖြစ်နေမှာ မဟုတ်ဘူး …”
“ အကုန်လုံး ပနားမားကို ဦးတည်နေကြတယ် ဟုတ်လား …”
အဆိုပါ သတင်းကိုကြားတော့ နှစ်ယောက်လုံး တည်ငြိမ်စွာ မထိုင်နေနိုင်တော့ချေ။
အဘယ်ကြောင့်ဆိုသော် လင်းရီက ပနားမားတွင် ရှိနေသောကြောင့် ဖြစ်၏။
လုပေချိန်နှင့် လျန်ရှန့်ဟော်တို့၏ အမူအရာ မမှန်သည်ကို မြင်တော့ လျိုဟုန် စကားအစ်ကြည့်လိုက်သည်။
“ ခေါင်းဆောင် … တစ်ခုခု ဖြစ်ထားလို့လား …”
“ လင်းရီနဲ့ အသင်း ၁ ကလည်း ပနားမားမှာပဲ …”
လျိုဟုန် “ ??? “
ဤသတင်းက သူ့အား အံ့အားသင့်သွားစေခဲ့၏။
“ ဖြစ်နိုင်တာ ဒီကောင်တွေ သတင်းကြိုရထားလို့များလား …”
လျိုဟုန် လင်းရီအကြောင်း ကောင်းကောင်း သိသည်။ လင်းရီ၏ လှုပ်ရှားမှုတို့က ခန့်မှန်း၍ မရသည်ကိုလည်း သိ၏။ သူ့ခြေထောက်နှင့်သူ ပနားမားသို့ ရောက်နေသည်ဆိုပါက ထူးဆန်းနေလိမ့်မည် မဟုတ်ချေ။
သို့သော် အသင်း ၁ တစ်သင်းလုံး ထိုနေရာသို့ ရောက်ရှိနေသည်ကတော့ အတော်လေး ထူးဆန်းလှပါသည်။
“ အဲ့ကောင် ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ပနားမား ရောက်နေတာ … ဒါတွေ သူမသိဘူး …”
လုပေချိန် အမှုမထားစွာ တုံ့ပြန်လိုက်သည်။ အကြောင်းမူကား သူ၏ အတွေးများကို အခြား ကိစ္စ တစ်စုံတစ်ရာက နေရာယူထားသောကြောင့်ပင်။
သူနှင့် လျန်ရှန့်ဟော် နှစ်ယောက်လုံးက ပြဿနာ တစ်ရပ်အား စဉ်းစားနေခဲ့ကြ၏။
တခြား အင်အားစုတွေက ပနားမားကို ဦးတည်လာနေကြတယ်ဆိုတော့ ဖြစ်နိုင်တာ … လင်းရီနဲ့ စီမံခန့်ခွဲရေး ဗျူရိုရဲ့ နှစ်ဖက်ကြား အချင်းတဲ့ ကိစ္စရပ်ကြောင့်များလား …
“ ခေါင်းဆောင် .. ကျုပ်တို့ ဒီကိစ္စ ဘယ်လို ကိုင်တွယ်လိုက်ရမလဲ ….” လျိုဟုန် မဝံ့မရဲလေး မေးလိုက်သည်။
“ ကျုပ်တို့ အသင်း ၂ နဲ့ အသင်း ၃ ကို အကူ လွှတ်လိုက်သင့်လား …”
“ လောလောဆယ်တော့ မလွှတ်သေးနဲ့ …” လုပေချိန် ပြောလိုက်ပြီး “ နိုင်ငံခြားက သတင်းက ခုတိ အတည်ပြုရသေးတာ မဟုတ်တော့ ရေးကြီးခွင်ကျယ် လုပ်နေစရာ မလိုဘူး .. လင်းရီကလည်း သူ့ ကိုယ်ရေးကိုယ်တာ ကိစ္စ ကိုင်တွယ်လို့ ပြီးသေးတာ မဟုတ်ဘူး … မင်း အသင်း ၂ နဲ့ ၃ ကို အကူလွှတ်လိုက်ရင် ဒီကောင့်ရဲ့ အကြောက်အလန့်ကင်းတဲ့ ပုံစံနဲ့ တစ်နေရာလုံးကို ပြောင်းပြန်လှန်ပစ်လောက်တယ်…”
“ ဒါဆို ခေါင်းဆောင်က စောင့်ကြည့်ချင်သေးတယ်ပေါ့ ….”
လုပေချိန် ခေါင်းညိမ့်လိုက်ပြီး လက်ထဲရှိ စစ်တုရင် အပိုင်းအစအား ဘုတ်ပြားပေါ်သို့ နေရာချလိုက်သည်။ “ လင်းရီကို ဒီအကြောင်း ပြောပြပြီး သူ့ကိုယ်သူ ပြင်ဆင်ထားပါစေ ….”
“ အိုကေ .. ကျုပ် သူ့ကို ပြောပြလိုက်မယ်…”
လုပေချိန်အား နိုင်ငံပြင်ပဘက်ရှိ လှုပ်ရှားမှုများအား သတင်းပို့ပြီးနောက် လျိုဟုန် ပြန်လည် မောင်းထွက်သွားခဲ့သည်။
သို့သော် ၎င်းတို့၏ အမူအရာမှာတော့ သိပ်ကောင်းမွန်လို့ မနေချေ။
“ ခေါင်းဆောင် … ဒီကိစ္စတွေက ဆက်နွယ်နေမယ်လို့ ထင်လား …”
“ ငါ့ အရင် အတွေ့အကြုံတွေ အတိုင်းဆိုရင်တော့ .. ဘယ်လို ဆက်နွယ်မှုမျိုးမှ မရှိနိုင်ဘူး …” လုပေချိန် ပြောလိုက်ပြီး “ နိုင်ငံခြားက ကောင်တွေက အကြမ်းဖက်ဖို့၊ ပိုက်ဆံနဲ့ တွင်းထွက် သတ္တုတွေ အတွက်ပဲ ပြင်းထန်တဲ့ ရည်မှန်းချက်တွေနဲ့ လုပ်ဆောင်တတ်ကြတာ …”
လုပေချိန်မှ ဖြစ်နိုင်ချေရှိသည့် အကြောင်းပြချက်များအား စုစည်းလိုက်သည်.
လျန်ရှန့်ဟော် သဘောတူညီစွာ ခေါင်းညိမ့်လိုက်၏။
“ ဒီ သုံးခုမှာ လင်းရီက ပထမ တစ်ခုနဲ့ပဲ ကိုက်ညီတယ်… ပါဝင်ပတ်သက်နေတဲ့ ပိုက်ဆံ ပမာဏကလည်း ဒီလို လူတွေ စုဝေးလောက်အောင် မများတော့ … ဒီတိုင်း တိုက်ဆိုင်သွားတာပဲ နေမှာပါ …”
“ အဲ့လိုသာ ဆိုလို့ကတော့ ပြဿနာကလည်း သိပ်မကြီးလောက်ဘူး …” လျန်ရှန့်ဟော် မှတ်ချက်ပေးလိုက်သည်။
“ ရက်လည်း အတော်ကြာပြီဆိုတော့ သူ့ကုမ္ပဏီ ပြဿနာလည်း တော်တော်များများ ဖြေရှင်းပြီး အခြေအနေ ရောက်လောက်ရောပေါ့ … နောက် တာဝန် တစ်ခုကို ချောချောမွေ့မွေ့နဲ့ ထမ်းဆောင်လို့ ရနေပြီ … တစ်လက်စတည်း အသင်း ၁ ကိုပါ လေ့ကျင့်ပေးပြီးသား ဖြစ်သွားတာပေါ့ …”
……………
ပနားမားမြို့ ။
မနက်ခင်း တစ်နာရီတွင် လင်းရီ၏ဖုန်းသံ မြည်လာခဲ့၏။
သူဖုန်းကို ကိုင်ပြီး အော်ဆဲတော့မည့် အချိန်မှာပဲ ဖုန်းခေါ်လာသူက ဟော်ယွမ်ယွမ် မဟုတ်သည်ကို မြင်တွေ့လိုက်ရ၏။
“ လူအိပ်လို့ကောင်းတဲ့ အချိန် ဖုန်းဆက်လာတယ်ဆိုတာ အတော်လေး လူမဆန်တဲ့ လုပ်ရပ်နော် အဘိုးကြီး ..”
“ ဟေ့ကောင် … အိပ်မနေနဲ့တော့ … ငါမင်းကို အရေးကြီးကိစ္စ ပြောစရာ ရှိတယ်…”လျိုဟုန် လေးနက်သည့် လေသံဖြင့် ပြောလိုက်ပြီး “ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေ အတိုင်းဆိုရင် နိုင်ငံခြားသား အုပ်စုလိုက်ကြီး ပနားမားမြို့ကို ရောက်နေပြီ … သူတို့ရဲ့ လှုပ်ရှားမှုတွေကို သေချာ စောင့်ကြည့်ထား … အကြောင်းထူးရင် ငါတို့ဆီ ချက်ချင်း ဆက်သွယ်….”