ပိုတိုးလာနေတဲ့ ဖိအား
Vol. 119 Ch. 1781
သူတို့တွေ လက်နက် တစ်ခုမှ မရရှိလိုက်သော်လည်း ယွီစီယင်နှင့် ကျန်သူများ၏ ပံ့ပိုးပေးမှုက လင်းရီနှင့် ကျိုးလျန်တို့ကို အသက်ရှူနိုင်ရန် အခွင့်အရေး ရရှိသွားစေသည်။
“ ဒါကြီးက စောက်ရမ်း ကြောက်ဖို့ ကောင်းလွန်းတယ်… ဒီလိုသာ ကြာကြာဆက်သွားနေရင် ကျုပ်တို့နှစ်ယောက် တကယ်ကြီး ဒီမှာ သေသွားမှာတောင် စိုးရတယ်….”
“ ဒီတိုင်း သေရုံသပ်သပ်နဲ့ ပြီးသွားမှာ မဟုတ်ဘူး …”
လင်းရီ အံကို တင်းတင်းကြိတ်လျက် “ ဒီကောင်တွေ ငါတို့ကို ခွေးစာ ကျွေးပစ်လောက်တယ်…”
“ ခေါင်းဆောင် … ကျုပ်ကို ရွံချင်လာအောင် လုပ်မနေစမ်းနဲ့ … ကျုပ် အခုထိ မိန်းမယူရသေးတာတောင် မဟုတ်ဘူး …”
“ မင်း အဲ့ကောင်တွေကို ကြင်နာပြီး ကောင်းကောင်းမွန်မွန် မီးသဂြိုဟ်ပေးမယ့် လူစားမျိုးလို့ ထင်နေတာလား … ခွေးစာကျွေးခံရတာတောင်မှ အသေးစား ပြစ်ဒဏ်လေးလို့ သတ်မှတ်လို့ရတယ် ဟားဟား ….”
“ အသက်ရှင်ရတာ ကောင်းလိုက်တာ … ပြန်ရောက်ရင်တော့ သုံးရက် သုံးညလောက်ကို အနှိပ်ခံပြီး အပန်းဖြေပစ်မယ်…”
“ အဲ့ကျရင် ငါ့ကိုလည်း ခေါ် … ကျိုးဟိုင်က ဒီဥစ္စာအတွက် စံနှုန်း မပြည့်မီဘူး … အနှိပ်ခံမယ့် အကြောင်းပြောချင်ရင် မြောက်ပိုင်းကိုလည်း မေ့လို့ ဘယ်ရမှာ … အဲ့ဒီနဲ့ယှဉ်ရင် ကျိုးဟိုင်ဆိုတာ ညီငယ်လေးပဲ ရှိသေးတယ်….”
“ ခေါင်းဆောင်ပြောတာနော်… ကျုပ် အဲ့လိုပဲ လုပ်လိုက်တော့မယ်….”
အနောက်တွင် သေနတ်သံတို့ကတော့ မရပ်တန့်သွားခဲ့ချေ။ သူတို့နှစ်ယောက်မှာ အန္တရာယ် ကျရောက်နေသည့် အနေအထားမှ လွတ်မြောက်လာပြီး ချိုင့်ခွက်များဖြင့် ပြည့်နှက်နေသည့် လမ်းလေးအတိုင်း သံရုံးရှိရာဘက်သို့ ဦးတည်မောင်းနှင်လာနေသည်။
“ ဘယ်လောက်လိုသေးလဲ …” လင်းရီ အနောက်ထိုင်ခုံမှ လှမ်းမေးလိုက်၏။
“ သုံးကီလိုမီတာ ကျော်ကျော်လောက် မောင်းလာခဲ့ပြီးပြီဆိုတော့ ရောက်တော့မှာ … “
“ မင်း ဒဏ်ရာတွေကော အခြေအနေ ဘယ်လိုလဲ … တောင့်ခံနိုင်သေးလား … မရတော့ရင် ငါမောင်းမယ်…”
“ အပေါ်ယံ အနာလေးတွေပါပဲ … တောင့်ခံနိုင်ပါတယ်….”
“ ဒါဆိုလည်း ဆက်မောင်းကွာ … ပြန်ရောက်ရင် ငါမင်းကို ပတ်တီးစည်းပေးမယ်…”
“ အဆင်ပြေသားပဲ …”
“ လခွမ်း … ဘာတွေ ဖြစ်နေတာလဲ … ရှေ့မှာ လမ်းက ဘာဖြစ်လို့ ပိတ်နေတာလဲ …”
“ လမ်းပိတ်နေတယ် ဟုတ်လား ….”
နှစ်ယောက်မှာ အန္တရာယ်ကင်းသည့် ဇုန်ထဲသို့ ရောက်ပြီဟု တွေးနေတခိုက်မှာပဲ ရုတ်ချည်းဆိုသလို ရှေ့တွင် လမ်းပိတ်ထားသည့် မြင်ကွင်းအား မြင်တွေ့လိုက်ရ၏။ ၎င်းက တစ်မီတာကျော် ရှည်လျားပြီး လမ်းအလယ် တည့်တည့်တွင် ပိတ်ထားကာ မည်သည့် လွတ်လမ်းကိုမျှ မြင်တွေ့ရခြင်း မရှိချေ။
ထို့ပြင် လမ်းအတားအဆီးများအား တြိဂံထောက်တိုင်များဖြင့် အခိုင်အမာ ဖွဲ့စည်းထားပြီး သာမန်ရိုးကျ တုတ်တစ်ချောင်း လမ်းအတားအဆီးများ ဟုတ်မနေပေ။
အတင်း တိုက်ဖျက်မောင်းသွားသည်က ကောင်းမွန်သည့် ရွေးချယ်မှုတော့ မဟုတ်ချေ။
“ ခေါင်းဆောင် … ကျုပ်တို့ ဖြတ်မောင်းသွားလို့ မရဘူး … ရှေ့မှာ အမေရိကန် စစ်သားတွေ ရှိနေတယ် … ”
“ ကားအရင် ရပ်လိုက် …” လင်းရီ အသံ နိမ့်ပြီး ပြောလိုက်သည်။ “ နေရာလဲစို့ … ပြီးရင် မင်းဝပ်နေလိုက် … မင်းကို မမြင်စေနဲ့ …”
ရှေ့ ဘာဆက်ဖြစ်လာမလဲဆိုတာကို လင်းရီ မသိပေ။ သို့သော် ချောချောမွေ့မွေ့နှင့် ဖြတ်သန်းသွားနိုင်မည်ကိုတော့ လင်းရီ မျှော်လင့်မထားပါချေ။
ကျိုးလျန်က ဒဏ်ရာ ရထားသဖြင့် သူ့အား ကားဆက်မောင်းခိုင်းဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။
ရွေးချယ်စရာ မရှိသဖြင့် ကျိုးလျန်လည်း ကားအား ရပ်တန့်ကာ အနောက်ထိုင်ခုံသို့ ပြောင်းထိုင်လိုက်သည်။
လင်းရီ ညွှန်ကြားသည့်အတိုင်း သူ၏ ကိုယ်ကို လဲလျောင်း၍ မြင်တွေ့သွားမည့် အခြေအနေမှ ပုန်းကွယ်နေလိုက်၏။
ယခုလို နည်းလမ်းမျိုးဖြင့် ချဉ်းကပ်ရန်အတွက် လင်းရီ ရဲတင်းနေသည်မှာ သူ၏ ပြိုင်ဘက်များက မဆင်မခြင် ပစ်ခတ်ရဲမှာ မဟုတ်သည်ကို ယုံကြည်ချက် ရှိသောကြောင့်ပင်။ မည်သို့ပင်ဆိုစေ ၎င်းတို့၏ နိုင်ငံတကာ အသိုင်းအဝိုင်းရှိ ဂုဏ်သိက္ခာအား လောင်းကြေးထပ်ထားရသောကြောင့် ဖြစ်လေသည်။ အကယ်၍ ၎င်းတို့ဘက်မှ စတင်ပြီး အကြမ်းဖက်လာမည်ဆိုပါက ဟွာရှသည် ခေါင်းငုံ့ သည်းခံနေမှာ မဟုတ်ပါချေ။
ခေတ်ကာလတို့က ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
“ ကျုပ် အနာကို အရင်ဆုံး ပတ်တီးစည်းပြီး ဒဏ်ရာတွေ စစ်ဆေးကြည့်လိုက်ဦးမယ်…”
“ အင်း …”
လင်းရီ ဖြည်းညင်းစွာ မောင်းလာခဲ့၏။
အမေရိကန် စစ်သားများက လမ်းအတားအဆီး၏ အရှေ့ဘက်ခြမ်း၌ ရပ်နေပြီး လင်းရီထံသို့ သေနတ်များ ချိန်ရွယ်ထားကာ အပြင်သို့ ထွက်လာပြီး အစစ်ဆေးခံရန် ပြောကြားနေသကဲ့သို့ပင်။
“ ကျုပ်တို့ အခု ဘာဆက်လုပ်ကြမှာ …”
“ ကြည့်ကြတာပေါ့ … ငါဆင်းပြီး တစ်ချက် သွားကြည့်လိုက်ဦးမယ်….”
“ အလုပ်ဖြစ်ပါ့မလား … ဟိုကောင်တွေက သေနတ်နဲ့ ရွယ်နေတာနော်….”
“ နှစ်ယောက်တည်းရှိတာ … ပြဿနာ ကြီးကြီး မားမား မဟုတ်ဘူး …”
ပြောပြီးနောက် လင်းရီ အသက်ကို ဝဝရှူသွင်းလိုက်သည်။
“ ရှေ့ ဘာဆက်ဖြစ်မလဲ ငါမသိဘူ … တကယ်လို့ တစ်ယောက်ယောက်က အဲ့နားမှာ ခြုံခို တိုက်ခိုက်လာရင် ငါမင်းဖို့ အခွင့်အရေး ဖန်တီးထားပေးမယ်… ချက်ချင်း ကားမောင်းပြီး ပြေး … ငါ့ဖို့ စိတ်မပူနဲ့ ….”
“ မဖြစ်ဘူး … ကျုပ် ခေါင်းဆောင်ကို ချန်ခဲ့ပြီး မထွက်သွားနိုင်ဘူး ….”
“ ဒါ အမိန့်ပဲ …” လင်းရီ ပြောလိုက်ပြီး “ အခု တစ်ကမ္ဘာလုံးက ငါတို့လက်ထဲမှာ သတ္တုရိုင်းတွေ ရှိနေတာကို သိသွားကြပြီ … ဒီလူတွေ လုယူသွားတာ ခံလိုက်ရရင် ငါတို့နိုင်ငံ အရှက်ကွဲသွားလိမ့်မယ်… အဲ့တာကို အမှတ်ရ …”
“ ဟုတ်ကဲ့ … နားလည်ပါပြီ…” ကျိုးလျန် နီစွေးနေသည့် မျက်ဝန်းတို့ဖြင့် ပြောလိုက်၏။
“ ဘာလို့ ငိုနေတာ … ငါ အခုထိ သေသေးတာလဲ မဟုတ် … မင်းကို အဆိုးဆုံးအခြေအနေအတွက် ပြောပြနေရုံပဲ …”
“ ဟုတ်ကဲ့ …”
လင်းရီ ကားအပြင်ဘက်သို့ ထွက်လာသည်ကို မြင်တော့ လမ်းပိတ်ထားသည့် အမေရိကိန် စစ်သားနှစ်ယောက်မှ ၎င်းတို့၏ လက်နက်များကို လင်းရီ၏ ဦးခေါင်းထံ ချက်ချင်း ချိန်ရွယ်လိုက်ကြ၏။
လင်းရီ လက်နှစ်ဖက်အား မြောက်၍ ဂရုတစိုက်နှင့် ရှေ့သို့ လျှောက်လှမ်းလာသည်။
“ ဘာကိစ္စလဲ …”
“ ငါတို့ မင်းကို တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ သံသယ ရှိထားတယ်.. အခု မင်းရဲ့ကိုယ်ကို ရှာဖွေ စစ်ဆေးရလိမ့်မယ်…”
“ ရတယ် .. လုပ်ပါ …”
လင်းရီ မခုခံချေ။ ထိုအစား မျက်လုံးထောင့်ကပ်၍ ပတ်ဝန်းကျင်အား ကျီးကန်းတောင်မှောက် တစ်ချက် ကြည့်လိုက်သည်။
ပုံစံ ကြည့်ရသလောက်တော့ အနီးနားတစ်ဝိုက်တွင် မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေသည့်ဟန်ပင်။ တစ်နည်းဆိုရသော် လမ်းပိတ်ထားသည့် စစ်သား နှစ်ယောက်သာလျှင် ဤနေရာ၌ ရှိနေ၏။
ထိုသို့ဆိုပါက ဖြစ်ပျက်လာနိုင်သည့် အန္တရာယ်သည် အများအပြား လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။
လင်းရီ လက်မြှောက်၍ သူတို့နှစ်ဦးရှေ့တွင် ရပ်တန့်လိုက်၏။ တစ်ယောက်မှ လက်နက်အား လင်းရီ၏ ဦးခေါင်းတည့်တည့်သို့ ချိန်ရွယ်ထားကာ တစ်ခုခုဆိုပါက ပစ်ခတ်ရန် အဆင့်သင့် ဖြစ်နေသည်။
ကျန်တစ်ယောက်မှာတော့ သူ၏ ကိုယ်အား ရှာဖွေ စစ်ဆေး၏။
ထိုသူက သူ၏ ကိုယ်တွင် ဝှက်ထားသည့် ဘက်စ်သတ္တုရိုင်းအား ရှာဖွေရန် ကြိုးစားနေလေသည်။ သူ၏ နောက်ကျောဘက်အား ထိတွေ့တော့မည့် အချိန်မှာပဲ လင်းရီ ရုတ်ချည်း လှုပ်ရှားလာခဲ့၏။
သူ၏ ညာလက်ဖြင့် ဒုတိယ လူ၏ သေနတ်ပြောင်းအား ဆွဲကာ ဘက်ဘက်လက်ဖြင့် နောက်ကျောတွင် ဝှက်ထားသည့် စကေဘာအား ထုတ်ယူလိုက်သည်။
အေးစက်သည့် အလင်းတန်း တစ်ချက်နှင့်အတူ ပြတ်ရှရာ တစ်ခုက သူ့ခန္ဓာကိုယ်အား ရှာဖွေနေသည့် လူ၏ လည်ပင်းထက်၌ ထွက်ပေါ်လာသည်။ သွေးတို့က နေရာအနှံ့ ပန်းထွက်လာခဲ့ပြီး လင်းရီ၏ မျက်နှာပင် ဖြန်းပက်ခံလိုက်ရ၏။
“ ဖက်ခ် …”
ဒုတိယလူမှာ ဒေါသထွက်သွားခဲ့၏။ သို့သော် လင်းရီသည် သူ့အား အခွင့်အရေး မပေးပေ။ ယခင်ကကဲ့သို့ စကေဘာအား လျှပ်တစ်ပြက် ဝှေ့ယမ်း၍ လည်ပင်းတွင် အရာပေးလိုက်သည်။
“ ထွက်လာခဲ့ …”
လင်းရီ အော်ခေါ်လိုက်ပြီး ကျိုးလျန် ကားထဲမှ အလျင်စလို ထွက်လာသည်။
“ ဒီနှစ်ယောက်ကို ကားထဲ သယ်သွားစို့ … လက်နက်တွေကတော့ ငါတို့ အပိုင်ပေါ့ …”
ကျိုးလျန်၏ ဝမ်းတစ်ခုလုံး မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်နေခဲ့ပါသော်လည်း ယခုလိုအချိန်မျိုး၌ နှုတ်မှ ထုတ်မမေးမြန်းခဲ့ချေ။
ထိုအစား လင်းရီ ညွှန်ကြားသည့်အတိုင်း တစ်ယောက်ကို ကားထဲသို့ ခေါ်လာခဲ့၏။
“ သူတို့ ပစ္စည်းတွေ ချွတ်လိုက် …” လင်းရီ ကားစက်နှိုးရင်း ပြောလိုက်သည်။
“ ခေါင်းဆောင် … ကျုပ်တို့ လမ်းပိတ်ထားတာကို ဖယ်ပြီးသွားရင် အန္တရာယ်ကင်းတဲ့ နေရာ ရောက်ပြီလေ… ဘာလို့ ဒီလို လုပ်ဖို့ လိုနေဦးမှာ….”
“ ဒါက ပူးပေါင်းကြံစည်မှုပဲ … ငါတို့ ပြန်သွားနိုင်မှာ မဟုတ်ဘူး ..”
လင်းရီသည် မူလလမ်းကြောင်းသို့ ပြန်လည် ဦးတည်ကာ အခြားတစ်နေရာသို့ ဦးတည်လိုက်၏။
“ သတ္တုရိုင်းကို ရဖို့ အမေရိကန်က နိုင်ငံခြား အဖွဲ့အစည်းတွေနဲ့ တိတ်တိတ်လေး ပူးပေါင်းထားတယ်… ဒါကြောင့် ဒီကောင်တွေ ဒီနေရာမှာ ပေါ်လာတာပဲ … ဒီကောင်တွေက အခြေအနေကို အခွင့်ကောင်း ယူချင်နေကြတာ …”
လင်းရီသည် ပတ်ဝန်းကျင်အား သတိချပ်ရင်း လေးနက်သည့် အမူအရာဖြင့် ပြောလိုက်၏။
“ ငါတို့ အခုလေးတင် ကြုံတွေ့ခဲ့ရတဲ့ အရာက ပထမဆုံး အတားအဆီး ဖြစ်ဖို့ အရမ်းများတယ်… ဒါမျိုး ဒုတိယ ဒါမှမဟုတ် တတိယ အတားအဆီးတွေ ထပ်ပြီးတော့ ရှိလာနိုင်တယ်… ငါတို့ ကျိန်းသေပေါက် တားဆီးခံရမှာပဲ … သူတို့ လူနှစ်ယောက် အသတ်ခံလိုက်ရတာ သိသွားရင် ပိုပြီးတောင် လှုပ်ရှားလို့ ကောင်းသွားဦးမယ်… အဲ့လိုဆို အခြေအနေတို့က ငါတို့ဖို့ ပိုဆိုးသွားပြီ ….”
“ ဒါဆို အခုကျ ဘယ်လိုလဲ လုပ်မှာ … သူတို့နဲ့ တွေ့ကြမှာလား …”
“ ကြိုးစားကြည့်တာပေါ့ …” လင်းရီ ပြောလိုက်ပြီး “ ငါတို့ ခုနတုန်းက ပြန်ပြီး အုပ်စုဖွဲ့ဖို့ ကြိုးစားတော့ နှောင့်ယှက်ခံလိုက်ရတယ်… အစိုးရရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေမှာ ဒီအထဲ ပါဝင်လာတယ်… သူတို့ဘက်က စောင့်ထိန်းမနေဘူးဆိုတာက ငါတို့ လှုပ်ရှားလာမှာကို မျှော်လင့်ထားပြီးမို့လို့ပဲ … ဒါကြောင့်မို့ ငါတို့ရဲ့ အစီအစဉ်ကို ဖျက်စီးဖို့ မီးခိုးဗုံးတွေ ပစ်လာတယ်… ငါတို့သာ အခုနေ ပြန်သွားရင် ပိုပြီး ပြင်းထံတဲ့ ခုခံတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရမှာ သေချာပေါက်ပဲ … ငါတို့ကို လွယ်လင့်တကူ အုပ်စု ပြန်ဖွဲ့ခွင့် ပြုမှာ မဟုတ်ဘူး …”
“ ဒီလိုဆို အခြေအနေက တကယ် မလွယ်တော့ဘူးပဲ …” ကျိုးလျန် စိတ်ထဲ ထိန်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်မိသည်။
“ အဲ့ဒါတွေ အသာထားဦး … အရင်ဆုံး သူတို့ရဲ့ ကျည်ကာနဲ့ လက်နက်တွေ ချွတ်လိုက် .. ငါ ပြန်သွားဖို့ နည်းလမ်းရှာလိုက်ဦးမယ်… ငါတို့ လွတ်မြောက်နိုင်မယ့် အခွင့်အရေး ရှိမရှိ ကြည့်တာပေါ့ … တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင်တော့ သူတို့နဲ့ ပြန်ပြီး အုပ်စုဖွဲ့ဖို့ပဲ ကျန်တယ်… ငါတို့လုပ်နိုင်တာ အဲ့တစ်ခု ရှိတော့တာပဲ …”
“ ကောင်းပြီ….”
တာဝန်အား လက်ခံပြီးနောက် ကျိုးလျန်သည် လင်းရီ တောင်းဆိုလာသည့် အတိုင်း အမေရိကန် စစ်သားနှစ်ယောက်၏ ကျည်ကာဝတ်စုံနှင့် လက်နက်များအား ချွတ်ယူကာ တစ်စုံကို လင်းရီ အသုံးပြုနိုင်ရန်အတွက် ခရီးသည်ထိုင်ခုံသို့ ချပေးလိုက်၏။
သို့သော် အလောင်းများကိုတော့ နေရာ၌ လွင့်ပစ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထိုအစား နောက်ပိုင်း လူပြတ်သည့် နေရာ၌ စွန့်ပစ်ရန် ရည်ရွယ်ထား၏။
လင်းရီသည် ကားအား မြို့ထဲတစ်လျှောက် မောင်းနှင်နေသည်။ သို့သော် လမ်းတိုင်းက အစောင့်အကြပ်များနှင့် ပြည့်နှက်နေခဲ့၏။
အရေးကြီးဆုံးကတော့ ဒေသခံ လက်နက်ကိုင် အင်အားစုများသည်လည်း အမေရိကန်နှင့် တစ်ကြိတ်တည်း တစ်ဉာဏ်တည်းတွေ ဖြစ်နေဟန်ပင်။
လင်းရီအဖို့ ဖိအားသည်ကား ပိုတိုးလို့သာ လာနေလျက်ပင်။