ရွှေရောင်အင်းသင်္ကေတချီစွမ်းအား ၊ ရတနာပစ္စည်းပြုလုပ်ရန်မီးပြင်းဖိုကိုဖွင့်
Vol. 15 Ch. 209
ရှီစုန်းထောင်းသည် လူအများကို နွေးထွေးရိုးသားစွာ ဆက်ဆံလေ့ရှိပြီး လူချစ်လူခင်လည်းများသူ ဖြစ်သည်။ သူ၏ အုတ်ဂူသို့ နှစ်စဉ်နှစ်တိုင်း အသိမိတ်ဆွေဟောင်းများစွာ လာရောက်ဂါရဝပြုကြသည်။ သို့သော် တိတ်တဆိတ်နားလည်မှုဖြင့် မိုးသောက်ယံကို ရှောင်ရှားကြသည်။ အဘယ်ကြောင့်ဆိုသော မိုးသောက်ယံတွင် သားဖြစ်သူ၏ အုတ်ဂူနံဘေးတွင် ရှီတိတစ်ယောက် ရှိနေတတ်သောကြောင့်ပင်။
မိုးသောက်ယံတွင် ရှီတိနှင့်အတူ အဖော်အဖြစ် တပည့်ရင်းတစ်ယောက်သာလျှင် လိုက်ပါလာလေ့ရှိသည်။
ရန်ကျောက်ကဲလာမည်ဆိုလျှင်တော့ ရှီတိက ငြင်းဆန်မည် မဟုတ်ပေ။
ရှီစုန်းထောင်းမိသားစုအတွက် အမွှေးတိုင်များပူဇော်ပြီးနောက် ရှီတိက စကားဆိုသည်။
“မင်းတို့ရဲ့ ခံစားချက်တွေကို ငါ တန်ဖိုးထားပါတယ် ၊ ဒါပေမဲ့ အခုတော့ ပြန်ပြီး အနားယူလိုက်ကြပါဦး”
ရန်ကျောက်ကဲ ၊ အားဟူနှင့် ရွှီဖေးတို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် နေရာမှ ထွက်ခွာလာခဲ့ကြသည်။
အပြန်လမ်းတွင် ရန်ကျောက်ကဲ နောက်ပြန်လှည့်ကြည့်သည့်အခါ ရှီတိ ထိုနေရာတွင်ပင် တိတ်တဆိတ် မတ်တတ်ရပ်နေသေးသည်ကို တွေ့ရသည်။
သူ့နံဘေးမှ ရွှီဖေးက သက်ပြင်းချလိုက်ရင်း...
“ဆရာက သူ့ကိုယ်သူ အပြစ်တင်နေတုန်းပဲ”
ရန်ကျောက်ကဲလည်း သူနှင့်အတူ သက်ပြင်းချလိုက်သည်။
အဖြစ်အပျက်များကို သိရှိသူအနည်းစုများထဲမှ တစ်ယောက်အနေဖြင့် ရွှီဖေး၏ စကားအဓိပ္ပါယ်ကို ရန်ကျောက်ကဲ နားလည်သည်။
ထိုစဉ်အချိန်က...
ရှီစုန်းထောင်းတို့မိသားစုအန္တရယ်ကျရောက်စဉ်တွင် ရှီတိက သွားရောက်ကူညီရန် အခွင့်အရေးရရှိခဲ့သည်။ သို့သော် ဝါဒတောင်သည်လည်း ကြီးစာသောစိုးရိမ်ဖွယ်ရာအခြေအနေတစ်ခုဖြင့် အကျပ်အတည်းကျရောက်နေလေရာ ရှီတိတစ်ယောက်သာလျှင် ထိုပြဿနာကို ရပ်တန့်နိုင်စွမ်းရှိသူ ဖြစ်ခဲ့သည်။
အဘက်ဘက်မှ ဖိအားပေးခံရခြင်းများကို ရင်ဆိုင်ရကာ နောက်ဆုံးတော့ ရှီတိသည် ဂိုဏ်းကိုကာကွယ်ရန် ရွေးချယ်ခဲ့သည်။ ဝါဒတောင်ဂိုဏ်းကို ဦးစားပေးလိုက်ရသည့်အတွက် သူ၏သားသမီးမြေးများကို အချိန်မီ မကယ်တင်နိုင်တော့ဘဲ နောက်ဆုံးတွင် အသက်ကြီးသူက ငယ်ရွယ်သူများ၏ဇာပဏကို လိုက်လံပို့ဆောင်ရသည့်အဖြစ်သို့ ရောက်ရှိခဲံသည်။
ဤသည်က ရှီတိဘဝတွင် အကြီးမားဆုံး နောင်တရမှုကြီးတစ်ခုဖြစ်ပြီး မိုးနှင်မြေတွင် အစဉ်အမြဲ စိတ်ကြည်လင်နေတတ်သော သိုင်းသမားသည် သားသမီးမြေးများအပေါ်တွင်တော့ အပြစ်ရှိသလို ခံစားခဲ့ရသည်။
ယခုအချိန် အဝတ်အစားများကို မြေမြှုပ်ကာ သင်္ချိုင်းဂူတည်ဆောက်ထားသော်လည်း ရှီတိက မျှော်လင့်ချက်ကို မစွန့်လွှတ်သေးပေ။ အခွင့်အရေးရာတိုင် ထိုစဉ်က အဖြစ်ဆိုးခဲ့သည့်ထိုနေရာသို့ သွားရောက်စုံစမ်းပြီး ရှီစုန်းထောင်းတို့မိသားစု အသက်ရှင်နေဦးမည်လားဟု ရှာဖွေနေဆဲ ဖြစ်သည်။ အတိအကျဆိုရလျှင် ယခုအချိန်ထိ ရှီစုန်းထောင်းတို့ မိသားစု၏ ရုပ်အလောင်းများကိုလည်း တွေ့မြင်ရခြင်း မရှိသေးပေ။
စိတ်မကောင်းစရာမှာ အချိန် (၅)နှစ်ကြာမြင့်ခဲ့သည့်တိုင် သားဖြစ်သူမိသားစုကို ရှာမတွေ့ခဲ့လေရာ မျှော်လင့်ချက်သည်လည်း တဖြည်းဖြည်း ကုန်ဆုံးလာခဲ့သည်။
ရွှီဖေးက...
“အချိန်တွေ ပြန်လှည့်လို့ရမယ်ဆိုရင်တောင် ဆရာက ဝါဒတောင်ကိုပဲ ရွေးချယ်မှာလား မသိဘူးနော်”
ရွှီဖေးက သူ့ဟာသူ ရေရွတ်နေခြင်းဖြစ်ပြီး ရန်ကျောက်ကဲထံမှ အဖြေတောင်းနေခြင်း မဟုတ်ပေ။ ထို့ကြောင့် ရန်ကျောက်ကဲကလည်း သူ့နံဘေးမှ စကားမဆိုဘဲ တိတ်ဆိတ်စွာပင် လမ်းလျှောက်လာခဲ့သည်။
ရွှီဖေးက သက်ပြင်းချရင်း....
“ဆရာက သူ့ကိုယ်သူအပြစ်တင်နေပေမယ့် အရင်လိုအခြေအနေမျိုးရင်ဆိုင်ရရင် တူညီတဲ့ရွေးချယ်မှုကိုပဲ ဆက်လုပ်နေဦးမှာမဟုတ်လား ၊ ဆရာကလေ...”
ရန်ကျောက်ကဲက ခပ်တိုးတိုးလေသံဖြင့်...
“မင်းရော မင်းရဲ့ မိသားစုနဲ့ ဝါဒတောင်ဂိုဏ်းအတွက်ဆိုရင် ဘာကိုရွေးမှာလဲ”
ရွှီဖေးက...
“ငါ မသိဘူး ၊ အဲဒီလိုအခြေအနေနဲ့ တကယ်ရင်ဆိုင်တွေ့မှာပဲ အဖြေပေးနိုင်မှာပဲ”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။ နှစ်ယောက်သား စကားဆက်မပြောတော့ဘဲ ဘေးချင်းယှဉ်လမ်းလျှောက်လာကြသည်။ လမ်းခွဲရမည့်နေရာရောက်တော့ အချင်းချင်း လက်နှစ်ဖက်ဆုပ် အရိုအသေးပေးကြရင်း ကိုယ်နေထိုင်ရာ နေရာများဆီသို့ ပြန်ခဲ့ကြ၏။
နေထိုင်ရာနေရာသို့ ပြန်ရောက်သည်နှင့် ရန်ကျောက်ကဲက မျက်လုံးများမှိတ်ကာ တင်ပျဉ်ခွေထိုင်ရင်း စိတ်တည်ငြိမ်အောင် ကျင့်ကြံလိုက်သည်။
အတန်ကြာမှ မျက်လုံးများကို ဖွင့်လိုက်ပြီး ရွှေဒင်္ဂါးပြားလးတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုဒင်္ဂါးပြားလေးထက်တွင် အင်းသင်္ကေတပုံစံများ ရေးထွင်းထား၏။
ကြည်လင်လျှို့ဝှက်ရေကန်ရှိ နတ်ဆိုးနယ်မြေတွင် အမှောင်ဘက်ခြမ်းသို့ ကျရောက်သွားသည့် ရှဲ့ကျစ်ယီကို သတ်ဖြတ်ပြီးနောက် ရရှိလာသော ရွှေဒင်္ဂါးလေးပင် ဖြစ်သည်။
ဒင်္ဂါးပြားထက်မှ နက်နဲရှုတ်ထွေးသည့် သင်္ကေတများကိုကြည့်ရင်း ရန်ကျောက်ကဲ စိတ်ဓာတ်တက်ကြွစွာပင် လေ့လာသုံးသပ်နေသည်။
“ဒီသင်္ကေတတွေက အတော်လေး ထူးခြားတယ် ၊ ဒါပေမဲ့ မဟာကပ်ဘေးကြီး ပြီးဆုံးမှ ပေါ်ပေါက်လာတဲ့အရာပဲ”
ရန်ကျောက်ကဲ မချိတင်ကဲ ရယ်မောလိုက်သည်။ ရေခဲနဂါးသိုင်းသူတော်စင်ကျန်ရစ်ခဲ့သော အမွေအနှစ်များကဲ့သို့ပင် ဤပစ္စည်းသည်လည်း မဟာကပ်ဘေးကြီးနောက်ပိုင်းမှ ပေါ်ထွက်ခဲ့သော ပစ္စည်းတစ်ခုဖြစ်သည်။ သို့သော် ယနေ့ခေတ်နှင့်ယှဉ်လျှင်တော့ ရှေးကျသည်ဟု ဆိုနိုင်၏။
ရန်ကျောက်ကဲကို ကူရာကယ်ရာမဲ့ ခံစားရစေသည်မှာ သူက မဟာကပ်ဘေးကြီးပြီးဆုံးသည့် နောက်ပိုင်းခေတ်နှင့်ပတ်သက်ပြီး အသိပညာ အားနည်းခြင်းပင် ဖြစ်သည်။
သို့ပေသိ အားနည်းသည်ဆိုလျှင် အားနည်းချက်ကို ပြင်ဆင်နိုင်အောင် ကြိုးပမ်းရမည် ဖြစ်သည်။ ယခု ရွှေဒင်္ဂါးလေးကိုကြည့်ရင်း သူ လုံးဝနားမလည်နိုင်သည့်အရာမဟုတ်ဟု ယူဆရသည်။
“ဒီသင်္ကေတတွေက မြောက်ဖျားဒေသက လူအနည်းငယ် အသုံးပြုတဲ့ အရေးအသားတွေနဲ့ ဆင်တူတယ်”
ခဏမျှ စမ်းစစ်လေ့လာပြီးနောက် ရန်ကျောက်ကဲက သူ့လူများကို အမိန့်ပေးလိုက်သည်။
“မြောက်ပိုင်း ကျင်းဒေသနဲ့ပတ်သက်တဲ့စာအုပ်တွေ ရသလောက် များများရှာခဲ့ ၊ ရှေးကျလေ ကောင်းလေပဲ”
မိုးကြိုးနယ်မြေ၏ ဒေသ (၆)ခုတွင် မြောက်ဖျားအကျဆုံးဒေသမှာ မြောက်ပိုင်းရေခဲပင်လယ်နှင့် နယ်စပ်ဖြစ်သော ကျင်းဒေသ ဖြစ်သည်။
မကြာမီ ရန်ကျောက်ကဲလက်အောက်ခံ အနက်ရောင်ဝတ်သိုင်းသမားများက သူတို့သခင်လေး လိုချင်သည့်အရာများအားလုံးကို အမြန်ဆုံး ရှာဖွေလာကြသည်။
စာအုပ်များကို အတန်ကြာဖတ်ရှုပြီးနောက် ရန်ကျောက်ကဲစိတ်ထဲ အကြံဉာဏ်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ရွှေဒင်္ဂါးပြားထက်မှ အင်းသင်္ကေတများကို လက်ချောင်းများဖြင့် အသာပုတ်လိုက်သည်။ သူ၏လက်ချောင်းထိပ်များမှ များစွာသောသင်္ကေတများထွက်ပေါ်လာပြီး ရွှေဒင်္ဂါးပေါ်မှ အင်းသင်္ကေတဖြင့် ပေါင်းစပ်သွားသည်။
ထိုသင်္ကေတများသည် ရွှေရောင်ဒင်္ဂါးပြားမျက်နှာပြင်ထက်တွင် အချိန်ကြာရှည်စွာ ပျောက်ကွယ်သွားခြင်းမရှိဘဲ တည်ရှိနေသည်။
ရန်ကျောက်ကဲက လက်ချောင်းများ ပြန်လည်ရုတ်သိမ်းလိုက်သည့်အခါ ရွှေဒင်္ဂါးထက်မှ အင်းသင်္ကေတပုံစံက ပြီးပြည့်စုံလုနီးပါး ဖြစ်သွားပြီး နောက်ဆုံးတွင် လက်ဝါးတစ်ဖက်ပုံစံ ထွက်ပေါ်လာသည်။
ရွှေဒင်္ဂါးသည် ရုတ်တရက် အလင်းရောင်များ တဖျတ်ဖျတ်လက်လာပြီး အလင်းတန်းများ ပေါက်ကွဲထွက်သွားသည်။ သို့သော် အလင်းတန်းများက ပျောက်ကွယ်သွားခြင်းမရှိဘဲ အလင်းရောင်အမှုံအမွှားများအဖြစ်သို့ ကူးပြောင်းသွားသည်။
မြင်ကွင်းကိုကြည့်ပြီး ရန်ကျောက်ကဲ ကျေနပ်စွာ ပြုံးလိုက်သည်။ ရွှေရောင်အလင်းမှုံများက လေထဲတွင် မြူမှုံများပမာ ပျံသန်းစီးဆင်းရင်း လှည့်ပတ်နေ၏။
ရန်ကျောက်ကဲက ပင့်သက်တစ်ချက်ရှိုက်လိုက်ရင်း ရေများစွာကို စုပ်ယူလိုက်သည့် ဝေလငါးကြီးတစ်ကောင်ပမာ ထို ရွှေမှုံမြူခိုးများကို ရှိုက်သွင်းစုပ်ယူလိုက်သည်။
ချက်ချင်းပင် ရန်ကျောက်ကဲ၏ အဆုတ်များတွင် မီးခိုးများ ပြည့်လျှံသွားသည့်အလား ခံစားရသည်။
လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ရန်ကျောက်ကဲ၏ ကိုယ်တွင်းအင်္ဂါများမှာ သူ၏ကြယ်တာရာချီစွမ်းအားကြောင့် မရေမတွက်နိုင်သော အပူချိန်ကို ခံစားခဲ့ရသဖြင့် ခံနိုင်ရည် ရှိနေပြီ ဖြစ်သည်။
အချိန်ခဏကြာပြီးနောက် မသက်မသာခံစားရမှုက ပျောက်ကွယ်သွားသည်။
သူ့ခန္ဓာကိုယ်တွင်းသို့ အာရုံခံကြည့်လိုက်သည့်အခါ ရွှေရောင်အလင်းမှုံများ ပျံ့လွင့်နေသည်ကိုတွေ့ရပြီး သွေးကြောမျက်နှာပြင်များအားလုံးတွင် ရွှေရောင်များတစ်ပုံစံတည်း တောက်ပနေသည်ကို တွေ့လိုက်ရ၏။
အသေးငယ်ဆုံးသော သွေးကြောသည်ပင် ချွင်းချက်မရှိ ရွှေရောင်များတောက်ပနေသည်။
ရန်ကျောက်ကဲက ခပ်ဖြည်းဖြည်း အသက်ရှူသွင်း ရှူထုတ်ပြုလုပ်လိုက်ပြီး ချီစွမ်းအားနှင့် သွေးစွမ်းအားများကို လှည့်ပတ်လိုက်သည်။ သူ၏ သွေးများမှာ တဟုန်းဟုန်းတောက်လောင်နေသည့် ချော်ရည်များအလား ပွက်ပွက်ဆူကာ ပဲ့တင်ထပ်စီးဆင်းလျှက် ရှိသည်။
သူက ကြယ်တာရာချီစွမ်းအားကို (၃၆)ကြိမ်တိတိ လှည့်ပတ်ပြီးနော် ရန်ကျောက်ကဲ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။ သူ့ ခန္ဓာကိုယ်ထက်မှ ထွက်ပေါ်နေသော ရွှေရောင်အလင်းတန်းများလည်း ပျောက်ကွယ်သွားသည်။
ရန်ကျောက်ကဲ မတ်တတ်ထရပ်ရင်း မေးစေ့ကိုတစ်ချက်ပွတ်သပ်လိုက်၏။
“တစ်ချို့အရာတွေက ရှေ့ဆက်သွားလို့ရတာပဲ”
ထိုသို့တွေးပြီးသည်နှင့် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ လေထဲတွင် အလင်းရောင်များ တောက်ပလာပြီး သူပိုင်ဆိုင်သည့် မှော်ဝင်ပစ္စည်းများ ထွက်ပေါ်လာသည်။
မြင့်မားတောင်တန်း မှော်ဝင်သံချပ်ကာ ၊ ငွေ့ရိပ်တံဆိပ်ခတ်ဓား ၊ မဟာနေမင်းဘီး ၊ လောင်ကျွမ်းမီးတောက်ဓား၊ ခရမ်းရွှေရောင်မိုးကြိုးဓား ၊ ပျံသန်းမိုးကြိုးတစ်ဖက်သွားဓား။
ထိုသို့သော အဆင့်နိမ့်မှော်ဝင်လက်နက်များအပြင် အလယ်ဆင့်မှော်ဝင်ပစ္စည်းများဖြစ်သော နေစင်ဓားဝှက်ဓား ၊ ရန်ကျောက်ကဲနှင့်အတူ အမြဲတမ်းရှိနေတတ်သည့် ကျောက်စိမ်းနဂါးဓားများလည်း ရှိနေသည်။
ထိုလက်နက်များအားလုံးမှာ အခြားသော ထိပ်သီးသိုင်းဂိုဏ်းကြီးများ၏ ပင်မတိုက်ရိုက်တပည့်များ ပိုင်ဆိုင်ခဲ့သော လက်နက်များ ဖြစ်ကြသည်။
ထိုပစ္စည်းများ၏ မူလပိုင်ရှင်များမှာ လျိုရှန်းဖုန်း ၊ ကျောက်ဟို ၊ ရှဲ့ကျစ်ယီ ၊ ရှောင်ရှန်း ၊ ရန်ရှန်းနှင့် လင်ကျိုးတို့ ဖြစ်ကြသည်။
ထိုအမည်စာရင်းနှင့် မှော်ဝင်ပစ္စည်းများကို ကြည့်လိုက်ရုံဖြင့် မျိုးဆက်တူသိုင်းသမားများအားလုံး အားကျမှုဖြင့် သက်ပြင်းချမိကြမည်မှာ အမှန်ပင်။
ရန်ကျောက်ကဲ တိုက်ပွဲတိုင်းအနိုင်ရခဲ့ခြင်းကြောင့် ရရှိခဲ့သောပစ္စည်းများအား ပြပွဲကျင်းပမည်ဆိုလျှင် အခြားသိုင်းဂိုဏ်းများ ဒေါသပေါက်ကွဲပြီး သွေးထွက်သံယို တိုက်ပွဲများပင် ဖြစ်လာနိုင်သည်။
ရန်ကျောက်ကဲ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် မှော်ဝင်လက်နက်တစ်ခုကိုသာ ကိုင်ဆောင်နိုင်မည် ဖြစ်သည်။ အခြားပစ္စည်းများကို လျှို့ဝှက်လက်နက်အဖြစ် သူ၏မှော်ဝင်လက်နက်ဖြင့် ချိတ်ဆက်အသုံးပြုနိုင်သလို ပေါက်ကွဲစေတတ်သောစွမ်းအားဖြင့် ရန်သူ၏မှော်ဝင်လက်နက်ကို ထိန်းချုပ်ရန် အသုံးပြုနိုင်သည်။
မှော်ဝင်လက်နက်အများအပြားရှိတိုင်း ရန်သူကို သေအောင်ရိုက်နိုင်မည်ဆိုပါက ၊ ထိုစကားက အလွန်ဟာသမြောက်သည်ပင်။
သို့ပေသိ ရန်ကျောက်ကဲ သိုင်းဆရာသခင်အဆင့်သို့ ရောက်လျှင်တော့ ဤမှော်ဝင်ပစ္စည်းများ တစ်ပြိုင်တည်း အသုံးပြုနိုင်မည် ဖြစ်သည်။
ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့်တက်သည့် အရှိန်အဟုန်ဖြင့်ဆိုလျှင် သိုင်းသဆရာသခင်အဆင့်နှင့်လည်း မဝေးလှတော့ပေ။
အတန်ကြာစဉ်းစားပြီးနောက် ရန်ကျောက်ကဲက သူ့လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြီး မြင့်မားတေင်တန်းမှော်ဝင်သံချပ်ကာ ၊ မဟာနေမင်းဘီးနှင့် ပျံသန်းမိုးကြိုးတစ်ဖက်သွားဓားများကို သိမ်းဆည်းလိုက်သည်။ လောင်ကျွမ်းမီးတောက်ဓား ၊ ငွေ့ရိပ်တံဆိပ်ခတ်ဓားနှင့် ခရမ်းရွှေဗရာင်မိုးကြိုးဓားတို့ကိုတော့ ဒီအတိုင်းချန်ထားလိုက်သည်။
ရန်ကျောက်ကဲ လက်ဖဝါးဖြန့်လိုက်ရာ လက်ဝါးထက်တွင် ဝါးကိုင်းတစ်ခု ပေါ်လာသည်။
ခရမ်းရောင်အလင်းတန်းများ တဖျတ်ဖျတ်တောက်ပနေသည့် အစိမ်းရောင်ဝါးကိုင်းတစ်ကိုင်း ဖြစ်သည်။
ထို့နောက် သူက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကိုဖွင့်လိုက်ပြီး ဝါးကိုင်းနှင့်အတူ မှော်ဝင်လက်နက် ဓား (၃)လက်ကို မီးပြင်းဖိုထဲသို့ ထည့်သွင်းလိုက်လေတော့၏။
***