← Chapters

နှစ်ဘက်ထိတွေ့တိုက်ပွဲ

Vol. 119 Ch. 1777

နှစ်ဘက်ထိတွေ့တိုက်ပွဲ

Vol. 119 Ch. 1777

“ အနောက်ဘက် တံခါးမှာ ဆုံမယ်…”

ထိုကဲ့သို့ အရေးကြီးသည့် အခိုက်အတန့်၌ လင်းရီ ထိတ်ထိတ်ပျာပျာ ဖြစ်သွားခြင်း မရှိချေ။

ကျိုးလျန်အား ညွှန်ကြားချက် ပေးပြီးနောက် လင်းရီ ဖုန်းချလိုက်၏။

“ မစ္စတာ ဂါနိုး … ညှိနှိုင်းဆွေးနွေးတာကို ဒီမှာတင် အဆုံးသတ်လိုက်ကြတာပေါ့ … ကျုပ် သွားရတော့မယ် … နောင်မှ ထပ်ဆုံကြမယ်…”

လင်းရီသည် တစ်ဖက်သူ ပြန်ဖြေသည်ကိုပင် စောင့်ဆိုင်းမနေတော့ဘဲ သတ္တုရိုင်းအား ယူ၍ တံခါးအပြင်ဘက်သို့ အလျင်အမြန် ပြေးထွက်သွားခဲ့၏။

ရုတ်ချည်းဆိုသလို ပေါက်ကွဲသံ အတွဲလိုက်နှင့် ထိတ်လန့်တကြား အော်ဟစ်သံတို့က အဆောက်အဦး အပြင်ဘက်မှ ထွက်ပေါ်လာသည်။

ဘန်း ဘန်း ဘန်း ဘန်း ….

စီမံခန့်ခွဲရေး ဗျူရို အပြင်ဘက်ရှိ အုတ်ခဲများနှင့် ဖန် အပိုင်းစတို့မှာ နေရာအနှံ့ ပျံ့လွင့်သွားခဲ့ပြီး ချက်ချင်းဆိုသလို နေရာတစ်ခုလုံးအား စစ်မျက်နှာပြင် အခြေအနေသို့ ဝင်ရောက်သွားစေခဲ့သည်။

ရုံးခန်းထဲတွင်တောါ ဂါနိုးမှာ အပြတ်သတ် ကြောင်အမ်းနေလျက် ရှိပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်မိ၏။

“ ဘာတွေ ဖြစ်နေတာလဲ .. ဘာလို့ သေနတ်သံတွေ ထွက်လာတာလဲ …”

ထိတ်လန့်တုန်လှုပ်စွာဖြင့် .. ဂါနိုးသည် သူ၏ နဂိုတည်ငြိမ်မှုများ အားလုံး ပျောက်ဆုံးသွားခဲ့ကာ စားပွဲအောက်သို့ တွားသွား၍ ဝင်ပုန်းနေလိုက်သည်။

“ ငါ -ိုးပဲ …”

ယခုလေးတင် အနောက်တံခါးဘက်သို့ ပြေးထွက်လာခဲ့သည့် လင်းရီမှာ ကျိန်ဆဲလိုက်မိ၏။

ဤနိုင်ငံခြားသားများက ဤမျှ မြန်မြန် ရောက်ရှိလာလိမ့်မည်လို့ သူ မျှော်လင့်မထားခဲ့ပါချေ။

ထို့ပြင် သူတို့က နေ့ခင်းဘက်၌ပင် ပေါ်ပေါ်တင်တင် သေနတ်များ ပစ်ခတ်နေခဲ့၏။

ဗျူရို အဆောက်အဦး ရှေ့ဘက်၌ လူဆယ်ယောက်ကျော်မှာ လက်နက်ကြီးများဖြင့် အဆောက်အဦးအတွင်းသို့ တရစပ် ပစ်ခတ်နေသည်။

ပြင်းထန်သည့် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားပြီးသည့်နောက် အပြင်တွင် စောင့်ကြပ်နေသည့် အစောင့်များအားလုံး သေဆုံးသွားခဲ့သည်။

အနီးတစ်ဝိုက်၌ လမ်းလျှောက်နေကြသည့် လူများလည်း ထိတ်လန့်တကြား ဖြစ်စွာဖြင့် ကြက်ပျောက်ငှက်ပျောက်ဖြစ်ကာ ထိုနေရာမှ အကုန်ပျံပြေးကုန်ကြသည်။ ဤဒေသတစ်ဝိုက်၌ သေနတ်သံတို့က မကြာခဏဆိုသလို ကြားရလေ့ ရှိသဖြင့် ဒေသခံတို့မှာ အတော်လေး နားယဉ်နေချေပြီ။ သို့‌သော် ယခုအတိုင်းအတာအထိ ပစ်ခတ်မှု ဖြစ်ပွားသည်ကတော့ အမှန်ပင် မြင်ရခဲလှ၏။

ဗျူရို အဆောက်အဦး အနီးပတ်ဝန်းကျင်သည် ချက်ချင်းဆိုသလို လူမနေသည့် အရပ်တစ်ခုသို့ ပြောင်းလဲသွားခဲ့၏။ မီးခိုးနှင့် မီးလျှံတို့က ကောင်းကင်ယံသို့ ထောင်တက်နေပြီး သွေးတို့က မြစ်အသွင် စီးဆင်းနေလျက် ရှိကာ မြင်တွေ့နေရသည့် အနိဋ္ဌာရုံ မြင်ကွင်းက ကမ္ဘာ့ငရဲအလားပင်။

ခေါင်းဆောင် ဖြစ်သူက စစ်အစိမ်းရောင် အဝတ်အစားနှင့် ဦးထုပ်ဆောင်းထား၏။ ကိုယ်ပေါ်တွင်လည်း ဗုံးနှင့် ကျည်ဆံများ ချိတ်ဆွဲထားပြီး ဤနေရာသို့ မရောက်လာခင်ကတည်းကပင် အသင့် ကြိုတင်ပြင်ဆင်လာခဲ့သည်။

ကျန်သည့် သူ့အနောက်က လူများလည်း ခေါင်းဆောင်နည်းတူ ဝတ်ဆင်ထားကြသည်။ သို့သော် ၎င်းတို့အပေါ်တွင်တော့ မြွေဟောက် သင်္ကေတများ ရှိနေကြ၏။ လူ အရေအတွက်များစွာ သေကြေသွားခဲ့ကြသော်လည်း ၎င်းတို့၏ အမူအရာမှာ စိုးစဉ်းသော်မျှ ပြောင်းလဲသွားခြင်း မရှိချေ။

ဤလူများ အားလုံးကို အနက်ရောင်မြွေဟု အမည်တွင်သည့် အဖွဲ့အစည်းတစ်ခုက ပိုင်ဆိုင်ပြီး ၎င်းက ကမ္ဘာ့ အမည်မည်းစာရင်းတွင် နံပါတ် ၇ နေရာချိတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်၏။

ယနေ့ ရောက်လာကြသည့် လူတို့က ၎င်းတို့ တိုက်ခိုက်ရေးအသင်း၏ အဖွဲ့ဝင်များသာ ဖြစ်သော်လည်း ၎င်းတို့ ပြသသွားခဲ့သည့် ဖျက်ဆီးစွမ်းအားတို့က ထိုသူတို့၏ ရှေ့မှောက်၌ ဒေသ လုံခြုံရေး တပ်ဖွဲ့များပင် အသုံးမဝင်ကြောင်းကို ပြသသွားခဲ့သည်။

ယခင် အချိန်တုန်းက ရွှေနက် ကော်ပိုရေးရှင်းသည် လင်းရီနှင့် အခြားသူများအား အတော်လေး ဒုက္ခပေးနိုင်ခဲ့၏။ သို့တိုင် ၎င်းတို့က ထိပ်တန်း ၂၀ အတွင်းပင် မဝင်နိုင်သည့် အဖွဲ့အစည်းလေး တစ်ခုမျှပင်။ ၎င်းတို့နှစ်ခုကြားရှိ ကွာဟမှုက အတော်လေး ထင်သာ မြင်သာ ရှိလှ၏။

“ မြန်မြန် တက်ရှာကြ … ခဏနေဆိုရင် တခြားအဖွဲ့တွေ ရောက်လာတော့မှာ … သူတို့တွေ မရောက်လာခင် ပစ္စည်းကို ငါတို့ အရင်ယူမယ်…”

“ ဟုတ်ကဲ့ …”

ဒါဇင်ချီသည့် လူများမှ တညီတညွှတ်တည်း တုံ့ပြန်လိုက်ကြပြီး ဗျူရိုအတွင်းသို့ လေ့ကျင့်ထားသည့် ပုံစံအတိုင်း ဝင်သွားခဲ့ကြသည်။

“ တစ်ဖက်လူက ဟွာရှန့်လူမျိုး … ၁၈၄ စင်တီမီတာ ရှည်ပြီး ဆံပင်အတိုနဲ့ … အဲ့လူကို မြင်ရင် တစ်ခါတည်း အသေသတ် … လေကုန်ခံနေစရာ မလိုဘူး …”

“ နားလည်ပါပြီ…”

ဗျူရိုအတွင်းသို့ ဝင်ရောက်ပြီးနောက် ဒါဇင်ချီသည့် လူများမှာ နေရာအနှံ့ ပျံ့ကျဲသွား၍ လင်းရီအား ရှာဖွေကြသည်။

သို့သော် လင်းရီမှာ အနောက်တံခါးဝသို့ ရောက်နှင့်နေပြီး ဖြစ်လေသည်။

ပြတင်းပေါက်ကို ဖြတ်ကျော်၍ ကျိုးလျန်၏ ကားကို သူ မြင်နေရသည်။

ဝှစ် …

လင်းရီ တံခါးကို ကန်ကျောက် ဖွင့်လိုက်ပြီး ကျိုးလျန်မှ အော်ဟစ်လိုက်၏။

“ ခေါင်းဆောင် .. ကားပေါ်တက် …”

ဘန်း ဘန်း ဘန်း ဘန်း …

လင်းရီ ပြေးဝင်လာတော့မည့် အချိန်မှာပဲ လေဆာ မီးအလင်းရောင်မှာ သူ့ကိုယ်ပေါ်သို့ ကျရောက်လာသည်။

လင်းရီ လျင်မြန်စွာ တုံ့ပြန်၍ ကိုယ်ကို လှိမ့်ကာ ကျည်ဆံများအား ရှောင်တိမ်းလိုက်သည်။

ခေါင်းမော့ကြည့်လိုက်သည်တွင် camouflage uniforms (အသွင်ယူ ပုံဖျက် ယူနီဖောင်း)များဖြင့် အဝေးမှ ပြေးလာနေသည့် လူနှစ်ယောက်အား လင်းရီ မြင်တွေ့လိုက်ရသည်။ ၎င်းတို့၏ သေနတ်များက သူ့ထံသို့ ချိန်ရွယ်ထားပြီး ဖြစ်နေသည်။

“ -ီးဖြစ်ရောပဲ … “

၎င်းတို့က သားကောင် ထောင်ဖမ်းသကဲ့သို့ တစ်ဖက်မှ ခြောက်လှန့်၍ ကျန်တစ်ဖက်မှ အသင့်စောင့်ဆိုင်းနေခြင်းပင်။

“ ခေါင်းဆောင် .. အမြန်လာခဲ့ … ကျုပ် ကာပစ်ထားပေးမယ်…”

ကားထဲတွင် ကျိုးလျန်မှ သူ၏ လက်နက်အား ထုတ်ကာ ၎င်းတို့နှစ်ယောက်ထံသို့ ပစ်ခတ်လိုက်၏။

ဘန်း ဘန်း ဘန်း ဘန်း …

တရစပ် ပစ်ခတ်သံတို့ ထွက်ပေါ်လာကာ လူနှစ်ယောက်မှာ ၎င်းတို့၏ လမ်းကြောင်း၌ ယာယီ ရပ်တန့်သွားခဲ့သည်။

လင်းရီလည်း အသက်ရှူခွင့် ရသွားခဲ့လေသည်။

ထိုအခိုက်အတန့်တွင် လင်းရီသည် သူ၏ ခါးမှ ဓားမြောင်အား ထုတ်၍ ၎င်းတို့အနက် တစ်ဦးထံသို့ ပစ်ပေါက်လိုက်၏။

၎င်းတို့ ငေးကြောင်နေစဉ်မှာပဲ တစ်ဖက်သူ၏ လည်ပင်းမှာ ဓားမြောင်၏ ထွင်းဖောက်ခြင်းကို ခံလိုက်ရ၏။

“ ဖက်ခ် ….”

ကျန်တစ်ယောက်မှာ ကျိန်ဆဲလိုက်သော်လည်းပဲ ၎င်း၏ အမူအရာမှာတော့ ပြောင်းလဲသွားခြင်း မရှိပေ။ လဲကျသွားသည့် လူအား ကျည်ကာသဖွယ် အသုံးပြု၍ လင်းရီထံသို့ ပစ်ခတ်လိုက်၏။

သို့သော် သူ မပစ်ခတ်နိုင်သေးခင်မှာပဲ ခေါင်းတွင် အပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

ကျိုးလျန်မှ သူ့ထက်အရင် လှုပ်ရှားသွားခဲ့ခြင်းပင်။

“ခေါင်းဆောင် .. ကားထဲဝင် …”

လင်းရီ တုံ့ဆိုင်းနေခြင်း မရှိပါဘဲ ကျိုးလျန်၏ ကားထဲသို့ ပြေးဝင်လာခဲ့၏။

သုံးမီတာ အကွာလောက်ရောက်တော့ လေပေါ်သို့ ခုန်တက်၍ ကားပြတင်းပေါက်မှတဆင့် အတွင်းသို့ ဝင်ရောက်လိုက်သည်။

“ ခေါင်းဆောင် … အခု ဘာဆက်လုပ်ကြမလဲ …”

“ ဘာမှမစဉ်းစားသေးနဲ့ .. ခုထိ အန္တရာယ် မကင်းသေးဘူး ….”

လင်းရီ ကျန်ရှိသည့် လက်နက်များအား ယူ၍ “ ခုနက ပစ်ခတ်သံတွေကြောင့် ရှေ့ခြမ်းက လူတွေ အခု ဒီဘက် လာနေကြလောက်ပြီ … ဘာမှစဉ်းစားမနေဘဲ ကားပဲ ဂရုစိုက်မောင်း … ကျန်တာ ငါနဲ့ လွှဲထားလိုက် …”

“ ဟုတ်ကဲ့ …”

ကျိုးလျန် အော်ဟစ် နာခံပြီး လီဗာပေါ်သို့ နင်းလိုက်သည်။ အင်ဂျင်ဟိန်းသံ ထွက်ပေါ်လာပြီး သူတို့ဘေးရှိ လမ်းကျဉ်းလေးသို့ မောင်းထွက်လာခဲ့လေသည်။

လင်းရီသည် လက်ထဲတွင် လက်နက် ကိုင်ထား၍ ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်သည်။

“ လမ်းကြားထဲက ထွက်မယ်ဆိုရင် ဗျူရိုရဲ့ ရှေ့တံခါးဘက်ခြမ်းကို ရောက်သွားမှာ … ဆူညံသံတွေ ကြားပြီးတော့ တစ်ဖက်လူတွေလည်း အဲ့ဘက်မှာ စောင့်နေနိုင်တယ်… သတိထား….”

“ ဟုတ်ကဲ့ …”

“ လသာပေါက် ဖွင့်လိုက် …”

လျှပ်စစ်မြည်သံနှင့်အတူ လသာပေါက် ပွင့်လာခဲ့ပြီး လင်းရီသည် လက်ထဲရှိ သေနတ်အား မြှောက်၍ ခေါင်းအထက်ရှိ ဧရာမ ကြော်ငြာဆိုင်းဘုတ်ကြီးထံသို့ ချိန်ရွယ်ကာ ထောင့်များအား ပစ်ခတ်လိုက်သည်။

မကြာမီ ဆိုင်းဘုတ်ကြီးမှာ ယိုင်နဲ့လာခဲ့ပြီး ချက်ချင်းပြုတ်ကျလာခဲ့တော့၏။

ဘန်း …

ကျယ်လောင်သည့် မြည်ဟည်းသံနှင့်အတူ ဆိုင်းဘုတ်မှာ ဗျူရို၏ အရှေ့၌ ပြုတ်ကျသွားခဲ့သည်။

“ ဖက်ခ် …”

ဆိုင်းဘုတ်ပြုတ်ကျလာသည်တွင် ခေါင်းဆောင်ဖြစ်သူမှ ကျိန်ဆဲလိုက်၏။

သူတို့တွေ အနောက်ဘက်ခြမ်း၌ သေနတ်ပစ်ခတ်သံများ ကြားသဖြင့် လူလွှတ်လိုက်သော်လည်း လင်းရီအား ထောင်ဖမ်းရန် စေလွှတ်ထားသည့် လူနှစ်ယောက်မှာ သေဆုံးသွားပြီး ပစ်မှတ်က ထွက်ပြေးသွားခဲ့ကြောင်းကိုသာ သတင်းလက်ခံ ရရှိလိုက်သည်။

ခေါင်းဆောင်မှ ရှေ့ဘက်ခြမ်းတွင် ခြုံခို တိုက်ခိုက်ရန် ပြင်ဆင်ထားသော်လည်း ပြုတ်ကျလာသည့် ဆိုင်းဘုတ်ကြီးက အကုန် ပိတ်ဆို့သွားခဲ့၏။

ဤသည်က သူ့အစီအစဉ်အတွက် အနှောင့်အယှက်ကြီးပင်။

“ ငါ မင်းကို တကယ် အထင်သေးခဲ့မိတာပဲ … စိတ်ဝင်စားဖို့တော့ ကောင်းပြီ…” ခေါင်းဆောင်မှ ပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် ကျိုးလျန်မှ လမ်းကျဉ်းလေးအတိုင်း မောင်းနှင်နေသည်။

သို့သော် မည်သူကမျှ မပစ်ခတ်နိုင်မီ လင်းရီမှ ကျည်ဆံများအား ဖြာဝေနေအောင် စတင် ပစ်ခတ်လိုက်သည်။

ခြေတစ်လှမ်း နောက်ကျသွားသဖြင့် အနက်ရောင်မြွေ၏ လူများအားလုံး ခုခံသည့် အနေအထားသို့ ကမန်းကတမ်း အသွင်ယူလိုက်ကြရသည်။

ဤသည်က ၎င်းတို့ ပစ်ခတ်ရန် အချိန်ကောင်းကို လွဲချော်သွားခဲ့စေသည်။

သို့တိုင် ထိုသို့ ဖြစ်သည်ဆိုတိုင်းပဲ လင်းရီ အန္တရာယ်ကင်းသွားပြီလို့တော့ မပြောနိုင်သေးချေ။

ကားထဲရှိ လက်နက်များက ဂိုဟန်နှင့် သူ့အပေါင်းအပါများကို ကိုင်တွယ်ရန် ပြင်ဆင်ထားပေးခြင်း ဖြစ်ပြီး ပစ်ခတ်နိုင်သည့် စွမ်းအားတို့က သိပ်မကောင်းလှပေ။ ဤအချိန်ထိ ပစ်ခတ်ပြီးနောက်တွင် သူတို့ထံ၌ ကျည်တစ်ဝက်သာလျှင် ကျန်ရစ်တော့၏။

“ ခေါင်းဆောင်… ကျုပ်တို့ အခု ဘယ်သွားကြမလဲ ….”

“ ဆီ အခြေအနေ …”

“ အပြည့်ပဲ … ဗျူရိုနားမှာ ဆီဆိုင်တစ်ဆိုင်ရှိတယ်… ဆီဖြည့်နေတုန်း ဟိုကောင်တွေ ရောက်လာတာပဲ …”

“ သံရုံးဆီကိုမောင်း … အဲ့ဒီကို ရောက်တာနဲ့ ငါတို့ ဘေးကင်းပြီ …”

“ အိုကေ …”

ဘန်း ဘန်း ဘန်း ဘန်း ….

သူတို့ လွတ်မြောက်ပြီဟု ကျိုးလျန် တွေးတောနေစဉ်မှာပဲ နောက်ထပ် သေနတ်ပစ်ခတ်သံများ ထွက်ပေါ်လာကာ ကားဘေးတစ်ဝိုက်သို့ ကျည်ဆံများ ပျံဝဲလာခဲ့၏။

All Chapters