စပရိုက် တိုက်ခိုက်မှု
Vol. 119 Ch. 1776
လင်းရီသည် လမ်းတွင် မာဟရာအား ဖယ်ရှား၍ သတ္တုရိုင်းနှင့် ထွက်ပြေးလွတ်မြောက်နိုင်မည်လို့ မစဉ်းစားချေ။ ၎င်းတို့က သူ့အား ထိုသို့ ပြုလုပ်နိုင်သည့် အခွင့်အရေး ပေးမှာ မဟုတ်ချေ။
ထို့ပြင် ယင်းက ရုန်းရင်းဆန်ခတ် အကြီးစားကို ဖြစ်ပွားသွားစေနိုင်ပြီး ဤသို့သော နည်းလမ်းဖြင့် သူသည် တစ်ကမ္ဘာလုံး၏ အာရုံစိုက်ရာ ဖြစ်လာပေလိမ့်မည်။
ထိုသို့ မပြုသည်က ပိုကောင်း၏။
သို့သော် လင်းရီ ယခုလို ပြုလုပ်နေသည်က တစ်ဖက်သူအား အာရုံလွှဲပြောင်းစေရန်အတွက်ပင်။ ဤသည်က နိုင်ငံခြားသားများအား ဤနေရာရှိ အခြေအနေအား သိရှိသွားခြင်းမှ ကာကွယ်ပေးကာ ခြုံခိုတိုက်ခိုက်မှုတို့ မဖြစ်လာစေရန် ကြိုတင်ဟန့်တားထားသလို ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဖြင့် ပိုပြီး အန္တရာယ်ကင်းသွားနိုင်သည်။
ထို့ကြောင့် သူ့ဘက်က စီမံခန့်ခွဲရေး ရုံးရှိ လူများနှင့် စကားပြောကာ ဤကိစ္စအား ထိန်းချုပ်နိုင်သည့် အတိုင်းအတာအတွင်း၌ တည်ရှိအောင် ဖန်တီးစီမံထားခဲ့ခြင်းပင်။
တိတ်ဆိတ်စွာဖြင့် မာဟရာသည် သတ္တုရိုင်းအား ယူဆောင်ကာ လင်းရီအား အပြင်ဘက်သို့ ခေါ်ထွက်လာသည်။
ရဲအရာရှိ လေးဦး ခြံရံလျက် လင်းရီအား လက်ထိပ်ခတ်ကာ ကားအတွင်းသို့ ထည့်လိုက်ကြသည်။
သို့သော် သူ၏ ငွေကြေးအရှိန်အဝါကြောင့် လင်းရီ၏ လွတ်လပ်ခွင့်မှာ သေးငယ်သည့် အစိတ်အပိုင်းလေး တစ်ခုအထိမျှသာ ကန့်သတ်ထားခြင်း ခံရ၏။ ဖုန်းသုံးသည်ဖြစ်စေ၊ ဖုန်းခေါ်ဆိုသည် ဖြစ်စေ၊ ပုံမှန်အားဖြင့် တားမြစ်ထားသည့် လှုပ်ရှားမှုတို့က သူ့အတွက် ပြဿနာ မရှိပေ။
တစ်ချိန်တည်းတွင် ကျိုးလျန်လည်း ကားတစ်စီးဖြင့် လင်းရီတို့ နောက်မှ လိုက်ပါလာနေသည်။
သူ၏ ရည်ရွယ်ချက်က လင်းရီ ရှိနေသည့် တည်နေရာအား နောက်ယောင်ခံလိုက်ရန် ဖြစ်ပြီး ဖြစ်ပွားလာနိုင်သည့် မည်သည့် မတော်တဆ ဖြစ်ရပ်များကို မဆို ကြိုတင် ကာကွယ်ပေးရန် ဖြစ်သည်။
သင်္ဘောကျင်းထဲမှ ထွက်ခွာလာခဲ့ပြီးနောက် လော့ချီသည် လျိုဟုန်ထံသို့ ချက်ချင်း ဖုန်းခေါ်၍ ဖြစ်ပျက်သွားခဲ့သည့် အကြောင်းစုံကို တင်ပြလိုက်သည်။
အဆိုပါ သတင်းကို ကြားတော့ လျိုဟုန်မှာ ရှော့ခ်ရသွားခဲ့ပြီး ချိုးယွီလော့နှင့် နင်ချဲ့အား ပနားမားသို့ ချက်ချင်း စေလွှတ်ကာ လင်းရီအား ကူညီပေးဖို့ ညွှန်ကြားလိုက်၏။
လျိုဟုန်အား တင်ပြပြီးသည့်နောက် လော့ချီသည် ယွီစီယင်နှင့် စွေ့ချန်တို့အား သံရုံး၌ စုဝေးရန် ဖုန်းဆက်ပြောလိုက်သည်။ ထိုအရာများအား စီစဉ်ရန် နာရီဝက်ခန့် အချိန်ပေးလိုက်ရလေသည်။
“ လူကြီးမင်းချန် .. ကျွန်မတို့ လက်နက်တွေ လိုတယ်… ရှင် ကျွန်မတို့ကို ထောက်ပံ့ပေးဖို့ မျှော်လင့်တယ်…”
လော့ချီ၏ စကားကို ကားတော့ ချန်ချင်ဖုန်းမှာ အင်မတန် အံ့အားသင့်သွားခဲ့ပြီး မဆိုင်းမတွ ငြင်းဆိုလိုက်၏။ “ မဖြစ်နိုင်ဘူး … အခု ဒီလို ကိစ္စမျိုး ဖြစ်ပျက်လာပြီဆိုတော့ ငါတို့ဘက်က တရားနည်းလမ်းအတိုင်းပဲ ဆောင်ရွက်လို့ရမယ်… မင်းတို့ကို . . . . .”
“ ဒါ ကျွန်မရဲ့ အိုင်ဒီပဲ .. ရှင် တစ်ချက် ကြည့်လိုက် …”
ချန်ချင်ဖုန်း စကားမဆုံးသေးခင်မှာပဲ လော့ချီသည် သူမ၏ အိုင်ဒီအား ထုတ်ပြလိုက်သည်။
တစ်ဖက်သူမှာ ရှော့ခ်ရသွားခဲ့လေသည်။ သူ့ဘေးတွင် ရပ်နေသည့် အမျိုးသမီးက စစ်ဘက် အရာရှိ တစ်ယောက် ဖြစ်နေလိမ့်မည်လို့ သူ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ချေ။
“ မင်းတို့အားလုံးက ……. “
“ ဟုတ်တယ်… အစ်ကိုရီက ကျွန်မတို့ရဲ့ ခေါင်းဆောင်ပဲ … သူက မေဂျာ ….”
လော့ချီ ပြောလိုက်ပြီး “ သဘောတူထားတဲ့ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ကျွန်မတို့ လိုအပ်တဲ့ အရာတွေကို သံရုံးဆီ တောင်းဆိုပိုင်ခွင့် ရှိတယ်ဟုတ် … လူကြီးမင်းချန်ဘက်က ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ပါတယ်….”
“ ကောင်းပြီ… စိတ်ချ … ငါ ဒီကိစ္စကို အခု တင်ပြပြီး မင်းတို့လိုအပ်တဲ့ ပစ္စည်းတွေကို ချက်ချင်း ပြင်ဆင်ပေးမယ်…”
“ ကျေးဇူးပါပဲ …”
မိနစ်သုံးဆယ်လောက် ကြာတော့ လင်းရီသည် စီမံခန့်ခွဲရေး ဗျူရိုသို့ ခေါ်ဆောင်လာခြင်း ခံခဲ့ရသည်။ ထိုတွင် ဂါနိုးနှင့် ထပ်မံ တွေ့ဆုံရ၏။ သို့သော် ဤတစ်ကြိမ်တွင်တော့ တစ်ဖက်သူ၏ အမူအရာမှာ လေးနက်တင်းမာနေပြီး ယခင်ကကဲ့သို့ ဖော်ဖော်ရွေရွေ မျက်နှာထားနှင့် မဟုတ်တော့ချေ။
“ မစ္စတာလင်း … မင်း ဒီပစ္စည်းရဲ့ မူရင်းဇစ်မြစ် ရှင်းပြပေးပါ …”
“ ဒါ ကျုပ် မှောင်ခိုယူလာခဲ့တဲ့ ပစ္စည်းပဲ …” လင်းရီ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်၏။
“ မင်းရဲ့ ငွေကြေးအင်အားနဲ့ဆိုရင် သယ်ယူပို့ဆောင်စရိတ် ချို့တဲ့နေတယ် ဆိုတာ မဖြစ်နိုင်ဘူး မဟုတ်လား …”
“ ဒါပေါ့ ဘယ်ဟုတ်မှာ … ဒါပေမယ့် ဟွာရှက ဒီလို သတ္တုရိုင်းတွေကို တားမြစ်ထားတော့ ဒီလိုပုံစံနဲ့ သယ်လာရတာပဲ … ခင်များတို့ကို ဒုက္ခပေးမိပြီ …” လင်းရီ တည်ငြိမ်စွာ ပြောလိုက်၏။
“ အဲ့လိုဆိုရင် ငါတို့ဘက်က ဒီပစ္စည်းကို သိမ်းဆည်းရလိမ့်မယ်… မစ္စတာလင်းဘက်ကလည်း ထိုက်သင့်တဲ့ ဒဏ်ကြေးကို ပေးဆောင်ရမယ်… သဘောတူညီမှု စာချုပ်ထဲမှာ အဲ့လို ရေးထားတာကို မင်းနားလည်တယ်မလား ….”
လင်းရီ စိတ်သက်သာရစွာဖြင့် သက်ပြင်းချမိလိုက်၏။
ကိစ္စရပ်တို့က သူ ခန့်မှန်းထားခဲ့သည့် အတိုင်းပင်။
ဤပစ္စည်းက မည်သည့်အရာလဲဆိုတာကို ဂါနိုးမသိပေ။ ထို့ကြောင့် ပုံစံကြည့်ရသလောက်တော့ အန္တရာယ် ကင်းနေဆဲ ဖြစ်၏။
“ ကျုပ် သဘောပေါက်တယ်… စည်းမျဉ်းစည်းကမ်းတွေအတိုင်း ဒဏ်ကြေးအပြည့် ဆောင်မယ်… အဲ့ထက်ပိုဆောင်ရမယ်ဆိုရင်တောင် အဆင်ပြေတယ်…”
ဂါနိုးသည် လင်းရီအား သေချာကြည့်၍ “ မင်းဘာတွေ ပြောနေလဲ ငါနားမလည်ဘူး …”
“ ဒီ ပစ္စည်းနှစ်ခုက ကျုပ်ရဲ့ စုဆောင်းမှုအတွက် သိပ်အရေးကြီးတဲ့ အရာ ဖြစ်နေတော့ ခင်များတို့ဆီ ပေးလိုက်ဖို့ဆိုတာက မဖြစ်နိုင်ဘူး .. ဒီတော့ ကျုပ် ပိုက်ဆံသုံးပြီး ခင်များတို့ဆီက ပြန်ဝယ်မယ်… ဒီကိစ္စ မရှိခဲ့ဘူးလို့ပဲ သဘောထားလိုက်ကြတာပေါ့ … ဘယ်လိုသဘောရလဲ ….”
“ လုံးဝ မဖြစ်နိုင်ဘူး … မင်းက ငါ့အလုပ်ကို စော်ကားနေတာပဲ …” ဂါနိုး အသံပြတ်ပြတ်နှင့် ပြောလိုက်၏။
“ သန်း ၅၀ …”
“ ဒါက ပနားမား … မင်းထင်နေတာ ငွေနဲ့ အကုန်ဝယ်လို့ ရတယ် ထင်နေလား …”
“ သန်း ၈၀ ….”
“ မင်း အခုလို လုပ်နေတာ စည်းကမ်းဖောက်ဖျက်နေတယ်ဆိုတာ မင်း သိလား … ငါတို့ . . . . “
“ သန်း ၁၀၀ …. ဒေါ်လာနဲ့ …”
ဂါနိုး၏ အမူအရာမှာ ပြောင်းလဲသွားခဲ့တော့၏။ သူ၏ ပုံစံမှာ စောနကကဲ့သို့ ပြတ်သားခြင်း မရှိတော့ချေ။
“ မစ္စတာလင်း … မင်း ငါ ဒီလိုလုပ်နေတာကို နားလည် . . . . . .”
“ သန်း ၂၀၀ …..”
“ ငါ့အထင် ဒီ သတ္တုရိုင်း နှစ်ခုက သာမန်ပါပဲ … ဘာအန္တရာယ်မှလည်း ရှိမယ့်ပုံ မပေါ်ဘူး … ငါ မင်းကို ပြန်ပေးလိုက်လို့ ရတယ်… ဒါပေမယ့် လျှို့ဝှက်ထားပေးဖို့တော့ လိုမယ်… ပြီးတော့ မင်းဘက်က ဒီပစ္စည်းနဲ့ ပုံစံတူ အစားထိုး ပစ္စည်း ပေးဖို့ လိုမယ်… ဒါမှ အထက်ကို တင်ပြလို့ လွယ်မှာ …”
“ ရတယ် … ပြဿနာ မရှိဘူး … အဲ့တာက ကျုပ်လုပ်ပေးသင့်တာတွေပဲလေ… ခင်များရဲ့ ကတ်နံပါတ်ပြော ….”
ဂါနိုးမှာ အားရပီတိ ဖြစ်သွားခဲ့ပြီး “ ငါ မင်းကို လိမ်သွားမှာ မင်းမကြောက်ဘူးလား …”
“ ကျုပ်က ကျုပ်ရဲ့ စိတ်ရင်းအမှန်ကို ပြနေရုံပဲ ….”
လင်းရီ ယခုလို ပြုလုပ်နေသည်က သူနှင့် ဂါနိုးကြားတွင် လျင်မြန်စွာ ချည်တုပ်နှောင်ချင်သောကြောင့် ဖြစ်၏။ တစ်ဖက်သူမှ သူ့ပိုက်ဆံကို လက်ခံပြီးသည်နှင့် နှစ်ယောက်မှာ အလိုတူ အလိုပါများ ဖြစ်လာပေမည်။
သူ့ဘက်က လွန်ကြူးသည့် တောင်းဆိုမှုတို့ ပြုလာခဲ့လျှင်ပင် တစ်ဖက်သူမှာ လွန်ဆန်နိုင်တော့မည် မဟုတ်ချေ။
“ မင်းက ဟွာရှမှာ နာမည်ကြီးတဲ့ စီးပွားရေးသမား တစ်ယောက် ဖြစ်လာတာ မဆန်းတော့ပါဘူး … ငါတော့ မင်းရဲ့ သတ္တိနဲ့ ဇကို တကယ်လေးစားတယ်….”
ပြောရင်းဖြင့် သူ၏ ဘဏ်အကောင့်ကို လင်းရီထံသို့ တုံ့ဆိုင်းခြင်းမရှိ ပေးလိုက်၏။
လင်းရီသည် ဘဏ်အကောင့်ကို ဟော်ယွမ်ယွမ်ထံသို့ ပို့ပေးလိုက်ပြီး သူမထံ ဖုန်းဆက်လိုက်သည်။
“ ဒီလောက်ညဉ့်နက်တော့မှ လူဆီ ဖုန်းခေါ်လာခဲ့တာ ယုံတောင် မယုံနိုင်ဘူး .. မိန်းကလေးတွေအတွက် အိပ်ရေး ဝဝ အိပ်ဖို့ လိုအပ်တာကို ရှင်နားမလည်ဘူးလား …”
“ ငါမင်းကို ဘဏ်အကောင့် တစ်ခု ပို့ထားပေးတယ်… အဲ့ထဲ ကန်ဒေါ်လာ သန်း ၂၀၀ လွှဲပေးလိုက် …”
“ ဒေါ်လာ သန်း ၂၀၀ … သူဌေး ရှင်ရူးသွားတာတော့ မဟုတ်ပါဘူးနော်…”
“ မဟုတ်ဘူး … မြန်လေကောင်းလေပဲ …” လင်းရီ ပြောလိုက်ပြီး “ စကားမစပ် ဘောက်ချာကို သန်း ၃၀၀ ဆိုပြီး ရေးလိုက် … နောက်ကျရင် သူများဆီ ပြန်သွားထုတ်ရမှာ … သေချာလေးလုပ် …”
“ နားလည်ပြီ…”
ဖုန်းချပြီးနောက် လင်းရီသည် ဂါနိုးထံသို့ အပြုံးလေးဖြင့် “ ပိုက်ဆံက ခဏနေကျရင် ရောက်လာလိမ့်မယ်… မယုံဘူးဆိုရင် ကျုပ် ခဏ ထပ်စောင့်ပေးနေလို့ရတယ်…”
“ ယုံပါတယ်… ဒါပေမယ့် အခုလောလောဆယ် ဒီ ပစ္စည်းနှစ်ခုနဲ့ ပုံစံတူ ပစ္စည်း ရှာပေးဖို့ လိုတယ်… ဒါမှ ပြန်တင်ပြလို့ရမှာ …”
“ ပြဿနာ မရှိဘူး .. ဒါပေမယ့် အချိန်နည်းနည်းတော့ကြာမယ်…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ဒီကြားထဲမှာ ကျုပ်ဘက်က ဒီသတ္တုရိုင်းနှစ်ခုကို ကျုပ်နဲ့ တစ်ခါတည်း ယူထားရင် အဆင်ပြေတယ်မလား …”
ဤသည်က မဖြစ်နိုင်သည့် တောင်းဆိုမှုပင်။ သို့သော် ငွေအသပြာ၏ ဩဇာလွှမ်းမိုးမှုအောက်၌ မဖြစ်နိုင်သည့် အရာလည်း ဖြစ်နိုင်လာသည်။
ဂါနိုး ခေတ္တကြာအောင် အတွေးနက်ပြီးနောက် “ ငါ့မှာ ဒီလိုလုပ်ပိုင်ခွင့်တော့ မရှိဘူး … တကယ်လို့ ဟွာရှ အစိုးရဘက်က ဝင်စွက်ဖက်လာရင်တော့ ဒီကိစ္စ တင်ပြတဲ့နေရာမှာ အချိန်တစ်ချို့ ကြာသွားနိုင်တယ်… ငါ ပြောချင်တာကို နားလည်တယ်မလား …”
“ အဲ့တာလည်း ပြဿနာ မရှိဘူး … ကျုပ် အဆင်ပြေအောင် လုပ်ပေးလို့ရတယ်…”
အကယ်၍ ဟွာရှ အစိုးရဘက်က ဝင်စွက်ဖက်လာမည် ဆိုပါက လင်းရီအတွက် အချိန်တစ်ချို့ ဝယ်ပေးသလို ဖြစ်သွားလိမ့်မည်။
ကျန်သည်ကတော့ ကျုံးဝေ့တပ်ဖွဲ့ဘက်က ဤသို့ ပုံစံတူ ပစ္စည်းတုနှစ်ခုအား အချိန်တိုအတွင်း ရှာဖွေပေးနိုင်ခြင်း ရှိမရှိ အပေါ် မူတည်နေသည်။
ကလင် ကလင် ကလင် …
ထိုအခိုက်အတန့်တွင် လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာခဲ့၏။
ယင်းက ကျိုးလျန် ထံမှပင်။
“ အစ်ကိုရီ … ပြေးတော့ … နိုင်ငံခြားသားတွေ အဲ့ကို လာနေပြီ…”