မလွယ်ကူ
Vol. 119 Ch. 1779
“ ငါတို့ရဲ့ ဒေသတွင်းက အဆက်အသွယ်တွေကို ဆက်သွယ်ပြီး လင်းရီ သူလိုအပ်တဲ့ လက်နက်အင်အားကို အပြည့်အဝပံ့ပိုးပေးဖို့ အမိန့်ပေးလိုက် …”
“ ဟုတ်ကဲ့ …”
“ ပြီးတော့ သံတမန်ရေး လမ်းကြောင်းနဲ့လည်း ငါတို့ လူတွေ အဲ့ကို လာလို့ရမရ ဆက်သွယ်ကြည့်လိုက် ….” လုပေချိန် ညွှန်ကြားလိုက်သည်။
“ တိလိရာ့ကျွန်း မဟုတ်တော့ လင်းရီဆီမှာ လက်နက်အင်အား ချို့တဲ့နေတာက သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းအပေါ် အတော်လေး အကျိုးသက်ရောက်မှု ရှိနေလိမ့်မယ်… ငါတို့လူတွေ အဲ့ကို မရောက်နိုင်ဘူးဆိုရင် အခြေအနေက အတော်လေး အန္တရာယ် ရှိပြီပဲ …”
“ ကျုပ် ဆက်သွယ်ခဲ့ပြီးပြီ … ပြန်ရလာတာက ပနားဘက်က သဘောမတူနိုင်ဘူးဆိုတာပဲ ..” လျိုဟုန် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ရင်းဖြင့် ပြောလိုက်၏။
“ ဒါကြောင့်မို့ ကျုပ် ချိုးယွီလော့နဲ့ နင်ချဲ့ကို ရုပ်ဖျက်ပြီး အဲ့ဒီဘက်ခြမ်းကို စိမ့်ဝင်ဖို့ ညွှန်ကြားထားတယ်…”
လုပေချိန် ဘာမျှ မဆိုပေ။ လက်ရှိ အခြေအနေ၌ ဤသည်က တစ်ခုတည်းသော ဖြေရှင်းနည်းလမ်း ဖြစ်၏။
၎င်းတို့က အမေရိကန်အစိုးရနှင့် တစ်ဖက်တည်းသားများ ဖြစ်သဖြင့် ဟွာရှ၏ စစ်တပ်အင်အား ၎င်းတို့ထဲသို့ ဝင်ရောက်မည်ကို သဘောမတူနိုင်သည်မှာ သဘာဝပင်။
သို့သော် လုပေချိန်မှာတော့ ဤကိစ္စ၏ လက်သည်တရားခံအား ပိုပြီး အာရုံစူးစိုက်နေမိခဲ့သည်။
သူ့ဘက်က ဝမ်မိသားစု၏ လက်ချက် ဖြစ်မည်ဟု သံသယတော့ ရှိသည်။ သို့သော် သက်သေ အထောက်အထား မရှိသဖြင့် ကျပန်း ယိုးစွပ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။
ဘက်စ် သတ္တုရိုင်း ၁၀ ကီလိုဆိုသည်မှာ တကယ့် ဧရာမ ရင်းနှီးမြုပ်နှံမှုကြီး တစ်ခု ဖြစ်၏။
သို့သော် ၎င်းတို့၏ ရည်ရွယ်ချက် ပန်းတိုင်ကား မည်သည့်အရာနည်း။
၎င်းတို့က ကျုံးဝေ့တပ်ဖွဲ့နှင့် နိုင်ငံခြားရှိ အဖွဲ့အစည်းများကြား တိုက်ခိုက် အချင်းများကြသည်ကို အလိုရှိနေသည်လော။
လုပေချိန် စဉ်းစားတွေးတောကြည့်လိုက်ပြီး ယင်းက မဖြစ်နိုင်ဟု ခံစားလိုက်ရ၏။
တစ်ဖက်သူက လင်းရီအား ပစ်မှတ်ထားနေသည်ဟူသော အချက်ကိုသာ ခံစားချက် အလေးပိုနေသည်။
ယင်းမတိုင်မီက ရှန်းရှုရီထံမှ သူကြားသိရသလောက်တော့ ဤပရောဂျက် ကိစ္စတွင် ဗာဟီရ တော်တော်များများနေပြီး နှောင့်နှေးကြန့်ကြာနေခဲ့သည်မှာလည်း လပေါင်းများစွာ ကြာမြင့်နေပြီ ဟူ၍ပင်။
အကယ်၍ လင်းယွင်အုပ်စု၏ အမှုဆောင်အဖွဲ့ဝင်ထံသို့ တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ခြင်း မရှိဘူးဆိုပါက လင်းရီသည် ပနားမားသို့ ဒုန်းစိုင်းရောက်သွားခဲ့မှာ မဟုတ်ပါချေ။
ထို့ကြောင့် အဆိုပါ အချင်းများ ပြဿနာတက်ရသည့် အကြောင်းရင်း အကြောင်းခံသည်လည်း လင်းရီသာလျှင် ဖြစ်ရမည်။
ဤသည်ကပဲ ဝမ်မိသားစု၏ စစ်မှန်သည့် ပစ်မှတ် ဖြစ်နေမလော….။
……………
ရန်ကျင်း။ ဝမ်မိသားစု။
ပြတင်းပေါက် အပြင်ဘက်တွင် မည်းမှောင်နေသည်ဆိုသော်လည်း စာကြည့်ခန်းအတွင်းရှိ မီးတို့ကတော့ လင်းထိန်နေသည်။
ဝမ်ထင်ရှန်းသည် စီးကရက်တစ်လိပ်အား ရှိုက်နေလျက် ရှိပြီး ဝမ်မြန်မှာတော့ ဝှီးချဲပေါ်တွင် ထိုင်ကာ လီမီ၏ တင်ပြချက်အား အာရုံစိုက် နားထောင်နေလျက် ရှိသည်။
“ သခင်ကြီး … ပနားမားမှာ ချထားတဲ့ ငါးစာကို ငါးတွေ လာဟပ်ကြပါပြီ….” လီမီ ပြောလိုက်သည်။
“ ဒါပေမယ့် ကျုံးဝေ့တပ်ဖွဲ့ဘက်ကတော့ နင်ချဲ့နဲ့ ချိုးယွီလော့ကို စေလွှတ်လာတယ်….”
“ ပနားမားက လေကြောင်းထိန်းချုပ် ကန့်သတ်နေပြီကို သူတို့က ဝင်နိုင်မှာလား ….”
“ လေကြောင်းကန့်သတ်တာက အချိန်နဲ့ တပြေးညီ တင်းကြပ်ဖို့ဆိုတာ မလွယ်ပါဘူး … လျိုဟုန် သီးသန့်လေယာဉ်တစ်စင်းနဲ့ မိုင်ကုန်တင်ပြီး ပျံသန်းလွှတ်လိုက်တာ လော့ဒေါင်း မချခင် ပနားကို ရောက်နိုင်လောက်တယ်…”
ဝမ်ထင်ရှန်းသည် စီးကရက် မီးခိုးငွေ့များအား အပြင်သို့ မှုတ်ထုတ်လိုက်ပြီး “ ဒီကောင် ဒီနှစ်တွေထဲမှာ တော်တော်လေး တိုးတက်လာတာပဲ …”
“ ကျုပ်တို့ ဘာလုပ်လိုက်ရမလဲ ….”
“ အဲ့မိန်းမ နှစ်ယောက်လည်း မရိုးရှင်းဘူး … သူတို့ကို တားဖို့ လူတစ်ချို့ လွှတ်လိုက် …” ဝမ်ထင်ရှန်း ပြောလိုက်ပြီး “ ဒါပေမယ့် ပေါ်ပေါ်ထင်ထင်ကြီး လုပ်ဖို့ မလိုဘူး … ဒီတိုင်း ကြန့်ကြာစေရုံလောက်ဆို ရပြီ … တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်ရာက အခု ပနားမားဆီမှာပဲ … သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက စံနှုန်းပြည့်မီဖို့ လိုသေးတယ်…”
ဝမ်မြန်နှင့် လီမီတို့ ခေါင်းညိမ့်လိုက်ကြကသည်။ ဤသည်က တိလိရာ့ကျွန်း မဟုတ်သဖြင့် ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းက ကြီးမားစွာ လျော့ကျသွားနိုင်သည်။
“ လင်းရီရော ဘယ်လို ဖြစ်သွားပြီလဲ …”
ဝမ်ထင်ရှန်း မေးမြန်းလိုက်ပြီး
“ ငါတော့ အနက်ရောင်မြွေအဖွဲ့လည်း ရောက်လာတယ်လို့ ကြားတယ်…”
“ ဟုတ်တယ်…” လီမီ ဖြေကြားလိုက်ပြီး “ ကျုပ် စုံစမ်းရမိသလောက်ဆိုရင် အနည်းဆုံး အဖွဲ့အစည်း ၁၂ ခုလောက်က ပနားမားကို ရောက်နေပြီ … လင်းရီက အခု မုန်တိုင်းရဲ့ အလယ်မှာ ရှိနေပြီပဲ …”
“ လင်းရီရဲ့ အစွမ်းအစတွေကို အထင်သေးလို့မရဘူး .. သူ့ကို ဝိုင်းရံထားတဲ့ လူတွေ ဒီလောက်များတာတောင် ခဏလောက် တောင့်ခံထားဖို့ဆိုတာ ဖြစ်နိုင်သေးတယ်… ချိန်ကွမ်းကျဲ့ကို ပြောလိုက် … မျက်ခြေမပြတ် စောင့်ကြည့်ထားပြီး ဘာအမှားအယွင်းမှ မလုပ်မိစေနဲ့လို့ ….”
“ နားလည်ပါပြီ…”
ဝမ်ထင်ရှန်း လက်ဝှေ့ရမ်းလိုက်သည်။
“ ပြီးတော့ တကယ်လို့ ကျုံးဝေ့တပ်ဖွဲ့က အစီအစဉ်အသစ်တွေ ရှိလာရင် ချက်ချင်း သတင်းပို့လာဖို့ရော ပြောလိုက်…..”
“ ဟုတ်ကဲ့ … နားလည်ပါပြီ…”
……………
ကျိုးဟိုင် ။ ကျိုကျုံးဗီလာတွင် ။
အိပ်ပျော်နေသည့် ကျီချင်းရန်သည် ရုတ်ချည်းဆိုသလို ကုတင်ပေါ်မှ ထလာခဲ့၏။ သူမ၏ အဝတ်အစားများအားလုံးမှာ ချွေးအေးတို့ကြောင့် ရွှဲရွှဲနစ်နေပြီး မျက်နှာသည်လည်း ဖြူလျော်နေခဲ့သည်။
သူမမှာ ရေနစ်နေပြီး ကမ်းခြေသို့ တရွတ်တိုက် ဆွဲလာခြင်းကို ခံထားရသည့် လူတစ်ယောက်ပမာ အမောတကော အသက်ရှူနေရလျက် ရှိ၏။
အမှောင်ထဲတွင် ကျီချင်းရန်သည် စမ်းမိစမ်းရာ စမ်းတဝါးဝါးဖြင့် သူမ၏ ဖုန်းအား လိုက်ရှာသည်။
စခရင်ပွင့်လာပြီး စခရင်ပေါ်ရှိ မီးအလင်းရောင်၏ အကူအညီဖြင့် ဖြူလျော်နေသည့် သူမ၏ နှုတ်ခမ်းများအား မှောင်မည်းနေသည့် အခန်းထဲတွင် အထင်းသား မြင်တွေ့လိုက်ရသည်။
ပုံမှန် စည်းနှောင်ထားသည့် သူမ၏ ဆံပင်သည်လည်း ယခု ရှုပ်ပွနေကာ မြင်တွေ့နေကြရဖြစ်သည့် ကျော့ရှင်းသပ်ရပ်မှုများအားလုံး ပျောက်ကွယ်နေပြီး ထိတ်ထိတ်ပျာပျာဖြစ်မှုနှင့် စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ ဖြစ်မှုကိုသာ ခံစားနေရသည်။
သူမ၏ ဖုန်းစခရင်ပေါ်တွင် အီးမေးလ်နှစ်ခုနှင့် spam မက်ဆေ့ချ် တစ်ခုမှလွဲ၍ အခြား မည်သည့် အရာကမျှ ရှိမနေချေ။
သူမ မြင်တွေ့ရန် မျှော်လင့်နေခဲ့သည့် အရာကိုလည်း မြင်တွေ့ရခြင်း မရှိပါချေ။
အချိန်ကွာဟမှုကြောင့် ကျီချင်းရန်သည် လင်းရီထံသို့ အမြဲတမ်း ညအချိန်၌သာ ဖုန်းဆက်လေ့ ရှိသည်။
ထို့ကြောင့် အလုပ်ဆင်းပြီးနောက် သူမသည် ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်း လင်းရီထံသို့ ဖုန်းဆက်ကာ သူ ဘာတွေ လုပ်နေလဲဆိုတာကို ဖုန်းဖြင့် လှမ်းထောက်လှမ်း၏။
သို့သော် သူမ၏ ဖုန်းခေါ်ဆိုမှုကို ဖြေဆိုလာသူကား မရှိချေ။
ထိုအချိန်တုန်းက ကျီချင်းရန်မှာ များများစားစား တွေးတောမနေဘဲ လင်းရီ တစ်စုံတစ်ရာနှင့် အလုပ်များနေသောကြောင့် ဖြစ်မည်ဟု တွေးတောလိုက်၏။
သူ့ဘက်က ဖုန်းမကိုင်လာသည်မှာ ပုံမန်ပင်။ ထို့ကြောင့် လင်းရီ အလုပ်ပြီးလောက်မည့် အချိန်ကို မှန်းဆရင်း ကျီချင်းရန် နောက်တစ်ကြိမ် ဖုန်းပြန်ခေါ်လိုက်၏။
သို့သော် ညစာစားပြီးသည့် အချိန်ထိတိုင် ပြန်ခေါ်လာသည့် မျှော်နေခဲ့သည့် ဖုန်းမှတ်တမ်းက ရောက်လို့မလာခဲ့ချေ။
ထို့ကြောင့် နောက်တစ်ကြိမ် ဖုန်းပြန်ခေါ်ဖို့ရာ ကျီချင်းရန် ဆုံးဖြတ်လိုက်သည်။
သို့သော်လည်းပဲ သူမဘက်က ဖုန်းခေါ်ဆိုလိုက်သည့်တိုင် တစ်ဖက်တွင် ဖြေကြားလာသည့် လူကား မရှိပါချေ။
ထို့ကြောင့် ကျီချင်းရန်သည် အချိန်ကာလ တစ်ခုကြာတိုင်း လင်းရီ၏ ဖုန်းကို ခေါ်နေခဲ့သည်မှာ သူမ ညအိပ်ရာ မဝင်မီ အချိန်ထိပင်။ သို့သော် ရရှိလိုက်သည့် ရလဒ်ကတော့ အတူတူပင်။ မည်သူကမျှ ဖုန်းမကိုင်ခဲ့ချေ။
ကျီချင်းရန်၏ နှလုံးခုန်နှုန်းမှာ မြန်ဆန်နေခဲ့ပြီး ဖုန်းအားယူ၍ လင်းရီထံသို့ ထပ်မံ ဖုန်းခေါ်ဆိုလိုက်သည်။
ဤတစ်ကြိမ်တွင်လည်း …
ပြန်ဖြေသူ မရှိခဲ့ချေ။
ပြောမပြနိုင်သည့် ဒေါသနှင့် ဖြည်မဆည်နိုင်သည့် ဝမ်းနည်းမှုတို့က ရင်ဘက်ထဲ တလှိုင်းပြီး တလှိုင်း လှိမ့်တက်လာကာ စိတ်အပျက်ပျက်ဖြင့် ဖုန်းအား ဘေးသို့ ပေါက်ခွဲပစ်လိုက်၏။
ထို့နောက် သူမ၏ ညအိပ်ဝတ်စုံဖြင့် ကုတင် ခေါင်းရင်း အထက်တွင် ထိုင်နေရင်း မနက် နေအလင်းရောင် ထွက်ပေါ်လာချိန်အထိ ငူငူငိုင်ငိုင်ကြီး ဖြစ်နေမိလေတော့သည်။
…………….
ပနားမားမြို့။ အရှေ့ ၇၆ လမ်း။
လင်းရီနှင့် ကျိုးလျန်တို့မှာ ယာယီ အနားရနေသည်။ သို့သော် ယင်းက ၎င်းတို့၏ အန္တရာယ် ကျရောက်နေသည့် အခြေအနေကိုတော့ ပြောင်းလဲသွားစေခဲ့ခြင်း မရှိပေ။
“ သံရုံးနဲ့ ဘယ်လောက်ဝေးသေးလဲ …”
ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း လင်းရီ မေးလိုက်၏။
“ ငါးကီလို မီတာလောက် …”
“ အမြန်မောင်း … စက္ကန့်တိုင်းက ရွှေပဲ ….”
“ နားလည်ပြီ…”
ကျိုးလျန်လည်း ကြန့်ကြာအောင် မလုပ်ဝံ့ပေ။ လက်ရှိ သူ ကျရောက်နေသည့် အခြေအနေကို ကောင်းစွာနားလည်ပါသည်။ သူ့ဘက်က အချိန်တိုအတွင်း သံရုံးသို့ မြန်နိုင်သမျှ မြန်မြန်ရောက်အောင် မောင်းသွားဖို့ လိုအပ်၏။
လင်းရီသည် အသက်ကို အမောတကော ရှူရင်း ဖုန်းထုတ်၍ ယွီစီယင်နှင့် ကျန်သူများထံ ဆက်သွယ်ရန် ကြိုးစားလိုက်သည်။
သို့သော် သူ သတိထားမိလိုက်သည်က ဖုန်းဘက်ထရီမှာ အားပြတ်သွားခဲ့ပြီကိုပင်။
“ ငါလခွမ်းပဲ …”
လင်းရီ ကျိန်ဆဲလိုက်မိပြီး အတော်လေး မုန်တိုင်းထန်သည့် ညတစ်ညဟု ခံစားမိသွားခဲ့၏။
သူ၏ ဖုန်းကိုလည်း အသုံးမပြုနိုင်ပေ။ ယခု အသက်ဆက်ရှင်နိုင်ခြင်း ရှိမရှိက ကံတရားအပေါ် မူတည်သွားခဲ့ပြီ ဖြစ်၏။
ပတ်ဝန်းကျင်အား စူးစမ်းလေ့လာနေရင်း လင်းရီ၏ ဦးနှောက်မှာ တရစပ် လည်ပတ်နေလျက် ရှိ၏။
ဖြစ်ပျက်လာခဲ့သည့် ဖြစ်စဉ် အသီးသီးအား စိတ်ထဲတွင် ဆက်စပ် တွေးတောကြည့်လိုက်ရာ သူ တွေးတောလေ၊ ဤသည်က ပူးပေါင်းကြံစည်ထားသည့် အမှုတစ်ခု ဖြစ်သည်ကို သတိထားမိလာခဲ့သည်။ သူ့အား ဆန့်ကျင် ပစ်မှတ်ထားသည့် ပူးပေါင်းကြံစည်မှု တစ်ခုပင်။
အနှီ ဘက်စ် ၁၀ ကီလိုကိုလည်း ကြိုတင်စီစဉ်ထားခြင်း ဖြစ်ရမည်။ သစ်များ တင်ဆောင်သည့် အချိန်၌ ၎င်းတို့အား ကာဂိုအတွင်းသို့ သိုဝှက်ထားခဲ့၏။
ယနေ့ စုံစမ်းစစ်ဆေးမည့်နေ့မှ တစ်ကမ္ဘာလုံးသိအောင် နောက်ကွယ်ရှိ လက်မည်းကြီးက သတင်းဖြန့်လိုက်ခြင်း ဖြစ်မည်။
ယနေ့ မနက်ခင်းတွင် ယွီစီယင်း၏ ပြောကြားခက်များအရ သူမတို့ နောက်ယောင်ခံလိုက်နေသည့် အုပ်စုနှစ်ခုမှာ ဗျူရိုထံသို့ ဦးတည်ရွေ့လျားနေခဲ့ကြသည်ဆိုပင်။ ဤသည်က တိုက်ဆိုင်မှု တစ်ခုတော့ မဖြစ်နိုင်ချေ။ ၎င်းတို့က ဘက်စ်သတ္တုရိုင်းများအတွက် ရောက်လာခဲ့ကြခြင်း ဖြစ်ရမည်။
ဤအတွက် အကြောင်းအရင်းသည်လည်း ဘက်စ်သတ္တုရိုင်းက မိမိတို့ လက်ထဲ၌ ရှိနေသည်ကို သတင်းအတိအကျ ရထားခဲ့ဖို့ ရာခိုင်နှုန်းများ၏။
အဆိုပါသတင်းကြောင့် ၎င်းတို့၏ မျက်လုံးများက သူ့ထံသို့ ဦးလှည့်လာကာ သူသည် လူတိုင်း၏ ပစ်မှတ် ဖြစ်လာခဲ့တော့သည်။
ထိုအရာများအားလုံးက တစ်နေရာတည်းကိုသာလျှင် ရှင်းလင်းပြတ်သားစွာ ညွှန်ပြနေလျက် ရှိ၏။ နောက်ကွယ်တွင် ကြိုးများအား ကိုင်၍ ထိန်းချုပ်နေသူသည် သူတို့ လှုပ်ရှားသမျှ အရာအားလုံးကို သိနေသည့်ဟန်ပင်။ ထိုသို့ဖြစ်သည့်အခါမှပဲ ဤကဲ့သို့ အကွက်ကျသည့် လှည့်ကွက်တစ်ခုကို အောင်အောင်မြင်မြင်နှင့် ဖန်တီး စီစဉ်နိုင်မှာ ဖြစ်သည်။
ထိုအကြောင်း တွေးတောမိတော့ လင်းရီ၏ အသက်ရှူနှုန်းတို့ မြန်ဆန်လာပြီး ပြတင်းပေါက်အပြင်ဘက်သို့ သိန်းငှက်သဏ္ဌာန် မျက်လုံးများဖြင့် စူးရဲစွာ ငေးကြည့်လိုက်၏။
အကယ်၍ သူ၏ ခန့်မှန်းချက်သည်သာ မှန်ကန်ခဲ့မည်ဆိုပါက နောက်ဆုံး ငါးကီလိုမီတာ ခရီးသည် သူနှင့် ကျိုးလျန်အတွက် အနီရောင်ဇုန် တစ်ခုပင်။ အထိအခိုက် အပျက်အစီး မရှိပါဘဲ အန္တရာယ်ကင်းသည့် ဇုန်သို့ ရောက်သွားဖို့ဆိုသည်မှာ သူတို့အတွက် လွယ်ကူမည့်ပုံ မမြင်ချေ။
ဘွန်း ဘွန်း ဘွန်း ……
ဘန်း ဘန်း ဘန်း ဘန်း ….
ကျိုးလျန် အရှိန်မြင့်၍ ထွက်ပြေးလွတ်မြောက်နိုင်ရန် ပြင်ဆင်နေချိန်မှာပဲ အင်ဂျင်ဟိန်းသံများနှင့် သေနတ်ပစ်ခတ်နေသည့် ဆူညံသံများအား ကြားလိုက်ရလေသည်။
အန္တရာယ်မှာ တစ်ဖန် ပြန်လည် ကျရောက်လို့ လာခဲ့ပြီ ဖြစ်၏။