← Chapters

ကုန်တွေမှာ ပြဿနာ ရှိနေတယ်

Vol. 119 Ch. 1773

ကုန်တွေမှာ ပြဿနာ ရှိနေတယ်

Vol. 119 Ch. 1773

လော့ချီနှင့် ကျိုးလျန်တို့ နှစ်ယောက်လုံး ကြက်သီးဖြန်းသွားခဲ့ကြ၏။

သူတို့ကိုယ်သူတို့ မည်သူကမျှ ထိုစကားမျိုး မပြောဝံ့သည့် ဟွာရှတွင် မွေးလာသည့် လူတစ်ယောက်ဖြစ်သည်ကို အလွန်အမင်း ကျေးဇူးတင်မိသွားခဲ့သည်။

သို့သော် ငွေက အရာရာကို ကိုယ်စားပြုသည့် အရင်းရှင်နိုင်ငံများတွင်တော့ အရင်းရှင်များ၏ လွှမ်းမိုးမှုက စိတ်ကူးမယဉ်နိုင်လောက်အောင်ကို အနှိုင်းမဲ့ပါသည်။

မာဟရာသည် လင်းရီအား ကြောက်ရွံ့နေသည့် မျက်လုံးတို့ဖြင့် ကြည့်မိသွားခဲ့သည်။

“ ဒါကြောင့်မို့ ပြောတာပေါ့ .. ခံစားချက်တွေကို တအား ရှေ့တန်းမတင်ပါနဲ့လို့ … လူတွေက နောက်ဆုံးတော့လည်း ကိုယ့်အတွက်ကိုယ်ပဲ တွေးကြရမှာ ဟုတ်တယ်မလား …”

ပြောရင်းဖြင့် လင်းရီသည် အိတ်ကပ်ထဲမှ ဒေါ်လာ ရာတန်တစ်ထပ် ထုတ်၍ မာဟရာ၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

“ ကျေးဇူးတင်ပါတယ် မစ္စတာလင်း …”

သူတို့အားလုံး လင်းရီ ဤပြဿနာအား ဒေါ်လာရာဂဏန်း အနည်းငယ်ဖြင့် ဖြေရှင်းလိုက်သည်ကို ကြည့်နေခဲ့ကြသည်။

လော့ချီနှင့် ကျိုးလျန်မှာတော့ ရုတ်ချည်းဆိုသလို ဤသည်က ရူးနှမ်းနေသည့် လူများ စုဝေးနိုင်သည့် နိုင်ငံတစ်ခု ဖြစ်သည်ဟု ရုတ်ချည်း ခံစားလိုက်ရ၏။

လူတစ်ဦး၏ အသက်တစ်ချောင်းပင် ဖြစ်စေ၊ လူမှုအဖွဲ့အစည်းတစ်ခုတွင် ရှိသင့်ရှိထိုက်သည့် မှန်ကန် တရားမျှတမှုပင်ဖြစ်စေ၊ အကုန်လုံးက ငွေတစ်ခုတည်းကို ဦးညွှတ်နေကြရ၏။

ပိုက်ဆံက သင်မည်သူ ဖြစ်သည်ကို ကိုယ်စားပြုပြီး ၎င်းနှင့်တွေ့လျှင် အပြုံးလေးဖြင့် နှုတ်ဆက်ရသည်။ အကြောင်းမူကား ၎င်းက သင့်အား အံ့ဩဖို့ကောင်းပြီး ပိုမိုကောင်းမွန်သည့် ဘဝအခြေအနေကို ပေးစွမ်းသောကြောင့် ဖြစ်သည်။

“ ငါတို့ရဲ့ ကုန်ပစ္စည်းတွေ ရှိတဲ့နေရာ ခေါ်သွားပေး … ဘာပြဿနာမှ မရှိဘူးဆိုရင် ငါ ဒီကိစ္စကို ဒီတိုင်း ထားပေးလိုက်မယ်…”

“ ဒီကိစ္စကိုကျတော့ ငါတို့ ခေါင်းဆောင်နဲ့ ဆွေးနွေးဖို့ လိုသေးတယ်… ငါတို့က ဒီတိုင်း ဝန်ထမ်းတွေပဲ … လုပ်ပိုင်ခွင့် သိပ်မရှိဘူး …”

လင်းရီ ပြုံးပြီး ခေါင်းညိမ့်လိုက်သည်။ သူ ခက်ခဲအောင် လုပ်မနေတော့ဘဲ လမ်းလျှောက်ရင်း မေးမြန်းလိုက်၏။

“ ဒါနဲ့ အရင်ကရော ဒီလို ကိစ္စမျိုးတွေ ဖြစ်ပျက်ဖူးလား …”

“ ဒါပေါ့ … ပြီးတော့ နှစ်တိုင်းပဲ … လူတစ်ချို့က ဒီလို နည်းလမ်းနဲ့ မှောင်ခိုပစ္စည်းတွေ သွင်းတတ်ကြတယ်လေ…”

“ ဒါပေမယ့် မင်းတို့က တူးမြောင်း စီမံခန့်ခွဲရေး သပ်သပ်ပဲမလား… တကယ်လို့ ကုန်သင်္ဘော တစ်စင်း ဖြတ်သန်းသွားရင် ဒီလိုမျိုး လုပ်နိုင်တဲ့ အခွင့်အရေး မရှိဘူးမလား …”

“ မှန်တယ်… ဒါပေမယ့် ဒါက ငါတို့ရဲ့ ငွေရှာတဲ့ နည်းလမ်းတစ်ခုပဲ …” မာဟရာ ပြောလိုက်ပြီး “ တစ်ယောက်ယောက်က တိုင်ကြားလာရင် ငါတို့က ကုန်သင်္ဘောတွေကို ဒီခေါ်လာပြီး စုံစမ်းစစ်ဆေးတယ်… ပြီးကျရင် ကုန်သည်တွေက ငါတို့ကို ပိုက်ဆံပေးတယ်… ငါတို့အတွက်ကျ ဒါက အတော်လေး မဆိုးတဲ့ ငွေ၀င်ပေါက်ပေါ့ ..”

လင်းရီနှင့် ကျန်သူများမှာ အလိုအလျောက် ခေါင်းညိမ့်နေမိကြ၏။ သူတို့တွေ နောက်ဆုံးတော့ ဘာကြောင့်လဲဆိုသည့် ကိစ္စရပ်၏ အကြောင်းပြချက်ကို နားလည်သွားခဲ့ပြီ ဖြစ်၏။

“ ဒါပေမယ့် ဘယ်သူက ငါ့သင်္ဘောကို သတင်းပို့ တိုင်လာလဲဆိုတာ ငါ တကယ်သိချင်နေတာ …”

မာဟရာ ပခုံးတွန့်ပြလိုက်၏။ “ ငါတို့လည်း အဲ့တာတော့ မသိဘူး .. ငါတို့ ဒီလိုလုပ်တာက မုန့်ဖိုးရလို့ပဲ …”

“ ........ ဆိုတော့ ငါတို့ရဲ့ ကုန်ပစ္စည်းတွေက ဘာမှ မှားယွင်းမနေရင်တောင် မင်းတို့က ငါတို့ကို ဘာ ဖြေရှင်းချက်မှလည်း ပေးမှာ မဟုတ်သလို ဘာလျော်ကြေးမှလည်း ပြန်ပေးမှာ မဟုတ်ဘူးပေါ့ …”

“ အမှန်ပဲ … ဒါက ရေကြောင်းသယ်ယူပို့ဆောင်ရေး အက်ဥပဒေအောက်မှာ တည်ရှိတဲ့ ငါတို့ရဲ့ အခွင့်အရေးပဲလေ …”

လင်းရီ ရုတ်ချည်းဆိုသလို ရင်ထဲ နာကျင်သလို ခံစားရ၏။

ဤစီးပွားရေး လုပ်ငန်းက အမှန်ပင် ငွေအရင်းအနှီး မပေးရပါဘဲ အကျိုးအမြတ် တကယ်များသည့် လုပ်ငန်းကြီး ဖြစ်၏။

ကမ္ဘာ့ ကုန်တင် သင်္ဘောကြီး တော်တော်များများက ဤတူးမြောင်းမှတဆင့် နေ့စဉ်နှင့်အမျှ မရေမတွက်နိုင်အောင် ဖြတ်သန်း သွားလာနေကြပြီး သူတို့အား လုပ်ပိုင်ခွင့်ဟူသည့် အာဏာတစ်ခုအား အလိုအလျောက် ပေးနေရကာ ကုန်သည်များအဖို့ အမှန်ပင် တခြား ရွေးချယ်စရာ မရှိပါချေ။

ထိုအခိုက်အတန့်တွင် ချန်ချင်ဖုန်းမှ ကြားဝင် ပြောလာခဲ့၏။

“ ဆယ်စုနှစ်တွေကြာအောင် ငါတို့ဟွာရှက ကမ္ဘာ့ ရထားလမ်းစနစ်ကို ကြိုးစားတည်ဆောက်နေတာကလည်း ဒီလို လက်ဝါးကြီးအုပ်တာတွေကို ချိုးဖောက်နိုင်အောင်လို့ပဲ…”

လင်းရီ ခေါင်းညိမ့်လိုက်၏။ သူလည်း ဤအကြောင်းတစ်ချို့ကို လျန်ရူရွှယ်ထံမှ ကြားဖူးပါသည်။ ကမ္ဘာ့ ရောင်းဝယ်ဖောက်ကားမှု၏ ၉၀ ရာခိုင်နှုန်းက ရေကြောင်းသယ်ယူပို့ဆောင်ရေးကို ဦးစားပေးထား၏။ ရေကြောင်း သမုဒ္ဒရာတို့၏ အရှင်သခင်ကလည်း အမေရိကန်တွေ ဖြစ်နေသည်။ သူတို့တွေက ဤအပိုင်းတွင် အရင်းအမြစ်များအား သေချာထိန်းချုပ်ထားသည်။

အကယ်၍ ဟွာရှကသာ ဤကိစ္စတွင် ပါဝင်ပတ်သက်ချင်ပြီး လက်ရှိ အာဏာချိန်ခွင်ကို ချိုးဖျက်ချင်ပါက ကောင်းကင်ဘုံသို့ တက်ရသည်ထက်ပင် ပို၍ ခက်ခဲလိမ့်မည်။ ထို့ကြောင့် သူတို့ဘက်က မီးရထားလမ်း သယ်ယူပို့ဆောင်ရေး စနစ်များအား အလျင်အမြန် စတင် အကောင်အထည် ဖော်သင့်ပြီ ဖြစ်၏။

သယ်ယူပို့ဆောင် စရိတ်တို့က တိုးပွားလာမည်ဆိုသော်လည်း သယ်ယူပို့ဆောင်ရသည့် အချိန်က သုံးပုံနှစ်ပုံခန့် လျော့ချလိုက်နိုင်မည်ဖြစ်ရာ ကမ္ဘာ့ရောင်းဝယ်ဖောက်ကားမှု အမြန်နှုန်းကို တိုးမြင့်စေပြီး ကမ္ဘာ၏ လက်ရှိ ရောင်းဝယ်ဖောက်ကားမှု စံပုံစံကိုလည်း ချိုးဖျက်လိုက်နိုင်မည် ဖြစ်သည်။

မိနစ် အနည်းငယ်ကြာပြီးနောက် အုပ်စုမှာ သင်္ဘောကျင်းသို့ ရောက်ရှိလာသည်။

လင်းယွင်အုပ်စု၏ ကာဂို သင်္ဘောကြီးက တောင်တက်လမ်းတွင် တိတ်ဆိတ်စွာ လဲလျောင်းနေသည့် စတီးသံမဏိ သားရိုင်းကောင်ကြီး တစ်ကောင်လိုပါပင်။

အဆိုပါ ရှော့ခ်ရဖွယ် အချင်းအရာအား လူကိုယ်တိုင် တွေ့ကြုံ ခံစားကြည့်မှသာ မည်မျှ အံ့ဩဖို့ကောင်းလဲဆိုတာကို သေချာ နားလည်နိုင်လိမ့်မည်။

“ မစ္စတာလင်း … ဒါက သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေပါ … တစ်ချက်ကြည့်ပါဦး … ပြဿနာ မရှိဘူးဆို လက်မှတ်ထိုးလိုက်… ပြီးရင် ငါတို့ဘက်က ကုန်ပစ္စည်းတွေကို စပြီး စစ်ဆေးတော့မှာ …”

မာဟရာ ပေးလာသည့် စာရွက်စာတမ်းကို ယူရင်း လင်းရီ ဂရုတစိုက် ဖတ်ရှုကြည့်လိုက်သည်။

စာထဲတွင် ရေးသားထားသည့် အကြောင်းအရာတို့နှင့် စပ်လျဉ်း၍ မည်သည့် ပြဿနာမျှ ရှိမနေချေ။ သို့သော် အကယ်၍ မိမိ၏ သင်္ဘောကုန်ပစ္စည်းအတွင်း၌ မှောင်ခိုပစ္စည်း တစ်စုံတစ်ရာတို့ တွေ့ရှိခဲ့ပါက သိမ်းဆည်းသွားမှာ ဖြစ်ပြီး မိမိဘက်ကလည်း အင်မတန် များပြားသည့် ဒဏ်ကြေးကို ပေးဆောင်ရပါမည်။

လင်းရီအဖို့တော့ ထိုအရာက မပြောပလောက်ပေ။

အခြား ရှုထောင့်မှ ကြည့်ရှုမည်ဆိုပါက အကယ်၍ လင်းရီသာ ဤနေရာကို တာဝန်ယူပြီး စာချုပ်မူကြမ်း ထုတ်ရမည့် လူဖြစ်ခဲ့မည်ဆိုပါက ယခုထက်ပင် ပိုပြီး ကြမ်းတမ်းရက်စက်လိုက်ဦးမည်။

စာရွက်ပါ အကြောင်းအရာများအား ဖတ်ရှုပြီးသည့်နောက် လင်းရီသူ၏ နာမည်ကို လက်မှတ်ရေးထိုးလိုက်ကာ စုံစမ်းစစ်ဆေးခြင်းသည်လည်း တရားဝင် စတင်ချေပြီ။

လေးယောက်မှာ ဘေးတွင် မတ်တပ်ရပ်နေကြပြီး အခုံးသဏ္ဌာန် ပစ္စည်းကိရိယာ တစ်ခုကို မြင်တွေ့လိုက်ကြရသည်။ ထို ကိရိယာက သင်္ဘော၏ နံဘေးသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားပြီး သင်္ဘောပေါ်ရှိ ကုန်ပစ္စည်းများအား စကန်ဖတ် စစ်ဆေးရန် ဟန်ပြင်သည်။

သို့သော် အတော်လေးတော့ နှေးကွေး၏။ မိနစ် အနည်းငယ်ကြာသော်မှ မီတာ အနည်းငယ်ခန့်တာ သွားနိုင်သည်။ ယခုလို ဧရာမ ကုန်တင်သင်္ဘောကြီးအား စစ်ဆေးရမည် ဖြစ်ရာ အကြမ်းဖြင်း တစ်နာရီလောက်တော့ ကြာမည်ဟု လင်းရီ မှန်းဆလိုက်၏။

ဘေးတွင် ရပ်နေရင်း ကျိုးလျန်မှ စီးကရက်တစ်လိပ်အား ထုတ်၍ မီးညှိလိုက်သည်။

“ ခေါင်းဆောင် … လင်းယွင်အုပ်စုက တစ်ယောက်ယောက်ကို အပြစ်ပြုထားမိလို့လား … ဒါကြောင့်မို့ သူတို့တွေ ဒီလို လှည့်ကွက် အသေးလေးတွေ ထုတ်သုံးနေကြတာလား …”

“ အဲ့လို ဖြစ်နိုင်တယ်ဆိုပေမယ့် ဘယ်သူဆိုပါတော့ အချိန်တစ်ခုလောက်ထိ ငါလည်း မပြောနိုင်သေးဘူး …”

ထိုသို့ ပြောလိုက်သော်လည်း လင်းရီ၏ ရင်ထဲတွင် သံသယ တရားခံက ရှိထားပြီး ဖြစ်၏။

အနှီ ကုန်ပစ္စည်းများအား ဝမ်မိသားစု လက်ထဲမှ လုယူထားခြင်း ဖြစ်ပြီး သူ့ဘက်က ဝမ်မြန်၏ ခြေထောက်ကို ဒုက္ခိတ ဖြစ်ထားစေသည့် အချက်ကိုပါ ထည့်သွင်းတွက်ချက် လိုက်မည်ဆိုပါက နှစ်ဘက်ကြားရှိ မုန်းတီးမှုမှာ အတိုင်းအဆ ရှိလိမ့်မည် မဟုတ်ချေ။

ဟွာရှ တစ်ခုလုံး၌ ဝမ်မိသားစုသာလျှင် သူ့အပေါ် ယခုလို ပြုလုပ်ရန် ခိုင်လုံသည့် အကြောင်းပြချက်တို့ ရှိ၏။

သို့ပေမယ့် ဝမ်မိသားစုက အဘယ်ကြောင့် ယခုလို အသေးအမွှား လှည့်ကွက်လေးအား ထုတ်သုံးလာခဲ့လဲဆိုတာကိုတော့ သူ တကယ် နားမလည်နိုင်ချေ။

ဤအတိုင်း သူ့အား အချိန်ဆွဲစေပြီး စိတ်အနှောင့်အယှက် ဖြစ်စေချင်သောကြောင့်လော။

ဝမ်မိသားစု၏ ထီမထင်မှု၊ သွေးကြီးမှု၊ မာနကြီးမှုတို့ဖြင့် ဆိုပါက သူတို့၏ အခြေအနေမှာ အောက်ဆုံးသို့ ကျရောက်သွားစေကာမူ ယခုလို လှည့်ကွက်မျိုးအား ထုတ်သုံးလာမှာ မဟုတ်ချေ။ ယင်းက အဆင့်နိမ့်လွန်း၏။

ထို့ပြင် ယခုလို ပြုလုပ်၍လည်း သူ့အပေါ် စိတ်ရှိလက်ရှိ ကလဲ့စားချေနိုင်မှာ မဟုတ်ရာ ဤကဲ့သို့ ပြုလုပ်စရာ အကြောင်း မရှိပါချေ။

ထို့ပြင် လုပေချိန်နှင့် လျန်မိသားစုကလည်း ဝမ်မိသားစု၏ ရန်ကျင်းရှိ လှုပ်ရှားမှုများအား သတိထား စောင့်ကြည့်နေသည်။ သူတို့တွေ မည်သည်ကိုမှ လှုပ်ရှားဝံ့မှာ မဟုတ်ပေ။ ထိုအကြောင်းပြချက်ကြောင့်ပဲ လင်းရီမှာ ဤကိစ္စက ဝမ်မိသားစု၏ စနက်ပါဟူ၍ ရာနှုန်းပြည့် ကောက်ချက် မချနိုင်ဘဲ ဖြစ်နေသည်။

သို့သော် ဝမ်မိသားစုမှလွဲ၍လည်း သူ့စဉ်းစားနိုင်သည့် အခြား သံသယ တရားခံတို့က ခေါင်းထဲ ရောက်မလာခဲ့ပါချေ။

“ ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့ .. ဘယ်လိုပဲ ဖြစ်ဖြစ် ဒါက နောက်ဆုံး အကျပ်အတည်းပဲမလား … ဒီကိစ္စပြီးတာနဲ့ နိုင်ငံဆီ သင်္ဘောဆိုက်လို့ရပြီ …”

လင်းရီ ခေါင်းညိမ့်လိုက်သည်။ သူလည်း ၎င်းအချက်ကို သဘောတူသည်။ ယခု ကိစ္စ ဖြေရှင်းပြီးသည်နှင့် သူ့တွင် နိုင်ငံခြားသားများ ဝင်ရောက်လာသည့် ကိစ္စအား စုံစမ်းနိုင်ပြီ ဖြစ်သည်။ သူ့စိတ်ထဲ တစ်ခုပြီး တစ်ခု စီစဉ်ထား၏။

ကလင် ကလင် ကလင် …

သူတို့ စောင့်ဆိုင်းနေစဉ် လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာသည်။ ယွီစီယင်မှ ဆက်သွယ်လာခဲ့ခြင်း ဖြစ်၏။

“ အခြေအနေ ဘယ်လိုလဲ …”

“ ဟိုတယ်က ထွက်လာပြီးတော့ ကျွန်မတို့တွေ ကျုံးဝေ့တပ်ဖွဲ့က ပေးလာတဲ့ အချက်အလက်တွေအတိုင်း ပနားမားမြို့မှာရှိတဲ့ လေဆိပ်နှစ်ခုဆီ ချက်ချင်း ရောက်သွားတယ်.. အဲ့နောက် အုပ်စုနှစ်ခုကို ပစ်မှတ်ထားပြီး နောက်ယောင်ခံလိုက်ကြည့်တာ သူတို့တွေ အကုန်လုံးက ပနားမား အာဏာပိုင်တွေ ရှိတဲ့ဘက်ခြမ်းဆီ ဦးတည်နေကြတယ်…”

“ သူတို့တွေက အာဏာပိုင်တွေနဲ့ လာတွေ့ကြတာလား …”

“ ဒီတိုင်းခန့်မှန်းကြည့်တာပဲ .. သူတို့တွေ အတိအကျ ဘယ်လို ဦးတည်နေတာလဲဆိုတာတော့ ကျွန်မလည်း အသေအချာကြီး မပြောတတ်ဘူး … ဆက်ပြီး စောင့်ကြည့်နေဖို့ လိုသေးတယ်…”

“ ဒါဆိုကောင်းပြီ … မင်းတို့ ဆက်ပြီး စောင့်ကြည့်ထားကြ … ဘာ အမှားအယွင်းမှ မလုပ်မိစေနဲ့ …” လင်းရီ လေးနက်စွာ ပြောဆိုလိုက်ပြီး “ ဒါပေမယ့် ဘေးကင်းဖို့က ပထမဦးစားပေးပဲ … မစ်ရှင်ကို အချိန်မရွေး ဖျက်သိမ်းလို့ရတယ် … မင်းတို့တွေ တစ်ခုခု ဖြစ်မှာကို ငါ မလိုချင်ဘူး …”

“ နားလည်ပြီ ခေါင်းဆောင် …”

တွီ တွီ တွီ တွီ ….

လင်းရီ ဖုန်းမချရသေးခင်မှာပဲ ရုတ်ချည်းဆိုသလို အလန့်တကြား အသိပေးသံတို့ ထွက်ပေါ်လာသည်။

သူ ရုတ်တရက် လှမ်းကြည့်လိုက်ရာ အခုံးသဏ္ဌာန် စကန်ဖတ်သည့် ကိရိယာမှ သတိပေး အချက်ပြသံတို့ မြည်ဟည်းလာနေသည်ကို သတိထားမိလိုက်သည်။

All Chapters