အမှန်တရား ထွက်ပေါ်လာပြီ
Vol. 119 Ch. 1774
လူတိုင်း၏ မျက်လုံးက ကာဂို သင်္ဘောထံသို့ အာရုံစိုက်မိသွားခဲ့ကြပြီး ရုတ်တရက် ထွက်ပေါ်လာသည့် သတိပေး အချက်ပြသံတို့က သူတို့အား အံ့အားသင့်သွားစေသည်။
လူသားတစ်ဦး၏ စုံစမ်း စစ်ဆေးမှုက မှားယွင်းလွဲချော်မှုတို့ ရှိနိုင်သော်လည်း စက်ပစ္စည်း၏ မှားယွင်းလုပ်ဆောင်နိုင်ချေကတော့ အတော်လေးကို နည်းသည်။
“ ငိုးပဲ … လခွမ်းတွေ ဖြစ်နေတာလားဟ… စက်ချို့ယွင်းသွားတာများလား …” ကျိုးလျန် ထပြီး ကျိန်ဆဲမိသွားခဲ့၏။
“ မလောသေးနဲ့ … ငါတို့ သွားပြီး တစ်ချက် စစ်ကြည့်လိုက်ဦးမယ်…”
လူတိုင်း အလျင်စလို ပြေးသွားခဲ့ကြပြီး တစ်ချိန်တည်းတွင် မာဟရာမှ ၎င်းတို့နှင့် ဝင်ပူးပေါင်း၏။
“ ဘာတွေ ဖြစ်နေတာလဲ … စက်က ဘာလို့ သတိပေးသံတွေ ထွက်လာခဲ့တာလဲတဲ့ …” လော့ချီ မေးလိုက်၏။
“ သဘောက မင်းတို့ရဲ့ ကုန်တွေမှာ တစ်ခုခု မှားယွင်းနေပြီလို့ ဆိုလိုတာပဲ … ငါတို့တွေ အသေးစိတ် စစ်ဆေးမှုကို ဆက်ပြီး လုပ်ဆောင်ဖို့ လိုမယ်… ကျေဇူးပြုပြီး နောက်ဆုံး ရလဒ်အတွက် စိတ်ရှည်ရှည်ထားပေးပါ ..”
ပြန်ပြောပြီးနောက် မာဟရာသည် အလျင်အမြန်ပြေးထွက်သွားပြီး နောက်ထပ် လူနှစ်ယောက် ပြန်သွားခေါ်လာသည်။
အကုန်လုံးက လက်ကိုင် ထောက်လှမ်းရေး ကိရိယာကိုယ်စီဖြင့် ကုန်များအား အသေးစိတ် စုံစမ်းစစ်ဆေးတော့သည်။
အဆုံး၌ အပြာရောင် ကွန်တိန်နာ တစ်ခုသို့ သွားဖမ်းမိ၏။
“ အမြန် … ဒီကွန်တိန်နာကို အောက်ချမယ်…” မာဟရာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သင်္ဘောကျင်းရှိ စက်များက တုန်ခါလာပြီး လူတိုင်း အလုပ်များကြရတော့သည်။ အဘယ်ကြောင့်ဆိုသော် ဤဖြစ်ရပ်က သူတို့တွေ ငွေဝင်တော့မည် ဟူ၍ပင်။
လင်းရီနှင့် ကျန်သူများမှာ မလှမ်းမကမ်းတွင် ရပ်ကြည့်နေကြ၏။ မည်သူမျှ တုတ်တုတ်မလှုပ်ကြဘဲ ၎င်းတို့၏ အမူအရာမှာတော့ နက်မှောင်နေကြပါသည်။
ယခု မတိုင်ခင်တုန်းက သူတို့၏ ကုန်ပစ္စည်း၌ တစ်ခုခု မှားယွင်းနေသည်အား မယုံကြည်ခဲ့ကြချေ။ တစ်စုံတစ်ယောက်က လျှို့ဝှက်စွာဖြင့် သူတို့ လင်းယွင်အုပ်စုအား တမင် ခက်ခဲအောင် ပစ်မှတ်ထားနေသည်ဟုသာ တွေးထင်ခဲ့ကြသည်။
ယခု … အခြေအနေတို့က သူတို့ စိတ်ကူးယဉ်ထားသည်နှင့် ကွဲပြားနေသည်။
“ အစ်ကိုရီ … ကျွန်မတို့ အခု ဘာဆက်လုပ်ကြမလဲ …” လော့ချီ အသံနိမ့်ပြီး မေးမြန်းလာခဲ့သည်။
“ စောင့်ကြည့်တာပေါ့ …”
လင်းရီ၏ ဦးနှောက်မှာ အဆက်မပြတ် လည်ပတ်နေပြီး သူသည်လည်း ဘာတွေဖြစ်နေလဲဆိုတာကို တရစပ် တွေးတောအဖြေထုတ်နေလျက် ရှိ၏။ သို့တိုင် ပြဿနာက ဘယ်အရာလဲ ဆိုတာအား အဖြေမထုတ်နိုင်ဘဲ နေလျက် ရှိ၏။
လက်ရှိ အခြေအနေတွင် သူ လုပ်နိုင်သည့် အရာကား ဆက်ပြီး စောင့်ကြည့်ဖို့သာ ဖြစ်သည်။ ဤသို့သော အခြေအနေ၌ စုံစမ်းစစ်ဆေးမှုအား နှောင့်ယှက်ပြီး သံသယများအား မြင့်တက်စေသည်က ဉာဏ်ကောင်းသည့် ရွေးချယ်မှုတော့ မဟုတ်ပေ။
မည်သို့ပင်ဆိုစေ ဤသည်များအားလုံးက တရားဝင် လုပ်ဆောင်နေခြင်း ဖြစ်ပြီး သူ့ဘက်က မည်မျှပင် အထင်ကြီးစရာ ကောင်းနေစေကာမူ ၎င်းတို့အား တိုက်ခိုက်ဖို့ကတော့ မဖြစ်နိုင်ပေ။
စက်ယန္တရား တုန်ခါသံနှင့်အတူ မေးခွန်းထုတ်ချင်စရာ ဖြစ်နေသည့် အပြာရောင် ကွန်တိန်နာမှာ အောက်သတ်မှတ်ထားသည့် နေရာသို့ ကျရောက်လာခဲ့၏။
နောက်တစ်ဆင့် လုပ်ဆောင်ရမည့်အရာကား ကွန်တိန်နာအား ဖွင့်ပြီး ကုန်ပစ္စည်းအား စစ်ဆေးကြည့်ရန်ပင်။
သို့သော် ကာဂိုသင်္ဘောရှိ ဧရာမ အခုံးသဏ္ဌာန်ကိရိယာမှာ စကန်ဖတ်ခြင်းကို ဆက်လက်လုပ်ဆောင်နေပြီး မည်သည့် ကုန်ပစ္စည်းကိုမျှ အလွတ်မပေးခဲ့ချေ။ ၎င်းက လင်းရီအား တမင်တကာ ပစ်မှတ်ထားနေခြင်း မဟုတ်ပေ။ ယင်းက ၎င်းအလုပ်ဖြစ်၏။
သင်္ဘောကျင်းရှိ လူများက လုပ်ငန်းစဉ်များဖြင့် အတော်လေး ရင်းနှီးနေပြီး ကွန်တိန်နာအား အလွန်လျှင်မြန်စွာ ဖွင့်လိုက်ကြသည်။
အတွင်းတွင်တော့ ဧရာမ သစ်လုံးကြီးများ ရှိနေသည်။ အနည်းဆုံးတော့ အပေါ်ယံကြည့်ရှု စစ်ဆေးသည်၌ မည်သည့် ပြဿနာကိုမျှ မမြင်တွေ့နေရချေ။ သို့သော် ထိုသို့ဆိုတိုင်းပဲ သစ်လုံးများ၌ ပြဿနာ ရှိမနေဟု မဆိုလိုပေ။ ကွန်တိန်နာ ဖွင့်ပြီးသည်နှင့် မာဟရာသည် forklift များ နှင့် ဒါဇင်ချီသည့် လုပ်သားများအား ခေါ်ဆောင်ကာ သစ်လုံးကြီးများအား အပြင်သို့ ထုတ်၏။
(Forklift truck - ၀န်ကိုမ၍ သယ်ဆောင်သည့် မော်တော်ယာဉ်၊ )
ဝန်ထမ်းများက အတော်လေး လျင်မြန် သွက်မြန်မှု ရှိကြသည်။ နာရီဝက်အတွင်းမှာပဲ ကွန်တိန်နာ အတွင်းရှိ သစ်လုံးတွေ အကုန်လုံးကို အပြင်သို့ အပြီးအစီး နေရာချထားလိုက်နိုင်သည်။
မြေပြင်တွင် ဒါဇင်နှင့်ချီသည့် သစ်လုံးကြီးများ အစီအရီ ရှိနေပြီး မာဟရာနှင့် ကျန်သူများမှ စမ်းသပ်စစ်ဆေး ကိရိယာများအား ကိုင်ဆောင်ကာ ထပ်မံ စစ်ဆေးကြ၏။
အချိန်တို့ ဖြည်းဖြည်းချင်း ကုန်ဆုံးနေပြီး ၊ မာဟရာနှင့် ကျန်သူများကလည်း ဂရုတစိုက်နှင့် အသေးစိတ်ကျကျ စစ်ဆေးနေခဲ့ကြသည်။
သစ်လုံး ဆယ်လုံးကျော်ခန့်ကို တစ်ဆက်တည်း စစ်ဆေးပြီးသည့်တိုင် သူတို့တွေ မည်သည့် ပြဿနာကိုမျှ မတွေ့ရှိရသေးချေ။ သို့ပေမယ့် လင်းရီ၏ အမူအရာမှာတော့ အကျည်းတန်တထက် အကျည်းတန်လာနေသည်။ သူ၏ အာရုံမှာ ၎င်းတို့တွေ မည်သည့်အရာကို ထောက်လှမ်းမိလဲဆိုသည့် အရာပေါ်၌ ရှိမနေတော့ချေ။
နက်ရှိုင်းသည့် စိတ်အတွင်းတွင်တော့ ဤ ကုန်ပစ္စည်းအသုတ်က တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သိရှိထားပြီးဖြစ်၏။ သူ့ဘက်က အဖြေတစ်ခုကိုသာလျှင် ရှာတွေ့ချင်သည်။
ဤသစ်လုံးများအတွင်း၌ မည်သည့်အရာကို ထည့်ဝှက်ထားခဲ့သနည်း။
တဘိဘိ မြည်သံတို့က ဆက်လက် ထွက်ပေါ်နေပြီး လင်းရီ၏ နားထဲတွင်တော့ ထိုအသံတို့က သူ့အား ရင်တလှပ်လှပ်အောင် ပြုလုပ်နေသည့် နှလုံးခုန်နှုန်းပြ စက်ကိရိယာကဲ့သိုပင်။
“ ဒီမှာတွေ့ပြီ …”
မာဟရာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီ “ ဒီသစ်လုံးထဲမှာ တစ်ခုခု ရှိနေတယ်….”
အသံကြားတော့ စစ်ဆေးရန် တာဝန်ရှိနေသည့် လူများအားလုံး မာဟရာထံ ဝိုင်းအုံလာခဲ့ကြသည်။
“ သတိထား … ဒီ သစ်လုံးကို စစ်ကြည့်လိုက် … ဒီမြောင်းလေးထဲမှာ တစ်ခုခု ရှိနေတယ်…”
အုပ်စုမှာ တူအသေးစားလုံးသုံး၍ အပေါ်ယံတစ်လျှောက် ခေါက်သွားကြည့်သည်။
အကြမ်းနည်းဆန်သော်လည်း ထိရောက်မှု ရှိပါသည်။
မိနစ် အတန်ကြာအောင် လိုက်ခေါက်ကြည့်ပြီးသည့်နောက် တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်၏။
“ ဒီနေရာမှာ ပြဿနာ ရှိနေတယ်… အတွင်းမှာ အခေါင်းပွသံနဲ့ ….”
လင်းရီ အမူအရာ ကင်းမဲ့သည့် မျက်နှာထားဖြင့် ရောက်လာပြီး အထဲတွင် ဘာရှိနေလဲဆိုတာကို သိချင်နေသည်။
“ ဆာ … စည်းမျဉ်းတွေအရ … သင်္ဘောပိုင်ရှင် တစ်ယေဦက်အနေနဲ့ အခင်းဖြစ်တဲ့ နေရာနားကို ကပ်ခွင့် မရှိပါဘူး …” မာဟရာ ပြောလိုက်သည်။
လင်းရီ လေကုန်ခံမနေဘဲ သူ့လက်ကောက်ဝတ်ရှိ နာရီအား ချွတ်ကာ “ ဒါ Audemars Piguet က limited edition Royal Oak ပဲ … ဒေါ်လာ လေးသိန်းလောက် တန်တယ်.. ငါ တစ်ချက်လေးပဲ ကြည့်မှာ … မင်းတို့ အလုပ်လုပ်တာကို မထိခိုက်စေရဘူး … သဘောတူတယ်ဆို ဒီနာရီက မင်းတို့ဟာပဲ …”
“ ဒါက ….. “
မာဟရာနှင့် ကျန်သူများအားလုံး မျက်လုံးအရောင် တလက်လက် ဖြစ်ကုန်ကြသည်။
ဒေါ်လာ လေးသိန်းကျော် …
သူတို့အဖို့ ဤသည်က ဧရာမ များပြားသည့် ပမာဏကြီးပင်။
“ ဒါပေမယ့် မင်း နှစ်မီတာ အကွာကပဲ ကြည့်လို့ရမယ်….”
ပိုက်ဆံ၏ ရှေ့မှောက်၌ မာဟရာနှင့် ကျန်သူများမှာ အလျင်အမြန် သိမ်းသွင်းခြင်း ခံလိုက်ရပြီး “ တကယ်လို့ စည်းမျဉ်းကို ဖောက်ဖျက်တယ်ဆိုရင် ဒီက လုံခြုံရေး တာဝန်ခံ တစ်ယောက်အနေနဲ့ မင်းကို တိုက်ခိုက်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး …”
“ ငါနားလည်တယ်…”
လူတိုင်း လမ်းဖယ်ပေးလိုက်ကြပြီး လင်းရီနှင့် ကျန်နှစ်ယောက်မှာ သိပ်အနီးကပ်ကြီး မကြည့်ရှုကြချေ။ နှစ်မီတာ အကွာမှနေ၍ ပြဿနာ ရှိနေသည့် သစ်လုံးအား ရပ်ကြည့်နေကြလေသည်။
မာဟရာနှင့် ကျန်သူများမှ ပုဆိန်နှင့် စက်လွှကဲ့သို့သော ကြိုတင် ပြင်ဆင်ထားသည့် ကိရိယာများနှင့် သစ်အား ခွဲခြမ်းလိုက်ကြသည်။
မိနစ် အနည်းငယ်အတွင်းမှာပဲ သစ်ခွံ အတုများက ဖြည်းဖြည်းချင်း ကွာကျလာကာ ၂၀ စင်တီမီတာကျယ်ပြီးနက်သည့် တစ်မီတာခန့်ရှည်လျားသော လူလုပ် ထွင်းမြောင်းတစ်ခုက လူတိုင်း၏ မျက်စိရှေ့တွင် ထွက်ပေါ်လာသည်။
အထဲတွင် တိတ်အကြည်နှင့် ပတ်ထားပြီး အနက်ရောင် ပလတ်စတစ် အိတ်ဖြင့် ထုပ်ပိုးထားသည့် အရာနှစ်ခု ရှိနေသည်။
ချက်ချင်းဆိုသလို လင်းရီ၏ အမူအရာသည် သိသိသာသာကြီး ပြောင်းလဲသွားခဲ့ပြီး သူ၏ နှလုံးခုန်နှုန်းသည်လည်း ဆယ်ဆမက မြန်ဆန်လာခဲ့တော့၏။
အထဲတွင် ရှိနေသည့် ထိုအရာက မည်သည့်အရာလဲဆိုတာကို သူ မှန်းဆကြည့်ထားပြီး ဖြစ်သည်။
အနည်းဆုံးတော့၇၀ ရာခိုင်နှုန်းခန့် ယုံကြည်ချက် ရှိ၏။
၎င်းက ဘက်စ် သတ္တုရိုင်းပင်။
အဘယ်ကြောင့်ဆိုသော် အဆိုပါ သတ္တုရိုင်းမှ ထုတ်လွှတ်နေသည့် အောက်ဆီဂျင်တို့ကြောင့် ပတ်ဝန်းကျင်ရှိ အောက်ဆီဂျင် ပါဝင်မှုတို့ပင် ပြောင်းလဲနေပြီ ဖြစ်သည်။
သာမန်လူအဖို့ သတိပြုမိရန် ခဲယဉ်းသော်လည်း လင်းရီ၏ အဆင့်တွင် ထောက်လှမ်းမိဖို့ အင်မတန်လွယ်ကူသည်။
လင်းရီတစ်ယောက်တည်းကသာလျှင် မဟုတ်ဘဲ လော့ချီနှင့် ကျိုးလျန်တို့သည်လည်း လေထုအတွင်း ပြောင်းလဲမှုကို အာရုံခံမိကာ ၎င်းတို့၏ မျက်နှာထက်၌ ထူးဆန်းသည့် အမူအရာတို့ ထွက်ပေါ်လာခဲ့၏။
အပေါ်ယံ ပတ်ထားသည့် ပစ္စည်းများအား ကြည့်ပြီးနောက် မာဟရာ တီးတိုးရေရွတ်လိုက်သည်။
“ ဒီ လေးပင်ပင် အတုံးကြီးက တားမြစ်ပစ္စည်းနဲ့လည်း မတူဘူးပဲ …”
ပြောရင်းဖြင့် မာဟရာသည် သူ့ လုပ်ဖော်ကိုင်ဖက် လက်ထဲမှ အိတ်ဆောင်ဓားအား တောင်းကာ အပေါ်ယံရှိ အနက်ရောင် အကာအရံအား ဖွင့်လိုက်ပြီး အတွင်းရှိ ပစ္စည်းအား ထုတ်ယူလိုက်သည်။
ထွက်ရှိလာသည့် အရာကို မြင်တော့ လော့ချီနှင့် ကျိုးလျန်တို့ မျက်လုံးများ ပြူးကျယ်သွားခဲ့ကြ၏။
သူတို့တွေ ကျုံးဝေ့တပ်ဖွဲ့၌ လေ့ကျင့်ရေး ဆင်းစဉ်က ဘက်စ်သတ္တုရိုင်းက မည်သို့သော ပုံစံ ရှိသည်ကို မြင်တွေ့ခဲ့ဖူးပြီး ယခု ဤအရာက ထို သတ္တုရိုင်း ဖြစ်နေသည်မှာ အမှန်စင်စစ်ပင်။
သူတို့ မြင်တွေ့ခဲ့ရသည့် သတ္တုရိုင်းနှင့် အရည်အသွေးချင်း ကွာဟမှုတစ်ချို့ ရှိသော်လည်း ငြင်းပယ်စရာတော့ မရှိပေ။
မာဟရာ လက်ထဲ ရှိနေသည့် အရာက တစ်ရာ ရာခိုင်နှုန်း ဘက်စ်သတ္တုပါပင်။
စိတ်လှုပ်ရှားမှုကြောင့် နှစ်ယောက်လုံးမှာ ခန္ဓာကိုယ်တို့ တဆတ်ဆတ် တုန်ယင်လာခဲ့သည်။
ဘက်စ်သတ္တုရိုင်းက အလွန်အမင်း သိပ်သည်းဆ ပြင်းထန်ပြီး ဤမျှ အရွယ်အစား ရှိသည့် သတ္တုတုံး နှစ်ခုက အနည်းဆုံး ၁၀ ကီလိုခန့်မျှ အလေးချိန် စီးလောက်၏။
“ စိတ်ငြိမ်ငြိမ်ထား ..” လင်းရီ အသံနိမ့်၍ ပြောလိုက်သည်။
“ အစ်ကိုရီ .. ကျွန်မတို့ အခု ဘာလုပ်ကြမလဲဟင် …… “
လော့ချီမှာ အသက်ရှူမြန်ဆန်၍ အသံမှာလည်း တုန်လှုပ်ခြောက်ခြားနေသည်။ ဤသည်က သူမတို့၏ ပထမဆုံးအကြိမ် ကျုံးဝေ့ တပ်ဖွဲ့ မစ်ရှင် ဖြစ်သည်။
ယခုလို ရှော့ခ်ရစရာကောင်းသည့် အရာအား မြင်တွေ့ရသည်လည်း ပထမဆုံးအကြိမ်ဖြစ်ရာ စိတ်တုန်လှုပ် ခြောက်ခြားနေသည်က နားလည်ပေး၍ ရ၏။
“ ကျန်တာ မင်းတို့နဲ့ အပ်ထားလိုက်ပြီ.... ကျုံးဝေ့တပ်ဖွဲ့ကို ဒီကိစ္စ အမြန် သတင်းပို့ … ဒီဥစ္စာကို လုံခြုံရေး ဌာနဆီ မပို့ခင် တိုက်ခိုက်ပြီး ပြန်ရယူမယ်…”
လင်းရီ၏ လေသံမှာ ပြတ်သားနေပြီး မေးခွန်းထုတ်ခွင့် မပြုပေ။
“ ဘယ်လို တန်ကြေးပဲ ပေးဆပ်ရ ပေးဆပ်ရ …”